အခန်း ၉၀
Vol. 9 Ch. 90
အခန်း (၉၀) ကျန်းချန်သို့ ပြန်ခြင်း
ထိုမက်ဆေ့ချ်ကို Ar နည်းပညာကုမ္ပဏီ ၏ အထွေထွေမန်နေဂျာ ဖုန်းရှင်း ထံမှ ပေးပို့ထားခြင်း ဖြစ်ပေသည်။
အကြောင်းအရာတွင် စကားလုံး အနည်းငယ်သာ ပါဝင်လေ၏။
"ဉာဏ်ရည်တု သုတေသနမှာ သိသာထင်ရှားတဲ့ တိုးတက်မှုတွေ ရရှိခဲ့ပါပြီ... ကမ္ဘာ့အဆင့်မီ အဆင့်မြင့် AI နည်းပညာတွေနဲ့ တစ်တန်းတည်း ဖြစ်သွားပါပြီ... ရက်အနည်းငယ်အတွင်းမှာ နည်းပညာက အပြည့်အဝတည်ငြိမ်လာတော့မယ်..."
ဤသတင်းသည် မကြာသေးမီက အိတ်ဆိုဒ်အဖြစ်ဆုံး သတင်းများထဲမှ တစ်ခုဖြစ်ကြောင်း လုံးလုံးလျားလျား သံသယရှိစရာ မလိုပေ။
တကယ်လို့ ဤနည်းပညာသာ ပေါ်ထွက်လာခဲ့မည်ဆိုပါက ၎င်းသည် တရုတ်နိုင်ငံအတွင်း အကောင်းဆုံးနည်းပညာတစ်ခု ဖြစ်လာလိမ့်မည်မှာ သေချာလှပေသည်။
“တရုတ်နိုင်ငံ၏ အကောင်းဆုံး” ဟူသော ဂုဏ်ပုဒ်တစ်ခုတည်းနှင့်ပင် ၎င်း၏ တန်ဖိုးနှင့် အရေးပါမှုကို ဖော်ပြရန် လုံလောက်နေခဲ့လေသည်။
စုယွမ်သည် အသက်ပြင်းပြင်း တစ်ချက်ရှူသွင်းလိုက်ပြီး မိမိကိုယ်ကို တည်ငြိမ်အောင် လုပ်လိုက်ကာ ဖုန်းရှင်းထံသို့ မည်သည့် စိတ်လှုပ်ရှားမှုကိုမျှ မပြသသော မက်ဆေ့ချ်တစ်ခုကို ပြန်ပို့လိုက်သည်။
"ဆက်ပြီး ကြိုးစားပေးပါဦး..."
စုယွမ်၏ စိတ်လှုပ်ရှားနေသော အမူအရာကို မြင်ချိန်တွင် စုဖူချန်သည် ဘာဖြစ်သွားသည်ကို သိချင်သွားပြီး "ဘာဖြစ်လို့လဲ... မင်းကို ဘာက အဲဒီလောက် စိတ်လှုပ်ရှားသွားစေတာလဲ..." ဟု မေးမြန်းလိုက်သည်။
စုယွမ်က အနည်းငယ် ပြုံးလိုက်ပြီး စုဖူချန်အနေဖြင့် ဉာဏ်ရည်တုအကြောင်းကို သေချာပေါက် နားလည်မည်မဟုတ်သော်လည်း ၎င်း၏ တန်ဖိုးကိုတော့ နားလည်လိမ့်မည်ဟု ပြောဆိုလိုက်သည်။
"ဘာမှ သိပ်အထူးအဆန်းတော့ မဟုတ်ပါဘူး... ကျွန်တော် ရင်းနှီးမြှုပ်နှံထားတဲ့ ကုမ္ပဏီတစ်ခုက ပိုက်ဆံရတော့မှာမလို့ပါ..."
