← Chapters

ဒီ မြေးတပည့်ကတော့

Vol. 11 Ch. 146

ဒီ မြေးတပည့်ကတော့

Vol. 11 Ch. 146

ရေကန်ဘေးရှိ သစ်ပင်‌အောက်တွင် လီချန်ရှို့သည် တဲအိမ်အတွင်းရှိ မြင်ကွင်းကိုကြည့်လိုက်ပြီးနောက် အတန်ငယ် ဝမ်းနည်းမိသလိုဖြစ်လာ၏။

တဲအိမ်ထဲတွင် လူနှစ်ယောက်သည် တစ်‌ယောက်ကိုတစ်ယောက် မျက်နှာချင်းဆိုင်ကာ ထိုင်နေကြ၏။ သူတို့ထဲမှ တစ်ယောက်သည် လေဒဏ်၊ နှင်းဒဏ်တို့တိုက်စားခြင်းကို ခံထားရသော ချပ်ဝတ်ကို ဝတ်ဆင်ထားပြီး ကျန်တစ်ယောက်သည် အလင်းတန်းများ ဖြာထွက်နေသည့် နတ်ဝိဇ္ဇာဝတ်ရုံကို ဝတ်ဆင်ထား၏။

ဖယောင်းတိုင်အလင်းရောင်သည် သူ၏မျက်နှာကို ဟပ်နေရာ ခံ့ညားသောရုပ်သွင်သည် ပို၍ပေါ်လွင်နေပေသည်။ သူ၏ နားထင်ရှိ ဆံပင်များသည် ဖြူစွတ်နေပြီး သူသည် အပူအပင်ကင်းသူတစ်ယောက်ဟု ထင်ရ၏။

စန်းရှန်းကိုအသုံးပြု၍ တီးခတ်လိုက်သော လွမ်းမောဖွယ်တေးသွားတစ်ခု ဘေးမှ ထွက်ပေါ်လာ၏။ ထို့နောက် စကားနှစ်ခွန်းကို ထပ်မံကြားလိုက်ရ၏။

( စန်းရှန်းဆိုသည်မှာ လက်ကွက်အတွက် အကွက်သီးသန့်မပါသော ဗျပ်စောင်းကဲ့သို့ တရုတ်ကြိုးတပ်တူရိယာ တစ်ခုဖြစ်သည် )

ကျန်းလင်းအာက ပြောလိုက်၏။

“ ရှင်မလာခဲ့သင့်ဘူး... ”

“ ဒါပေမဲ့ ကျုပ်ရောက်လာခဲ့ပြီ ”

လီချန်ရှို့သည် ရုတ်ခြည်း သူ၏အတိတ်ဘဝကို ပြန်အမှတ်ရသွား၏။

‘ ဟာ... ’

လီချန်ရှို့ ဘေးသို့လှည့်ကြည့်လိုက်သည်။ သူ၏ဘေးတွင် ထိုင်နေသော လင်းအယ်သည် မည်သည့်အချိန်ကစ၍ စန်းရှန်းကို တီးခတ်နေကြောင်း သူ မသိလိုက်ပေ။ သူ၏နှုတ်ခမ်းစွန်းနှစ်ဖက် တွန့်ကွေးသွားပြီး တီးတိုးပြောလိုက်သည်။

“ ညီမလေး ... ဘာလို့ရုတ်တရက်ကြီး ထတီးနေရတာတုံး။ သွား လက်ဖက်ရည်သွားပို့ပေးလိုက်... ”

“ အိုး... ”

လင်းအယ်သည် မျက်နှာမဲ့၍ စန်းရှန်းကိုပြန်သိမ်းလိုက်သည်။ သူမသည် ခေါင်းငုံ့၍ လက်ဖက်ရည်အိုးနှင့် ခွက်များယူရန် မီးဖိုဆောင်အတွင်းသို့ လျင်မြန်စွာ သွားလိုက်လေသည်။

ထိုအခိုက်တွင် အရှင်ဝမ်ချင်းနှင့် ကျိုးလင်းအာတို့သည် တဲအိမ်ထဲတွင် မည်သည့်စကားမှ ဆက်မပြောကြတော့ဘဲ တိတ်တဆိတ်ထိုင်နေကြ၏။

