← Chapters

အခန်း ၈၃

Vol. 9 Ch. 83

အခန်း ၈၃

Vol. 9 Ch. 83

အခန်း (၈၃) ဒီပန်းကန်လုံးက တန်ဖိုးကြီးတယ်

ယခုအချိန်တွင် မိသားစုနှစ်စုလုံးက စုကော်ချန်အား လှမ်းကြည့်လိုက်ကြပြီး သူတို့၏ မျက်လုံးများထဲ၌ တစ်စုံတစ်ရာကို ရုတ်တရက် နားလည်သဘောပေါက်သွားကြပေ၏။

စုယွမ်က စုကော်ချန်အား လက်ဆောင်ပေးရန် တကယ်ရောက်လာခဲ့ခြင်းပင်။

စုကျွင်းချန်သည် ချက်ချင်းပင် အလွန်အမင်း မကျေမနပ် ဖြစ်သွားလေ၏။

သူက စုယွမ်၏ ဦးလေးအငယ်ဖြစ်ပြီး သူ၏ ဦးနှောက်က သူ၏ အစ်ကိုကြီး စုကော်ချန်ထက် များစွာ ပိုမိုထက်မြက်လှပေသည်။ စုကော်ချန်က သစ်တုံးတစ်တုံးကဲ့သို့ အလွန်အမင်း ထုံအလှ၏။ စုယွမ်ကဲ့သို့သော ကလေးစုတ်လေးက သူ့အား အဘယ်ကြောင့် လက်ဆောင်များ လာပေးနေကြောင်းကို သူ မသိရှိခဲ့ချေ။

"ရပါတယ် ဦးလေး... ကျွန်တော်က ဦးလေးကို လာကြည့်ရုံပါ..."

ထိုသို့ပြောဆိုပြီးနောက် စုယွမ်သည် အရက်တစ်ဖာ၊ မော့ထ်အရက် နှစ်ပုလင်းနှင့် စီးကရက် နှစ်တောင့်တို့ကို စုကော်ချန်ထံသို့ သယ်ဆောင်သွားလေ၏။

စုကော်ချန်သည် တစ်ချက်ကြည့်လိုက်ချိန်တွင် အံ့အားသင့်သွားပြီး သူ၏ နှလုံးသားထဲ၌ တုန်လှုပ်မှုများ ပြည့်နှက်သွားတော့သည်။

ဘုရားရေ... ဝူလျန်ယဲ့ တစ်ဖာလုံးရယ် မောက်ထိုင်အရက် နှစ်ပုလင်းရယ် ပြီးတော့ ကျုံးဟွာစီးကရက် နှစ်တောင့်တောင် ပါလား...

ဒါတွေက ပိုက်ဆံဘယ်လောက်တောင် ကုန်ကျမလဲ...

စုကော်ချန်၏ မျက်လုံးများ ပြူးကျယ်သွားပြီး သူ၏ လက်များကို အကြိမ်ကြိမ် ဝှေ့ယမ်းလိုက်ပေ၏။

"ရှောင်ယွမ်... မင်း ဘာတွေလုပ်နေတာလဲ... ဘာလို့ ဒီလောက် ပစ္စည်းတွေ အများကြီး ယူလာရတာလဲ..."

စုကော်ချန်၏ ဇနီးဖြစ်သူ ကျောက်လန်ကလည်း လက်များကို အလျင်အမြန် ဝှေ့ယမ်းကာ ပြောဆိုလိုက်သည်။

"အို... ဒီပစ္စည်းတွေက ငါတို့နဲ့ မတန်ပါဘူးကွယ်... ရှောင်ယွမ်... ငါတို့ လက်မခံရဲဘူး..."