"ကျွန်တော် အများကြီး ရမယ်လို့တော့ မမျှော်လင့်ပါဘူး... ယွမ် သန်းတစ်ရာလောက်တော့ ဖြစ်မယ်ထင်တယ်..." စုယွမ်သည် သဘာဝကျကျပင် အများကြီး မပြောခဲ့ချေ။
အဘယ်ကြောင့်ဆိုသော် စုဖူချန်အနေဖြင့် ၎င်းကို ချက်ချင်း လက်ခံနိုင်စွမ်း ရှိမည်မဟုတ်သောကြောင့်ပင်။
လူအများစုသည် ထီပေါက်ပြီးနောက် စိတ်လှုပ်ရှားလွန်းသဖြင့် သေဆုံးသွားတတ်ကြပြီး ငွေကို ခံစားရန်အတွက် သူတို့၏ အသက်ကို ဆုံးရှုံးလိုက်ရပေသည်။ စုယွမ်သည် သူ၏ မိသားစုကို အလွန်အကျွံ စိတ်လှုပ်ရှားမှုကြောင့် မတော်တဆမှု တစ်ခုခု မဖြစ်စေချင်ခဲ့ချေ။
"အို... ဒါလေးများ..." စုဖူချန်သည် စကားလုံးများကို ခက်ခက်ခဲခဲ ထုတ်ပြောလိုက်ရပြီးနောက် သူ၏ မျက်နှာအမူအရာ ရုတ်တရက် ပြောင်းလဲသွားကာ သူ၏ ခန္ဓာကိုယ်တစ်ခုလုံး စိတ်လှုပ်ရှားမှုကြောင့် တုန်ရီသွားလေ၏။
"ယွမ် သန်းတစ်ရာ..."
သူ၏ ပါးစပ်ကြီးသည် ဖရဲသီးတစ်လုံးလုံး ဝင်ဆံ့နိုင်လောက်အောင် ကျယ်ဝန်းစွာ ပွင့်ဟသွားတော့သည်။
"ကောင်းပြီ... အမေ့ကို သွားမပြောနဲ့ဦးနော်... သူမ အရမ်း စိတ်လှုပ်ရှားပြီး သတိလစ်သွားမှာ စိုးလို့..." စုယွမ်က တည်ငြိမ်စွာ ပြောဆိုလိုက်သည်။
"ဒါက..."
"မင်းအမေအကြောင်း ပြောမနေနဲ့... အဖေတောင် ခုနက သတိလစ်လုနီးပါး ဖြစ်သွားတာ... ဘုရားရေ... ယွမ် သန်းတစ်ရာ... အဲဒါက ဘာအဓိပ္ပာယ်လဲ...အဲဒါက ဆယ်သန်း ဆယ်ခါလေ..."
"ယွမ် သန်းတစ်ရာ ရှိတယ်ဆိုတာ ဘာကိုဆိုလိုတာလဲ... အဲဒါက ယွမ် သန်းတစ်ရာ ရှိတယ်လို့ ဆိုလိုတာပေါ့..." စုဖူချန်သည် အရူးအမူး လက်ဟန်ခြေဟန်များ ပြုလုပ်ရင်း အဓိပ္ပာယ်မရှိသော စကားများကို အဆက်မပြတ် ပြောဆိုနေတော့သည်။
ဤသည်ကို မြင်ချိန်တွင် စုယွမ်သည် သူ အများကြီး ပြောလိုက်မိပြီဟု ခံစားနေရဆဲပင်။
မွန်းတည့်ချိန်မှ မွန်းလွဲပိုင်းအထိ စုယွမ်တွင် လုပ်စရာ ဘာမှမရှိသောကြောင့် ခဏတာ အိပ်စက်အနားယူလိုက်လေသည်။
