အခန်း ၈၀
Vol. 8 Ch. 80
အပိုင်း ၈၀ - ခရီးမထွက်မီ ပြင်ဆင်ခြင်း
"စုယွီ... သတင်းပေးတဲ့ကိစ္စကို အစိုးရလက်ထဲပဲ လွှတ်ထားလိုက်ပါ၊ ငါတို့တွေ ဒီမှာ အဆင်ခြင်မဲ့ သွားလုပ်လို့ မဖြစ်ဘူး!"
ပိုင်ချီမင်၏ တတွတ်တွတ် နားပူနားဆာ လုပ်နေမှုများကြောင့် လင်းစုယွီတစ်ယောက် နားတောင် မထောင်ချင်တော့ပေ။ ပိုင်ချီမင်က ပိဋကတ်သုံးပုံ ရွတ်ဖတ်နေသည့် ထန်ဆန်းဘုန်းကြီးတစ်ပါးလို ဤမျှလောက်အထိ စကားများတတ်မှန်း သူမ အရင်က မသိခဲ့ပေ။
ကျောင်းပြန်ရောက်သောအခါ ကျောင်းအုပ်ကြီး ယွမ်က အသံလွှင့်ချက်မှတစ်ဆင့် သူမ၏ အရှုပ်အထွေးများကို ရှင်းလင်းပေးခဲ့ကြောင်း လျန်ဟွေထံမှ လင်းစုယွီ သိလိုက်ရသည်။
"စုယွီ... အခုဆိုရင် နင်က အာဇာနည်မိသားစုဝင် ဖြစ်သွားပြီ။ နောက်နောင် ဘယ်သူမဆို နင့်ရဲ့ ကိုယ်ရေးရာဇဝင်ကို သံသယဝင်ပြီး လာပုတ်ခတ်ရင် အာဇာနည်မိသားစုကို မဟုတ်မမှန် စွပ်စွဲမှုနဲ့ တိုင်ပစ်လိုက်၊ သူတို့ကို ထောင်နန်းစံခိုင်းလိုက်စမ်းပါ"
လျန်ဟွေ့၏ အသံက အနည်းငယ် ကျယ်လောင်သဖြင့် စာသင်ခန်းတစ်ခုလုံး ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် အတန်းဖော်များက ဝိုင်းဝန်း ထောက်ခံကြလေသည်။
"ငါတို့အတန်းထဲမှာတော့ လင်းစုယွီရဲ့ အထောက်အထားကို ဘယ်သူမှ သံသယမရှိပါဘူး၊ ဒါပေမဲ့ အပြင်လူတွေ အဲ့လိုပြောတာ ကြားရင်တော့ ငါတို့တွေ ရဲရဲဝံ့ဝံ့ ပြန်ပြောရမယ်။ လင်းစုယွီက အာဇာနည်မိသားစုဝင်လေ... ငါတို့ ကာကွယ်ပေးရမယ့်သူပဲ"
ထိုအချိန်မှာပင် အတန်းခေါင်းဆောင်ကလည်း အချိန်ကိုက် ရှေ့ထွက်လာသည်။ ယခုဆိုလျှင် လင်းစုယွီ၏ ကျောင်းတွင်း ဂုဏ်သတင်းက ပြန်လည် တည်ငြိမ်သွားသည့်အပြင် အကျိုးကျေးဇူး အနည်းငယ်ပင် ရလိုက်သေးသည်။
"ဟွေ့ဟွေ့... ဒီနေ့ကျောင်းဆင်းရင် ငါ့အိမ်ကို အရင်လိုက်ခဲ့ဦး၊ ပစ္စည်းတချို့ ယူပြီးမှ ငါ နင့်ကို အိမ်ပြန်လိုက်ပို့ပေးမယ်"
စက်ရုံမှူး လျန်နှင့် ဇနီးဖြစ်သူတို့က မနေ့က ရဲစခန်းအထိ ကိုယ်တိုင်လာပြီး သူမကို အာမခံပေးခဲ့ကြသည်။ သူမအနေဖြင့် ဤကျေးဇူးကို ကြွေးတင်နေပြီဖြစ်ရာ ကိစ္စရပ်များ ပြေလည်သွားချိန်တွင် ကျေးဇူးတင်စကား ပြောရန် သွားရောက်သင့်ပေသည်။ လူမှုရေးအကူအညီများမှာ အပြန်အလှန် ဆက်ဆံရေး ရှိမှသာ ရေရှည်တည်တံ့မည် ဖြစ်ကြောင်း လင်းစုယွီ ကောင်းကောင်း နားလည်ထားသည်။
