အခန်း ၇၃
Vol. 8 Ch. 73
အခန်း (၇၃) စုဖူချန်၏ ဝမ်းနည်းဒေါသထွက်မှု
"မဟုတ်လောက်ပါဘူး…"
"ယောင်းယောင်း ဒီနေ့ ကျောင်းပိတ်တယ် မဟုတ်လား…"
"ကျောင်းသွားတာ ဘာများ ဖြစ်နိုင်မှာမို့လို့လဲ…" စုယွမ်သည် စိတ်ထဲမှ မျက်မှောင်ကြုတ်လိုက်၏။ စုယောင်း၏ အထက်တန်းကျောင်းမှာ ဤနေရာမှ နာရီဝက်ခန့်သာ ဝေးကွာသောကြောင့် ယခုဆိုလျှင် သူမ ပြန်ရောက်နေသင့်ပြီ ဖြစ်သည်။
ဖခင်ဖြစ်သူက အဲ့ဒီ အိုနာဂျီကားစုတ်ကြီးကို မောင်းရင်း လမ်းမှာ ယာဉ်တိုက်မှုတစ်ခုခု ဖြစ်သွားတာများလား...
ဤအကြောင်းကို တွေးမိချိန်တွင် စုယွမ်သည် အနည်းငယ် စိုးရိမ်ပူပန်မှုလာခဲ့တော့သည်။
သူ၏ဖခင်သည် ဇိမ်ခံကားကို မမောင်းနှင်ရသော်လည်း လမ်းပေါ်ရောက်သည်နှင့် မိမိကိုယ်ကို ပြိုင်ကားမောင်းသမားတစ်ဦးအဖြစ် စိတ်ကူးယဉ်တတ်ပေ၏။ သူသည် ယာဉ်တိုက်မှု တစ်ကြိမ်တစ်ခါမျှ မဖြစ်ဖူးသော်လည်း သူ၏ အပြုအမူများက အတော်လေး အဓိပ္ပာယ်မဲ့နေတတ်ရာ လူကိုအလွန် စိုးရိမ်ပူပန်စေလေသည်။
"ကောင်းပြီ ဘာမှမဖြစ်ဘူးဆိုတာ သေချာအောင် သား သွားကြည့်လိုက်မယ်…" စုယွမ်က ပြောလိုက်သည်။
ချန်ချွေ့ဖန်က ခေါင်းညိတ်လိုက်၏။ ဤသည်သာ တစ်ခုတည်းသော နည်းလမ်း ဖြစ်ပေသည်။ ထို့နောက် သူမက မှာကြားလိုက်သည်။
"ကောင်းပြီ ဂရုလည်းစိုက်ဦးနော်…"
ထို့နောက် စုယွမ်သည် မန်နေဂျာလီအား ကြည့်ကာ ပြောဆိုလိုက်၏။
"မန်နေဂျာလီ ကျွန်တော် ခင်ဗျားကို လိုက်ပို့ပေးပါ့မယ် အဲဒီကနေဆိုရင် မြို့ထဲကို တိုက်ရိုက်သွားတဲ့ ဘတ်စ်ကားတွေ ရှိတယ်လေ…"
မန်နေဂျာလီက ခေါင်းညိတ်ကာ ပြုံးလိုက်သည်။
"ဒါဆိုရင် မစ္စတာစုကိုပဲ အားကိုးရတော့မှာပေါ့…"
စုယွမ်က ခေါင်းညိတ်လိုက်ပြီးနောက် သူတို့နှစ်ဦးသည် G- Wagon ကားထဲသို့ ဝင်ထိုင်ကာ ကျောင်းဘက်သို့ ဦးတည်သွားရန် ပြင်ဆင်လိုက်ကြလေသည်။
ချန်ချွေ့ဖန်သည် စုယွမ် ထွက်ခွာသွားသည်ကို ကြည့်နေခဲ့ပြီးနောက် စုဖူချန်ထံသို့ ဖုန်းထပ်ခေါ်လိုက်သော်လည်း လုံးဝ ဆက်သွယ်၍ မရခဲ့ချေ။
"ရှောင်ယွမ်ရဲ့ အမေ စိတ်မပူပါနဲ့ ငါ ဖူချန် အကြောင်းကို သိပါတယ် သူက တည်ငြိမ်ပြီး ယုံကြည်ရတဲ့သူပါပဲ သူ့က ဘာများ ဖြစ်နိုင်မှာမို့လို့လဲ…"
"ဟုတ်တယ် ရှောင်ယွမ်လည်း လိုက်သွားပြီပဲ သူက အရမ်းတော်တာ ဖြေရှင်းလို့ မရတာဘာရှိမှာမို့လို့လဲ…"
ချန်ချွေ့ဖန်၏ စိုးရိမ်ပူပန်နေသော မျက်နှာအမူအရာကို မြင်လိုက်ရချိန်တွင် အဘွားအိုအချို့က ပြောဆိုလိုက်ကြ၏။
"ဟုတ်ကဲ့ ကျွန်မ သိပါတယ် ဒီတိုင်း စိတ်ပူပြီး တွေးနေမိလို့ပါ…" ချန်ချွေ့ဖန်က ပြောလိုက်သည်။
...
