← Chapters

အခန်း ၇၇

Vol. 8 Ch. 77

အခန်း ၇၇

Vol. 8 Ch. 77

အခန်း (၇၇) အိမ်ပြန်ခြင်း

ဤစကားကို ကြားလိုက်ရချိန်တွင် လျိုယန်သည် လုံးဝ မယုံကြည်နိုင်အောင် ဖြစ်သွားခဲ့ပေ၏။

အမြဲတစေ ကြောက်ရွံ့တတ်ပြီး အလျှော့ပေးတတ်သော စုယောင်းသည် ယခုအခါ အလွန် ပြတ်သားသွားခဲ့ချေပြီ။

သူမအနေဖြင့် ကိုယ့်လုပ်ရပ်ကို ကိုယ်ပြန်စိတ်လှုပ်ရှားပြီး အချစ်ဆုံးသူငယ်ချင်းကို ကယ်တင်ရန် တောင်းပန်ပေးသင့်သည်ဟု သူမ တွေးထင်ထားခဲ့သည်။

"စုယောင်း ကျေးဇူးကန်းတဲ့ကောင်မ နင်က ဘယ်လောက်တောင် တစ်ကိုယ်ကောင်းဆန်ရတာလဲ ငါက နောက်နေတာ မဟုတ်ဘူး နင်က ငါ့ကို သေရာပို့ဖို့ တကယ်ကြီး လုပ်ရက်တယ်ပေါ့လေ..." လျိုယန်က ဒေါသတကြီး အော်ဟစ်လိုက်၏။

စုယောင်း၏ စကားများကို ကြားချိန်တွင် စုယွမ်က သဘောတူသည့်အနေဖြင့် ခေါင်းညိတ်လိုက်ပေသည်။

ဤသည်မှာ မှန်ကန်သော ချဉ်းကပ်မှုပင် ဖြစ်ပြီး သူတော်စင် နှလုံးသားမျိုး မထားရှိသင့်ချေ။

လျိုယန်ကဲ့သို့သော လူမျိုးကို ကိုင်တွယ်ဖြေရှင်းရာတွင် အပြင်းထန်ဆုံးသော ထိုးနှက်ချက်ကို ပေးရမည် ဖြစ်သည်။

"ညွှန်ကြားရေးမှူးမား ခင်ဗျားပြောတဲ့အတိုင်း လုပ်နိုင်မယ်လို့ မျှော်လင့်ပါတယ် တကယ်လို့ ကျောင်းကသာ ဒီကိစ္စကို မဖြေရှင်းဘူးဆိုရင် ကျွန်တော်ကိုယ်တိုင် ဝင်ရှင်းတာကို အပြစ်မတင်နဲ့..." စုယွမ်က အေးစက်စွာ ပြောဆိုလိုက်၏။

ညွှန်ကြားရေးမှူးမားသည် ချွေးအေးများ ပျံကျလာတော့သည်။

တကယ်ပါပဲ။

ဤလူငယ်လေးသည် အဆက်အသွယ် အလွန်ကောင်းမွန်ကြောင်း သေချာနေပေ၏။

အကယ်၍ ယနေ့သာ ကတိတစ်ခု မပေးလိုက်ပါက သူသည် ကိစ္စများကို ပိုမိုကြီးမားလာစေရန် သူ၏ အဆက်အသွယ်များကို အသုံးပြုလိမ့်မည်ဟု ညွှန်ကြားရေးမှူးမား စိုးရိမ်မိသွားသည်။

ဤအကြောင်းကို တွေးမိချိန်တွင် ညွှန်ကြားရေးမှူးမားသည် သက်ပြင်းချလိုက်နိုင်ပေ၏။

"ကောင်းပါပြီ ကောင်းပါပြီ ဒီလိုလူယုတ်မာမျိုးကို သေချာပေါက် အပြင်းအထန် အရေးယူပေးပါ့မယ်..." ညွှန်ကြားရေးမှူးမားက အလျင်အမြန် ပြောဆိုလိုက်ပြီးနောက် မြေပြင်ပေါ်တွင် လဲကျနေသော လျိုယန်အား ဆွဲထုတ်သွားရန် လုံခြုံရေးဝန်ထမ်း နှစ်ဦးကို အချက်ပြလိုက်လေသည်။