ထို့အပြင် သူမသည် လန်ရှို့ယင်း၏ လက်ရှိအခြေအနေကိုလည်း လျန်ကတော် ထံမှ စုံစမ်းရန် ကြံရွယ်ထားသည်။ လင်းစုယွီက လန်ရှို့ယင်းအကြောင်း မေးမြန်းသည်နှင့် လျန်ကတော်က တိုင်စာနောက်ကွယ်မှ လက်သည်ကို ချက်ချင်း ရိပ်မိလိုက်သည်။ သို့သော် သူမက အမြဲတမ်း ပါးနပ်သူဖြစ်သဖြင့် အထူးတလည် မပြောပေ။
သူမက လန်ရှို့ယင်း၏ ခင်ပွန်းဘက်မှ မိသားစုအခြေအနေကို အသေးစိတ် ပြောပြလိုက်ပြီးနောက်၊ လန်ရှို့ယင်း၏ ခင်ပွန်းကိစ္စကို ကိုင်တွယ်စဉ်က သိကျွမ်းခဲ့သည့် လူတစ်ယောက်အကြောင်းကို မသိမသာ ထည့်ပြောလိုက်သည်။ ထိုလူသည် 'ဒေသထွက် လက်ဆောင်' အနည်းငယ် ပေးရုံဖြင့် ကိစ္စအဝဝကို ဆောင်ရွက်ပေးနိုင်သူ ဖြစ်ကြောင်း အရိပ်အမြွက် ပြောပြလေသည်။
ယဉ်ကျေးစွာ ကျေးဇူးတင်စကား ပြောပြီး ထွက်ခွာသွားသော လင်းစုယွီ၏ ကျောပြင်ကို ကြည့်ရင်း၊ တစ်ဖက်တွင်လည်း လင်းစုယွီ ယူဆောင်လာသော လက်ဆောင်များကို အငမ်းမရ မွှေနှောက်ကြည့်နေသည့် မိမိ၏ သမီးငတုံးလေးကို ကြည့်ကာ လျန်ကတော် စိတ်ပျက်လက်ပျက် ဖြစ်သွားရသည်။ သူမ၏ သမီးဖြစ်သူမှာ တက်လှမ်းလိုစိတ် လုံးဝမရှိသည်ကို တွေးမိတိုင်း ဒေါသနှင့် အားမလိုအားမရ ဖြစ်ရသည်။
"ဟွေ့ဟွေ့... တော်တော့၊ မမွှေနဲ့တော့။ စုယွီပေးတဲ့ဟာထဲက နည်းနည်းပဲ မြည်းကြည့်ပြီး ကျန်တာတွေကို သိမ်းထား၊ ဒီတစ်ပတ်ပိတ်ရက်ကျရင် နင့်ဒုတိယအစ်ကို ချန်မိသားစုဆီ သွားတဲ့အခါ ယူသွားဖို့ ချန်ထားဦး"
လျန်မိသားစု၏ ဒုတိယသားနှင့် ချန်ဟွေ့ယီတို့သည် စေ့စပ်ရန် ပြင်ဆင်နေကြပြီး ယခုအပတ်ပိတ်ရက်တွင် ဒုတိယသားက ချန်မိသားစုဆီ သွားရောက်လည်ပတ်ပြီးမှ နှစ်ဖက်မိသားစု စေ့စပ်ကြောင်းလမ်းရေးကို တရားဝင် ဆွေးနွေးကြမည်ဖြစ်သည်။
"မေမေကလည်း တကယ် ရက်ရောနိုင်တာပဲ။ စုယွီပေးတဲ့ ပန်းသီးတွေက ကြီးလည်းကြီး၊ ချိုလည်းချိုတာ... အပြင်မှာ ဝယ်ဖို့တောင် ခက်တယ်။ စုယွီလို ကံကောင်းတဲ့သူမှ ဒီလိုပစ္စည်းကောင်းတွေ ရနိုင်တာ"
လင်းစုယွီ ကျွေးဖူးသည့် သစ်သီးများကို လျန်ဟွေ့ မြည်းဖူးသဖြင့် လင်းစုယွီသည် ပစ္စည်းကောင်းများကို 'ရှာဝယ်' တတ်မှန်း သူမ သိထားသည်။