ရိုးရိုးသားသား ပြောရလျှင် အိမ်တွင် အိပ်စက်ရခြင်းက အိပ်စက်ခြင်း အရည်အသွေးကို သိသိသာသာ တိုးတက်လာစေလေသည်။ ၎င်းသည် မမြင်နိုင်သော မှော်ပညာတစ်ခုက သူ၏ ရင်ထဲရှိ စိုးရိမ်ပူပန်မှုများ အားလုံးကို ပြေပျောက်သွားစေသည့်အလား အလွန် သက်တောင့်သက်သာ ရှိလှပေ၏။
ထိုညနေခင်းတွင် စုယွမ်နှင့် သူ၏ မိသားစုသည် စီစဉ်ထားသည့်အတိုင်း စုကော်ချန်၏ အိမ်သို့ ညစာစားရန် ရောက်ရှိလာကြသည်။
စုယွမ် ရောက်လာချိန်တွင် အနီးနား၌ နေထိုင်သော လီမေ့ဟွာနှင့် သူမ၏ သူငယ်ချင်းများသည် လေညင်းခံနေကြပေသည်။ စုယွမ် ရောက်လာသည်ကို မြင်ချိန်တွင် သူတို့သည် သိသိသာသာ ပြာယာခတ်သွားကြပြီး သူနှင့် မျက်လုံးချင်းဆုံခြင်းကို ရှောင်လွှဲလိုက်ကြ၏။
စုချန်ချန်၏ ဗိုက်သည် မနက်ကထက် တစ်ဆိုဒ်ခန့် ပိုကြီးနေပုံရပြီး ၎င်းက သူမ အများကြီး စားထားကြောင်းကို ဆိုလိုနေပေသည်။
စုယွမ်လည်း နားမလည်နိုင်အောင် ဖြစ်နေခဲ့လေသည်။
ဤလူက သူမသည် ထန်မင်းဆက်မှ ယန်ကွေ့ဖေးထက်တောင် ပိုမို မျက်နှာသာပေးခံရနိုင်သည်ဟု အမြဲ ပြောဆိုနေခဲ့၏။
ထန်မင်းဆက်တွင် ဝဖြိုးခြင်းကို အလှတရားတစ်မျိုးအဖြစ် သတ်မှတ်ခဲ့ကြသော်လည်း သူ ရည်ညွှန်းသော “ဝဖြိုးခြင်း” ဆိုသည်မှာ ဆွဲဆောင်မှုရှိစွာ ပြည့်ပြည့်ဖြိုးဖြိုး ဖြစ်နေခြင်းကို ဆိုလိုခြင်းသာ ဖြစ်ပေသည်။
အရပ် ၁.၅ မီတာသာ ရှိသော်လည်း ကိုယ်အလေးချိန် ပေါင် ၂၀၀ ခန့် ရှိနေသူတစ်ယောက်က မိမိ၏ လက်တွေ့အခြေအနေကို သတိမထားမိခြင်းမှာ တကယ်ကို အဖြစ်ဆိုးလှပေ၏။
ညစာစားချိန်သည် နှစ်နာရီခန့်သာ ကြာမြင့်ခဲ့ပြီး မည်သူကမျှ အများကြီး မသောက်ခဲ့ကြချေ။ လူတိုင်း အရက်အနည်းငယ်စီသာ သောက်ခဲ့ကြသည်။ ညစာစားပြီးနောက် စုယွမ်နှင့် အခြားသူများသည် မတ်တပ်ရပ်ကာ အိမ်သို့ ပြန်လာခဲ့ကြသည်။
"အစ်ကို... အစ်ကိုက မနက်ဖြန် ပြန်တော့မှာပေါ့နော်..." စုယောင်းက ပြောဆိုလိုက်သည်။
"မမေ့နဲ့နော်... ညီမလည်း ကျန်းချန်ကို လိုက်လည်မှာ..." စုယောင်းသည် စုယွမ်အား ဂျီကျရင်း ပြောဆိုလိုက်သည်။