"ကောင်းတာပေါ့..." စုယွမ်က ပြောလိုက်၏။

"လူကြီးမင်း ရလဒ်တွေကို ဆွေးနွေးနိုင်ဖို့ လူကြီးမင်းရဲ့ ဖုန်းနံပါတ်ကို တောင်းဆိုခွင့်ပြုပါ..." ညွှန်ကြားရေးမှူးမားက စိုးရိမ်တကြီး ပြောဆိုလိုက်သည်။

"ရပါတယ်..." ထိုသို့ပြောဆိုပြီးနောက် စုယွမ်သည် သူ၏ ဆက်သွယ်ရန် အချက်အလက်များကို ပေးလိုက်ပေ၏။

ညွှန်ကြားရေးမှူးမားသည် လှည့်လိုက်ရာ သူ၏မျက်နှာမှာ ချက်ချင်း တည်ကြည်လေးနက်သွားပြီး ဆရာမဝမ်နှင့် လျိုယန်တို့ဆီသို့ လျှောက်သွားလေသည်။

"လူကြီးမင်းတို့ ဒီမှာ ကြည့်စရာ ဘာမှမရှိတော့ပါဘူး အုံအုံကျင်းကျင်း မလုပ်ကြပါနဲ့ တခြားလူတွေ မြင်သွားရင် ပြဿနာတစ်ခုခု ဖြစ်နေတယ်လို့ ထင်သွားပါလိမ့်မယ်..." စုယွမ်က ပတ်ဝန်းကျင်ကို ဝေ့ကြည့်ကာ ပြောဆိုလိုက်၏။

"ဟုတ်တယ် ဟုတ်တယ် ဒီမှာ ဆက်မနေကြတော့ဘူး ငါတို့က ဘာမှလည်း ကူညီပေးနိုင်မှာ မဟုတ်ပါဘူး..."

"ဟားဟား ငါ အခု သွားရတော့မယ် ငါ့ဝက်မကြီး မွေးတော့မှာမို့လို့ အိမ်ကို မြန်မြန် ပြန်ရဦးမယ်..."

"ဟုတ်တယ် ဟုတ်တယ် ဘာလို့မှန်းမသိဘူး ငါ့ခြေထောက်တွေက ရွေ့လို့မရ ဖြစ်နေလို့ပါ..."

စုယွမ်၏ စကားကို ကြားချိန်တွင် လူတိုင်းသည် စကားပြောဆိုရင်း သူတို့၏ ကားများဆီသို့ လျှောက်သွားကြပြီး တစ်ယောက်ထက်တစ်ယောက် ပိုမိုမြန်ဆန်စွာ ထွက်ခွာသွားကြတော့သည်။

ဤလူများ၏ မျက်နှာများကို ကြည့်ရင်း စုဖူချန်သည် ခါးသီးစွာသာ ပြုံးလိုက်နိုင်ပေ၏။

အကယ်၍ ဤစကားကို သူကိုယ်တိုင် ပြောခဲ့ပါက ၎င်းတို့ထံမှ ဆဲဆိုကြိမ်းမောင်းမှုကိုသာ ရရှိမည်ဖြစ်သော်လည်း သူ၏သားက ပြောလိုက်သောကြောင့် ၎င်းတို့အနေဖြင့် သဘောတူရုံမှလွဲ၍ ရွေးချယ်စရာ မရှိတော့ချေ။

အရပ်ရှည်ပြီး ခန့်ညားသော စုယွမ်ကို ကြည့်ရင်း စုဖူချန်၏ ရင်ထဲတွင် စိတ်လှုပ်ရှားမှုများ ပြည့်နှက်လာကာ သားဖြစ်သူ ကြီးပြင်းလာပြီဟု ခံစားလိုက်ရပြီး အလွန်အမင်း ဝမ်းသာပီတိ ဖြစ်သွားရလေသည်။