လင်မယားနှစ်ယောက်စလုံးမှာ အလွန်အမင်း အားနာသွားကြပြီး ဤသည်က စုကျွင်းချန်နှင့် စုကျိုကျန်းတို့၏ မိသားစုများနှင့် လုံးလုံးလျားလျား ဆန့်ကျင်ဘက်ဖြစ်နေချေ၏။

ဤမြင်ကွင်းကို မြင်လိုက်ရသူတိုင်းမှာ အံ့အားသင့်သွားကြလေသည်။

ထို့ကြောင့်ပင် ရွာထဲရှိ လူတိုင်းက စုကော်ချန်နှင့် သူ၏ ဇနီးဖြစ်သူတို့၏ ရိုးသားဖြောင့်မတ်ပြီး သဘောကောင်းမှုများကို အမြဲတစေ ချီးကျူးတတ်ကြခြင်း ဖြစ်ပေသည်။

အကယ်၍ ဤလက်ဆောင်များကိုသာ စုကျွင်းချန်၏ ရှေ့တွင် ချထားမည်ဆိုပါက သူသည် မျက်လုံးပင် ဖွင့်မကြည့်ဘဲ အိမ်သို့ ယူဆောင်သွားမည်မှာ အသေအချာပင်။

"အစ်ကိုကြီးက တကယ်ကို မလိုချင်တာပဲ.."

စုကျွင်းချန်သည် မနာလိုမှုများဖြင့် ပြည့်နှက်နေခဲ့၏။ သူသည် သူ၏ အစ်ကိုကြီး စုကော်ချန်ကို အကြိမ်ရာချီမက ကျိန်ဆဲခဲ့ဖူးပြီး သူ၏ ဆင်းရဲကာ သတ္တိကြောင်သော အသွင်အပြင်ကို အထင်သေးနေခဲ့ပေသည်။

သို့သော် သူ စကားပြောလိုက်ချိန်တွင် စုယွမ်၏ အေးစက်သော အကြည့်ကို သတိပြုမိသွားပြီး ချက်ချင်းပင် ပါးစပ်ပိတ်သွားတော့သည်။

ယခင်က ပြောခဲ့သည့်အတိုင်းပင် ယခုအချိန်တွင် စုယွမ်မှာ ချမ်းသာနေပြီဖြစ်ရာ သူသည် အရည်အချင်းရှိသူများကို မစော်ကားရဲတော့ချေ။

"ဦးလေး... ဒါက ကျွန်တော့်ရဲ့ ကျေးဇူးတင်တဲ့အနေနဲ့ ပေးတဲ့ လက်ဆောင်လေးတစ်ခုပါ... အရင်တုန်းက ကျွန်တော့်မိသားစုကို ဦးလေး ဘယ်လို ကူညီခဲ့လဲဆိုတာ မေ့သွားပြီလား... ဒါက ဦးလေးနဲ့ ထိုက်တန်ပါတယ်..."

စုယွမ်က ပြောဆိုလိုက်သည်။

"ဟုတ်တယ် အစ်ကိုကြီး... ဒါက ရှောင်ယွမ်ရဲ့ ကျေးဇူးဆပ်ချင်တဲ့ စိတ်လေးပါ... ကျွန်တော်ကတောင် သူ ယူလာတာ နည်းသေးတယ်လို့ ထင်နေတာ..."

"ပြီးတော့ ဒါက အရင်က ကျွန်တော် ချေးထားတဲ့ ယွမ်သုံးသောင်းပါ... အဲ့ဒါပါ တစ်ခါတည်း ယူထားလိုက်ပါ..."

စုဖူချန်က ပြောဆိုလိုက်၏။

"ဟေး... ဖူချန်... ပိုက်ဆံကိုတော့ ငါ ယူထားလို့ရတယ်... ဒါပေမဲ့ မင်းတို့ ယူလာတဲ့ ပစ္စည်းတွေက ဒီပိုက်ဆံပမာဏလောက်နီးပါး တန်ဖိုးရှိနေမှာပဲ..."

"ဒါကို ငါက ဘယ်လိုလုပ် လက်ခံနိုင်မှာလဲ..."