ယွမ်ကျန်းပထမအထက်တန်းကျောင်း။
ကျောင်းဂိတ်ပေါက်အနီးတွင် လူအုပ်ကြီး တစ်ခု စုဝေးနေပြီး စိတ်လှုပ်ရှားစရာ တစ်ခုခုကို ကြည့်ရှုနေကြသည့်အလား အသံကျယ်လောင်စွာ စကားပြောဆိုနေကြပေ၏။
"ဒီခေတ်က ကျောင်းသူတွေ ဘယ်လိုများ ကိုယ်ကျင့်တရား ဒီလောက် ပျက်စီးနေရတာလဲ အဆောင်ထဲက အတန်းဖော်ဆီကနေ ဈေးကြီးတဲ့ အလှပြင်ပစ္စည်းတွေကို ခိုးရတယ်လို့…"
"ဒါက လူ့အဖွဲ့အစည်းရဲ့ ကိုယ်ကျင့်တရားတွေကို တကယ် ပျက်စီးစေတာပဲ…"
"ဟုတ်တယ် ဝယ်ဖို့ ပိုက်ဆံမရှိရင် မဝယ်နဲ့ပေါ့ ဘာလို့ တခြားလူတွေနဲ့ အတင်း လိုက်နှိုင်းယှဉ်ချင်နေရတာလဲ ကိုယ်က အဲဒီလိုပစ္စည်းမျိုး သုံးနိုင်တဲ့သူမှ မဟုတ်တာ ဘာလို့ ခိုးရတာလဲ…"
"ဒီလို ငြင်းခုံနေတာက ဘာရလဒ်မှ ထွက်လာမှာ မဟုတ်ဘူး ငါ့ကိုမေးရင်တော့ ရဲကိုပဲ ဖုန်းဆက်ခေါ်ပြီး စုံစမ်းခိုင်းလိုက်တာ အကောင်းဆုံးပဲ…"
တရားမျှတမှုအပြည့်ရှိသည်ဟု ယူဆရသော လူအချို့သည် သူတို့ရှေ့ရှိ မိန်းကလေးတစ်ဦးကို လက်ညှိုးထိုးကာ ဒေါသတကြီး ဆွေးနွေးနေကြလေသည်။
"မင်းတို့ ဘာတွေ လာပြောနေတာလဲ ငါ့သမီးက ဘာကိုမှ ခိုးမှာမဟုတ်ဘူး…" မုတ်ဆိတ်မွေးများနှင့် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးက ဒေါသတကြီး အော်ဟစ်လိုက်၏။
"ဟုတ်တာပေါ့ ဟုတ်တာပေါ့ ခင်ဗျားသမီးက မခိုးပါဘူး ကျွန်တော်တို့ကပဲ ခိုးတာပါ ဟုတ်ပြီလား…"
"တကယ်ပါပဲ စကားပုံထဲမှာ ပြောသလို ကလေးကို မဆုံးမရင် အဖေ့အပြစ်ပဲတဲ့ ကျွန်တော့်အမြင်တော့ ခင်ဗျားက အဓိက တာဝန်အရှိဆုံးပဲ ခင်ဗျားက ကလေးတွေကိုတောင် သေချာ မပညာပေးနိုင်ဘူး ပြီးတော့ ကျွန်တော်တို့ကိုလည်း တစ်ခွန်းမှ အပြောမခံဘူး…" အမျိုးသားတစ်ဦးက ပြန်လည်ချေပလိုက်သည်။
"ငါ့သမီးက ဘယ်တော့မှ ခိုးမှာမဟုတ်ဘူးလို့ ပြောပြီးပြီလေ…" လူလတ်ပိုင်းအမျိုးသားက ဒေါသတကြီး ပြန်လည်ချေပလိုက်ပြန်၏။
