အခန်း ၇၆
Vol. 8 Ch. 76
အခန်း (၇၆) သူ အထုတ်ခံရပါမယ်
ဆရာမဝမ်၏ ဆင်ခြင်တုံတရားကင်းမဲ့သော စကားများကို ကြားလိုက်ရချိန်တွင် ညွှန်ကြားရေးမှူးမားသည် အလွန်အမင်း ဒေါသထွက်သွားခဲ့လေ၏။
ထိုဗီဒီယိုများ အွန်လိုင်းပေါ် ရောက်သွားပါက နောက်ဆုံးတွင် ဘယ်သူ နစ်နာမည်နည်း။ ကျောင်းပဲ မဟုတ်ပါလော။
ဆရာမဝမ်က ကျောင်းထဲသို့ မည်သို့ ဝင်ရောက်လာပြီး ဆရာမတစ်ယောက် ဖြစ်လာခဲ့သနည်း။
ညွှန်ကြားရေးမှူးမားသည် အခက်တွေ့သွားပြီး သူ၏လက်ကို အလျင်အမြန် ဝှေ့ယမ်းကာ ထိုနေရာ၌ ရှိနေသူအားလုံးကို ပြောဆိုလိုက်ပေသည်။
"အားလုံးပဲ ကျေးဇူးပြုပြီး အဲဒီဗီဒီယိုတွေကို အွန်လိုင်းပေါ် မတင်ကြပါနဲ့ ဒါက ကျောင်းရယ် ဒီလူကြီးမင်းနဲ့ ဒီကျောင်းသူလေး အပေါ်ကို ဆိုးရွားတဲ့ သက်ရောက်မှုတွေ ဖြစ်စေနိုင်ပါတယ်..."
"လူတိုင်းရဲ့ ကလေးတွေလည်း ကျောင်းတက်နေကြတာကို ကျွန်တော်လည်း မြင်ပါတယ် တကယ်လို့ ကျောင်းက လူထုရဲ့ ဝေဖန်မှုတွေကို ခံရမယ်ဆိုရင် လူတိုင်းအတွက် ကောင်းမှာ မဟုတ်ပါဘူး..."
"ဒါကြောင့် ဗီဒီယိုကို မတင်ကြဖို့ အားလုံးကို ကျွန်တော် တောင်းဆိုပါတယ် ကျောင်းရဲ့ ညွှန်ကြားရေးမှူး တစ်ယောက်အနေနဲ့ ဒီကိစ္စကို သေချာပေါက် သင့်လျော်သလို ဖြေရှင်းပေးပါ့မယ်..."
ဤသည်ကို ကြားလိုက်ရချိန်တွင် အခြားသူများသည် တစ်ယောက်ကိုတစ်ယောက် အကဲခတ်လိုက်ကြ၏။
"ဟမ့် တကယ်လို့ ခင်ဗျား ဒါကို သေချာ မဖြေရှင်းဘူးဆိုရင် ကျွန်တော့်ကလေးကို ဒီမှာ ဆက်ထားဖို့ တကယ်ကို စိတ်ချမှာ မဟုတ်ဘူး အနာဂတ်မှာ သူမလို ဆရာမမျိုးနဲ့ ထပ်တွေ့မတွေ့ ဘယ်သူ သိနိုင်မှာလဲ..."
လူတိုင်း၏ စကားများကို ကြားနေရသော ဆရာမဝမ်မှာ မကျေမချမ်း ဖြစ်နေပုံရပေသည်။
"ငါက အတန်းပိုင်ဆရာမဆိုတာ မေ့သွားကြပြီလား..."
"နင်တို့တွေက နင်တို့ကလေးတွေကို ကျောင်းမှာ ဆက်မနေစေချင်တော့ဘူး ထင်တယ်..."