စုကော်ချန်သည် သူ၏ မျက်နှာပေါ်တွင် ကူကယ်ရာမဲ့နေသော အမူအရာများ ပေါ်လွင်နေလျက် စိုးရိမ်တကြီး ပြောဆိုလိုက်သည်။

"ဦးလေး... တကယ်လို့ ဦးလေးက ဒီပစ္စည်းတွေကို လက်မခံဘူးဆိုရင် လူတိုင်းက ဦးလေးကို ရယ်ကြမှာမဟုတ်ဘူးလား... တကယ်လို့ ကျွန်တော် ပြန်ယူသွားမယ်ဆိုရင်လည်း လူတိုင်းက ကျွန်တော့်ကို ကျေးဇူးကန်းတဲ့ကောင်လို့ ပြောကြမှာပဲ..."

"ဦးလေး... ဘာပဲဖြစ်ဖြစ် ဒါကို လက်ခံရမယ်နော်..."

စုယွမ်၏ ပြတ်သားသော လေသံကို မြင်လိုက်ရချိန်တွင် စုကော်ချန်သည် သုံးစက္ကန့်ခန့် စဉ်းစားလိုက်ပြီးနောက် လေးလံစွာ ခေါင်းညိတ်လိုက်လေ၏။

"လိမ္မာလိုက်တဲ့ ကလေး... ငါ စုကော်ချန် မင်းကို အထင်မမှားခဲ့ဘူး..."

" ကောင်းပြီ ဒါကို ငါ လက်ခံလိုက်မယ်... ဒါပေမယ့် ဘာပဲဖြစ်ဖြစ် နောက်ဆိုရင်တော့ ဒီလောက်တန်ဖိုးကြီးတဲ့ ပစ္စည်းတွေကို ငါ ထပ်လက်မခံနိုင်တော့ဘူးနော်..."

စုကော်ချန်သည် ပြုံးလိုက်ပြီး လက်ဆောင်များကို လက်ခံယူကာ အိမ်ထဲသို့ လျှောက်သွားလေသည်။

စုကျွင်းချန်၊ စုကျိုကျန်း၊ လီမေ့ဟွာနှင့် အခြားသူများသည် ဤမြင်ကွင်းကို ကြည့်ရင်း သူတို့၏ နှလုံးသားများ သွေးထွက်မတတ် နာကျင်နေခဲ့ကြပေ၏။

ဤပစ္စည်းများသည် သူတို့နှင့် သက်ဆိုင်သင့်ပေသည်။

စုကော်ချန်တစ်ယောက် မည်မျှ ကံကောင်းလွန်းလိုက်သနည်း။

တစ်ချိန်တည်းမှာပင် ဘေးမှ ကြည့်ရှုနေသူများသည်လည်း စုကော်ချန်ကို အလွန်အမင်း မနာလို ဖြစ်နေကြလေသည်။

ယခင်က စုကော်ချန်သည် စုဖူချန်အား ယွမ်ငါးသောင်း ချေးငှားခဲ့ဖူးပြီး ထိုအချိန်က သူတို့လည်း ၎င်းကို အသုံးပြုနိုင်ခဲ့ပေသည်။

အကယ်၍ သူတို့သာ ထိုအချိန်က စုဖူချန်၏ မိသားစုကို ငွေချေးခဲ့မည်ဆိုပါက ယနေ့ ဤပစ္စည်းများကို ရရှိမည့်သူမှာ သူတို့ပင် ဖြစ်နေလိမ့်မည်။

ဤအကြောင်းကို တွေးမိချိန်တွင် လူတိုင်းသည် စုဖူချန်၏ မိသားစုကို စောစောစီးစီး မကူညီခဲ့မိသည့်အတွက် အလွန်အမင်း နောင်တရနေခဲ့ကြပြီး ယခုအခါတွင် သူတို့နှင့် မျက်နှာလုပ်ရန် အခွင့်အရေး လုံးလုံးလျားလျား မရှိတော့ချေ။

"စုယွမ်... မင်းက အရူးလား... စုကော်ချန်က မင်းကို တစ်ကြိမ်ပဲ ကူညီခဲ့တာမလား... မင်း သူ့ကို ပေးလိုက်တဲ့ ပစ္စည်းတွေက အရမ်းတန်ဖိုးကြီးလွန်းတယ်လေ..."