"ငါ သိပါတယ်... မနက်ဖြန် နင့်ကို ခေါ်သွားပေးပါ့မယ်..." စုယွမ်က ပြောဆိုလိုက်သည်။
"အဲဒါ ကောင်းတယ်... ညီမက သွားချင်နေတာ အချိန်အတော်ကြာနေပြီ... ဒါပေမဲ့ အချိန်မရလို့သာ..." စုယောင်းက ပြောဆိုလိုက်၏။
စုယွမ်သည် ညီမဖြစ်သူကို တစ်ချက် လှမ်းကြည့်လိုက်သည်။
တကယ်တော့ စုယောင်းတွင် အချိန်မရှိခြင်း မဟုတ်ပေ။
သို့သော် မိသားစု၏ ဘဏ္ဍာရေးအခြေအနေက မကောင်းလှသောကြောင့် မြို့သို့သွားလာရန် ကုန်ကျစရိတ်များမှာ သူတို့အတွက် သေးငယ်သည့် ပမာဏ မဟုတ်ခဲ့ချေ။
စုယွမ် ပြန်လည် စဉ်းစားကြည့်လိုက်ရာ လွန်ခဲ့သော ဆယ်နှစ်အတွင်း ညီမဖြစ်သူ အဝေးဆုံး ရောက်ဖူးသည့် နေရာမှာ ခရိုင်မြို့လေးသာ ဖြစ်လောက်ကြောင်း သဘောပေါက်သွားခဲ့သည်။
ထို့အပြင် ထိုနေရာသည်ပင် ကျန်းချန်မြို့လယ်ခေါင်နှင့် အတော်လေး ဝေးကွာနေသေးလေသည်။
ဒါပေမဲ့ အခုတော့ အခြေအနေတွေ ပြောင်းလဲသွားပြီလေ။
အခု ငါတို့မှာ ငွေကြေးတတ်နိုင်နေပြီဆိုတော့ သဘာဝကျကျပဲ သူမကို အပြင်ခေါ်သွားပြီး ပျော်အောင်ထားချင်တာပေါ့။
ဘယ်လိုပဲဖြစ်ဖြစ် မနက်ဖြန် ငါ ပြန်သွားရမှာပဲလေ။
"ကောင်းပြီ... မင်းတို့နှစ်ယောက် သေသောချာချာ ပျော်ပါး ခဲ့ကြနော်... ပိုက်ဆံကုန်မှာကိုလည်း စိတ်မပူနဲ့... အခုဆို မင်းအစ်ကိုမှာ ပိုက်ဆံတွေများကြီး ရှိနေပြီလေ..." စုဖူချန်က ပြောဆိုလိုက်သည်။
"လမ်းမှာ ကားကို ဂရုစိုက်မောင်းနော်... ကားကောင်းလေး မောင်းရတိုင်း ဘဝင်မြင့်မနေနဲ့... ယာဉ်စည်းကမ်းတွေကိုလည်း မချိုးဖောက်နဲ့... ကားမောင်းတဲ့ ကိစ္စမှာ သေးငယ်တဲ့ ကိစ္စဆိုတာ မရှိဘူး..."
"အထူးသဖြင့် အခြားသူတွေနဲ့ ကားပြိုင်မောင်းတာမျိုးကို ရှောင်... အခုခေတ်မှာ လူအများစုက အမြန်နှုန်းကို လိုက်စားကြပေမဲ့ သူတို့ရဲ့ ကျွမ်းကျင်မှုကတော့ အဆင့်မမီကြဘူး... တကယ်လို့ လမ်းမှာ တစ်ယောက်ယောက်နဲ့ ရန်ဖြစ်ခဲ့ရင် ဘာတွေဖြစ်လာမလဲဆိုတာ ဘယ်သူသိနိုင်မှာလဲ..."