"အဖေ အဆင်ပြေရဲ့လား..." စုယွမ်က အလျင်အမြန် မေးမြန်းလိုက်၏။

"ဘာမှမဖြစ်ပါဘူး ဘာမှမဖြစ်ပါဘူး အဖေ့က ဘာများ ဖြစ်နိုင်မှာမို့လို့လဲ ဟားဟား..." စုဖူချန်က အနေရခက်စွာ ရယ်မောလိုက်ပြီးနောက် အဝတ်အစားများပေါ်ရှိ ဖုန်များကို ခါပစ်လိုက်သည်။

"သား ဒါက သားကားလား သား ပိုက်ဆံတချို့ ရှာနိုင်နေပြီလို့ မင်းအမေပြောတာ ကြားပေမဲ့ ဒီလိုကားမျိုး ဝယ်နိုင်လိမ့်မယ်လို့ မထင်ထားဘူး ဒီကားက ယွမ် သုံးသိန်းလောက်တော့ တန်မှာပဲနော်..." စုဖူချန်က စုယွမ်၏ G-Wagon ကို ကြည့်ကာ ပြောလိုက်ပေသည်။ သားဖြစ်သူက ဤကဲ့သို့ ကောင်းမွန်သော ကားကို မောင်းနှင်လာသောကြောင့်သာ ထိုလူများက ရိုသေလေးစားနေကြခြင်းဖြစ်ကြောင်း သူ သိရှိထား၏။

ထို့ကြောင့် ဤကားသည် လုံးဝ ဈေးပေါမည် မဟုတ်ဘဲ အနည်းဆုံး ယွမ် သုံးသိန်းခန့် တန်ဖိုးရှိပေမည်။

ယခင်က ချန်ချွေ့ဖန်သည် စုယွမ် ငွေရှာနိုင်နေပြီဟု ပြောခဲ့ချိန်တွင် စုဖူချန်က အလေးအနက် မထားခဲ့ဘဲ အလုပ်ကောင်းတစ်ခု ရသွားခြင်းသာ ဖြစ်မည်ဟု ထင်မှတ်ထားခဲ့သည်။

သို့သော် မျက်တောင်တစ်ခတ်အတွင်းမှာပင် ယွမ် သုံးသိန်းတန် ကားတစ်စီးကို ဝယ်နိုင်လိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ချေ။

ဤသည်မှာ လုံးဝ အံ့မခန်းပင် ဖြစ်တော့သည်။

"ဟုတ်တယ် ဒီကားက ယွမ် သိန်းချီတန်မယ်လို့ ညီမလေးလည်း ခံစားမိတယ် မဟုတ်ရင် သူတို့တွေ ဒါကို မြင်မြင်ချင်း ဘာလို့ ဒီလောက်တောင် အံ့သြသွားကြမှာလဲ..." စုယောင်းက ကားကိုယ်ထည်ကို ပွတ်သပ်ရင်း ပြောဆိုလိုက်၏။

"ဟားဟား အဖေ ယောင်းယောင်း ဒီကားက သုံးသိန်း မတန်ပါဘူး..." စုယွမ်က အနည်းငယ် ပြုံးလျက် ပြောလိုက်သည်။

"အို သုံးသိန်း မဟုတ်ရင်တောင် နှစ်သိန်းဝန်းကျင်လောက်တော့ ရှိမှာပေါ့ အဲဒါလည်း တော်တော်ကောင်းနေပါပြီ တစ်ခါတည်းနဲ့ ယွမ် နှစ်သိန်းကျော် ထုတ်သုံးနိုင်တာက တကယ်ကို မိုက်တာပဲ..." စုဖူချန်က ရိုးသားစွာ ပြုံးလိုက်ပေသည်။