"သူ မခိုးဘူး ဟုတ်လား သူ မခိုးဘူးဆိုရင် သူ့ဆီကနေ အဲဒီရေမွှေးနံ့ ဘာလို့ ရနေရတာလဲ အဲဒါက ရှနယ်ရေမွှေးနော် ခင်ဗျားတို့ မိသားစုရဲ့ ငွေကြေးအခြေအနေနဲ့ အဲဒါကို ဝယ်နိုင်ပါ့မလား…" နောက်ထပ် လမ်းသွားလမ်းလာတစ်ဦးက လူလတ်ပိုင်းအမျိုးသား၏ နှာခေါင်းကို လက်ညှိုးထိုးကာ အော်ဟစ်လိုက်ပေသည်။
စုဖူချန်သည် သူ၏လက်သီးများကို ကျစ်ကျစ်ပါအောင် ဆုပ်ထားပြီး ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီနေကာ သူ၏ မျက်နှာအမူအရာမှာ ဒေါသနှင့် နာကြည်းမှုများ ရောယှက်နေခဲ့သည်။
ယနေ့သည် သမီးဖြစ်သူ စုယောင်းကို ကျောင်းမှ သွားကြိုရမည့်နေ့ ဖြစ်သော်လည်း မထင်မှတ်ဘဲ ပြဿနာပေါင်းစုံနှင့် ရင်ဆိုင်လိုက်ရလေ၏။
စုယောင်း၏ အခန်းဖော်တစ်ဦးက ရှနယ် ရေမွှေးတစ်ပုလင်း ပျောက်ဆုံးသွားကြောင်း ဆရာမကို တိုင်ကြားခဲ့ပြီး စုယောင်းထံမှ ထိုရေမွှေးနံ့ ရနေသည်ဟု ပြောဆိုခဲ့ပေသည်။
သူတို့ ကျောင်းဂိတ်ပေါက်မှ ထွက်လာသည်နှင့် တစ်ပြိုင်နက် အတန်းပိုင်ဆရာမနှင့် ပစ္စည်းပျောက်ဆုံးသွားသော မိန်းကလေးတို့၏ ဖမ်းဆွဲခြင်းကို ခံလိုက်ရ၏။
စုဖူချန်သည် စုယောင်း၏ အကျင့်စရိုက်ကို ကောင်းစွာ သိရှိထားသည်။ သူမသည် ကောက်ရသည့် တစ်ပြားတစ်ချပ်ကိုပင် ပြန်ပေးရန် ဆူညံပွက်လောရိုက်တတ်သူ ဖြစ်ရာ အခြားသူတစ်ဦး၏ ပစ္စည်းကို မည်သို့လုပ်၍ ခိုးယူမည်နည်း။
သူမ မည်မျှပင် ရှင်းပြစေကာမူ မည်သူကမျှ လုံးဝ မယုံကြည်ခဲ့ကြချေ။ ထို့အစား ခိုင်လုံသော သက်သေအထောက်အထား တစ်ခုမျှမရှိဘဲ သူ၏သမီးကို သူခိုးအဖြစ် စွပ်စွဲခဲ့ကြသည်။
စုဖူချန်၏ ဦးခေါင်းသည် ဒေါသများဖြင့် ပူထူနေခဲ့သော်လည်း သူသည် တစ်သက်လုံး ရိုးသားစွာ နေထိုင်လာခဲ့ပြီး စကားပြောဆိုရာတွင် အားနည်းသူဖြစ်သောကြောင့် ဤလူများကို အနိုင်မပြောနိုင်ခဲ့ချေ။
