← Chapters

အခန်း ၇၈

Vol. 8 Ch. 78

အခန်း ၇၈

Vol. 8 Ch. 78

အပိုင်း ၇၈ - တိုင်စာတစ်စောင်

လင်းစုယွီ ဟောင်ကောင်မြို့ကို လိုက်လာဖို့ သဘောတူလိုက်တာကို မြင်တော့ ပိုင်ချီမင်တစ်ယောက် ချက်ချင်းပဲ လူလွှတ်ပြီး ပြင်ဆင်စရာရှိတာတွေကို အမြန်လုပ်ခိုင်းတော့သည်။

လင်းစုယွီဘက်က တောင်းဆိုသမျှ အခြေအနေတွေကိုလည်း သူက အကုန်လက်ခံပေးခဲ့တာပေါ့။ ဒါကလည်း မထူးဆန်းပါဘူး၊ သူကမှ သူမအပေါ် ဘာကန့်ကွက်လိုစိတ်မှ မရှိရဲတာပဲလေ။

ဒါပေမဲ့... "သခင်လေး၊ တခြားလူတွေ သတိမထားမိအောင် ဘယ်လိုအကြောင်းပြချက်မျိုးပေးပြီးတော့မှ မမလေးလင်းကို ခေါ်သွားဖို့ စီစဉ်ထားလဲ" လို့ သူ့လူက မေးလာသည်။

အင်း... မမလေးလင်းက သခင်လေးပိုင်ချီမင်ကို ခက်ခဲအောင်လုပ်တယ်၊ ပြီးတော့ သခင်လေးကမှ တစ်ဆင့် သူ့ကိုပြန်ပြီး ခက်ခဲတဲ့အလုပ်ပေးတယ်ပေါ့။ ဒီအစားအစာကွင်းဆက်ကြီးကတော့ တကယ့်ကို သိသာလွန်းနေပါပြီ။

"အင်း... စုယွီကို ခွင့်ရက်ရှည်ယူခိုင်းဖို့ နည်းလမ်းကောင်းတစ်ခု စဉ်းစားစမ်းပါဦး။ ဆွေမျိုးဆီ အလည်သွားတယ်လို့ပဲ ပြောမလား။ စုယွီ ဟောင်ကောင်ကို သွားမယ့်ကိစ္စကိုတော့ လုံးဝလျှို့ဝှက်ထားရမယ်။ ပြီးတော့ ငါတို့စီးမယ့် သင်္ဘောကိုလည်း သေချာစီစဉ်ထား၊ လုံခြုံရေးကတော့ အမြင့်ဆုံးအဆင့် ဖြစ်နေရမယ်နော်"

"ဟုတ်ကဲ့ သခင်လေးပိုင်၊ ကျွန်တော် အမြန်ဆုံး စီစဉ်လိုက်ပါ့မယ်။ ဦးလေးပိုင်ဆီက သတင်းရတာကတော့ လင်းရှင်းယောင်က ဒီရက်ပိုင်း သခင်လေး ဘယ်ရောက်နေလဲဆိုတာကို လိုက်စုံစမ်းနေတယ်တဲ့။ သခင်လေး ကျင်းမန်မြို့ကို ရောက်နေမှန်း သူသိသွားမှာကို ဦးလေးပိုင်က စိုးရိမ်နေတာမို့ ဒီမှာနေတုန်းတော့ လူမသိအောင် အေးအေးဆေးဆေး နေတာက အကောင်းဆုံးပါပဲ"

အထက်က အမိန့်ပေးလိုက်တာနဲ့ အောက်ကလူတွေမှာတော့ အလုပ်ရှုပ်သွားရတာ ဓမ္မတာပါပဲ။ ပိုင်ချီမင်ရဲ့ လက်အောက်ငယ်သားတွေ အလုပ်ရှုပ်နေချိန်မှာပဲ လင်းစုယွီဘက်မှာတော့ ပြသနာတစ်ခု တက်လာခဲ့သည်။

အဲဒီနေ့က လင်းစုယွီ ကျောင်းမှာ စာသင်နေတုန်း ရဲအရာရှိ တော်တော်များများ ကျောင်းအုပ်ကြီးရုံးခန်းကို ရောက်လာကြပြီး လင်းစုယွီကို စစ်ဆေးမေးမြန်းဖို့အတွက် ခေါ်ဆောင်သွားခွင့်ပြုဖို့ တောင်းဆိုခဲ့ကြပါသည်။