လီချန်ရှို့သည် သူ၏ ဆရာဘွားဘွား မွန်မွန်ရည်ရည် ထိုင်နေခြင်းကို လွန်ခဲ့သည့် လဝက်အတွင်း ပထမဆုံးအကြိမ်မြင်ဖူးခြင်းပင်။ ပုံမှန်ဆိုလျှင် သူမသည် သူမ၏ ရှည်လျား၍ ကျယ်သော ချပ်ဝတ်အောက်ပိုင်းကို ဖြန့်၍ ခြေကားကာ ခြေထောက်လှုပ်၍ ထိုင်တတ်သူဖြစ်သည်။

အရှင်ဝမ်ချင်းက မေးလိုက်သည်။

“ မင်းက အဆင့်တက်နိုင်သွားပြီပဲ... ဘာလို့ ဂိုဏ်းကထပ်ထွက်သွားဦးမှာလဲ။ အာဒိကပ္ပလောကဆိုတာ အန္တရာယ်များတဲ့နေရာပဲ။ ပြီးတော့ အခွင့်အရေးကောင်းတွေ ရှာတွေ့ဖို့ ခက်ခဲပါတယ်။ ဂိုဏ်းထဲမှာပဲ အေးအေးချမ်းချမ်း ကျင့်ကြံနေတာပိုကောင်းပါတယ် ”

“ ဂိုဏ်းအပြင်မှာ ကျမနဲ့ အေးအတူပူအမျှ စွန့်စားခဲ့တဲ့ မိတ်ဆွေတွေရှိပါသေးတယ်။ ကျမ သူတို့ကို မထားခဲ့ချင်ဘူး ”

ကျန်လင်းအာက တည်တည်ငြိမ်ငြိမ် ပြောလိုက်၏။

“ ကျမ ဒီတစ်ခေါက် အသက်မသေဘဲ အဆင့်တက်သွားနိုင်တာ ကံကောင်းလို့ပဲ။ ကျမရဲ့ ကျန်တဲ့ဘဝတစ်လျှောက်လုံး ဂိုဏ်းထဲမှာပဲ မနေချင်ဘူး ”

အရှင်ဝမ်ချင်းသည် တစ်စုံတစ်ခု ပြောလိုဟန်ရှိသောလည်း ဖြည်းဖြည်းချင်းသာ အသက်ရှူထုတ်လိုက်လေသည်။

သူတို့နှစ်ဦးသည် ခေတ္တမျှ တိတ်ဆိတ်သွားပြန်သည်။ ဝိညာဉ်မီးအိမ်လေးအတွင်းမှ မီးတောက်လေးသည် လှုပ်ခတ်သွား၏။

“ မင်းက အရင်ကဖြစ်ခဲ့တာတွေကို မကျေမနပ်ဖြစ်နေတုန်းပဲလား ”

ကျန်းလင်းအာပြန်ဖြေလိုက်၏။

“ မဟုတ်ပါဘူး... ကျမရဲ့ တပည့်တွေက မတရားခံခဲ့ရတယ်လို့ပဲ ခံစားရတာပါ။ ဒါပေမဲ့ ရှင်ကတော့ အဲဒါကို ဂရုမစိုက်ခဲ့ဘူး။ ကျမ နည်းနည်း စိတ်ပျက်သွားတာပါ ”

အရှင်ဝမ်ချင်းက ပြောလိုက်သည်။

“ အဲဒီအချိန်တုန်းက ကျုပ်က အတုမဲ့တာအိုကို ရှာဖွေဖို့ အခန်းအောင်းကျင့်ကြံနေခဲ့တာ.. ကျုပ် လွန်ခဲ့တဲ့ နှစ်ခြောက်ရာလောက်ကမှ အခန်းအောင်းကျင့်ကြံတာက ထွက်လာခဲ့တာပါ ”

ရေကန်ဘေးရှိ မိုးမခပင်ကြီးအောက်တွင် လီချန်ရှို့သည် သူ၏ဆရာထံသို့ အသံပို့လွှတ်၍ မေးလိုက်၏။

“ ဆရာ... အရှင်ဝမ်ချင်းနဲ့ ဆရာဘွားဘွားနဲ့က... ”

