အခန်း ၇၁
Vol. 8 Ch. 71
အခန်း (၇၁) ရမှတ် ၃၆၁
ထိုစကားကို ကြားချိန်တွင် ဒေါသထွက်နေဆဲဖြစ်သော ချန်မေ့လီသည် ရုတ်တရက် စိတ်ဝင်စားသွားလေ၏။
မောက်ထိုင်အရက်တွေ တကယ်ပေးမလို့လား။
ဒါ ကောင်းတဲ့ကိစ္စပဲ။
ငါတို့နဲ့ အဆင်မပြေ ဖြစ်နေပြီးသားကို စုယွမ်လို ခေါင်းမမှန်တဲ့ကောင်က ဒီအရက်ပေါချောင်တွေကို ပေးချင်နေသေးတယ်တဲ့လား...
"ဟီးဟီး ငါ့ဟန်သယ်ရဲ့ ရမှတ်တွေကို လူတိုင်း ကြည့်လို့ရမယ် ထင်နေတာလား..."
"မောက်ထိုင် ခြောက်ပုလင်း..." ချန်မေ့လီက လွန်လွန်ကျွံကျွံ တောင်းဆိုလိုက်ပေသည်။
စုယွမ်က အနည်းငယ် ပြုံးလိုက်၏။ ရိုးရိုးသားသား ဆိုရလျှင် ပုလင်းတစ်ရာဟု တောင်းဆိုပါကလည်း သူ သဘောတူမည်သာ ဖြစ်ပေသည်။
ယမန်နေ့က သတင်းအချက်အလက်များအရ ဟန်သယ်သည် အမှတ် ၆၀၀ ပင် မရခဲ့ဘဲ သနားစရာကောင်းလောက်အောင် ရမှတ် ၃၆၁ မှတ်သာ ရရှိခဲ့ခြင်း ဖြစ်လေသည်။
"ပြဿနာမရှိပါဘူး ကျုံးဟွာ စီးကရက် ခြောက်တောင့်နဲ့ ဝူလျန်ယဲ့ ခြောက်ပုလင်းပါ ထပ်ပေါင်းပေးလိုက်မယ် အားလုံးပေါင်း ၆၆၆ ဖြစ်သွားတာပေါ့..."
စုယွမ် စကားပြောပြီးချိန်တွင် ချန်ချွေ့ဖန်က သူ့အား နားမလည်နိုင်စွာဖြင့် ကြည့်လိုက်ပြီး အခြားသူများမှာလည်း တွေဝေသွားကြပေ၏။
စုယွမ်က အဘယ်ကြောင့် ဤအဆင့်မြင့် စီးကရက်နှင့် အရက်များကို အလကား ပေးရမည်နည်း။ ၎င်းတို့သည် ယခုလေးတင် ပြဿနာတက်ထားကြသည် မဟုတ်ပါလော။
ချန်ချွေ့ဖန်၏ တွေဝေနေမှုကို မြင်လိုက်ရချိန်တွင် စုယွမ်က သူမကို အကြည့်တစ်ချက် ပေးလိုက်ရာ ချန်ချွေ့ဖန်က ဘာမျှမပြောတော့ချေ။ သူမသည် သူမ၏ သားဖြစ်သူကို ယုံကြည်နေဆဲပင် ဖြစ်သည်။
"ဒါ တကယ်လား..." ချန်မေ့လီသည် အလွန်အမင်း ပျော်ရွှင်သွားခဲ့သည်။ ဤခရီးစဉ်က လုံးဝ အမြတ်ထွက်သွားခဲ့လေပြီ။
ဟန်သယ်သည် အနာဂတ်တွင် အရည်အချင်းရှိသူတစ်ဦး ဖြစ်လာမည်ကို စုယွမ် သိရှိသွားပြီး သူ့ကို စော်ကားမိမည်ကို ကြောက်ရွံ့ကာ အလျင်အမြန် တောင်းပန်ရန် အကြောင်းပြချက် ရှာနေခြင်း ဖြစ်ရမည်ဟု သူမ တွေးလိုက်ပေ၏။
သေချာတာပေါ့ ဒါပဲဖြစ်ရမယ်။
"သေချာတာပေါ့ ရွှေစစ်တာထက်တောင် ပိုစစ်သေးတယ်..."