"ဟားဟား နှစ်သိန်းလည်း မဟုတ်ပါဘူး ရိုးရိုးသားသား ပြောရရင် ဒီကားက ယွမ် နှစ်သန်းကျော် တန်တယ် သုံးသန်းတော့ မပြည့်ဘူးပေါ့..." စုယွမ်က ပေါ့ပေါ့ပါးပါး ပြောဆိုလိုက်ပြီးနောက် အိတ်ကပ်ထဲမှ ကျုံးဟွာ စီးကရက် တစ်ဘူးကို ထုတ်ယူလိုက်၏။

"ဟားဟား ဪ အဲဒီလိုလား..." စီးကရက်ကို လှမ်းယူမည့် စုဖူချန်၏ လှုပ်ရှားမှု ရုတ်တရက် ရပ်တန့်သွားပြီး ပန်းသီးကြီးတစ်လုံး ဆံ့လောက်သည်အထိ သူ၏ပါးစပ်ကြီး ပွင့်ဟသွားကာ မျက်လုံးများမှာလည်း နွားခေါင်းလောင်း(မျက်လုံးပြူးကျယ်နေသည်ကို တင်စားခြင်း)များအလား ပြူးကျယ်သွားတော့သည်။

"ဘာ သား အဖေ့ကို မခြောက်ပါနဲ့ ဒီကားက ယွမ် သုံးသန်းနီးပါးလောက် တန်တယ် ဟုတ်လား..." စုဖူချန်က အံ့အားသင့်စွာ ပြောဆိုလိုက်၏။

စုယောင်းသည်လည်း အလွန်အမင်း ထိတ်လန့်သွားပြီး ဆေးပွန်းသွားမည်ကို စိုးရိမ်သဖြင့် ကားကို ဆက်မထိရဲတော့ချေ။

"ဟုတ်တယ် နှစ်သန်းနဲ့ ခြောက်သိန်း ယွမ် သုံးသန်းပြည့်ဖို့ လေးသိန်းပဲ လိုတော့တယ်..." စုယွမ်က စီးကရက်တစ်လိပ်ကို ထုတ်ယူကာ စုဖူချန်၏ ပါးစပ်ထဲသို့ တိုက်ရိုက် ထည့်ပေးလိုက်ပြီး မီးခြစ်ဖြင့် မီးညှိပေးလိုက်ပေသည်။

"နှစ်သန်းနဲ့ ခြောက်သိန်း..." စုဖူချန်သည် ဟန်ချက်ပျက်ကာ မြေပြင်ပေါ်သို့ လဲကျလုနီးပါး ဖြစ်သွားခဲ့သည်။ သူသည် စက္ကန့်အနည်းငယ်မျှ တွေဝေသွားပြီးမှသာ လက်ချောင်းများကြားတွင် စီးကရက်ကို ကိုင်ထားနိုင်ကာ မီးခိုးငွေ့များကို မှုတ်ထုတ်လိုက်နိုင်တော့၏။

ဤအခိုက်အတန့်၌ စုယွမ်ကို ကြည့်နေသော သူ၏ မျက်လုံးများတွင် အဆုံးအစမဲ့သော စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေခဲ့လေသည်။

ဤကဲ့သို့သော ကားတစ်စီးကို ဝယ်ယူနိုင်စွမ်းရှိခြင်းက ဘာကို ဆိုလိုသနည်း။ စုဖူချန် ကောင်းကောင်း သိရှိထားပေသည်။

ဤကြီးမားလှသော တုန်လှုပ်မှုက သူ၏ စိတ်နှလုံးကို နက်ရှိုင်းစွာ လှုပ်ခတ်သွားစေခဲ့၏။

သူ၏သားသည် ဘဝတွင် အောင်မြင်နေပြီဖြစ်ကြောင်း သူ သိလိုက်ရချေပြီ။

အခြားသူများ ဘာတွေးမည်ကို ထပ်ပြီး စိုးရိမ်နေစရာ မလိုတော့ပေ။

"သား အဖေ့ကို နောက်ဆုံးတစ်ခေါက်လောက် သေချာအောင် ပြောပြပါ ဒီကားက သားကား တကယ် ဟုတ်ရဲ့လား သား ပိုက်ဆံနဲ့ ဝယ်ထားတာလား..." စုဖူချန်က စိုးရိမ်တကြီး မေးမြန်းလိုက်သည်။