“ ငါလည်း မသိဘူး... ”

တာအိုရသေ့အိုကြီးချီယွမ် ခေါင်းခါ၍ ပြန်ပြောလိုက်၏။

“ ငါ ဂိုဏ်းထဲဝင်လာတော့ အရှင်ဝမ်ချင်းက ချုံတောင်လေးကို လာလည်တာတော့ တွေ့ဖူးတယ်။ သူလာလည်တိုင်း အဲ့အချိန်တုန်းက ဂိုဏ်းကရောက်စ သူ့ရဲ့တပည့်လေး ကျိုးကျိုးကိုခေါ်လာတတ်တယ်။ ဒါပေမဲ့ အရှင်ဝမ်ချင်းက ဒီလို အုံ့ပုံးစိတ်..အမ်... ငါ ကောင်းကင်ပြစ်ဒဏ်ကို မခံနိုင်ဘဲ နတ်ဝိဇ္ဇာအဖြစ် မတက်လှမ်းနိုင်ခဲ့တာ အံ့ဩစရာတော့ မရှိတော့ပါဘူး။ လွန်ခဲ့တဲ့ နှစ်တစ်ထောင်အတွင်း ငါတို့ ချုံတောင်လေးက ဂိုဏ်းအတွင်းက တောင်အားလုံးကို အချိုးကျခွဲဝေပေးတဲ့ ခွဲတမ်းကို ဘယ်တုန်းကမှ အပြည့်အဝမရခဲ့ဘူး။ အဲ့နောက်မှာ ဒီလိုအကြောင်းရှိနေတာကိုး... ”

လီချန်ရှို့ ဆွံ့အသွား၏။

လီချန်ရှို့အနေဖြင့် သူ၏ဆရာသည် သဘောထားကြီးသည်ဟု ပြောရလေမလား၊ ဂိုဏ်း၏ လုပ်ထုံးလုပ်စဉ်များသည် ရှုပ်ထွေးသည်ဟု ပြောရလေမလား ဝေခွဲမရဖြစ်သွား၏။

သို့သော် လီချန်ရှို့သည် ဆရာဒေါ်လေးကျိုးကျိုးနှင့် သူ၏ဆရာ ရင်းနှီးနေရသည့် အကြောင်း၊ သူဂိုဏ်းသို့ ဝင်လာပြီးနောက်တွင် သူမသည် အဘယ်ကြောင့် ချုံတောင်လေးသို့လာလည်ခဲ့ခြင်းများကို နားလည်သွားခဲ့ပေပြီ။

ထို့ပြင် သူ၏မြောက်ကျွန်းသို့ ပထမဆုံးလေ့ကျင့်ရေးခရီးစဉ်တွင် ဆရာဒေါ်လေးကျိုးကျိုးသည် သူ့ကို အထူးဂရုစိုက်ပေးခဲ့၏။

ထိုသို့ ဂရုစိုက်ပေးခဲ့ခြင်းမှာ ယခု သူ့ဆရာပြောသော အကြောင်းများကြောင့် ဖြစ်ရပေမည်။

သူ၏ ရုပ်သွင်နှင့် ကိုယ်ရောင်ကိုယ်ဝါသည် ဆရာဒေါ်လေး၏ အာရုံကိုစွဲဆောင်နိုင်သဖြင့် သူ့အားဂရုစိုက်ပေးခြင်းမဟုတ်ကြောင်းကို လီချန်ရှို့သိရှိသွားသောအခါ သူ၏နှလုံးသားသည် ချက်ချင်းပင် တည်ငြိမ်သွားလေတော့သည်။

လင်းအယ်သည် တဲအိမ်အတွင်းသို့ လက်ဖက်ရည်သွားပို့လိုက်ပြီး လက်ဖက်ရည်ငှဲ့ပေးပြီးနောက် ရိုရိုကျိုးကျိုး ပြန်ထွက်လာ၏။

ကျန်းလင်းအာက ပြောလိုက်သည်။

“ ရှင်သာ ကျမတို့ရဲ့ အတိတ်က သံယောဇဉ်ကို အလေးထားသေးတယ်ဆိုရင် နောင်ကျမ ဂိုဏ်းမှာမရှိတဲ့အချိန်မှာ ကျမရဲ့ ချုံတောင်လေးကို စောင့်ရှောက်ပေးပါ။ နတ်ရေတံခွန်တောင်က သူတို့ကို ထပ်ပြီးအနိုင်မကျင့်ပါစေနဲ့ ”