"ဒီလို ကောင်းတဲ့ပစ္စည်းတွေကို သူ့ကို ပေးလိုက်တာ အရမ်း နှမြောစရာကောင်းတာပဲ... ဥပမာ အဲ့ဒီမောက်ထိုင်အရက်ကို ကြည့်လိုက်... သူလို တောသားတစ်ယောက်က ဒါကို ဘယ်လိုလုပ် နားလည်နိုင်မှာလဲ..."

လီမေ့ဟွာသည် ဒေါသတကြီးဖြင့် ခြေဆောင့်ကာ ပြောဆိုလိုက်သည်။ သူမ၏ ချန်ချန်ကဲ့သို့သော ကံကောင်းသည့် ကောင်မလေးကို စုယွမ်က မည်သို့များ အထင်သေးရက်နိုင်ကြောင်း သူမ လုံးလုံးလျားလျား နားမလည်နိုင်ခဲ့ချေ။ သူက မည်သို့သော အကြိုက်မျိုး ရှိနေသနည်း။

"ဟမ်.. ခင်ဗျားလို အဘွားကြီးတစ်ယောက်ကရော ဒါကို သောက်တတ်မယ်လို့ ထင်နေတာလား..."

"ကျွန်တော် ပြောပြမယ်..."

"ဒါက ကျွန်တော် ပထမဆုံးအကြိမ် လာပို့တာ မဟုတ်ဘူး..."

"ကျွန်တော့် ဦးလေးအတွက် မောက်ထိုင်အရက်ဆိုတာ တစ်ရက်တောင် ပြတ်သွားမှာ မဟုတ်ဘူး..."

"ဘာဖြစ်လဲ... ခင်ဗျားက အဲ့ဒါကို ပြဿနာရှိတယ်ထင်နေလို့လား..."

စုယွမ်က ပွင့်ပွင့်လင်းလင်းပင် ပြောဆိုလိုက်၏။

"ဟုတ်တယ်... အစ်ကိုကော်ချန်က အရင်တုန်းက ရှောင်ယွမ်ရဲ့ မိသားစုကို ဘယ်လို ကူညီခဲ့လဲ... ဒါက သူနဲ့ ထိုက်တန်တဲ့ အခွင့်အရေးပဲ..."

"တခြားလူတွေကို တောသားလို့ ခေါ်နေသေးတယ်ပေါ့... ဘာလဲ... ခင်ဗျားကိုယ်တိုင်ကရော တောသူ မဟုတ်လို့လား... ခင်ဗျား ဘာတွေပြောနေလဲဆိုတာ ခင်ဗျားကိုယ်ခင်ဗျား သိရဲ့လား... ခင်ဗျားက အမြဲတမ်း အဓိပ္ပာယ်မရှိတာတွေပဲ ပြောနေတာ... ခင်ဗျားကိုယ်ခင်ဗျား ဘာကောင်လို့ ထင်နေလဲ..."

"အဲ့ဒါက မနာလိုဖြစ်နေတာပဲ... ခင်ဗျား မြေးမကိုတောင် ပြန်မကြည့်ဘူးလား... သူက ရှောင်ယွမ်နဲ့ရော တန်လို့လား... ခင်ဗျားက တကယ်ကို ကိုယ့်ကိုယ်ကိုယ် အထင်ကြီးနေတဲ့ အရူးမကြီးပဲ..."

"ဖားပြုတ်က မောက်ထိုင်အရက် သောက်ချင်နေတာလား... ဘာလို့ ကောင်းကင်ကို ပျံမတက်သွားသေးတာလဲ..."

လူအုပ်ကြီးသည် လီမေ့ဟွာကို လက်ညှိုးထိုးကာ ကျိန်ဆဲလာကြလေ၏။ သူတို့သည် သူမကို မနှစ်မြို့သည်မှာ ကြာပြီဖြစ်ပြီး ယခုအခါတွင် နောက်ဆုံး၌ ဖွင့်ဟပြောဆိုခွင့် ရသွားကြပြီ ဖြစ်သည်။

"နင်... နင်တို့အားလုံး..."