"သမီး အစ်ကိုက သမီးရဲ့ ယောင်းမ မိသားစုဆီ သွားရမှာဆိုတော့ လူကြီးလူကောင်းဆန်ဆန် လက်ဆောင်အပြည့်အစုံနဲ့ သွားရမှာပေါ့။ အမေ့ကို မျက်နှာလိုက်တယ်လို့ မပြောနဲ့ဦး၊ သမီးးရဲ့တတိယအစ်ကို ပြန်လာရင် သမီးအတွက် ရှားပါးတဲ့ အသီးအနှံတွေ ရှာပေးခိုင်းလိုက်မယ်"
"တတိယအစ်ကို့ကို ဒုက္ခမပေးပါနဲ့တော့၊ သမီးကို မုန့်ဖိုးလေး နည်းနည်း ပိုပေးရင် ရပါပြီ၊ သမီးဘာသာပဲ ဝယ်လိုက်မယ်"
မကြာသေးမီက ရုပ်ပြစာအုပ်အသစ်များ ထွက်ရှိထားရာ သူမတွင် ငွေအနည်းငယ် လိုအပ်နေသည်။
သစ်သီးဝလံများမှာ ရှားပါးသော်လည်း သူမသည် အိမ်ရှိ စားနပ်ရိက္ခာကူပွန်များ သို့မဟုတ် စက်မှုကုန်စည်ကူပွန်များကို ယူဆောင်၍ စုယွီနှင့် လဲလှယ်လေ့ရှိသည်။
လျန်မိသားစုမှာ အဆင့်မြင့် ရာထူးကြီးသူများ ဖြစ်သဖြင့် အိမ်တွင် ကူပွန်အမျိုးမျိုး ပေါများသည့်အပြင် တတိယသားဖြစ်သူကလည်း ကုန်ပစ္စည်းများ အမြဲပို့ပေးတတ်သဖြင့် သူတို့မိသားစုမှာ ကူပွန် မရှားပါးဆုံး မိသားစုဖြစ်သည်။
ပြုံးစိစိလုပ်နေသည့် သမီးဖြစ်သူကို ကြည့်ကာ မုန့်ဖိုးတောင်းနေမှန်း လျန်ကတော် သိသော်လည်း ထုတ်မပြောတော့ပေ။
"ပိုက်ဆံကို ခြွေတာသုံးစမ်းပါ။ တစ်ခုခု ဝယ်ချင်ရင် နင့်အစ်ကိုကို ဝယ်ခိုင်းပါလား။ တကယ့် ငတုံးလေးပဲ၊ မိန်းကလေးဆိုတာ ကိုယ်ပိုင်စုဆောင်းငွေ ရှိရတယ်လို့ အမေ ဘယ်နှစ်ခါ သင်ပေးရမှာလဲ"
သမီးဖြစ်သူမှာမူ လက်ဖွာလှပြီး ငွေကို မဆင်မခြင် သုံးစွဲကာ စုဆောင်းရမှန်း မသိပေ။ ဤကလေးနှစ်ယောက်သာ တစ်ယောက်နှင့်တစ်ယောက် မျှတသွားပါက ကောင်းလေစွ၊ တကယ်ပဲ စိတ်ပူရလွန်း၍ သေတော့မည်။
ကျင်းမန်မြို့မှာ မြို့တော်နှင့် ကီလိုမီတာ တစ်ရာကျော်သာ ဝေးကွာသဖြင့် ရထားစီးလျှင် နာရီအနည်းငယ်သာ ကြာမြင့်သည်။
"ဆရာပိုင်... ကျွန်မ အကူအညီတောင်းထားတဲ့ ထောက်ခံစာနဲ့ ရထားလက်မှတ်ကိစ္စ ဘာထူးသေးလဲ"
ပိတ်ရက် နီးကပ်လာပြီ ဖြစ်သော်လည်း ပိုင်ချီမင်က လင်းစုယွီကို ထောက်ခံစာ မပေးသေးပေ။
"အဆင်သင့် ဖြစ်ပါပြီ၊ ဒီပိတ်ရက်မှာ ငါ နင်နဲ့အတူ လိုက်ခဲ့မယ်"
ဟောင်ကောင်တွင် တစ်စုံတစ်ယောက်က သူမကို ရန်ပြုလာလျှင် ပိုင်ချီမင် မည်သို့ကိုင်တွယ်မည်နည်းဟု လင်းစုယွီ မေးမြန်းခဲ့သည့်အချိန်မှစ၍ ပိုင်ချီမင်မှာ စိုးရိမ်စိတ်များ ဝင်နေမိသည်။