“ အင်း...ကျုပ်သဘောတူတယ်။ ကိုယ့်ကိုယ်ကို ကာကွယ်နိုင်ဖို့ ဒါလေးယူသွားပါ ”

အရှင်ဝမ်ချင်းသည် ခေါင်းညိတ်၍ သဘောတူလိုက်သည်။ ထို့နောက် သူသည် ရတနာအိတ်လေးတစ်ခုကို ထုတ်လိုက်၏။ ထိုရတနာအိတ်ကို လီချန်ရှို့ တွေ့ဖူးသည်ဟု ထင်နေ၏။

‘ ဟ...အဲ့ဒါက ငါ အောင်းရိနဲ့ ပိုင်ဖန်ခန်းမရှေ့မှာ လက်ရည်စမ်းတုန်းက ဆရာဦးလေးကျိုးဝူ ငါ့ကိုငှားပေးလိုက်တဲ့ နတ်ရတနာမလား... ’

အရှင်ဝမ်ချင်းသည် ထိုကဲ့သို့ နတ်ရတနာတစ်ခုကို ယခုလိုပေးပစ်လိုက်ခြင်းကို ကြည့်လျှင် ထိုနှစ်ဦးသည် အတော်လေး ရင်းနှီးသော ဆက်ဆံရေးရှိရပေမည်။

အရှင်ဝမ်ချင်းသည် နတ်ရတနာကို ပေးလိုက်ပြီးနောက် ထရပ်ကာ ကျန်းလင်းအာကို တာအိုအရိုအသေပြုလိုက်၏။

ကျန်းလင်းအာသည်လည်း ပြန်၍ ဦးညွှတ်လိုက်သည်။ သူတို့နှစ်ဦးသည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသော်လည်း မည်သည့်စကားမှ ဆက်မဆိုလိုက်ချေ။

အရှင်ဝမ်ချင်းသည် နောက်လှည့်၍ တဲအိမ်အတွင်းမှ ထွက်လာလိုက်၏။ သူသည် ရှေ့သို့ ခြေလှမ်းအနည်းငယ် ဖြည်းဖြည်းချင်း လှမ်းလိုက်သည်။

သူသည် သူ၏အနောက်မှ လှမ်းခေါ်မည့်အသံကို မစောင့်တော့ဘဲ တိမ်စီးကာ ကောင်းကင်ခွင်းတောင်ဆီသို့ ပြန်သွားလိုက်လေတော့သည်။

ထိုအခိုက်တွင် ကျန်းလင်းအာသည် တဲအိမ်အတွင်းမှ ပြေးထွက်လာပြီး အဝေးသို့ ပျံသန်းပျောက်ကွယ်သွားသည့် အရှင်ဝမ်ချင်း၏ နောက်ကျောပြင်ကို ကြည့်လိုက်၏။ သူမသည် ညလေပြေအတွင်း၌ မတ်တတ်ရပ်နေကာ အချိန်အတော်ကြာသည်အထိ စကားမပြောတော့ပေ။

ထိုအခါ လွမ်းမောဖွယ် ဆွဲဆွဲငင်ငင် တေးသွားတစ်ခု ထပ်မံထွက်ပေါ်လာ၏။

လီချန်ရှို့သည် နောက်ခံတေးသွား တီးပေးနေသည့် လင်းအယ်ကို စိုက်ကြည့်လိုက်သည်။ လင်းအယ်သည် တီးခတ်နေခြင်းကို ရပ်တန့်လိုက်ပြီး မလုံမလဲဟန်ဖြင့် ပြောလိုက်၏။

“ ညီမလေး ဝမ်းနည်းမိသွားလို့ပါ။ ဝမ်းနည်းမိသွားလို့ပါ.... ”

“ ပိုပြီး ပျော်စရာကောင်းတဲ့ တေးသွားပဲ တီးပါ ”