လီမေ့ဟွာ၏ မျက်နှာသည် ဒေါသများဖြင့် ပြည့်နှက်နေပေ၏။ ဤလူငယ်များသည် လူကြီးသူမများကို လုံးလုံးလျားလျား ရိုသေလေးစားမှု မရှိကြချေ။ အကယ်၍ သူတို့ကို စကားတစ်ခွန်းလောက် ကောင်းကောင်းပြောလိုက်လျှင် သူတို့က စကားဆယ်ခွန်းဖြင့် ပြန်လည်ချေပကြလိမ့်မည်။

ပြီးတော့ ဤစုယွမ်ကလည်း လုံးလုံးလျားလျား အရူးတစ်ယောက်ပင်။

အမှန်တကယ်တော့ စုကျွင်းချန်တွင်လည်း တူညီသော အတွေးမျိုး ရှိနေခဲ့သော်လည်း သူသည် အနာဂတ်တွင် စုယွမ်ထံမှ အခွင့်အရေးယူရန် တွေးတောနေသေးသဖြင့် ထုတ်မပြောရဲခဲ့ချေ။ သူသည် အပြင်သို့ ထွက်လာသော စုကော်ချန်အား မနာလိုသော အမူအရာဖြင့်သာ ကြည့်နေနိုင်ပေသည်။

စုကော်ချန် အပြင်သို့ ထွက်လာချိန်တွင် သူသည် ကျုံးဟွာစီးကရက် တစ်ဗူးကိုလည်း ဖွင့်ထားခဲ့ပြီး ဖြစ်သည်။

ယခုလေးတင် ဘာတွေဖြစ်သွားခဲ့ကြောင်းကို သူ မသိရှိသော်လည်း စုချန်ချန်အား ဖမ်းချုပ်ထားသော အမျိုးသားများထံမှ တစ်စုံတစ်ရာကိုတော့ နားလည်သွားခဲ့ပေ၏။

စုချန်ချန်သည် ပင်ပန်းနွမ်းနယ်နေပြီး မြေပြင်ပေါ်သို့ လဲကျကာ ကောင်းကင်ကြီးကို စိုက်ကြည့်နေခဲ့သည်။ အမျိုးသားများသည်လည်း သူမကို လွှတ်ပေးလိုက်နိုင်ပြီး အသက်ရှူချောင်သွားကြလေ၏။

"ဟေး ကောင်လေးတို့... မင်းတို့ကို စီးကရက်လေး ခဏလောက် တိုက်ပါရစေ..."

စုကော်ချန်က အမျိုးသားအုပ်စုအား ကျုံးဟွာစီးကရက်များ ကမ်းပေးလိုက်သည်။

အမျိုးသားများသည် အားနာမနေဘဲ ပြုံးလိုက်ကြ၏။ ဤကောင်မလေးကို ဖမ်းချုပ်ထားရန်အတွက် သူတို့ အတော်လေး အားစိုက်ထုတ်ခဲ့ရပေသည်။

မြေပြင်ပေါ်တွင် လဲလျောင်းနေသော စုချန်ချန်ကို ကြည့်ရင်း လီမေ့ဟွာသည် အနည်းငယ် ဒေါသထွက်နေခဲ့သည်။ သူမသည် အော်ဟစ်ဆဲဆိုရန်သာ ကျင့်သားရနေပြီး အရေးကြီးချိန်တွင်တော့ အသုံးမကျခဲ့ချေ။ အကယ်၍ သူမသာ စုယွမ်ကို တွန်းလှဲပြီး အတင်းအကျပ် ကိစ္စပြီးပြတ်အောင် လုပ်လိုက်မည်ဆိုပါက အဆင်ပြေသွားမည် မဟုတ်ဘူးလော။

"ထစမ်း..."

လီမေ့ဟွာက စုချန်ချန်ကို ခြေထောက်ဖြင့် ကန်လိုက်သည်။

"ထွက်သွားတော့.."