"ရှင်ကို ပြောပြမယ် စုယောင်းရဲ့ မိဘ ရှင့်ကလေးက ငယ်ပါသေးတယ် တကယ်လို့ သူက အမှားတစ်ခုခု လုပ်မိရင် ပြစ်ဒဏ်ကို ခံယူသင့်တယ် ဒါပေမယ့် အခုက ဝန်ခံရမယ့်အစား ရှင်က ဖုံးကွယ်ပေးနေတယ် ရှင်က အနာဂတ် ရာဇဝတ်သားတစ်ယောက်ကို ပြုစုပျိုးထောင်ပေးနေတယ်ဆိုတာ သိရဲ့လား…" ရွှေရောင်ကိုင်း မျက်မှန်တပ်ထားသော ဆရာမတစ်ဦးက တိုးညင်းစွာ ပြောဆိုလိုက်၏။
သူမသည် စုယောင်း၏ အတန်းပိုင်ဆရာမ ဆရာမဝမ် ပင်။
အတန်းပိုင်ဆရာမ တစ်ယောက်အနေဖြင့် သူမသည် အတန်းကို တာဝန်ယူသည်နှင့် တစ်ပြိုင်နက် ကျောင်းသားများ၏ မိသားစုနောက်ခံ သတင်းအချက်အလက်များကို စုဆောင်းခဲ့ပြီး ကျောင်းသားတစ်ဦးစီ၏ မိသားစုသည် ချမ်းသာကြွယ်ဝခြင်း သို့မဟုတ် ဩဇာလွှမ်းမိုးမှု ရှိခြင်း ရှိမရှိကို ရှာဖွေကာ ထိုင်ခုံနေရာများကိုပင် ပြန်လည်စီစဉ်ခဲ့ပေသည်။
စုယောင်းသည် အမှတ်ကောင်းများ ရရှိခဲ့သော်လည်း မိသားစုက ဆင်းရဲပြီး ဩဇာအာဏာ မရှိသောကြောင့် နောက်ဆုံးတန်းသို့ ရွှေ့ခံခဲ့ရသည်။ သူမသည် အရပ် ၁.၆ မီတာသာ ရှိသော်လည်း အရပ် ၁.၈ မီတာရှိသော အချို့သူများမှာ ပထမတန်းတွင် ထိုင်နေရပေ၏။
စုယောင်းက အကြံပြုချက်များ ပေးခဲ့သော်လည်း ၎င်းတို့အားလုံးမှာ ပေါ့ပေါ့ဆဆ စကားတစ်ခွန်းဖြင့်သာ ပယ်ချခံခဲ့ရသည်။
ဤစကားကို ကြားချိန်တွင် စုဖူချန်သည် သူ၏ ဒေါသများကို ဆက်လက်၍ မထိန်းချုပ်နိုင်တော့ချေ။ သူမက သူ၏သမီးကို ရာဇဝတ်သားဟု တကယ်ကြီး ခေါ်ဝေါ်သုံးနှုန်းခဲ့ချေသည်။
ဤသည်မှာ မည်သည့်ဖခင်ကမျှ လက်ခံနိုင်မည့် အရာမဟုတ်ပေ။
"မင်းက ဘယ်သူ့ကို ရာဇဝတ်သားလို့ ခေါ်နေတာလဲ…" စုဖူချန်က ရှေ့သို့ တိုးလာပြီး သူ၏ ကြီးမားသော လက်သီးက ဆရာမဝမ်၏ မျက်နှာဆီသို့ ဝင်ဆောင့်တော့မည့်အလား ဖြစ်သွား၏။
ဘန်း…
နောက်တစ်စက္ကန့်မှာပင် လုံခြုံရေးရိုက်တုတ်များကို ကိုင်ဆောင်ထားသော လုံခြုံရေးဝန်ထမ်း နှစ်ဦးသည် ပြေးဝင်လာသော စုဖူချန်ကို မြေပြင်ပေါ်သို့ ဖိချလိုက်ပြီး သူ မည်မျှပင် ရုန်းကန်စေကာမူ အချည်းနှီးသာ ဖြစ်သွားတော့သည်။