လင်းအယ် တွေးတောလိုက်ပြီး သူမ၏ အင်္ကျီလက်အတွင်းမှ ဗုံတိုလေးနှစ်ခုကို ထုတ်ယူလိုက်၏။ သူမသည် သူမ၏အစ်ကိုကြီးကို မျက်တောင်ခတ်ပြလိုက်ပြီး အစ်ကိုကြီး၏ အမြင်ကို မေးလိုက်၏။

လီချန်ရှို့ သူ၏နဖူးကို ကိုင်၍ ပြောလိုက်၏။

“ ထားလိုက်တော့ ”

တဲအိမ်လေးအရှေ့တွင် ကျန်းလင်းအာသည် သူမ၏ အင်္ကျီလက်များကို ဝှေ့ယမ်လိုက်ပြီး ပျံသန်းပျောက်ကွယ်သွားသော အရှင်ဝမ်ချင်းကို မကျေမနပ်ပြောလိုက်သည်။

“ ပျင်းစရာကောင်းတဲ့ အရက်အိုးကြီး... ”

ထို့နောက် သူမသည် နောက်လှည့်ကာ တဲအိမ်ဆီသို့ ပြန်သွားလိုက်ပြီး မနက်တွင် ယူသွားရမည့် သူမ၏ အထုတ်အပိုးကို ဆက်၍ ထုတ်ပိုးနေလိုက်သည်။

ကျန်းလင်းအာသည် သူမထွက်သွားသောအခါတွင် ချီယွမ်တစ်ယောက် ငို၍ကျန်ခဲ့မည်ကို စိုးရိမ်နေ၏။

ထို့ကြောင့် သူမသည် ရုပ်ငြိမ်မန္တန်ကို အသုံးပြု၍ ချီယွမ်ကို တဲအိမ်ထဲတွင် ချုပ်ထားလိုက်ပြီး လီချန်ရှို့နှင့် လင်းအယ်ကိုသာ သူမကို လိုက်ပို့စေလိုက်၏။

ထို့နောက်တွင် သူမသည် စကြဝဠာတိုက်တစ်သောင်းအတွင်းရှိ သူမ၏နေရာသို့ပြန်၍ ငရဲပြည်သို့ သွားဖူးသည့် သူမ၏မိတ်ဆွေများနှင့် တိုင်ပင်ကာ သူမ၏ တပည့်ကြီး ဝမ်ကျန်းယွီ မည်သည့်နေရာတွင် ပြန်ဝင်စားသွားသည်ကို ရှာမည်ဖြစ်သည်။

ကျန်းလင်းအာ ပြောလိုက်၏။

“ မင်းတို့ရဲ့ ဆရာကို ကြည့်ရှုစောင့်ရှောက်ဖို့ မင်းတို့နှစ်ယောက်ကိုပဲ ဒုက္ခပေးရတော့မှာပဲ... ကောင်းပြီ..ပြန်သွားကြတော့။ သိပ်ပြီး ဝမ်းနည်းမနေပါနဲ့။ ဒီတစ်ခေါက် ငါက မင်းတို့နှစ်ယောက် ပြုစုတာကို ခံခဲ့ရတော့ အခုကို တော်တော်လေး အရှက်ရနေပါပြီ... ”

လီချန်ရှိုနှင့် လင်းအယ်တို့သည် တစ်ဦးကိုတစ်ဦး ကြည့်၍ ပြုံးလိုက်ပြီး ဦးညွှတ်လိုက်ကြ၏။

လင်းအယ် ပြောလိုက်သည်။

“ ဂရုစိုက်သွားပါ ဆရာဘွားဘွား... ”

လီချန်ရှို့သည်လည်း ပြုံး၍ ပြောလိုက်၏။

“ ဆရာဘွားဘွား... ကျွန်တော်တို့ဆီကို လူကြုံနဲ့ မကြာမကြာ စာပို့လိုက်နော်... ”

“ အေးပါ... မင်းတို့သာ ပြန်သွားကြတော့... ”

“ ခဏနေဦး... ”

