← Chapters

အခန်း ၇၉

Vol. 8 Ch. 79

အခန်း ၇၉

Vol. 8 Ch. 79

အပိုင်း ၇၉ - အာဇာနည်မိသားစုဝင်အဖြစ် အသိအမှတ်ပြုခံရခြင်း

ထိုညနေခင်းတွင် လင်းစုယွီတစ်ယောက် သူမအပေါ် လူအများက မည်မျှခင်မင်အားကိုးကြသည်ကို တစ်ဖက်တစ်လမ်းမှ တစ်ကျော့ပြန်ခံစားလိုက်ရသည်။

ရဲစခန်းသို့ ရောက်နေရသော်လည်း ချန်မိသားစုက ပို့ပေးသည့် ပူပူနွေးနွေး ထမင်းဟင်းများကို စားရသည့်အပြင် ရဲအရာရှိများ ကိုယ်တိုင်လာချပေးသည့် လက်ဖက်ရည်ကြမ်းကိုလည်း သောက်နေရသေးသည်။

လင်းစုယွီ၏ ဘဝနှစ်သက်တမ်းတစ်လျှောက်တွင် ရဲစခန်း၌ လက်ဖက်ရည်သောက် ရန် ပထမဆုံးအကြိမ် ဖိတ်ကြားခံရခြင်းဖြစ်သည်။ ဤခံစားချက်မှာ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုမရှိသော်လည်း ဂုဏ်သိက္ခာပိုင်းအရ အလွန်အမင်း စော်ကားခံရသလို ခံစားရ၏။ ဤခေတ်ကာလတွင် ဂုဏ်သိက္ခာသည် အသက်နှင့်အမျှ တန်ဖိုးရှိသည်ကို သိထားရပေမည်။

အကယ်၍ ဤတိုင်စာသာ နောက်ထပ်နှစ်အနည်းငယ်အကြာမှ ပေါ်ထွက်လာခဲ့လျှင် သူမ၏ကံကြမ္မာမှာ အလုပ်ကြမ်းစခန်းသို့ အပို့ခံရသည်အထိ ဆိုးရွားသွားနိုင်ပေသည်။

ထို့ကြောင့် ဤတစ်ကြိမ်တွင် လင်းစုယွီအနေဖြင့် သူမ၏ ကိုယ်ရေးရာဇဝင်တွင် အပြစ်အနာအဆာမရှိကြောင်း ရှင်းလင်းရုံသာမက တော်လှန်ရေးရဲဘော်ဟောင်း ပိုင်ဝမ်ချင်း၏ သမီးဖြစ်ကြောင်းကိုပါ အခိုင်အမာ သက်သေပြရန် ဆုံးဖြတ်လိုက်သည်။

နောက်တစ်နေ့ အာရုဏ်တက်ချိန်တွင် လင်းစုယွီသည် တရားထိုင်ကျင့်ကြံရာမှ နိုးထလာခဲ့သည်။ သူမ ရဲစခန်းသို့ ခေါ်ဆောင်ခံရကြောင်း သိလိုက်ရသည့် ပိုင်ချီမင်မှာလည်း မနက်စောစောစီးစီး မနက်စာများနှင့်အတူ ပြာပြာသလဲ ရောက်ရှိလာခဲ့သည်။

"ဘာတွေဖြစ်ကုန်တာလဲ၊ ဘယ်လိုလုပ် တိုင်ကြားစာပေး ခံရတာလဲ၊ ဘယ်သူလုပ်တာလဲ!"

ကျောင်းဆရာတစ်ဦးအနေဖြင့် ကျောင်းအုပ်ကြီးယွမ်၏ ထောက်ခံစာကို ကိုင်ဆောင်ကာ ရဲစခန်းသို့ ရောက်လာသော ပိုင်ချီမင်မှာ မကြာမီပင် လင်းစုယွီနှင့် တွေ့ခွင့်ရသွားသည်။ အမှန်တကယ်တော့ စခန်းမှူးချန်ကိုယ်တိုင်က လင်းစုယွီ၏ ကိုယ်ရေးအချက်အလက်များကို အတည်ပြုပြီးဖြစ်သောကြောင့်သာ ပိုင်ချီမင်အနေဖြင့် အလွယ်တကူ တွေ့ခွင့်ရခဲ့ခြင်းဖြစ်သည်။