"အဖေ…" လုံခြုံရေးရိုက်တုတ်ဖြင့် မြေပြင်ပေါ်သို့ ဖိချခံထားရသော ဖခင်ဖြစ်သူကို မြင်လိုက်ရချိန်တွင် စုယောင်း၏ မျက်ရည်များသည် ထိန်းမရအောင် စီးကျလာခဲ့သည်။ သူမသည် သေးသွယ်သော လက်မောင်းနှစ်ဖက်ဖြင့် တုတ်ကို ဆွဲထုတ်ရန် အပြင်းအထန် ကြိုးစားခဲ့သော်လည်း မည်မျှပင် ကြိုးစားစေကာမူ တစ်လက်မမျှပင် မရွေ့လျားနိုင်ခဲ့ချေ။
"တကယ့် လူယုတ်မာပဲ အမှားကို ဝန်မခံတဲ့အပြင် အခုဆို အကြမ်းဖက်တဲ့နည်းကိုတောင် သုံးနေသေးတယ်…"
"ဆင်းရဲတာက ဆိုးရွားနေပြီကို ဒီလောက်တောင် ကိုယ်ကျင့်တရား ကင်းမဲ့နေတာ သူက လူလို့ အခေါ်ခံရဖို့တောင် ထိုက်တန်သေးရဲ့လား…"
"ဒီကောင်မလေးက အမှတ်ကောင်းတယ်လို့ ငါ ကြားဖူးတယ် အခုကြည့်ရတာ အဲဒါတွေအကုန်လုံး ခိုးချပြီး ရထားတာများလား…"
"ကျွတ် ကျွတ် ကျွတ် လုံခြုံရေးဝန်ထမ်းကြီး သူ့ကို မလွှတ်ပေးလိုက်နဲ့ သူ ဘယ်လိုလူမျိုးလဲဆိုတာ သိအောင် လုပ်လိုက်…"
တရားမျှတသည်ဟု မိမိကိုယ်ကို ယူဆထားသော စောင့်ကြည့်နေသူ တစ်စုက သူတို့၏ တရားမျှတသော ထုတ်ပြန်ချက်များကို ပြောဆိုလိုက်ကြလေသည်။
စုဖူချန်သည် စုယောင်းအား ကူကယ်ရာမဲ့စွာ ကြည့်လိုက်ပြီး သူ၏ မျက်လုံးထောင့်မှ မျက်ရည်တစ်ပေါက် ကျဆင်းလာခဲ့၏။
သမီးဖြစ်သူကို အစွမ်းကုန် ကာကွယ်ပေးချင်သော်လည်း မကာကွယ်နိုင်သော ဤကူကယ်ရာမဲ့ ခံစားချက်က သူ့ကို လုံးဝ ကျရှုံးသူတစ်ယောက်အဖြစ် ခံစားရစေခဲ့သည်။
ပိုက်ဆံမရှိတာက အမှားတစ်ခုလား။
ငါ့မှာ ပိုက်ဆံမရှိတာနဲ့ပဲ သူတို့က ငါ့ကို သက်သေအထောက်အထား တစ်ခုမှမရှိဘဲ စွပ်စွဲပြီး အရှက်ခွဲပိုင်ခွင့် ရှိသွားတာလား။
ဒါ ငါ့အမှားလား။
"ရှောင်ယောင်း ဒါက အဖေ အရည်အချင်းမရှိလို့ပါ အဖေ တောင်းပန်ပါတယ်…" စုဖူချန်က အရှက်ရဖွယ် ပြောဆိုလိုက်သည်။
သားအဖနှစ်ယောက်သည် တစ်ယောက်ကိုတစ်ယောက် ဖက်ကာ ခါးသီးစွာ ငိုကြွေးလိုက်ကြ၏။