"ညီလေးက တရားဝင်ဝက်ဘ်ဆိုက်ကို ဝင်ပြီး တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ ရမှတ်တွေကို လူတိုင်းရှေ့မှာ စစ်ပြလိုက်ဖို့ပဲ လိုတယ်..." စုယွမ်၏ လေသံမှာ တည်ငြိမ်နေပြီး နှုတ်ခမ်းများပေါ်တွင် အပြုံးတစ်ခု ရှိနေဆဲပင်။
"ဟားဟားဟား..." ချန်မေ့လီက အသံကျယ်လောင်စွာ ရယ်မောလိုက်ပြီး စုယွမ်အား အရူးတစ်ယောက်အလား ကြည့်လိုက်လေသည်။
"ရှောင်သယ် မင်းအစ်ကိုက ဒီလိုပြောနေမှတော့ တရားဝင်ဝက်ဘ်ဆိုက်ကို အခုပဲဝင်ပြီး မင်းရဲ့ အမှတ် ၆၀၀ ကျော်ကို လူတိုင်း မြင်အောင် ပြလိုက်စမ်းပါ..."
"ငါ့သား ဟန်သယ်က တကယ့်ကို ထူးချွန်တဲ့သူပဲ ရိုးရိုးသားသားပြောရရင် သူသာ အအေးမမိခဲ့ဘူးဆိုရင် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲမှာ ဒီထက်တောင် အမှတ်ပိုများဦးမှာ..." ချန်မေ့လီက ပြောဆိုလိုက်ပြီးနောက် တုံ့ဆိုင်းနေသော ဟန်သယ်အား မြန်မြန်လုပ်ရန် အချက်ပြလိုက်၏။
မထင်မှတ်ဘဲ မောက်ထိုင်အရက်အား မျက်နှာပြောင်တိုက်ကာ တောင်းဆိုနေခဲ့သော ဟန်သယ်သည် ရုတ်တရက် ညှိုးကျသွားပြီး အလွန်အမင်း ထိတ်လန့်နေပုံရပေသည်။ သူက ချန်မေ့လီ၏ အင်္ကျီလက်ကို ဆွဲကာ ပြောလိုက်၏။
"အမေ အရက်နည်းနည်းပါးပါးနဲ့ စီးကရက်အချို့လောက်ကို ဘာတွေများ အရေးလုပ်နေတာလဲ..."
"အမေ လိုချင်ရင် နောက်မှ သား ဝယ်ပေးမယ် သွားရအောင် သား အိမ်ပြန်ချင်ပြီ..."
ထိုသို့ ပြောဆိုပြီးနောက် ဟန်သယ်က ချန်မေ့လီအား ဆွဲခေါ်ကာ ထွက်ခွာရန် ပြင်လိုက်လေသည်။
လူတိုင်းသည် ဟန်သယ်၏ အပြုအမူကို လုံးဝ နားမလည်နိုင်အောင် ဖြစ်သွားကြပေ၏။ အလကားပေးနေသော စီးကရက်နှင့် အရက်များကို သူက ငြင်းပယ်လိုက်သည်လော။ လွန်ခဲ့သော အခိုက်အတန့်ကပင် အရက်ကို မျက်နှာပြောင်တိုက်ကာ တောင်းဆိုနေခဲ့သည် မဟုတ်ပါလော။
ဟန်သယ်၏ မျက်နှာအမူအရာကို မြင်လိုက်ရချိန်တွင် ချန်ချွေ့ဖန်က တစ်စုံတစ်ရာကို ခန့်မှန်းမိသွားပြီး ပြောဆိုလိုက်သည်။
"ရှောင်သယ် မင်းရဲ့ ရမှတ်တွေကို မြန်မြန်ဖွင့်ပြီး လူတိုင်းကို ပြလိုက်လေ ကြွားလို့ရရုံသာမကဘဲ ဆုတွေလည်း အများကြီး ရဦးမှာဆိုတော့ ဒါက မကောင်းဘူးလား..."
"ဟုတ်တယ် ဟန်သယ် မင်း ဘာဖြစ်နေတာလဲ ဒီလောက်ကောင်းတဲ့ အခွင့်အရေးကို ငြင်းမလို့လား မင်း ဘာလုပ်ချင်နေတာလဲ..."
"မောက်ထိုင် ခြောက်ပုလင်း ကျုံးဟွာ ခြောက်တောင့် ဝူလျန်ယဲ့ ခြောက်ပုလင်း ဒီလောက်တန်တာကြီးကို မယူဘူးလား ဘာဖြစ်ချင်နေတာလဲ..."
"ရမှတ်တွေကို မြန်မြန်ပြလိုက်စမ်းပါ သူတို့ကို မြင်ပါစေ..." ချန်မေ့လီက ဟန်သယ်အား ဖမ်းဆွဲကာ ပြောလိုက်၏။
"ဟာ ဘာလို့ သားရမှတ်တွေကို ကြည့်ချင်နေရတာလဲ စာမေးပွဲရမှတ်လေးက ဘာများ ကြီးကျယ်နေလို့လဲ တစ်မြို့လုံးမှာ အမှတ် ၆၀၀ ကျော်တဲ့သူတွေ အများကြီးရှိတာပဲကို..."