"ညွှန်ကြားရေးမှူး သူတို့နာမည်တွေ အကုန်လုံးကို မြန်မြန် ရေးမှတ်ထားလိုက် သူတို့ကလေးတွေရဲ့ နာမည်တွေ အတန်းတွေနဲ့ ကျောင်းသားနံပါတ်တွေကို ရှာလိုက်ပါ ဒီလူတွေက ကျောင်းရဲ့ အာဏာကို စိန်ခေါ်တာမျိုး ငါ ခွင့်ပြုမှာ မဟုတ်ဘူး..." ဆရာမဝမ်က ညွှန်ကြားရေးမှူးမားအား ကြည့်ကာ အော်ဟစ်လိုက်လေသည်။
ဖြန်း
လူတိုင်း၏ အံ့သြမှုနှင့်အတူ ပြတ်သားသော အသံတစ်ခု ထွက်ပေါ်လာပြီး ညွှန်ကြားရေးမှူးမား၏ မျက်နှာမှာ ဒေါသကြောင့် နီရဲနေသည်ကို မြင်တွေ့လိုက်ရ၏။
ပါးတစ်ချက် ရိုက်လိုက်ခြင်းက ဆရာမဝမ်ကို မြေပြင်ပေါ်သို့ လဲကျသွားစေခဲ့သည်။
"ဆရာမဝမ် ဆရာမတစ်ယောက်အနေနဲ့ ခင်ဗျားက ကျောင်းသူတွေဆီကနေ လက်ဆောင်တွေကို အကြိမ်ကြိမ် တောင်းခံခဲ့တယ် ပြီးတော့ ခြိမ်းခြောက်တာတွေ သွေးဆောင်ဖြားယောင်းတာတွေ လုပ်ခဲ့သလို ခင်ဗျားကို လက်ဆောင်မပေးတဲ့ ကျောင်းသူတွေကိုလည်း အခက်တွေ့အောင် လုပ်ခဲ့တယ်..."
"အခုတော့ ခင်ဗျားက ကျောင်းသူတွေနဲ့ ပူးပေါင်းပြီး အတန်းဖော်တစ်ယောက်ကို သူခိုးလို့ မဟုတ်မမှန် စွပ်စွဲခဲ့တယ် ဒါက အရမ်းကို ဆိုးရွားလွန်းတယ်ဆိုတာသိရဲ့လား..."
"ဆရာမဝမ် ဒီကိစ္စတွေကို ကျောင်းက မသိဘူးလို့ ထင်နေတာလား ခင်ဗျား ဒီနေ့ လုပ်ရပ်က တကယ်ကို လွန်ကျူးသွားပြီ ဒီကိစ္စကို ကျောင်းအုပ်ကြီးဆီ တင်ပြပြီး ခင်ဗျားကို အလုပ်ထုတ်ပစ်မယ်..." ညွှန်ကြားရေးမှူးမားက အော်ဟစ်လိုက်ပေသည်။
"ဘာ..."
"ဘယ်လို... ဘယ်လိုလုပ်ပြီး ရှင် ဒီလိုလုပ်နိုင်ရတာလဲ..."
"ကျောင်းသူတွေက ဆရာမတွေကို လက်ဆောင်ပေးတာ မှားလို့လား... ငါက စာသင်ဖို့ ဒီလောက်ကြိုးစားနေရတာ သူတို့က တစ်ခုခုတော့ ပြန်ပေးသင့်တယ် မဟုတ်ဘူးလား ဒါက အရမ်းကို တစ်ကိုယ်ကောင်းဆန်လွန်းတယ်လေ..."
"ပြီးတော့ ရေမွှေးကိစ္စကလည်း ငါက စုယောင်းကို စမ်းသပ်ကြည့်ရုံပါ ကိုယ့်ကျောင်းသူကို စမ်းသပ်တာက မှားလို့လား..."
"ငါ့ကို ဘာလို့ အလုပ်ထုတ်ရတာလဲ..."
ဆရာမဝမ်၏ မျက်နှာအမူအရာမှာ ရုတ်တရက် ထိတ်လန့်ကြောက်ရွံ့သွားတော့၏။ ညွှန်ကြားရေးမှူးက သူမကို အလုပ်ထုတ်ရန် အပြင်လူများဘက်သို့ ယိမ်းသွားလိမ့်မည်ဟု သူမ မထင်မှတ်ထားခဲ့ချေ။
သူက သူ့ကို ကာကွယ်သင့်တာ မဟုတ်ဘူးလား။ သူက လုံးဝ ပုံမှန်ကိစ္စတစ်ခုကို လုပ်နေတာလေ။ ဘာလို့ ဒီလောက် ပြဿနာကြီးအောင် လုပ်နေရတာလဲ။
ရုတ်တရက် စုယွမ်၏ နောက်တွင် ရပ်ထားသော မာစီဒီးဘင့်ဇ် G-Wagon ကို သူမ မြင်လိုက်ရချိန်၌ အရာအားလုံးကို ချက်ချင်း နားလည်သွားသကဲ့သို့ ဖြစ်သွားလေသည်။
"ဟားဟားဟား ဟားဟားဟား ညွှန်ကြားရေးမှူးမား.... ညွှန်ကြားရေးမှူးမား ရှင်က ဘာလို့ ဒီလောက် အထက်စီးကနေ ဟန်ဆောင်နေရတာလဲ..."