"ကျောင်းအုပ်ကြီးယွမ်၊ ခင်ဗျားတို့ကျောင်းက ရဲဘော်လင်းစုယွီဟာ ရန်သူ့သူလျှိုတွေနဲ့ ဆက်သွယ်မှုရှိတယ်ဆိုပြီး လူထုဆီက တိုင်စာတစ်စောင် လက်ခံရရှိထားပါတယ်။ ဒါကြောင့် ကျွန်တော်တို့ရဲ့ စုံစမ်းစစ်ဆေးမှုမှာ ပူးပေါင်းပါဝင်ပေးဖို့ လိုအပ်ပါတယ်။ လင်းစုယွီနဲ့ သူမရဲ့ အတန်းပိုင်ဆရာမကို ရုံးခန်းကို ခေါ်ပေးပါ"

ဒီလိုနဲ့ ရဲတွေဟာ ကျောင်းအုပ်ကြီးနဲ့ ချန်ဟွေ့ယီတို့ကို အခြေခံအချက်အလက်တချို့ မေးမြန်းပြီးနောက်မှာတော့ လင်းစုယွီကို တိုက်ရိုက်ခေါ်ဆောင်သွားတော့သည်။

"ကျောင်းအုပ်ကြီး... ကျောင်းသူ လင်းစုယွီကို ဒီအတိုင်း လွှတ်ပေးလိုက်တော့မှာလား။ သူမက ကလေးပဲ ရှိသေးတာလေ" လို့ ချန်ဟွေ့ယီက စိုးရိမ်တကြီး မေးရှာသည်။

ချန်ဟွေ့ယီ တကယ့်ကို စိုးရိမ်နေခဲ့တာပါ။ သူမက ရဲတွေ လင်းစုယွီကို ခေါ်မသွားနိုင်အောင် တားဖို့ ကြိုးစားခဲ့ပါသေးသည်။ ကံကောင်းချင်တော့ ကျောင်းအုပ်ရုံးခန်းထဲ မဝင်ခင်မှာပဲ လင်းစုယွီက သူမနားကို ကပ်ပြီး "စိတ်မလောပါနဲ့ ဆရာမ၊ အဒေါ်လျန်ဆီသွားပြီး အကူအညီတောင်းပေးပါ" လို့ တိုးတိုးလေး မှာကြားခဲ့သည်။

"ဆရာမချန်၊ ဒါက ဆရာမ ဝင်ပါလို့ရတဲ့ ကိစ္စမဟုတ်ဘူး။ ကျန်တဲ့ ကျောင်းသားတွေကိုပဲ အာရုံစိုက်ပြီး စာသင်ပါ။ လင်းစုယွီ ကိစ္စနဲ့ ပတ်သက်ပြီးတော့လည်း အပြင်လူတွေကိုတော့ စစ်ဆေးမေးမြန်းမှုမှာ ကူညီပေးဖို့ ခေါ်သွားတာလို့ပဲ ပြောလိုက်ပါ၊ မလိုအပ်တဲ့ ပြသနာတွေ မဖြစ်ပါစေနဲ့" လို့ ကျောင်းအုပ်ကြီးက ပြောသည်။

လင်းစုယွီကို ရန်သူ့သူလျှိုမှုနဲ့ ဖမ်းသွားတာဆိုတဲ့အချက်ကို ရဲတွေက ထုတ်မပြောဖို့ တားထားတာကြောင့် ချန်ဟွေ့ယီလည်း အဲဒီအချိန်မှာ အကြောင်းအရင်းကို မသိရှာပါဘူး။ တိုက်တိုက်ဆိုင်ဆိုင်ပဲ ပိုင်ချီမင်ကလည်း အဲဒီနေ့မှာ ကျောင်းမတက်ပေ။ သူက ဟောင်ကောင်သွားဖို့အတွက် ပိုင်မိသားစုရဲ့ အဆက်အသွယ်တွေကို လိုက်စီစဉ်နေတာမို့ လင်းစုယွီ အဖမ်းခံရတာကို နောက်တစ်နေ့ကျမှ သိလိုက်ရသည်။