မူလက သူ၏လက်အောက်ငယ်သား အားကွမ်ကို လင်းစုယွီနှင့်အတူ မြို့တော်သို့ လိုက်ပါပို့ဆောင်ရန် စီစဉ်ထားသော်လည်း ယခုမူ... သူကိုယ်တိုင် အနီးကပ် စောင့်ကြည့်မှ ဖြစ်တော့မည်။ လင်းစုယွီအနေဖြင့် လိမ္မာပါးနပ်စွာ နေထိုင်လိမ့်မည်ဟုသာ သူ မျှော်လင့်ရတော့သည်။
"ဆရာက ကျွန်မနဲ့ လိုက်မလို့လား။ မလိုပါဘူး၊ နှစ်ရက်တည်းနဲ့ သွားပြန် လုပ်လို့ရတာပဲကို"
"နင်က အသက် ၁၂ နှစ်ကျော်ပဲ ရှိသေးတာကို မေ့နေတာလား။ မိန်းကလေးတစ်ယောက်တည်း ရထားစီးရမှာ မကြောက်ဘူးလား"
တစ်ခါတစ်ရံ ပိုင်ချီမင် တကယ်ပင် နားမလည်နိုင်အောင် ဖြစ်ရသည်။ သူ၏ ညီမဝမ်းကွဲလေးမှာ ကလေးတစ်ယောက်၏ အပြစ်ကင်းစင်မှု လုံးဝမရှိဘဲ ထိတ်လန့်စရာကောင်းလောက်အောင် ရင့်ကျက်လွန်းနေသည်။ လျန်ဟွေ့နှင့် အတူရှိချိန်မှသာ ကလေးဆန်သည့် အမူအရာမျိုး ရှိတတ်သည်။
"ကျွန်မက မကြောက်ဘူးလို့ ပြောရင် ဆရာ မလိုက်တော့ဘူးလား။ ဒါဆိုရင်တော့ ကျွန်မ တကယ်ပဲ မကြောက်ပါဘူး"
ပိုင်ချီမင်၏ စိတ်နေစိတ်ထားကို သူမ အတည်ပြုပြီးနောက်၊ ဟောင်ကောင်သို့ သူနှင့်အတူ လိုက်ရန် သဘောတူလိုက်ပြီဖြစ်ရာ သူမ၏ စွမ်းရည်အချို့ကို ထုတ်ပြခြင်းဖြင့် သူ့ကို သတိပေးရန် ဆုံးဖြတ်လိုက်သည်။
လင်းစုယွီက မည်သို့ပင် ငြင်းဆန်စေကာမူ ပိုင်ချီမင်က လင်းစုယွီကို မြို့တော်သို့ တစ်ယောက်တည်း မလွှတ်နိုင်ဟု ဇွတ်ငြင်းနေသည်။ နောက်ဆုံးတွင်...
"ဆရာပိုင်... ဒီကျောက်ခဲလေးကို ကြည့်စမ်းပါ၊ ကြည့်ရတာ မျက်စိနောက်စရာကြီးနော်၊ ခြေထောက်ကိုလည်း ထိုးမိနေဦးမယ်"
လင်းစုယွီက ပိုင်ချီမင်ကို သူမ၏ ခြေထောက်ကို ကြည့်ရန် အချက်ပြလိုက်ပြီးနောက် အတွင်းအားကို အသုံးချကာ ထိုကျောက်ခဲကို နင်းချလိုက်သည်။ သူမ ခြေထောက်ကို ဖယ်လိုက်သောအခါ ကျောက်ခဲမှာ အမှုန့်ဖြူလေးများအဖြစ် ပြောင်းလဲသွားလေပြီ။
"နင်... နင်က အတွင်းအားကို ဘယ်လိုလုပ်ပြီး သုံးတတ်နေတာလဲ"
ပိုင်ချီမင်သည် ဟောင်ကောင်တွင် လူမျိုးစုံ၊ ပညာစုံကို တွေ့ဖူးခဲ့သူ ဖြစ်သော်လည်း လင်းစုယွီကဲ့သို့ ငယ်ရွယ်နုပျိုသည့် မိန်းကလေးတစ်ယောက်တွင် ဤမျှလောက်အထိ ထူးခြားသော စွမ်းရည်ရှိသည်ကိုမူ တစ်ခါမျှ မကြားဖူးခဲ့ပေ။