ရုတ်တရက် ဂိုဏ်းဂိတ်တံခါးမှနေ၍ လှမ်းအော်လိုက်သံ ထွက်ပေါ်လာ၏။

ဂိတ်တွင် စောင့်ကြပ်နေသော နတ်ဝိဇ္ဇာအိုကြီးနှစ်ဦးသည် ရုတ်ခြည်း ကျောမတ်သွား၏။ သူတို့သည် အဝေးမှ တိမ်စီးကာ ပျံသန်းလာသောလူ ဂိတ်တံခါးအနီးသို့ မ‌ရောက်လာခင်မှာပင် တောင်ကာမန္တန်အစီအရင်ကြီးကို နှိုးထားလိုက်ပြီး ဖြစ်သည်။

ထိုသူကား သုံးချောင်းထောက်ဆေးတောင်မှ အကြီးအကဲဝမ်လင်းယွမ်ပင်။

လီချန်ရှို့သည် မအံ့ဩခဲ့ပေ။ သူသည် ထိုသူမှာ အကြီးအကဲဝမ်ဖြစ်ကြောင်း အဝေးကတည်းက သိရှိခဲ့ပြီးဖြစ်သည်။ လင်းအယ်သည် ကြောက်ရွံ့သွားသဖြင့် စိတ်လုံခြုံရန် သူမ၏ အစ်ကိုကြီးဘေးသို့ တိုးကပ်လိုက်သည်။

သို့သော် ထိုအခိုက်တွင် ကျန်းလင်းအာ၏ နဖူးထက်တွင် ဇောချွေးများ ပြန်နေပြီဖြစ်သည်။

သူမသည် အဝေးမှနေ၍ သူမထံပျံသန်းလာနေသော လူရိပ်ကို လှမ်းကြည့်လိုက်သည်။ သူမ စိတ်လှုပ်ရှားလာ၏။ သူမ၏ ကိုယ်ရောင်ကိုယ်ဝါသည် တောင့်တင်းလာပြီး သူမ၏ မူလဝိညာဉ်သည်လည်း တင်းထားသော လေးကြိုးကဲ့သို့ ဖြစ်လာလေသည်။ သူမ တံတွေးမျိုချလိုက်၏။

အကြီးအကဲဝမ်လင်းယွမ်သည် အနီးသို့ပျံသန်းလာပြီး ကျန်းလင်းအာကို ပြုံးပြလိုက်၏။

ကျန်းလင်းအာသည် အေးစက်သောချောက်ကြီးအတွင်းသို့ ပြုတ်ကျသွားသကဲ့သို့ ခံစားလိုက်ရ၏။ သူမ တုန်လှုပ်သွားကာ ထွက်ပြေးမိလုမတတ် ဖြစ်သွား၏။

သို့သော် လီချန်ရှို့သည် ဦးညွှတ်၍ ပြောလိုက်၏။

“ နှုတ်ခွန်းဆက်ပါတယ် ဆရာဘိုးဘိုး... ”

“ အင်း... ”

ဝမ်လင်းယွမ်သည် မျက်မှောင်ကြုတ်လိုက်ပြီး ရှေ့သို့ ထပ်မတိုးတော့ပေ။

လီချန်ရှို့သည် ကျန်းလင်းအာထံသို့ အသံပို့လွှတ်လိုက်သည်။

“ ကျွန်တော် ဆရာဘွားဘွားအတွက် ဆေးလုံးတွေထပ်ပြီး တောင်းပေးပါမယ်။ အဲ့မှာပဲနေပါ...မလှုပ်ပါနဲ့ ”

သို့သော် လီချန်ရှို့ပင် ပြောရန်မလိုလိုက်ဘဲ အကြီးအကဲဝမ်လင်းယွမ်သည် ရတနာအိတ်နှစ်အိတ်ကို ထုတ်၍ လီချန်ရှို့ထံ ကမ်းပေးလိုက်၏။

“ ဒီဟာတွေကို မင်းရဲ့ ဆရာဘွားဘွား ကိုယ့်ကိုယ်ကို ကာကွယ်နိုင်ဖို့ ပေးလိုက်ပါ ”

လီချန်ရှို့ ပြုံး၍ ပြောလိုက်၏။

“ အခုလို ဂရုစိုက်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဆရာဘိုးဘိုး... ”

အကြီးအကဲဝမ်လင်းယွမ် ထပ်ပြောလိုက်၏။

“ မနက်ဖြန်ကစပြီး ဆေးဖော်တော့။ နောက်သုံးလနေရင် ငါ့ကို ဆေးလုံးတွေလာပေး... ”