ဒါပေမဲ့ ချန်ဟွေ့ယီကတော့ စကားနားထောင်ရှာသည်။ လင်းစုယွီက အဒေါ်လျန်ကို သွားရှာခိုင်းတာကြောင့် သူမဟာ ကျောင်းအုပ်ကြီးဆီကနေ ဘာမှမပြောဘဲ ခွင့်တောင်းပြီး လျန်မိသားစုအိမ်ကို တန်းသွားခဲ့သည်။

"ဟွေ့ယီ... စိတ်မပူပါနဲ့။ ငါတို့ လောင်လျန်ကို စုယွီ့ကိစ္စ ချက်ချင်းစုံစမ်းခိုင်းလိုက်ပါ့မယ်။ ကျောင်းကိုပြန်ပြီး စာသင်တာကိုပဲ အာရုံစိုက်ပါ၊ ဟွေ့ဟွေ့ကိုလည်း စိတ်မပူဖို့ ပြောလိုက်ဦးနော်" လို့ အဒေါ်လျန်က နှစ်သိမ့်လိုက်သည်။

အဒေါ်လျန်ဟာ အစောပိုင်းတုန်းက လင်းစုယွီရဲ့ သတိပေးချက်ကြောင့် ပြသနာအိုး လင်းရှင်းယောင်ကို မောင်းထုတ်နိုင်ခဲ့ပြီး လျန်မိသားစုကို တည်ငြိမ်အောင် လုပ်နိုင်ခဲ့တာပါ။ သူမက လင်းစုယွီကို ကျေးဇူးတင်နေတာမို့ အခုလို လင်းစုယွီ ဒုက္ခရောက်နေချိန်မှာတော့ လက်ပိုက်ကြည့်နေဖို့ လုံးဝစိတ်ကူးမရှိပါပေ။

ညနေကျောင်းဆင်းတော့ လျန်အိမ်တော်က ဒုတိယသားဖြစ်သူဟာ လျန်ဟွေ့ကို လာကြိုရင်းနဲ့ ချန်ဟွေ့ယီဆီကနေ လင်းစုယွီ ရဲဖမ်းခံရတဲ့အကြောင်း ကြားသွားသည်။

"ဟွေ့ယီ၊ ဟွေ့ဟွေ့... စိတ်မပူကြနဲ့။ ကိုယ် အခုချက်ချင်းပဲ ရဲစခန်းကိုသွားပြီး လင်းစုယွီအခြေအနေကို စုံစမ်းပေးမယ်" လို့ သူက ပြောလာသည်။

ရဲစခန်းရောက်တော့ လင်းစုယွီဟာ အခန်းကျဉ်းလေးတစ်ခုထဲမှာ သီးသန့်ထားခြင်း ခံရသည်။ ရဲတွေ စစ်ဆေးဖို့ လာမှာကို စောင့်နေရင်းနဲ့ သူမဟာ ပတ်ဝန်းကျင် မီတာ ၆၀ အတွင်းကို သိနိုင်တဲ့ သူမရဲ့ စိတ်ဝိဉာဉ်စွမ်းအားကို ဖြန့်ကြက်လိုက်သည်။

"အရာရှိကြီး၊ ဒီကောင်မလေး လင်းစုယွီက ဘာမှမသိတဲ့ ကလေးတစ်ယောက်နဲ့ တူပါတယ်။ သူမမှာ ရန်သူ့သူလျှိုတွေနဲ့ ပတ်သက်မှုရှိတယ်ဆိုတာ တကယ်ပဲ ယုံလို့ရပါ့မလား"

လင်းစုယွီရဲ့ သေးသွယ်တဲ့ ကိုယ်လုံးလေးနဲ့ ယဉ်ကျေးပြီး အပြစ်ကင်းစင်တဲ့ ပုံစံလေးကို ကြည့်ပြီး ရဲအရာရှိက သူဟာ ကလေးတစ်ယောက်ကို အနိုင်ကျင့်နေသလိုမျိုး ခံစားနေရသည်။