"ဟုတ်တယ် သားကားပါ အဖေ့အတွက်တောင် ကားအသစ်တစ်စီး ဝယ်လာခဲ့သေးတယ် အခု အိမ်မှာ ရပ်ထားတယ် သားကားလောက်တော့ ဈေးမကြီးဘူးပေါ့..." စုယွမ်က ပြောလိုက်၏။

"ဘုရားရေ..." စုဖူချန်သည် အလွန်အမင်း စိတ်လှုပ်ရှားလွန်းသဖြင့် မိမိကိုယ်ကို မထိန်းချုပ်နိုင်တော့ဘဲ မျက်ရည်တစ်ပေါက်ပင် ကျဆင်းလာခဲ့လေသည်။ ပူပြင်းလှသော နေရောင်အောက်တွင် အချိန်အတော်ကြာ ကင်ခံနေရပြီးမှ ရုတ်တရက် အေးမြသော လေပြေလေးတစ်ချက် တိုက်ခတ်သွားသကဲ့သို့ သူ ခံစားလိုက်ရ၏။

စကားတစ်ခွန်းတည်းဖြင့် ဆိုရလျှင် မိုက်တယ် မိုက်တယ် အရမ်းကို မိုက်လွန်းတယ်...

"သား ငါတို့ မြန်မြန် အိမ်ပြန်ကြရအောင်..." စုဖူချန်သည် စီးကရက်ကို ခပ်ပြင်းပြင်း ဖွာလိုက်ရင်း သူ၏ အိုနာဂျီ ဗင်ကားစုတ်ကြီးဆီသို့ လျှောက်သွားလိုက်သည်။

"ရှောင်ယောင်း ကားပေါ်တက်..." စုဖူချန်သည် ယခုလေးတင် ဖြစ်ခဲ့သော ဒေါသနှင့် အရှက်ရမှုများကို လုံးဝ မေ့ပျောက်သွားခဲ့ပြီး သားဖြစ်သူ ကားဝယ်ပေးသည့် ပျော်ရွှင်မှုထဲတွင်သာ အပြည့်အဝ နစ်မြောနေခဲ့ချေပြီ။

စုယောင်းသည် ဘာတွေဖြစ်နေသလဲဆိုတာ နားလည်သွားသော်လည်း စုဖူချန်၏ ကားထဲသို့ မဝင်ဘဲ ပြောလိုက်၏။

"အဖေ အဖေ့ကားကို စီးရတာ ငြီးငွေ့နေပြီ သမီး အစ်ကို့ရဲ့ ကားကောင်းကြီးကိုပဲ စီးချင်တယ်..."

ထိုသို့ပြောဆိုပြီးနောက် စုယောင်းသည် ကားတံခါးကိုဖွင့်ကာ ခရီးသည်ခုံတွင် ဝင်ထိုင်လိုက်လေသည်။

"အို ဒီကလေးမလေး ဘာလို့ ဒီလောက်တောင် မျက်နှာများရတာလဲ..." စုဖူချန်သည် တကယ်တော့ G-Wagon ထဲတွင် ဝင်စီးချင်ခဲ့သော်လည်း နှစ်ပေါင်းများစွာ အတူရှိနေခဲ့သော ဤကားအိုကြီးအပေါ် သံယောဇဉ်တွယ်နေသဖြင့် ဤနေရာတွင် မထားရစ်ခဲ့ရက်ချေ။ ထို့ကြောင့် စုယောင်းကို မနာလိုစွာဖြင့်သာ ကြည့်လိုက်နိုင်တော့၏။