"ကောင်းပြီလေ... ငါမလိုက်တော့ဘူး၊ ဒါပေမဲ့ အားကွမ်တော့ လိုက်သွားရမယ်။ နင့်အတွက် ခိုင်းစရာ တစ်ယောက်ယောက်တော့ လိုတယ်လေ!" ပိုင်ချီမင် အလျှော့ပေးလိုက်ရသည်။
သူသည် လင်းစုယွီကို ကြည့်ကာ အံ့အားသင့်နေမိသလို၊ တစ်ဖက်တွင်လည်း ပိုင်မိသားစုတွင် လူတော်လူကောင်းတစ်ယောက် ပေါ်ထွန်းလာပြီဟု တွေးကာ အတိုင်းမသိ ဝမ်းသာသွားသည်။
လင်းစုယွီသာ ဟောင်ကောင်ကို ရောက်လာလျှင် သူမကို ထိုနေရာတွင် နေထိုင်သွားအောင် မည်သို့ပင်ဖြစ်စေ ဆွဲထားမည်ဟု သူ ကြံစည်နေသည်။ သူမသာ ရှိနေလျှင် ပိုင်မိသားစု၏ အနာဂတ်မှာ တောက်ပြောင်လာပေလိမ့်မည်။ လင်းစုယွီသာ ပိုင်ချီမင်၏ အတွေးကို သိလျှင် သူ့မျက်နှာကို တံတွေးနှင့် ထွေးမိပေလိမ့်မည်။
၁၉၆၀ ပြည့်လွန်နှစ်များက ဟောင်ကောင်မြို့သည် ရာဇဝတ်ဂိုဏ်းများ ထူပြောခြင်း၊ ရဲနှင့် လူမိုက်များ ပူးပေါင်းခြင်း၊ လောင်းကစားနှင့် မူးယစ်ဆေးဝါးများ ပေါများခြင်းတို့ကြောင့် နေထိုင်ရန် ခက်ခဲလှကြောင်း သမိုင်းကို နည်းနည်းပါးပါး သိသူတိုင်း သိကြသည်။ အထက်တန်းလွှာများကိုလည်း ဗြိတိသျှတို့က ချုပ်ကိုင်ထားသည့် ခေတ်ဖြစ်သည်။
ထိုကဲ့သို့ ရှုပ်ထွေးလှသည့် နေရာမျိုးတွင် ယောက်ျားရင့်မာကြီးများပင် ရုန်းကန်နေရချိန်တွင် မယားပြိုင်ထားသည့် ဓလေ့များ ရှိနေသေးသောကြောင့် အမျိုးသမီးများ၏ အဆင့်အတန်းမှာ အလွန်နိမ့်ကျလှသည်။ ထို့ကြောင့် သက်သောင့်သက်သာ နေချင်သော လင်းစုယွီအတွက် ဟောင်ကောင်သည် အခြေချချင်စရာ နေရာမျိုး မဟုတ်ပေ။
လင်းစုယွီသည် ရက်သတ္တပတ်ပိတ်ရက်တွင် အားကွမ်နှင့်အတူ မြို့တော်သို့ ရထားဖြင့် ထွက်ခွာခဲ့သည်။ ထိုအချိန်တွင် လန်ရှို့ယင်းနှင့် သူမ၏ သမီးဖြစ်သူတို့မှာ သူတို့ ရေးလိုက်သည့် တိုင်စာအကြောင်းကို ဝမ်းသာအားရ ဆွေးနွေးနေကြသည်။
"မေမေက တကယ်တော်တာပဲ... ကျင်းမန်မြို့က ရဲစခန်းကို တိုင်စာပို့ပြီး လင်းစုယွီကို အစိုးရက ကိုင်တွယ်အောင် လုပ်နိုင်တာ"
လင်းစုယွီ ရဲဖမ်းခံရသည့်နေ့က သူမ၏ စနစ်မှ တာဝန်ပြီးမြောက်ကြောင်း အကြောင်းကြားချက် ရရှိသဖြင့် သူမ အလွန်ဝမ်းသာသွားခဲ့သည်။ တာဝန်ပြီးမြောက်သွားသဖြင့် စနစ်က သူမကို ဆုလာဘ်အဖြစ် ငွေ ၅၀ ယွမ်နှင့် ကူပွန်တချို့ ချီးမြှင့်ခဲ့လေသည်။