"သူက ဇိမ်ခံကားမောင်းလို့ ရှင်က သူ့ကို မျက်နှာလိုမျက်နှာရ လုပ်နေတာ မဟုတ်လား တကယ်လို့ သူသာ လူဆင်းရဲတစ်ယောက်ဆိုရင် ရှင်လည်း ငါ့ထက် ပိုကောင်းမှာ မဟုတ်ပါဘူး..." ဆရာမဝမ်က ညွှန်ကြားရေးမှူးမားကို လက်ညှိုးထိုးကာ အော်ဟစ်လိုက်ပေသည်။
တစ်စုံတစ်ယောက်က သူ၏ အနာကို လာထိလိုက်သည့်အလား ညွှန်ကြားရေးမှူးမား၏ မျက်နှာမှာ ရုတ်တရက် နီရဲသွားတော့၏။ ရိုးရိုးသားသားပြောရလျှင် သာမန်လူတစ်ယောက်ဆိုလျှင်လည်း သူ ဤကိစ္စကို ကောင်းစွာ ဖြေရှင်းပေးမည် ဖြစ်သော်လည်း ယခုကဲ့သို့ လျင်မြန်စွာတော့ သေချာပေါက် လုပ်ဆောင်မည် မဟုတ်ချေ။
သို့သော် ဤကိစ္စကို အခြားမည်သူမျှ မသိစေနိုင်ပေ။ ရူးသွပ်နေသော ဆရာမဝမ်ကို မြင်လိုက်ရချိန်တွင် ညွှန်ကြားရေးမှူးမားက လုံခြုံရေးဝန်ထမ်း နှစ်ဦးကို လက်ညှိုးထိုးကာ ပြောဆိုလိုက်သည်။
"သူ့ကို ချက်ချင်း ဖမ်းထားလိုက်စမ်း..."
"ဒီလိုလူမျိုးက ငါတို့ကျောင်းမှာ ဆရာမလုပ်ဖို့ ဘယ်လိုလုပ် သင့်တော်မှာလဲ..."
"ညွှန်ကြားရေးမှူး တစ်ယောက်အနေနဲ့ ငါ့လက်အောက်က ဆရာမတွေကို သေချာ မစီမံနိုင်ခဲ့တဲ့အတွက် အရမ်း ရှက်ရွံ့မိတယ်.... ဒါကြောင့် ငါ ဒီကိစ္စကို အထက်လူကြီးတွေဆီ သေချာပေါက် တင်ပြပြီး ဆရာမဝမ်ကို အလုပ်ထုတ်ပစ်မယ်..."
"အနာဂတ်မှာ တကယ်လို့ ခင်ဗျားတို့အနေနဲ့ ဒီလိုအပြုအမူမျိုးရှိတဲ့ ဆရာမတွေကို တွေ့ရင် ကျေးဇူးပြုပြီး ကျွန်တော့်ကို ချက်ချင်း ပြောပြပါ ခင်ဗျားတို့ရဲ့ အဆင့်အတန်း ခင်ဗျားတို့ ဘယ်လိုအိမ်မှာ နေတယ် ဘယ်လိုကားကို မောင်းတယ်ဆိုတာ ကျွန်တော် ဂရုမစိုက်ဘူး လူတိုင်းအတွက် တရားမျှတမှု ရှိဖို့ကိုပဲ ကျွန်တော် ဂရုစိုက်တယ်..."
"ကျေးဇူးပြုပြီး ကျွန်တော့်ကို ယုံကြည်ပေးပါ..." ညွှန်ကြားရေးမှူးမားက တရားမျှတသော ဒေါသဖြင့် ပြောဆိုလိုက်လေသည်။
"ဟမ့် ခင်ဗျား အဲဒီလို လုပ်နိုင်မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်..." စုယွမ်က ဤညွှန်ကြားရေးမှူးအား မျက်နှာသာပေးမည့် အရိပ်အယောင် မပြခဲ့ချေ။ သူသည် ရှေ့သို့ တက်လာပြီး မြေပြင်ပေါ်ရှိ လျိုယန်ကို လက်ညှိုးထိုးကာ ပြောဆိုလိုက်၏။
"ဆရာမဝမ်ကတော့ အလုပ်ထုတ်ခံရပြီ ပြီးတော့ ဒီကျောင်းသူ လျိုယန်က တစ်ယောက်ယောက်ကို သူခိုးလို့ မဟုတ်မမှန် စွပ်စွဲတာကရော ဒါကိုရော ဘယ်လို ဖြေရှင်းမလဲ..." လျိုယန်ကို လက်ညှိုးထိုးလျက် စုယွမ်က မေးမြန်းလိုက်သည်။
"ဒါက အရမ်းရိုးရှင်းပါတယ် ငါတို့ကျောင်းက ဒီလိုကိစ္စမျိုး ဖြစ်လာတာကို သည်းမခံနိုင်ဘူး..."