"လူတိုင်းကို မပြချင်လို့ပါ သွားကြစို့..." ဟန်သယ်သည် စိုးရိမ်ပူပန်နေပြီး သူ၏ အစစ်အမှန် ရမှတ်များကို မည်သူ့ကိုမျှ မပြချင်ခဲ့ချေ။
"ဒီကောင်လေး အမှတ် ၆၀၀ ကျော်လေ ဒီမှာ ဘယ်သူက အဲဒီလောက် ရဖူးလို့လဲ ဒီရမှတ်ကိုသာ ချပြလိုက်ရင် သူတို့တွေ မနာလိုဖြစ်သွားကြမှာ..."
"ရှောင်သယ် မင်းက နှိမ့်ချတတ်မှန်း အမေသိပါတယ် ဒါပေမဲ့ အခုချိန်မှာ နှိမ့်ချနေစရာ မလိုဘူးလေ ပြတ်သားရမယ့်အချိန်မှာ ပြတ်သားရမယ် သူတို့ကို ပြလိုက်စမ်းပါ..." ချန်မေ့လီက မောက်မာစွာ ပြောဆိုလိုက်ပြီး ဟန်သယ်၏ ဖွင့်ထားသော ဖုန်းကို လုယူကာ ဘရောက်ဆာထဲတွင် အမျိုးသားတက္ကသိုလ်ဝင်ခွင့်စာမေးပွဲ တရားဝင်ဝက်ဘ်ဆိုက်ကို ရှာဖွေလိုက်လေသည်။
"ဟာ မလုပ်နဲ့..." ဟန်သယ်သည် ၎င်းကို မြင်ချိန်တွင် ထိတ်လန့်သွားပြီး ဖုန်းကို ပြန်လုရန် ကြိုးစားသော်လည်း ချန်မေ့လီက သွက်လက်စွာ ရှောင်ရှားလိုက်ပေ၏။
အမြဲတစေ ကြွားဝါတတ်သော သူမ၏သားသည် အဘယ်ကြောင့် ရုတ်တရက် ဤမျှ နှိမ့်ချနေရကြောင်းကို သူမ နားမလည်နိုင်ခဲ့ချေ။ နှိမ့်ချခြင်းသည် ကောင်းသောအရာ မဟုတ်ပေ။
ဖုန်းကို ကလိနေစဉ်မှာပင် ချန်မေ့လီက သူမ၏ ဘေးပတ်လည်ရှိ လူအုပ်ကြီးအား အော်ဟစ်လိုက်သည်။
"လာကြည့်ကြ လာကြည့်ကြ ငါ့ရဲ့ ရှောင်သယ် ရမှတ်ကို လာကြည့်ကြ..."
အော်ဟစ်သံအနည်းငယ်က လူတိုင်းကို စုဝေးသွားစေခဲ့၏။ ချန်မေ့လီသည် ဖုန်းကို လူအုပ်ကြီးထံသို့ လှည့်ပြလိုက်ပြီး အကောင့်နှင့် စကားဝှက်ကို ရိုက်ထည့်ကာ ရှာဖွေရန် ခလုတ်ပေါ်သို့ လက်ညှိုးတင်လိုက်လေသည်။
"အား မလုပ်နဲ့ မကြည့်နဲ့..." ဟန်သယ်က စိုးရိမ်တကြီး အော်ဟစ်လိုက်ပေသည်။
သို့သော် နောက်ကျသွားခဲ့ပြီ ဖြစ်သည်။ ရှာဖွေရန် ခလုတ်ကို နှိပ်လိုက်သည့် အခိုက်အတန့်မှာပင် ဟန်သယ်သည် မြေပြင်ပေါ်သို့ အရုပ်ကြိုးပြတ် ကျဆင်းသွားတော့၏။
ချန်မေ့လီက မောက်မာသော မျက်နှာအမူအရာဖြင့် လူတိုင်းအား ပြောဆိုလိုက်သည်။
"ဟား အားလုံး မြင်ကြရဲ့လား အဲဒါမှ ပါရမီရှင်ဆိုတာ..."
"စုယွမ် မင်းပြောထားတာကို မမေ့နဲ့နော် စီးကရက်နဲ့ အရက်တွေကို မြန်မြန်ပြင်ထားလိုက်တော့..."