"ဟားဟား အဖေ ဒီတစ်ခေါက်တော့ နောက်ဆုံးအနေနဲ့ မောင်းလိုက်ပါ နောက်ဆိုရင် ဒီကားကို မောင်းစရာ မလိုတော့ဘူးလေ..." စုယွမ်က ကားပေါ်တက်ရင်း ပြောဆိုလိုက်သည်။

စုဖူချန်က ခေါင်းခါလိုက်၏။ သားဖြစ်သူသည် ယွမ် နှစ်သန်းကျော်တန် ဇိမ်ခံကားကို မောင်းနှင်နေသည်ဖြစ်ရာ သူ့အတွက် ဝယ်ပေးသောကားမှာ အနည်းဆုံး ယွမ် နှစ်သိန်း သို့မဟုတ် သုံးသိန်းခန့် တန်ဖိုးရှိပေလိမ့်မည်။ ကားအသစ်ရတော့မည်ကို တွေးမိရင်း စုဖူချန် ပြန်လည် စိတ်လှုပ်ရှားလာခဲ့ပြန်သည်။

G-Wagon ကားအတွင်း၌ စုယောင်းက ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ပြီးနောက် ထိုင်ခုံကို မှီချလိုက်ကာ အလွန်အမင်း သက်သောင့်သက်သာ ရှိသွားသည်ကို ခံစားလိုက်ရ၏။

ရုတ်တရက် သူမ၏ တင်ပါးအောက်တွင် တစ်စုံတစ်ခုကို ခံစားလိုက်ရသည်။ "အစ်ကို ဘာလို့ ပစ္စည်းတွေကို ဒီလိုမျိုး ထားရတာလဲ..."

စုယွမ်က ပြုံးလိုက်ပေသည်။ "အဲဒါကို ထုတ်လိုက် ပြီးရင် အဲဒါ ဘာလဲဆိုတာ ငါ့ကို ပြ..."

စုယောင်းက နားမလည်နိုင်သော မျက်နှာအမူအရာဖြင့် ထိုအရာကို ထုတ်ယူလိုက်ပြီး သေချာစွာ စစ်ဆေးကြည့်လိုက်ရာ ၎င်းမှာ အသစ်စက်စက် အမြင့်ဆုံး မော်ဒယ် Iphone ဖုန်းတစ်လုံး ဖြစ်နေကြောင်း တွေ့လိုက်ရလေသည်။

"အား အစ်ကို ဒါက..."

"အဲဒါ နင့်အတွက်လေ..." စုယွမ်က ပြောလိုက်၏။

"အား..." စုယောင်းသည် အလွန်အမင်း ပျော်ရွှင်သွားပြီး Iphone ကို ဝမ်းသာအားရ ကိုင်ထားလိုက်ပေသည်။ သူမ၏ အတန်းဖော်အားလုံးတွင် ဖုန်းများ ရှိနေကြပြီး သူမက အမြဲတစေ မနာလိုဖြစ်ခဲ့ရသော်လည်း တစ်ကြိမ်တစ်ခါမျှ မတောင်းဆိုခဲ့ဖူးချေ။

ယခုအခါတွင် သူမ၌ Iphone တစ်လုံး ရှိနေပြီဖြစ်ရာ အဖိုးမဖြတ်နိုင်သော ရတနာတစ်ခုကို ရှာတွေ့လိုက်ရသည့်အလားပင်။

"ဟားဟားဟား နင် ဒါကို သဘောကျမယ်ဆိုတာ ငါ သိသားပဲ..." စုယွမ်က ပြောဆိုလိုက်ပြီးနောက် ကားကိုစက်နှိုးကာ အိမ်သို့ ဦးတည်လိုက်လေသည်။ စုဖူချန်မှာမူ သူ၏ အိုနာဂျီကားစုတ်ဖြင့် နောက်မှ လိုက်ပါလာပြီး အလွန်အမင်း ဂုဏ်ယူဝင့်ကြွားနေခဲ့တော့သည်။

All Chapters