"ဒါကြောင့် ဆွေးနွေးပြီးတဲ့နောက်မှာ လျိုယန်ကို ကျောင်းထုတ်တဲ့ ပြစ်ဒဏ် ချမှတ်မယ်..." ညွှန်ကြားရေးမှူးမား၏ မျက်လုံးများတွင် မည်သည့် ခံစားချက်မျှ မရှိတော့ချေ။
"ဘာ... မဟုတ်ဘူး..."
"မလုပ်ပါနဲ့..."
"ကျေးဇူးပြုပြီး သမီးကို ကျောင်းမထုတ်ပါနဲ့ ညွှန်ကြားရေးမှူး..."
"ဝါး သမီးမှားသွားမှန်း တကယ် သိပါပြီ..."
"အကုန်လုံး ဆရာမဝမ် လုပ်ခဲ့တာပါ သမီးက တမင်တကာ လုပ်ခဲ့တာ မဟုတ်ပါဘူး သမီးက အပေါင်းအပါပဲဖြစ်ခဲ့တာလေ သမီးကို ကျောင်းမထုတ်သင့်ပါဘူး..."
"အား... အစ်ကို... အစ်ကိုလို့ ခေါ်လို့ ရမလား..."
"ကျေးဇူးပြုပြီး ညွှန်ကြားရေးမှူးကို သမီးကို ကျောင်းမထုတ်ဖို့ ပြောပေးပါနော်..."
လျိုယန်သည် ချက်ချင်း ထိတ်လန့်သွားခဲ့ပြီး သူမ၏ ခန္ဓာကိုယ်တစ်ခုလုံး ထိန်းမရအောင် တုန်ရီနေတော့၏။
သူမသည် တောင်းပန်နေသော မျက်လုံးများဖြင့် စုယွမ်ကို ကြည့်ကာ မြေပြင်ပေါ်တွင် တွားသွားပြီး စုယွမ်၏ ဖိနပ်ကို တင်းတင်းကျပ်ကျပ် ဖက်ထားလိုက်လေသည်။
စုယွမ်က အေးစက်စွာ ပြုံးလိုက်ပြီး ဤလူများအပေါ် သနားညှာတာမှု အလျဉ်းမပြခဲ့ချေ။ အားပါသော ကန်ချက်တစ်ခုနှင့်အတူ လျိုယန်၏ လက်ကို ကန်ထုတ်ပစ်လိုက်၏။
"အား အစ်ကို...ရှင် ဒီလောက်ထိ ရက်စက်လို့ မရဘူးလေ အစ်ကိုက သနားညှာတာမှု ကင်းမဲ့လို့ မရဘူးလေ.."
"ယောင်းယောင်း ငါတို့က အချစ်ဆုံး သူငယ်ချင်းတွေလေ နင့်ရဲ့ အချစ်ဆုံး သူငယ်ချင်းဖြစ်တဲ့ ငါမရှိဘဲ ကျောင်းမှာ နင် ဘယ်လိုနေမလဲ..."
"နင့်အစ်ကိုကို မြန်မြန်ပြောပြီး ငါ့အတွက် တောင်းဆိုပေးပါနော်... သူသာ ပြောပေးရင် ကျောင်းအုပ်က ငါ့ကို သေချာပေါက် ကျောင်းထုတ်မှာ မဟုတ်ဘူး..."
"နင်က ခွင့်လွှတ်တတ်တဲ့သူဆိုတော့ အရင်က ငါလုပ်ခဲ့တာတွေကို သေချာပေါက် စိတ်ထဲထားမှာ မဟုတ်ဘူး မဟုတ်လား..."