"မတတ်နိုင်ဘူးလေ။ ငါတို့က လူထုဆီက တိုင်စာရထားတာဆိုတော့ အမှန်အမှားကို စစ်ဆေးရမှာပဲ။ ဒီကောင်မလေးရဲ့ နောက်ကြောင်းရာဇဝင်ကိုပဲ သေသေချာချာ စစ်လိုက်ပါ"

တရုတ်ပြည်ကြီး လွတ်မြောက်လာတာ ဆယ်စုနှစ်တစ်ခုကျော် ရှိနေပြီ ဖြစ်သော်လည်း တော်လှန်ရေးကို ဆန့်ကျင်သူတွေနဲ့ ရန်သူ့သူလျှိုတချို့ကတော့ အသစ်ဖွဲ့စည်းထားတဲ့ တရုတ်ပြည်မကြီးထဲမှာ ခိုအောင်းနေကြတုန်းပါပဲ။ ရဲတွေအနေနဲ့ လူထုဆီကလာတဲ့ တိုင်ကြားချက်တိုင်းကို စစ်ဆေးဖို့ တာဝန်ရှိနေတာကိုး။

လင်းစုယွီဟာ စိတ်ဝိဉာဉ်စွမ်းအားနဲ့ ရဲတွေရဲ့ စကားဝိုင်းကို နားထောင်ပြီးနောက်မှာတော့ သူမရဲ့ အထောက်အထားအတွက် စိတ်မပူတော့ပေ။ အပေါ်ယံကြည့်ရင် သူမက လင်းမိသားစုရဲ့ မွေးစားသမီးဖြစ်ပြီး၊ အထဲကို ထပ်နှိုက်ကြည့်ရင်လည်း သူမက ပိုင်ဝမ်ချင်းရဲ့ သမီးဖြစ်နေတာကြောင့် စိုးရိမ်စရာ မရှိပါဘူး။ ပိုင်ချီမင် ပြောပြချက်အရဆိုရင် ပိုင်ဝမ်ချင်းဟာ တော်လှန်ရေးရဲဘော်တစ်ဦး ဖြစ်တာကြောင့် သူမရဲ့ မျိုးရိုးက စိတ်ချရသည်။

ဒါပေမဲ့... ဒီတိုင်စာကတော့လေ။ သေစေလိုသည့် ရန်ငြိုးရန်စ ရှိနေတဲ့သူ မမဟုတ်ရင်တော့ ကလေးမလေးတစ်ယောက်ကို ရန်သူ့သူလျှိုဆိုပြီး ဒီလောက်အောက်တန်းကျကျ တိုင်မှာတော့ မဟုတ်ဘူး။ ဘယ်သူကများ ဒီတိုင်စာကို ရေးလိုက်တာပါလိမ့်။

ဒါပေမဲ့ ရဲတွေရဲ့ နောက်ဆက်တွဲစကားတွေကလည်း လင်းစုယွီရဲ့ သံသယကို မဖြေရှင်းပေးနိုင်ခဲ့ချေ။ မကြာခင်မှာပဲ ရဲတွေက လင်းစုယွီကို စစ်မေးဖို့ စီစဉ်လိုက်ပြီး သူမကလည်း မေးသမျှကို အေးအေးဆေးဆေးပဲ ပူးပေါင်းဖြေကြားပေးခဲ့သည်။

"ရဲဘော်လင်း... မင်းပြောတာက မင်းဟာ လင်းမိသားစုရဲ့ သမီးတစ်ယောက်လို အသိအမှတ်ပြုခံရပေမဲ့ အိမ်ဖော်တစ်ယောက်လိုပဲ အလုပ်လုပ်ခဲ့ရတယ်၊ ပြီးတော့ လင်းမိသားစု ထွက်သွားတဲ့အခါ မင်းကို ထားခဲ့ကြတယ်၊ အဲဒီအချိန်ကျမှ မင်းရဲ့ မျိုးရိုးအမှန်ကို သိခဲ့ရတာပေါ့... ဟုတ်လား"

"ဟုတ်ပါတယ်။ လင်းဟွာရှန်းက သူတို့မထွက်သွားခင်မှာ ကျွန်မရဲ့ အိမ်ထောင်စုစာရင်းကို ပြန်ပေးခဲ့လို့သာ ကျွန်မဟာ လင်းမိသားစုရဲ့ ကလေးမဟုတ်မှန်း သိခဲ့ရတာပါ"