"တိုင်ကြားစာက မြို့တော်ကနေ ပို့လိုက်တာတဲ့၊ ဘယ်သူလုပ်လဲဆိုတာ ကျွန်မ ရိပ်မိပါတယ်။ စိတ်မပူပါနဲ့၊ ကျွန်မ ဘာမှမဖြစ်ပါဘူး။"

မြို့တော်မှာနေပြီး သူမရဲ့ နောက်ကြောင်းကိုလည်း သိ၊ ရန်ငြိုးလည်းရှိသူဆိုလျှင် လန်ရှို့ယင်းနှင့် သူမ၏ သမီးတို့ သားအမိနှစ်ယောက်သာ ရှိပေမည်။

တိုက်တိုက်ဆိုင်ဆိုင်ပင် ဟောင်ကောင်မြို့သို့ မသွားမီ မြို့တော်သို့တစ်ခေါက်သွားကာ ထိုမငြိမ်မသက်ဖြစ်နေသည့် သားအမိကို ရှင်းပစ်ရန် သူမ စိတ်ကူးလိုက်သည်။ တစ်ဆက်တည်းမှာပင် ဟောင်းနွမ်းပျက်စီးနေသည့် စနစ်အကြောင်းကိုလည်း သူမ စဉ်းစားနေမိသည်။

ယခင်က သူမ၏ စိတ်ဝိဉာဉ်စွမ်းအား အဆင့်နိမ့်စဉ်ကပင် ထိုစနစ်ကို ငြိမ်သက်သွားအောင် တိုက်ခိုက်နိုင်ခဲ့သေးသည်။ ယခုအခါ သူမ၏ စိတ်ဝိဉာဉ်စွမ်းအားမှာ အဆင့် (၃) သို့ ရောက်ရှိနေပြီဖြစ်ရာ ထိုစနစ်ပျက်ကြီးကို အမြစ်ပြတ်ချေမှုန်းရန် အချိန်ကျပြီ ဖြစ်သည်။

လင်းစုယွီသည် ပိုင်ချီမင် ယူဆောင်လာသော မနက်စာကို အေးအေးလူလူ စားသောက်နေသည်။ သူမ၏ တည်ငြိမ်မှုနှင့် အစားကို မြိန်ယှက်စွာ စားနိုင်သည်ကို မြင်မှသာ ပိုင်ချီမင်၏ တထိတ်ထိတ် ဖြစ်နေသော နှလုံးသားမှာ ပြန်လည် တည်ငြိမ်သွားတော့သည်။

"ခင်ဗျားက ဆရာပိုင် ဖြစ်ရမယ်၊ ကျောင်းအုပ်ကြီးယွမ်က ရဲဘော်လင်းစုယွီကို လာကြည့်ဖို့ လွှတ်လိုက်တာမလား"

စခန်းမှူးချန်သည် ကြေးနန်းစာနှင့်တူသော စာရွက်တစ်ရွက်ကို ကိုင်ဆောင်ကာ သူတို့နှစ်ဦးရှေ့သို့ ရောက်လာသည်။

"ရဲဘော်လင်းစုယွီ၊ တိုင်စာထဲက ကိစ္စရပ်တွေကို ကျွန်တော်တို့ စုံစမ်းစစ်ဆေးပြီးပါပြီ၊ အားလုံး ရှင်းလင်းသွားပါပြီ။ မင်းက ရဲဘော်ကောင်းတစ်ယောက်ဖြစ်သလို မင်းရဲ့မိခင်ကလည်း တကယ့်ကို ထူးချွန်ထက်မြက်တဲ့ တော်လှန်ရေးသူရဲကောင်းတစ်ယောက်ပါပဲ"

မနေ့က စက်ရုံမှူးလျန်၏ အလေးအနက် တောင်းဆိုမှုကြောင့် စခန်းမှူးချန်သည် တော်လှန်ရေးရဲဘော် ပိုင်ဝမ်ချင်း၏ ဖိုင်တွဲများကို သက်ဆိုင်ရာဌာနများသို့ ဆက်သွယ်ကာ တစ်ညလုံး မအိပ်ဘဲ စစ်ဆေးခဲ့ရသည်။ သို့မဟုတ်ပါက တော်လှန်ရေးအာဇာနည်၏ မိသားစုဝင်တစ်ဦးကို သူ့ရဲစခန်းတွင် ဒုက္ခရောက်အောင် ထားမိလျှင် ကြီးလေးသောအပြစ် ဖြစ်ပေလိမ့်မည်။