ချန်မေ့လီသည် ပတ်ဝန်းကျင်ကို တစ်ချက်ဝေ့ကြည့်လိုက်ပြီး သူမကိုယ်သူမ အလွန်အမင်း ကျေနပ်နေခဲ့ပေ၏။ လူတိုင်းက အံ့အားသင့်ကာ စကားမပြောနိုင်ဖြစ်နေသည်ကို မြင်လိုက်ရချိန်တွင် သူမ၏ ဂုဏ်ယူဝင့်ကြွားမှုက ပိုမို ကြီးထွားလာခဲ့သည်။
"ဟင် ဒီဂဏန်းသုံးလုံးက ရမှတ်တွေ မဟုတ်လား ငါ့မျက်စိက သိပ်မကောင်းတော့လို့ စာလုံးတွေကို ရှင်းရှင်းလင်းလင်း မမြင်ရဘူး..."
"ဟန်သယ်က အမှတ် ၆၀၀ ကျော် ရတယ်ဆိုတာ မဟုတ်ဘူးလား ဒါပေမဲ့ သူ့စာမေးပွဲရဲ့ ပထမဆုံး ဂဏန်းက ခြောက်ဂဏန်းနဲ့ မတူပါဘူး..."
"ငါတို့က အသက်ကြီးလို့ သေချာ မမြင်ရတာများလား ဒီမှာ လာကြည့်ပေးမယ့် လူငယ်တွေများ မရှိဘူးလား..." အဘွားအိုတစ်ဦးက သံသယအပြည့်ဖြင့် မေးမြန်းလိုက်လေသည်။
"ကျွန်တော့်ကို ပြပါ..." မန်နေဂျာလီက ပြောဆိုလိုက်ပြီး သူ၏လက်ထဲမှ ဗီဒီယိုမှတ်တမ်းတင်နေသည့် ဖုန်းကို ကိုင်ထားလျက် အနီးသို့ လျှောက်သွားကာ ဖုန်းပေါ်ရှိ ရမှတ်များကို စိုက်ကြည့်လိုက်ပေ၏။
၎င်းကို မြင်လိုက်ရချိန်တွင် မန်နေဂျာလီသည် အံ့အားသင့်စွာဖြင့် အသက်ရှူမှားသွားခဲ့သည်။
"ဘယ်လိုလဲ အံ့သြသွားပြီလား မင်းတို့တွေ ဆယ်နှစ်လောက် စာမေးပွဲဖြေရင်တောင် ဒီအမှတ်မျိုး ရမှာမဟုတ်ဘူး..." ချန်မေ့လီသည် စကားပြောဆိုနေစဉ် မောက်မာနေဆဲပင် ဖြစ်၏။
"တကယ်ပါပဲ နောက်ထပ် အနှစ်တစ်ရာလောက် စာမေးပွဲဖြေရင်တောင် ဒီအမှတ်မျိုးကို ရနိုင်မှာ မဟုတ်ပါဘူး..."
"အဘိုးတို့ အဘွားတို့ ဒီကျောင်းသားရဲ့ ရမှတ်က ၃၆၁ မှတ်ပါ..." မန်နေဂျာလီက တည်ငြိမ်စွာ ပြောဆိုလိုက်သည်။
"ဟားဟားဟား ငါ ပြောသားပဲ..." ချန်မေ့လီက ရယ်မောလိုက်ပြီးမှ တစ်စုံတစ်ရာ မှားယွင်းနေကြောင်း ရုတ်တရက် ခံစားလိုက်ရလေ၏။
"ဘာတွေ လာပြောနေတာလဲ ဘယ်လိုလုပ်ပြီး အမှတ် ၃၀၀ ကျော်ပဲ ရှိရမှာလဲ မင်း မျက်စိများ မကောင်းတာလား..." ချန်မေ့လီက မကျေမနပ်ဖြင့် ပြောဆိုလိုက်ပေသည်။
"ခင်ဗျားဘာသာ ပြန်ကြည့်ကြည့်ပါလား..." မန်နေဂျာလီက ဗီဒီယိုရိုက်ကူးရန် ဖုန်းကို မြှောက်ထားလျက် ပြောလိုက်သည်။
ချန်မေ့လီက သူမ၏ ဖုန်းကို အလျင်အမြန် ကြည့်လိုက်ရာ သူမ မြင်တွေ့လိုက်ရသောအရာက သွေးတိုးသွားစေခဲ့တော့၏။
"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ အမှတ် ၆၀၀ ကျော် ရတယ်ဆိုတာ မဟုတ်ဘူးလား ဘယ်လိုလုပ်ပြီး ၃၀၀ ကျော်လေး ဖြစ်နေရတာလဲ..."