“ ဟုတ်ကဲ့ပါ... ကျွန်တော် သုံးလနေရင် လာခဲ့ပါမယ် ”

အကြီးအကဲဝမ်လင်းယွမ်သည် လီချန်ရှို့ကို ပြုံးပြ၍ ဂိုဏ်းတွင်းသို့ ပြန်သွားလိုက်လေတော့သည်။ ထိုအဘိုးကြီးပြန်သွားသည်နှင့် တစ်ပြိုင်နက် ကျန်းလင်းအာသည် စိတ်သက်သာရာရသွားဟန် သက်ပြင်းချလိုက်၏။ သူမသည် အလိုလိုပင် ဇောချွေးများပြန်နေ၏။

“ အကြီးအကဲဝမ်လင်းယွမ်က တကယ့်ကို အရှိန်အဝါကြီးတာပဲ ”

“ ဆရာဘွားဘွား... ”

လီချန်ရှို့ ရတနာအိတ်နှစ်အိတ်ကို ယူလာ၏။

“ ဒီဆေးလုံးတွေကို အကျိုးရှိရှိသုံးပါ။ အကြီးအကဲဝမ်ကို ကမ္မနှောင်ကြိုးတွေ ထပ်မပေးမိပါစေနဲ့ ”

“ ဒါက... ”

ကျန်းလင်းအာသည် မျက်တောင်ခတ်၍ ရတနာအိတ်နှစ်အိတ်ကို ကိုင်ကာ ကြည့်ရှုလိုက်သည်။ သူမသည် အဖိုးတန်ရတနာတစ်ခုကို ရရှိလိုက်သကဲ့သို့ ရှိနေ၏။

အိတ်ထဲ၌ အကြီးအကဲဝမ်ဖော်စပ်ထားသော အဆိပ်ဆေးလုံးများပင်။

ကျန်းလင်းအာသည် ဆက်၍ အချိန်မဆွဲနေဝံ့တော့ပေ။ သူမသည် ထွက်မသွားခင် လီချန်ရှို့ကို အတန်ကြာကြည့်လိုက်၏။ ထို့နောက် သူမသည် ခေါင်းခါ၍ ခေါင်းညိတ်လိုက်၏။ သူမ၏ အတွေးနှင့် အပြုအမူကို နားလည်ရန်မလွယ်ကူပေ။

သူမသည် အရှေ့သမုဒ္ဒရာသို့ သွားသည့်လမ်းကြောင်းကို ရွေးလိုက်ပြီး လောကအဆုံးကိုသွားရန် အရှေ့သမုဒ္ဒရာ၏ အရှေ့ဘက်သို့ သွားလိုက်လေသည်။ ရှေးခေတ်တွင် အာဒိကပ္ပလောကသည် အဆုံးမရှိပေ။ နဂါး၊ ဇာမနီနှင့် ချီလင်း မျိုးနွယ်သုံးစု၏ စစ်ပွဲအကြားတွင် လောကကြီးသည် ပြိုကွဲခဲ့ရပြီး အာဒိကပ္ပလောကတွင် ကျွန်းကြီးငါးကျွန်းသာ ကျန်ခဲ့လေ‌တော့သည်။

ထိုပြိုကွဲသွားသော အစိတ်အပိုင်းများသည် အာကာသဟင်းလင်းပြင်အတွင်းသို့ လွင့်မျောသွားပြီး စကြဝဠာတိုက်တစ်သောင်း ဖြစ်ပေါ်ခဲ့လေသည်။

ထိုဟင်းလင်းပြင်ကြီးသည် လောကသုံးပါးတွင် ပါဝင်ပြီး အဆုံးအစမရှိပေ။

စုန်းကဝေ-မိစ္ဆာစစ်ပွဲကြီး အလယ်နှင့် အဆုံးသတ်အပိုင်းတို့တွင် စုန်းကဝေခွန်ပန်းသည် စိတ်ဆိုးဒေါသဖြစ်လွယ်သော ဘိုးဘေးစုန်းကဝေနှစ်ဦးကို ဒေါသထွက်စေရန် ဆွပေးခဲ့သည်။ ထိုဘိုးဘေးစုန်းကဝေနှစ်ဦးမှာ ရေစုန်းကဝေ ကုန်းကုန်းနှင့် မီးစုန်းကဝေ ကျူးရုံတို့ဖြစ်ကြသည်။