စခန်းမှူးချန်၏ တွန့်ဆုတ်နေသော အမူအရာကိုကြည့်ကာ ပိုင်ချီမင်မှာ ဇဝေဇဝါ ဖြစ်နေသော်လည်း လင်းစုယွီကမူ သဘောပေါက်လိုက်သည်။ ကြေးနန်းစာတွင် ပိုင်ဝမ်ချင်းကို "တော်လှန်ရေးအာဇာနည်" ဟု သုံးနှုန်းထားခြင်းမှာ မူလကိုယ်၏ မိခင်ဖြစ်သူ ကွယ်လွန်သွားပြီဖြစ်ကြောင်း ဖော်ပြနေခြင်းပင်။

လင်းစုယွီသည် ပိုင်ချီမင်ကို သနားကရုဏာဖြင့် တစ်ချက်ကြည့်လိုက်သည်။ အကယ်၍ ပိုင်ချီမင်သာ သူအမြဲတမ်း မျှော်လင့်တောင့်တနေရသော ဒေါ်လေးမှာ အာဇာနည်တစ်ဦးဖြစ်သွားပြီ (ကွယ်လွန်ပြီ)ဟု သိလိုက်ရပါက နှလုံးကြေကွဲသွားမှာ အမှန်ပင်။

"ရဲဘော်လင်းစုယွီ၊ ကျွန်တော်တို့အနေနဲ့ အထူးပဲ စိတ်မကောင်းဖြစ်ရပါတယ်။ ခင်ဗျားရဲ့မိခင်ဟာ တော်လှန်ရေးအတွက် သူရဲကောင်းပီသစွာ အသက်ပေးလှူသွားခဲ့တယ်ဆိုတာကို တွေ့ရှိရပါတယ်။ ဒါပေမဲ့ သူမရဲ့ တော်လှန်ရေးစိတ်ဓာတ်ကိုတော့ ကျွန်တော်တို့ ဘယ်တော့မှ မေ့မှာမဟုတ်ပါဘူး။ နိုင်ငံတော်နဲ့ ပါတီက သူမရဲ့ မျိုးဆက်တွေကို မတရားမှုတွေ ခံစားရအောင် ခွင့်ပြုမှာ မဟုတ်ပါဘူး။ ကျွန်တော်တို့ တိုင်စာပို့တဲ့သူကိုလည်း ဆက်စုံစမ်းသွားမှာပါ..."

"ဘာပြောတယ်၊ လင်းစုယွီရဲ့ အမေက အသက်ပေးလှူသွားခဲ့ပြီ ဟုတ်လား"

ပိုင်ချီမင်က စခန်းမှူးချန်၏ စကားကို တုန်လှုပ်စွာဖြင့် ကြားဖြတ်မေးလိုက်သည်။ သူသည် စိတ်လှုပ်ရှားမှုကို ထိန်းချုပ်နိုင်ရန် နောက်ကျောဘက်တွင် လက်သီးကို တင်းတင်းဆုပ်ထားရသည်။

"ဟုတ်ပါတယ် ဆရာပိုင်။ ပြောရမယ်ဆိုရင် လင်းစုယွီရဲ့အမေက ဆရာနဲ့ မျိုးရိုးအမည်တူတယ်နော်။ ဒီပတ်သက်မှုကို ထောက်ထားပြီး နောင်ဆိုရင်လည်း ရဲဘော်လင်းစုယွီကို ပိုပြီး စောင့်ရှောက်ပေးပါဦးလို့ မျှော်လင့်ပါတယ်"

စခန်းမှူးချန်သည် ပိုင်ချီမင်၏ စိတ်လှုပ်ရှားမှုကို သတိပြုမိသွားသော်လည်း သူပိုပြီး စဉ်းစားမနေနိုင်မီမှာပင် လင်းစုယွီက ရိပ်မိကာ အကြောင်းအရာကို အလျင်အမြန် ပြောင်းလိုက်သည်။

"စခန်းမှူးချန်၊ အဲ့ဒါဆိုရင် ကျွန်မ ကျောင်းပြန်တက်လို့ ရပြီပေါ့။ ပြီးတော့... ကျွန်မကို ရဲစခန်းခေါ်လာတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ကျောင်းမှာ အဖြစ်မှန်ကို ရှင်းပြပေးဖို့ တောင်းဆိုချင်ပါတယ်"