"ကောင်းပြီ... ငါနားလည်ပါပြီ။ ဒါဆို မင်း နေ့စဉ်လူမှုဘဝမှာ တစ်ယောက်ယောက်ကို စိတ်ဆိုးအောင် လုပ်ခဲ့မိတာမျိုး ရှိလား"

မဟုတ်ရင်တော့ ဘယ်သူက ကလေးတစ်ယောက်ကို တိုင်ပါ့မလဲ။ အဲဒီတိုင်စာက အမည်မဖော်ထားပေမဲ့ စာမျက်နှာ တော်တော်များများ ပါနေတာကိုး။

တိုင်စာထဲမှာတော့ လွတ်မြောက်ရေးမတိုင်ခင်တုန်းက လင်းမိသားစုဟာ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ယောက်ကို ခေါ်လာခဲ့ကြောင်း၊ အဲဒီအမျိုးသမီးက လင်းစုယွီကို မွေးဖွားပြီးနောက်မှာတော့ လျှို့ဝှက်စွာ ပျောက်ကွယ်သွားကြောင်း ရေးထားသည်။

"လောင်ယန်... ခဏထွက်လာပါဦး" တံခါးအပြင်ဘက်က ခေါ်သံကြောင့် ရဲအရာရှိရဲ့ အတွေးတွေ ပြတ်တောက်သွားသလို၊ လင်းစုယွီရဲ့ 'ဘယ်သူ့ကို ငါရန်စမိပါလိမ့်' ဆိုတဲ့ အတွေးတွေလည်း ရပ်တန့်သွားသည်။

"လောင်ယန်... အရာရှိချုပ်က သူ့ရုံးခန်းကို လာခဲ့ဖို့ ခေါ်နေတယ်" လင်းစုယွီဟာ အခန်းထဲမှာ တစ်ယောက်တည်း ပြန်ကျန်ခဲ့သည်။ အဲဒီအချိန်မှာ သူမရဲ့ စိတ်ဝိဉာဉ်စွမ်းအားကို ပိုဖြန့်ကျက်ပြီး သတင်းအချက်အလက်တွေ ရနိုင်မလားလို့ စောင့်ကြည့်နေခဲ့သည်။

"လောင်လျန်.. လင်းစုယွီက အဲဒီပိုင်ဝမ်ချင်းရဲ့ သမီးဆိုတာ သေချာလား" အရာရှိချုပ်ရုံးခန်းထဲမှာတော့ စက်ရုံမှူးလျန်ဟာ အဒေါ်လျန်ကို ခေါ်လာပြီး ရဲစခန်းအရာရှိချုပ် ချန်နဲ့ တွေ့ဆုံကာ လင်းစုယွီအတွက် အာမခံပေးနေကြတာပါ။

"လောင်ချန်... ငါတို့ သိလာကြတာ ဒီလောက်နှစ်တွေ ကြာနေပြီပဲ။ မင်းကို ငါ လိမ်စရာလား။ ငါပြောတာတွေ အကုန်လုံးက ငါတို့သိထားတာတွေချည်းပဲ။ လင်းစုယွီရဲ့ မိခင်ရင်းက ပိုင်ဝမ်ချင်းပါ။ ငါတို့ သိသလောက်တော့ ပိုင်ဝမ်ချင်းဟာ ရန်သူ့သူလျှို ဖြစ်ဖို့ဆိုတာ လုံးဝမဖြစ်နိုင်ဘူး။ အဲဒီတုန်းက မြေအောက်လှုပ်ရှားသူတွေရဲ့ စာရင်းကို မင်း ပြန်စစ်ကြည့်လို့ ရပါတယ်"

အဒေါ်လျန်က စက်ရုံမှူးလျန်ကို ပိုင်ဝမ်ချင်းဟာ တော်လှန်ရေးရဲဘော် ဖြစ်နိုင်တယ်လို့ ပြောခဲ့တာက သူမဟာ ပိုင်ဝမ်ချင်းနဲ့ အရင်က အပြင်မှာ ဆုံဖူးပြီး စကားလက်ဆုံ ကျဖူးလို့ပင်။