"စနစ်ချို့ယွင်းနေတာ ဖြစ်ရမယ်..." ချန်မေ့လီသည် အကောင့်ထွက်ပြီး အလျင်အမြန် ထပ်မံစစ်ဆေးကြည့်လိုက်သည်။
ရလဒ်ကတော့ အတူတူပင်။ ၃၆၁ မှတ်သာ ဖြစ်လေသည်။
သုံးလေးကြိမ်ခန့် စစ်ဆေးကြည့်ပြီးနောက် ရလဒ်က မပြောင်းလဲချေ။ ရုတ်တရက် ချန်မေ့လီသည် မြေပြင်ပေါ်သို့ အရုပ်ကြိုးပြတ် ကျဆင်းသွားပြီး သူမ၏ မျက်လုံးများမှာ လုံးဝ မှေးမှိန်သွားတော့၏။
သူမ အလွန်ဂုဏ်ယူနေခဲ့သော တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ ရမှတ်များသည် တကယ်တော့ အတုအယောင်များသာ ဖြစ်နေခဲ့ပေသည်။ ချန်မေ့လီသည် သူမ၏ ဂုဏ်သိက္ခာများ လုံးဝ ကျိုးပဲ့ပျက်စီးသွားပြီဟု ခံစားလိုက်ရ၏။
"ဟန်သယ် ဘာတွေဖြစ်နေတာလဲ..." ချန်မေ့လီက ဟန်သယ်အား အော်ဟစ်လိုက်လေသည်။
ဟန်သယ်သည် လုံးဝ မျှော်လင့်ချက်မဲ့နေပုံရပြီး သူ၏ မျက်လုံးများတွင် နာကြည်းမှုများ ပြည့်နှက်နေကာ စုယွမ်အား စိုက်ကြည့်နေခဲ့ပေ၏။
"သား မှားကြည့်မိတာပါ အလယ်က ၆ ဂဏန်းကို ပထမဂဏန်းလို့ မှတ်လိုက်မိလို့ပါ..."
"မှားသွားတာလေး တစ်ခုပါပဲ ဘာမှ ကြီးကြီးမားမား ပြဿနာ မဟုတ်ပါဘူး..."
ဟန်သယ်က ပြဿနာရှာရန် ပြင်လိုက်ချိန်မှာပင် ချန်မေ့လီက သူ၏ မျက်နှာကို ဖိနပ်ဖြင့် ရိုက်ချလိုက်တော့သည်။
"ခွေးကောင်.. မင်းကြောင့် ငါ မျက်နှာပျက်ရပြီ အား..." ချန်မေ့လီသည် အလွန်အမင်း စိတ်ပျက်သွားခဲ့လေ၏။
"ဒါဆိုလည်း ဘာဖြစ်လဲ သား အမှတ် ၃၀၀ ကျော်ရတယ် အဲဒါ ဘာဖြစ်လဲ အမေက ဘာလုပ်ချင်လို့လဲ..."
"အမေက စာလုံး နည်းနည်းပါးပါးပဲ ဖတ်တတ်တာကို သားကို ပြန်ပြောရဲတယ်ပေါ့ သားက အမေ့ထက် အများကြီး ပညာတတ်တယ်ဗျ..." ဟန်သယ်က ပြန်လည် အော်ဟစ်လိုက်ပေသည်။
"ဒီခွေးကောင် ငါက မင်းအမေနော် မင်းအမေကို ဘယ်လိုများ ဒီလို ပြန်ပြောရဲရတာလဲ..." ချန်မေ့လီက သွားများပေါ်ကာ လက်သည်းများဖြင့် ကုတ်ရန် ပြင်လိုက်၏။
"အဲဒါက အမေ ဒီမှာ သားကို အရှက်ခွဲလို့လေ..." ဟန်သယ်က ဖိနပ်ကို ဆွဲယူကာ ဝေးလံသော နေရာသို့ လွှင့်ပစ်လိုက်လေသည်။
မိဘကျေးဇူးမသိသော သားကြောင့် ဒေါသထွက်နေသည့် ချန်မေ့လီသည် ရှက်ရွံ့ခြင်းနှင့် ဒေါသများ ပြည့်နှက်နေခဲ့သည်။ အခြားသူများ၏ အကြည့်များကို ဂရုမစိုက်ဘဲ ဟန်သယ်ကို မြေပြင်ပေါ်သို့ ကန်ချလိုက်ပြီး ခြေထောက်တစ်ဖက်မှ ဆွဲကာ မာဂိုတန်ကားဆီသို့ ဒရွတ်တိုက် ဆွဲခေါ်သွားတော့၏။