စုချန်ချန်သည် ဒေါသတကြီး ကျိန်ဆဲလိုက်ပြီး မတ်တတ်ရပ်ရန် ကြိုးစားလိုက်သည်။ သူမသည်လည်း လီမေ့ဟွာအပေါ် အလွန်အမင်း မကျေမနပ် ဖြစ်နေခဲ့၏။ စုယွမ်က လက်ထပ်ခွင့်တောင်းရန် လာသည်ဟု သူမက ပြောခဲ့သောကြောင့်သာ ဖြစ်သည်။ ထိုသို့မဟုတ်ပါက သူမသည် ဝက်တစ်ကောင်ကဲ့သို့ လူအများ၏ ဖမ်းချုပ်ခြင်းကို ခံရမည်မဟုတ်ဘဲ မျက်နှာပျက်ရမည်လည်း မဟုတ်ချေ။

စုကျိုကျန်းသည် လုံးလုံးလျားလျား အရှက်ရသွားသလို ခံစားလိုက်ရပြီး ဘာမျှ မရရှိခဲ့သည့်အပြင် အရှက်ကွဲမှုများကိုသာ အပြည့်အဝ ခံစားခဲ့ရလေသည်။

"မင်းတို့အားလုံး ဒီကနေ ထွက်သွားကြစမ်း... မင်းတို့ထဲက တစ်ယောက်မှ အလုပ်ဖြစ်အောင် မလုပ်နိုင်ကြဘူး..."

စုကျိုကျန်းက ဒေါသတကြီး အော်ဟစ်လိုက်ပြီး လူနှစ်ယောက်ကို ဆွဲခေါ်ကာ ထွက်သွားတော့သည်။

အခြားတစ်ဖက်တွင်လည်း စုကျွင်းချန်သည် သူ၏ ဒေါသများကို ဖြေဖျောက်ရန်အတွက် ဝမ်တဖန်၏ တင်ပါးကို အားကုန် ကန်ပစ်လိုက်ပေ၏။

ဝမ်တဖန်၏ မျက်လုံးများသည် အဆိပ်ပြင်းသော မြွေတစ်ကောင်ကဲ့သို့ ရုတ်တရက် ပြောင်းလဲသွားပြီး သူမက သူ၏ မျက်နှာကို ဖြတ်ရိုက်လိုက်လေသည်။

ဤယုတ္တိမတန်သော မြင်ကွင်းကို မြင်လိုက်ရချိန်တွင် လူတိုင်းမှာ ကျယ်လောင်စွာ ရယ်မောလိုက်ကြတော့၏။ အရှက်ရသွားသဖြင့် စုကျွင်းချန်သည် ဝမ်တဖန်ကို ဆွဲခေါ်ကာ အိမ်သို့ ပြန်သွားလေသည်။

စုယွမ်က ပြုံးလိုက်ပြီး သူ၏ အကြည့်များသည် သူ၏ ဦးလေးအိမ်တံခါးဝရှိ ခွေးစာကျွေးသော ပန်းကန်လုံးပေါ်သို့ ကျရောက်သွားပေ၏။

"ဦးလေး... ဒီပန်းကန်လုံးကို ဘယ်ကနေ ရလာတာလဲ... ဘာလို့ ဒါကို ဒီမှာ ထားထားရတာလဲ... တစ်ယောက်ယောက်က ခိုးသွားမှာကို မကြောက်ဘူးလား..."

စုယွမ်က ရှေ့သို့ လျှောက်သွားကာ ပန်းကန်လုံးကို ညင်သာစွာ ကောက်ယူရင်း ပြောဆိုလိုက်သည်။

"ဟင်... ဒါက ခွေးစာကျွေးတဲ့ ပန်းကန်လုံးလေးပါ... ရှောဂ်ယွမ် ဘာဖြစ်လို့လဲ..." စုကော်ချန်က နားမလည်နိုင်စွာဖြင့် မေးမြန်းလိုက်၏။

"တကယ်လို့ ကျွန်တော်က ဒီပန်းကန်လုံးက အရမ်းတန်ဖိုးကြီးတယ်လို့ ပြောရင်ရော ဦးလေးဘယ်လိုထင်လဲ..."

စုယွမ်က စုကော်ချန်အား တည်ကြည်လေးနက်စွာ မေးမြန်းလိုက်သည်။

All Chapters