သူမ၏ ယခင်က အချစ်ဆုံး သူငယ်ချင်းကို ကြည့်ရင်း လျိုယန်သည် အလွန်အမင်း သနားစရာကောင်းသလို ခံစားနေရပြီး မျက်ရည်ပေါက်ကြီးများမှာ အချိန်မရွေး စီးကျလာတော့မည့်အလား ဖြစ်နေပေသည်။
အတိတ်က သူမနှင့် စုယောင်းတို့ ပြဿနာဖြစ်တိုင်း သူမက ဟန်ဆောင်လိုက်ရုံဖြင့် စုယောင်းက စိတ်ပျော့သွားကာ သူမကို ခွင့်လွှတ်ပေးခဲ့လေသည်။ ထို့ကြောင့် ယခုတစ်ကြိမ်တွင်လည်း သူမအတွက် စကားပြောပေးရန် စုယောင်းအား စည်းရုံးနိုင်မည်ဟု လုံးဝ ယုံကြည်ချက် ရှိနေခဲ့၏။
ခိုးသည်ဖြစ်စေ မခိုးသည်ဖြစ်စေ ကာယကံရှင်က ဘာပြောသလဲ ဆိုသည့်အပေါ်မှာ လုံးဝ မူတည်နေပေသည်။ ကာယကံရှင်က ဂရုမစိုက်သရွေ့ ဘာမှမဟုတ်တော့ချေ။
လျိုယန်သည် အပေါ်ယံတွင် သနားစရာကောင်းအောင် ဟန်ဆောင်နေသော်လည်း စိတ်ထဲတွင်မူ စုယောင်း၏ ဖြူစင်သော နှလုံးသားကို အထင်သေးစွာဖြင့် လှောင်ပြောင်နေခဲ့သည်။
ဒီလို စိတ်ထားဖြူစင်တာ အနိုင်ကျင့်ခံရဖို့ ထိုက်တန်တယ်...
သူမက နစ်နာသူအဖြစ် ဟန်ဆောင်နေသရွေ့ စုယောင်းက သူမကို ခွင့်လွှတ်ပေးမည်ဟု ယုံကြည်ထားပြီး ယခုတစ်ကြိမ်လည်း ချွင်းချက် မဟုတ်ဟု တွေးနေခဲ့၏။
လျိုယန် စကားပြောပြီးသည်နှင့် တစ်ပြိုင်နက် လူတိုင်းက စုယောင်းအား လှည့်ကြည့်လိုက်ကြပေသည်။
စုယောင်း၏ မျက်လုံးများထဲမှ ဒေါသများသည် တဖြည်းဖြည်း လျော့နည်းသွားပြီး လုံးဝ ပျောက်ကွယ်သွားသည်အထိ ဖြစ်သွားလေသည်။
ဤသည်ကို မြင်လိုက်ရချိန်တွင် လျိုယန် အလွန်အမင်း ပျော်ရွှင်သွားပြီး စုယောင်းအပေါ် သူမ၏ လှောင်ပြောင်မှုများ ပိုမိုကြီးထွားလာခဲ့သည်။ စုယောင်းသာ ပါးစပ်ဟလိုက်ပါက သူမ၏ နောက်စကားများမှာ သူမအစ်ကိုထံမှ ခွင့်လွှတ်မှု တောင်းခံရန်သာ ဖြစ်မည်ဟု သူမ သေချာနေခဲ့ပေ၏။
" ငါ စုယောင်းကို အနိုင်ကျင့်ဖို့ လွယ်ပြီး အရူးလုပ်ဖို့ လွယ်တယ်လို့ နင် ထင်နေတာလား..."
"ငါက နေရာတကာ ဝင်ပါပြီး နင့်အတွက် တောင်းပန်ပေးမယ်လို့ နင် ထင်နေတာ မဟုတ်လား..."
"မဟုတ်ဘူး နင် မှားသွားပြီ ငါ စုယောင်းက အမှားအမှန် မခွဲခြားတတ်တဲ့သူ မဟုတ်ဘူး ဒီနေ့ ငါ့ကို နင်က မဟုတ်မမှန် စွပ်စွဲရဲမှတော့ မနက်ဖြန်လည်း ငါ့ကို ထပ်ပြီး ဒုက္ခပေးဖို့ ကြိုးစားဦးမှာပဲ..."
"တကယ်လို့ ဒီနေ့ နင့်ကို ငါ ခွင့်လွှတ်လိုက်ရင် လူတိုင်းက ငါ့ကို အနိုင်ကျင့်လို့ ရတယ်ဆိုတဲ့ အဓိပ္ပာယ် ဖြစ်သွားလိမ့်မယ်..."
"အစ်ကို ညီမ သူ့အတွက် မတောင်းဆိုပေးချင်ဘူး သူက ညီမရဲ့ သူငယ်ချင်း မဟုတ်တော့ဘူး သူ ကျောင်းထုတ်ခံရဖို့ပဲ လိုတယ်..." စုယောင်းက ပြတ်သားသော မျက်နှာအမူအရာဖြင့် ပြောဆိုလိုက်လေသည်။