စက်ရုံမှူးလျန်ရဲ့ အာမခံချက်ကြောင့် အရာရှိချုပ်ချန်ကလည်း ချက်ချင်း အရေးယူဆောင်ရွက်ပေးခဲ့သည်။ သူ့ဆီမှာ ပိုင်ဝမ်ချင်းရဲ့ အထောက်အထား အပြည့်အစုံ မရှိသေးပေမဲ့ အထက်လူကြီးတွေဆီကနေ မှတ်တမ်းတွေကို ကြည့်ရှုခွင့် တောင်းခံနိုင်တာကိုး။

"လောင်လျန်... ပိုင်ဝမ်ချင်းရဲ့ အထောက်အထားကို မတည်ပြုနိုင်ခင်အထိတော့ လင်းစုယွီကို ဒီမှာ ခဏထားရလိမ့်မယ်။ ဒါပေမဲ့ အမြန်ဆုံး ဖြစ်အောင် လုပ်ပေးမယ်လို့ ငါကတိပေးပါတယ်"

စက်ရုံမှူးလျန်ကလည်း ဒီနေ့ချင်း လင်းစုယွီကို ခေါ်သွားနိုင်မယ်လို့ မမျှော်လင့်ထားပေ။ ဒါကြောင့် အဒေါ်လျန်ကို လင်းစုယွီအတွက် လိုအပ်တဲ့ ပစ္စည်းတွေ ပေးခွင့်ပြုဖို့ပဲ တောင်းဆိုခဲ့သည်။

ဆောင်းဦးနှောင်းပိုင်း ရာသီဥတုက တော်တော်လေး အေးစပြုနေပြီပင်။ အဒေါ်လျန်က လင်းစုယွီအတွက် စောင်နဲ့ တခြားလိုအပ်တာတွေကို အထုတ်တစ်ထုတ် ထုတ်လာပေးပြီး ပြောခဲ့သည်။ "စုယွီ... စိတ်မပူနဲ့နော်။ ဟွေ့ဟွေ့အဖေနဲ့ အဒေါ် မင်းကို အမြန်ဆုံး ထွက်လာနိုင်အောင် ကြိုးစားပေးမယ်။ ဒီအထုတ်ထဲမှာ စောင်နဲ့ စားစရာ မုန့်ပြားတွေ ပါတယ်"

ဒေါ်လေးလျန်ရဲ့ ဂရုစိုက်မှုကြောင့် လင်းစုယွီဟာ လျန်မိသားစုကို ကူညီခဲ့တဲ့ သူမရဲ့ ဆုံးဖြတ်ချက် မှန်ကန်တယ်ဆိုတာ တစ်ခါပြန် သတိရသွားသည်။ ကြည့်စမ်း... သူမပေးခဲ့တဲ့ စေတနာက အတိုးနဲ့တောင် ပြန်ရနေပြီ မဟုတ်လား။

ဟောင်ကောင်ရောက်လို့ လင်းရှင်းယောင်နဲ့ တွေ့တဲ့အခါ လျန်မိသားစုက သူမကို ဘယ်လောက်တောင် ကူညီခဲ့ကြလဲဆိုတာကို ပြောပြလိုက်ရင် ကောင်းမလား။ အတ္တကြီးလှတဲ့ လင်းရှင်းယောင်ဆိုတဲ့ သတ္တဝါဟာ ဒါကိုကြားရင် ဒေါသတွေချောင်းချောင်းထွက်ပြီး ရင်ကွဲနာကျသွားမှာ အသေအချာပင်။

သူမ (လင်းရှင်းယောင်) အမုန်းဆုံးလူကို သူမရဲ့ ဦးလေးမိသားစုက စိတ်ရောကိုယ်ပါ ကူညီနေကြတယ်လေ။

ကျစ်... ကျစ်... လင်းစုယွီကတော့ အဲဒီစကားတွေကြားပြီးနောက် လင်းရှင်းယောင်ရဲ့ မျက်နှာပျက်သွားမယ့် ပုံစံကို တွေးကြည့်ရုံနဲ့တင် တကယ်ကို ကျေနပ်စရာကောင်းနေတော့သည်။

၁၉၆၀ ၌ ပြန်လည်မွေးဖွားခြင်း

All Chapters