ဘေးပတ်လည်ရှိ လူများကမူ သနားညှာတာမှု တစ်စက်မျှမရှိသော မျက်လုံးများဖြင့် အေးစက်စွာ ဆက်လက်စောင့်ကြည့်နေကြပေသည်။
"တော်လောက်ပါပြီ…"
"သူတို့ကို ထိန်းထားဖို့ပဲ လိုတာပါ ဒီလိုမျိုး အရှက်ခွဲနေစရာ မလိုပါဘူး…" ဝတ်စုံပြည့်ဝတ်ဆင်ထားသော အမျိုးသားတစ်ဦးက ဆက်လက်မကြည့်ရက်တော့သဖြင့် ပြောဆိုလိုက်သည်။
ဆရာမဝမ်က လှောင်ပြုံးပြုံးလိုက်ပြီး လုံခြုံရေးဝန်ထမ်းများကို လွှတ်ပေးရန် လက်ဝှေ့ယမ်းပြလိုက်၏။
သူမဘေးရှိ ကျောင်းသူတစ်ဦးကလည်း လက်စားချေလိုက်ရသကဲ့သို့ အလားတူ မျက်နှာအမူအရာမျိုးဖြင့် စုယောင်းအား အေးစက်စွာ ကြည့်လိုက်သည်။
"စုယောင်း တကယ်လို့ နင် ငါ့ရေမွှေးကို ပြန်ပေးမယ်ဆိုရင် ငါ ဒီကိစ္စကို ဆက်မရှင်းတော့ဘူး ဒါပေမဲ့ နင်က ဘာလို့ ဒီလို လုပ်ရတာလဲ…" လျိုယန်က ခွင့်လွှတ်တတ်သူတစ်ဦးအဖြစ် ဟန်ဆောင်ကာ ပြောဆိုလိုက်ပေသည်။
စုယောင်းသည် သူမ၏ အချစ်ဆုံးသူငယ်ချင်းကို မော့ကြည့်လိုက်ပြီး ရင်ထဲတွင် စုရှစွာ နာကျင်သွားရလေ၏။
ငါတို့က အဆောင်တစ်ခုတည်း အတူတူနေပြီး ငါက သူ့ကို မကြာခဏ စာပြပေးခဲ့တာပဲ ဘာလို့ သူက ငါ့ကို ဒီလိုမျိုး မတရားစွပ်စွဲရတာလဲ…
"လျိုယန် နင်က ငါ့ကို ဘယ်လိုများ မဟုတ်မမှန် စွပ်စွဲရဲရတာလဲ ဒီမနက်တုန်းက နင့်ရေမွှေးကို ငါ့ကိုယ်ပေါ် လာဖြန်းတာက နင်ပဲလေ ငါ နင့်ပစ္စည်းကို ဘယ်တုန်းက ယူဖူးလို့လဲ…" စုယောင်းက နာကြည်းစွာဖြင့် အော်ဟစ်လိုက်သည်။
"အပြစ်ကို လွှဲချဖို့ ကြိုးစားနေတာလား ဆရာမဝမ် ဒီလို လူယုတ်မာအတွက် စကားတွေ အကုန်ခံပြီး ပြောနေစရာ မလိုတော့ပါဘူး…"
"အရင်တုန်းက နင့်ကို ငါ့ရဲ့ အချစ်ဆုံးသူငယ်ချင်းလို့ သတ်မှတ်ထားခဲ့တာ နင်က ငါ့ကို မနာလိုဖြစ်ပြီး ငါ့ပစ္စည်းတွေကို ခိုးလိမ့်မယ်လို့ မထင်ထားဘူး…"
"ဆရာမဝမ် သမီး သူတို့ကို နောက်ဆုံးအခွင့်အရေး တစ်ခု ပေးလိုက်မယ် ရေမွှေးဖိုး ပြန်လျော်ပေးပါ မဟုတ်ရင် ရဲခေါ်လိုက်မယ်…" လျိုယန်က အေးစက်စွာ ပြောလိုက်၏။