"ပြီးတော့ ရှိသေးတယ်..." ဤနေရာသို့ ရောက်ချိန်တွင် စုဖူချန်သည် ရှည်လျားပြီး အဓိပ္ပာယ်မရှိသော စကားများကို အဆက်မပြတ် ပြောဆိုနေတော့ရာ စုယွမ်နှင့် စုယောင်းတို့ကို လုံးလုံးလျားလျား တွေဝေသွားစေခဲ့တော့၏။
"တော်ပါတော့... ရှင်ကပဲ အသိဆုံး ကျနေတာပဲ... ကားမောင်းတတ်တဲ့ ဘယ်သူမဆို ရှင်ပြောနေတာတွေကို သိပါတယ်... ဘာလို့ အဲဒီလောက်တောင် ပွစိပွစိ ပြောနေရတာလဲ..." ချန်ချွေ့ဖန်သည် သူ့အား အချိန်ကိုက် ဝင်ရောက်ဟန့်တားလိုက်သည်။
"လမ်းမှာ ဂရုစိုက်သွားကြနော်... တကယ်လို့ သေချာ မောင်းမယ်ဆိုရင် မတော်တဆမှုတွေ အများကြီး ဖြစ်မှာ မဟုတ်ဘူး..." ချန်ချွေ့ဖန်က ဆက်လက်ပြောဆိုလိုက်သည်။
"စိတ်မပူပါနဲ့... ကျွန်တော့်ရဲ့ ကားမောင်းကျွမ်းကျင်မှုက ထိပ်တန်းအဆင့်ပါ..." စုယွမ်က ပြောဆိုလိုက်သည်။
အချိန်ဆိုသည်မှာ ရူးသွပ်စွာ ပြေးလွှားနေသော တောမြည်းတစ်ကောင်နှင့် တူပေသည်။ မျက်တောင်တစ်ခတ်အတွင်းမှာပင် နောက်တစ်နေ့သို့ ရောက်ရှိလာခဲ့လေပြီ။
စုယွမ်သည် မနက်စောစော နိုးလာခဲ့ပြီး ယနေ့အတွက် သတင်းအချက်အလက်များကို စစ်ဆေးကြည့်ရှုလိုက်၏။
ဒီနေ့ မိုးမရွာဘူးဆိုသည့် အချက်မှလွဲ၍ အခြား အသုံးဝင်သော သတင်းအချက်အလက်များကို မရရှိခဲ့ချေ။
မနက်စာစားပြီးနောက် စုယွမ်သည် စုယောင်းအား ခေါ်လိုက်ပြီး ထွက်ခွာရန် ပြင်ဆင်လိုက်ကြသည်။
ကားထဲတွင် ထိုင်လိုက်ချိန်၌ စုယွမ်က ခရီးသည်ထိုင်ခုံမှ စုယောင်းအား "ငါ နင့်ကို ပိုက်ဆံတချို့ အရင်လွှဲပေးလိုက်မယ်..." ဟု ပြောဆိုလိုက်သည်။
စုယွမ် စကားပြောဆိုပြီးနောက် လက်ချောင်းလေးဖြင့် ညင်သာစွာ နှိပ်လိုက်ရာ 'တင်' ခနဲ မြည်သံနှင့်အတူ ယွမ် ၁ သိန်းကို စုယောင်းထံသို့ လွှဲပေးလိုက်လေသည်။
"ဝိုး... အစ်ကို... ဘာလို့ ညီမဆီကို ဒီလောက် ပိုက်ဆံအများကြီး လွှဲပေးတာလဲ... ဒါက အရမ်း များလွန်းတယ်လေ..." စုယောင်းသည် အံ့အားသင့်စွာဖြင့် အော်ဟစ်လိုက်သည်။
"အဲဒါက များလို့လား... အဲဒါတွေ အားလုံးကို မြန်မြန် သုံးပစ်လိုက်တာ ပိုကောင်းမယ်... ပြီးရင် နင့်ဆီကို ထပ်လွှဲပေးဦးမယ်..." စုယွမ်က ပေါ့ပေါ့ပါးပါး ပြောဆိုလိုက်သည်။