သူမကို ကျောင်းမှ ရဲများက တိုက်ရိုက်ခေါ်ဆောင်သွားခဲ့ခြင်းဖြစ်ရာ ကျောင်းတွင် ကောလာဟလများ ပျံ့နှံ့နေမည်မှာ အမှန်ပင်။ ထို့ကြောင့် ရဲစခန်းက ကျောင်းသို့လာရောက်၍ အခြေအနေကို ရှင်းလင်းပေးရန် လိုအပ်လှသည်။

"ဒါပေါ့၊ ခဏနေရင် ကျွန်တော်ကိုယ်တိုင် ကျောင်းကိုသွားပြီး ကျောင်းအုပ်ကြီးယွမ်ကို အားလုံး ရှင်းပြပေးပါ့မယ်။ ဒါတင်မကသေးဘူး၊ ခင်ဗျားအမေရဲ့ ဂုဏ်ပုဒ်အရ ခင်ဗျားကို တော်လှန်ရေးအာဇာနည် မိသားစုဝင် အသိအမှတ်ပြုလက်မှတ်ကိုလည်း ထုတ်ပေးသွားမှာပါ"

စခန်းမှူးချန်က နောက်ဆက်တွဲကိစ္စများကို အားလုံးစီစဉ်ပေးထားပုံရသည်။ ရဲစခန်းတွင် တစ်ရက်တာ ကုန်ဆုံးခဲ့ရခြင်းမှာ လင်းစုယွီအတွက် အရှုံးမရှိလှပေ။

စခန်းမှူး၏ စစီစဉ်မှုဖြင့် လင်းစုယွီတို့ ရပ်ကွက်ရုံးမှ အရာရှိလျိုလည်း ရောက်ရှိလာပြီး လင်းစုယွီ၏ အဆင့်အတန်းကို အာဇာနည်မိသားစုဝင်အဖြစ် ပြန်လည်မှတ်ပုံတင်ပေးသည်။ ထို့အပြင် စခန်းမှူးချန်က လင်းစုယွီ၏ အိမ်နီးနားချင်းများကိုလည်း သူမ၏ အဆင့်အတန်းမှန်ကို ရှင်းပြပေးရန် မှာကြားလိုက်သေးသည်။

"စခန်းမှူးချန်၊ ကျွန်မ ကျောင်းမသွားခင် အိမ်ကို ခဏပြန်ပြီး ပစ္စည်းတွေ သွားထားချင်ပါတယ်။ ဆရာပိုင်၊ ကျွန်မကို အိမ်အထိ လိုက်ပို့ပေးလို့ ရမလား"

ပိုင်ချီမင်၏ စိတ်လွင့်နေသော အမူအရာမှာ သိသာလွန်းနေသည်။ လင်းစုယွီသည် သူမ၏ အသံထဲတွင် စိတ်ဝိဉာဉ်စွမ်းအား အနည်းငယ်ထည့်သွင်းကာ ခေါ်လိုက်မှသာ ပိုင်ချီမင်မှာ သတိပြန်ဝင်လာပြီး သူတို့ ရဲစခန်း၌ ရှိနေသည်ကို သတိရသွားတော့သည်။

သူသည် ပိုင်ဝမ်ချင်း၏ တူဖြစ်သော်လည်း ကျင်းမန်မြို့သို့ တရားဝင်လမ်းကြောင်းမှ လာခဲ့ခြင်းမဟုတ်သောကြောင့် အတတ်နိုင်ဆုံး လူမသိအောင် နေထိုင်ခြင်းကသာ အကောင်းဆုံးဖြစ်ပေမည်။

"ကောင်းပါပြီ၊ မင်းကို အရင်လိုက်ပို့ပေးမယ်။ စခန်းမှူးချန်၊ ခင်ဗျားလည်း ကျောင်းကို အရင်သွားနှင့်လိုက်ပါ၊ ကျွန်တော်တို့ကြောင့် အချိန်မကုန်ပါစေနဲ့"

စခန်းမှူးချန်ကလည်း လိုလိုလားလားပင် သဘောတူလိုက်သည်။ သူကိုယ်တိုင် ကျောင်းသို့သွားရန် ဆုံးဖြတ်ရခြင်းမှာ တော်လှန်ရေးရဲဘော်နှင့် အာဇာနည်များကို လေးစားသောကြောင့်ပင် ဖြစ်သည်။

"စုယွီ၊ မင်းအမေ အသက်ပေးသွားခဲ့တဲ့ ကိစ္စကို ဟောင်ကောင်ရောက်ရင် မင်းအဘွားကို မပြောပြပါနဲ့ဦး။ အဘွား ဒီဒဏ်ကို မခံနိုင်မှာ စိုးလို့ပါ။" အပြန်လမ်းတွင် ပိုင်ချီမင်က လင်းစုယွီကို အလေးအနက် မှာကြားရှာသည်။