"ကြားကြရဲ့လား ရှနယ် ရေမွှေးတစ်ပုလင်းက ယွမ် ရှစ်ရာပဲ တန်တာပါ ဆင်းရဲတဲ့သူတောင် အဲဒီလောက်တော့ တတ်နိုင်တယ် မဟုတ်လား…" ဆရာမဝမ်က ပြောလိုက်သည်။
ဤစကားများကို ကြားချိန်တွင် စုဖူချန်သည် အလွန်အမင်း အရှက်ရသွားခဲ့လေ၏။
တကယ်လို့ ငါတို့သာ ပိုက်ဆံပေးလိုက်ရင် ငါ့သမီးက သူခိုးဆိုတဲ့ နာမည်ကို အတည်ပြုပေးလိုက်သလို ဖြစ်မသွားဘူးလား…
"ချီးပဲ ငါ့သမီးက ဘယ်တော့မှ သူခိုး မဖြစ်နိုင်ဘူး…" စုဖူချန်က အော်ဟစ်လိုက်သည်။
"ကောင်းပြီလေ နောင်တမရသေးဘူးပေါ့ လုံခြုံရေးဝန်ထမ်းတွေ သူ့ကို ဖမ်းလိုက်စမ်း…" ဆရာမဝမ်က တင်းမာစွာ အော်ဟစ်လိုက်ပြီး လုံခြုံရေးဝန်ထမ်း နှစ်ဦးက ချက်ချင်း ရှေ့သို့ တက်လာခဲ့ကြ၏။
စုယောင်း ချက်ချင်း ထိတ်လန့်သွားတော့သည်။
ဖခင်ဖြစ်သူ ထပ်မံအရှက်ခွဲခံရသည်ကို သူမ မမြင်ချင်တော့ချေ။ အထူးသဖြင့် သူ ဒေါသထွက်လွန်း၍ ဆိုးရွားသောအရာ တစ်ခုခု ဖြစ်သွားမည်ကို စိုးရိမ်မိပေသည်။
ရိုက်တုတ်ဖြင့် ထိုးချတော့မည့်အချိန်တွင် စုယောင်းက ရူးသွပ်စွာဖြင့် အော်ဟစ်လိုက်၏။
"မလုပ်ပါနဲ့…"
ထိုသို့ပြောဆိုပြီးနောက် စုယောင်းသည် ခွန်အားများ ကုန်ခမ်းသွားကာ မြေပြင်ပေါ်သို့ အရုပ်ကြိုးပြတ် လှဲကျသွားတော့သည်။
လျိုယန်သည် လုံခြုံရေးဝန်ထမ်းကို တားဆီးရန် သူမ၏လက်ကို မြှောက်လိုက်ပြီး သူမ၏ နှုတ်ခမ်းများပေါ်တွင် ရက်စက်သော အပြုံးတစ်ခု ထွက်ပေါ်လာခဲ့၏။
"ဒီလိုဖြစ်လာမယ်မှန်း သိရင် အစောကြီးကတည်းက ဝန်ခံလိုက်ရင် ပိုမကောင်းဘူးလား…"
စကားဆုံးသည်နှင့် ဆရာမဝမ်က မြေပြင်ပေါ်တွင် လဲနေသော လူနှစ်ဦးကို စိုက်ကြည့်လိုက်၏။
သူမ၏ မျက်နှာပေါ်တွင်တော့ မိမိကိုယ်တိုင် ဖန်တီးထားသော လက်ရာ ကို ကျေနပ်အားရနေသည့် အနုပညာရှင်တစ်ယောက်ကဲ့သို့ ဂုဏ်ယူဝင့်ကြွားသော အပြုံးတစ်ခု ပေါ်ထွက်လာခဲ့လေသည်။