"ဟီးး... သူဌေးတွေက အရမ်း မောက်မာတာပဲ... ညီမလေး သဘောကျတယ်..." စုယောင်းသည် သုည ငါးလုံးကို ကြည့်ကာ သူမ၏ စိတ်ခံစားချက်များ တိုးတက်ကောင်းမွန်လာသည်ကို ခံစားလိုက်ရပေ၏။
နှစ်ယောက်သား လမ်းတစ်လျှောက်လုံး စကားစမြည် ပြောဆိုလာခဲ့ကြပြီး အများစုမှာ အတန်းဖော်တစ်ယောက် ဖိနပ်လှလှလေး ဝယ်ခဲ့သည့်အကြောင်း၊ သူငယ်ချင်းတစ်ယောက် ဂါဝန်လှလှလေး ဝတ်လာသည့်အကြောင်းနှင့် အခြားသော အသေးအဖွဲ ကိစ္စရပ်များကဲ့သို့ စုယောင်းနှင့် ပတ်သက်သည့် အကြောင်းအရာများသာ ဖြစ်ပေသည်။
နှစ်ယောက်သား ပျော်ရွှင်စွာ စကားပြောဆိုလာခဲ့ကြပြီး တစ်နာရီကြာ ခရီးစဉ်သည် လျင်မြန်စွာ ပြီးဆုံးသွားခဲ့သည်။ သူတို့သည် နံနက် ဆယ်နာရီတွင် ထွက်ခွာလာခဲ့ကြပြီး ယခုအခါ ဆယ့်တစ်နာရီ ထိုးနေပြီ ဖြစ်၏။
မြို့ထဲသို့ ဝင်ရောက်လာသည်နှင့် တစ်ပြိုင်နက် အနည်းငယ် ဆာလောင်လာသည်ကို ခံစားလိုက်ရသည်။
"အရင်ဆုံး တစ်ခုခု သွားစားကြရအောင်... ပြီးရင် ငါ့အိမ်မှာ ခဏလောက် သွားနားမယ်... ပြီးမှ ငါတို့ လျှောက်လည်လို့ ရတာပေါ့..." စုယွမ်က အကြံပြုလိုက်သည်။
"ကောင်းပြီလေ..." စုယောင်းက ပြန်ဖြေလိုက်သည်။
"ဒါပေမဲ့ အစ်ကို... အစ်ကို့ကားထဲမှာ ရေမရှိဘူးလား... ညီမ တကယ် ရေဆာနေပြီ..." စုယောင်းက ပြောဆိုလိုက်သည်။
"ဟုတ်သားပဲ..."
"ရေဆာပြေအောင် ရေသန့်ဘူး နှစ်ဘူးလောက် အရင် သွားဝယ်လိုက်ဦးမယ်..."
"အခုထိ ဘာစားချင်လဲဆိုတာ မစဥ်းစားရသေးဘူး..."
စုယောင်းသည်လည်း ကားထဲမှ ထွက်လာခဲ့ပြီး အနီးနားရှိ မိုးမျှော်တိုက်ကြီးများကို ကြည့်ကာ အတော်လေး ဆန်းသစ်နေသကဲ့သို့ ခံစားလိုက်ရ၏။ သူမ၏ ပတ်ဝန်းကျင်ရှိ ဖြတ်သန်းသွားလာနေသူများ သည်လည်း ခေတ်ဆန်ဆန် ဝတ်ဆင်ထားကြပေသည်။
သို့သော် စုယောင်းသည် သဘာဝကျကျပင် အလွန် လှပသူဖြစ်ပြီး ထိုသို့သော ပြင်ဆင်ခြယ်သထားသည့် အဝတ်အစားများ မပါဘဲနှင့်ပင် သူမသည် လူအုပ်ထဲတွင် ထင်ပေါ်နေမည် ဖြစ်ပေသည်။
"ဟားဟား... အလှလေး... မင်းက တကယ်ကို လှတာပဲ... ငါတို့ WeChat အကောင့်လေး ပေးပြီး သူငယ်ချင်း လုပ်ကြရအောင်... ပြီးရင် အတူတူ လျှောက်လည်ကြမလား..." ထိုအခိုက်အတန့်၌ ဆံပင်အဝါရောင် ဆိုးထားသော လူငယ်အချို့သည် ကောက်ကျစ်သော အပြုံးများဖြင့် လျှောက်လာကြသည်။
ခဏတာမျှ စုယောင်း၏ မျက်မှောင်များ တွန့်ချိုးသွားတော့၏။