"ကောင်းပါပြီ၊ ကျွန်မ ဘာမှမပြောပါဘူး"

လင်းစုယွီသည် လူတစ်ဖက်သားကို နှစ်သိမ့်ရမည်ကို ဝါသနာမပါလှပေ။ ပိုင်ချီမင်၏ ဝမ်းနည်းမှုကို မြင်သော်လည်း သူမ၏ လက်ရှိအဆင့်အတန်းအရ သူမက ပို၍ပင် ဝမ်းနည်းနေသင့်သူ မဟုတ်ပါလား။

ပိုင်ချီမင်ကို မည်သို့နှစ်သိမ့်ရမည်မှန်း မသိသဖြင့် သူမ ဘာမှမပြောဘဲသာ နေလိုက်သည်။ သို့သော် ပိုင်ဝမ်ချင်းမှာမူ လေးစားထိုက်သူတစ်ဦးဖြစ်ပြီး သူမ၏သမီးအဖြစ် အကျိုးခံစားခွင့်များ ရရှိနေသည့်အတွက် လင်းစုယွီအနေဖြင့် ဟောင်ကောင်ခရီးစဉ်တွင် ပိုင်ဝမ်ချင်းအတွက် တစ်ခုခုလုပ်ပေးသင့်သည်ဟု ခံစားလိုက်ရသည်။

"ဆရာပိုင်၊ တိုင်စာက မြို့တော်ကနေ လာတာဆိုတော့ ကျွန်မ ဟောင်ကောင်ကို မသွားခင် မြို့တော်ကို တစ်ခေါက်သွားဖို့ လိုလိမ့်မယ်"

လန်ရှို့ယင်းတို့ သားအမိကို တွေးမိသည်နှင့် လင်းစုယွီမှာ ကျောင်းခွင့်တိုင်ရန်ပင် မစောင့်နိုင်တော့ပေ။ ဤကမ္ဘာသို့ ကူးပြောင်းလာကတည်းက သူမ၏ဘဝမှာ အေးအေးချမ်းချမ်း မရှိလှပေ။

၂၂ ရာစု၏ သက်သောင့်သက်သာရှိမှုများသည် ဤနေရာနှင့် မကိုက်ညီကြောင်း သူမ ကောက်ချက်ချလိုက်သည်။ အရာရာကို လျစ်လျူရှုခြင်းသည် အေးချမ်းမှုကို ဆောင်ကြဉ်းပေးမည်မဟုတ်ဘဲ အနက်ရှိုင်းဆုံး ချောက်ထဲသို့သာ တွန်းပို့လိမ့်မည် ဖြစ်သည်။

"တိုင်စာရေးတဲ့သူကို မင်းသိတာလား၊ ခုနက စခန်းမှူးချန်ကို ဘာလို့ မပြောလိုက်တာလဲ"

ပိုင်ချီမင်မှာ လင်းစုယွီ၏ အကြံအစည်ကို နားမလည်နိုင်ဖြစ်နေသည်။ စခန်းမှူးကို ပြောလိုက်ပါက တိုင်စာရေးသူကို ထိုက်တန်သော အပြစ်ပေးနိုင်မည်ဟု သူက ရိုးရိုးသားသား ထင်မြင်နေခြင်းဖြစ်သည်။

"အကယ်လို့ ဟောင်ကောင်မှာ တစ်ယောက်ယောက်က ဆရာပိုင်ကို ရန်ပြုချင်ရင် ဆရာပိုင်က ရဲကိုပဲ ခေါ်မှာလား"

လင်းစုယွီ၏ စကားကြောင့် ပိုင်ချီမင် ဆွံ့အသွားသည်။ ဟောင်ကောင်တွင် တစ်စုံတစ်ယောက်က သူ့ကို ရန်ပြုလာပါက သူသည် ရဲခေါ်နေမည်မဟုတ်ဘဲ ထိုလူကို ပင်လယ်ထဲ ပစ်ချပြီး ငါးစာကျွေးခိုင်းလိုက်မည်သာ..... နေပါဦး၊ ဝမ်းကွဲညီမလေး စုယွီက အဲ့ဒီလို ဆိုလိုတာလား။

၁၉၆၀ ၌ ပြန်လည်မွေးဖွားခြင်း

All Chapters