ထို ဒေါသထွက်နေသော စုန်းကဝေနှစ်ဦးသည် ပုကျိုးတောင်ကို ဖျက်ဆီးခဲ့ကြ၏။ ထို ကောင်းကင်ထောက်တိုင်ဖြစ်သော ပုကျိုးတောင် ပျက်ဆီးသွားသဖြင့် ကောင်းကင်ဘုံမြစ်မှ ရေများသည် လူသားလောကသို့ ကျဆင်းလာခဲ့လေသည်။ လောကကြီးသည် ပရမ်းပတာအခြေအနေသို့ ပြန်ရောက်သွားမလို ဖြစ်ခဲ့၏။

ထိုကြောင့် နတ်ဘုရားမ နွီဝါးသည် ကောင်းကင်ကြီးကို ပြန်လည်ပြင်ဆင်ခဲ့ပြီး မြောက်ကျွန်းရှိ လိပ်နက်ကြီး၏ ခြေလက်လေးချောင်းကို ဖြတ်၍ ကောင်းကင်ဘုံထောက်တောင်အနေဖြင့် အသုံးပြုခဲ့လေသည်။ ထို့နောက် တာအိုဘိုးဘေးများနှင့် တန်ခိုးရှင်ခြောက်ပါးသည် စုန်ကဝေ-မိစ္ဆာစစ်ပွဲတွင် ဝင်ရောက်တိုက်ခိုက်ခဲ့ကြပြီး အာဒိကပ္ပလောကကြီးကို ဆန်းကြယ်သော မှော်တန်ခိုးများဖြင့် ဝန်ရံထားလိုက်လေသည်။ သူတို့သည် ကောင်းကင်ဘုံထောက်တိုင် လေးတိုင်ကိုလည်း ကာကွယ်ပေးကြ၏။

ကျွန်းကြီးငါးကျွန်းနှင့် စကြဝဠာတိုက်တစ်သောင်းတို့အကြားက ဆက်စပ်မှုကို ထိန်းသိမ်းထားရန် တာအိုဘိုးဘေးသည် ကောင်းကင်ဘုံထောက်တိုင်လေးတိုင်၏ အနီးတွင် တံခါးတစ်ပေါက်စီ ထားပေးခဲ့၏။ ထိုတံခါးများမှနေ၍ ကျွန်းကြီးငါးကျွန်းသို့ ဝင်နိုင်ထွက်နိုင်လေသည်။ ထိုနေရာသည် လောကကြီး၏ နယ်နိမိတ်အဆုံးပင်။ ထို့နောက် တဖြည်းဖြည်းဖြင့် ချီကျင့်ကြံသူများသည် လောကအတွင်း လှည့်ပတ်သွားလာခဲ့ကြသည်။ ထိုတံခါးပေါက်များအနီးတွင် လှပသော ရှုခင်းများ အများအပြားရှိသဖြင့် ကျင့်ကြံသူများ၏ နေထိုင်ရာဖြစ်လာလေတော့သည်။

ကျန်းလင်းအာသည် တုနတ်ဝိဇ္ဇာဂိုဏ်းမှ ထွက်လာပြီးနောက် တစ်ရက်နှင့်တစ်ည လျှို့ဝှက်ခရီးနှင်လိုက်၏။ သူမသည် အရှေ့သမုဒ္ဒရာ၏ အဆုံးသို့ရောက်သွားရှိလေသည်။

သူမသည် အဝေးသို့လှမ်းကြည့်လိုက်ရာ အာကာပြင်ပေါ်တွင် မျောနေသော နတ်ကျွန်းအများအပြားရှိသည့် ကြီးမားသော မြို့ကြီးတစ်မြို့ကို တွေ့လိုက်ရ၏။

ကျန်းလင်းအာ ထိုနေရာသို့ ရောက်သွားသောအခါ သူရိန်နေမင်းကြီးသည် အနောက်ဘက်တွင် ဝင်သွားပေပြီ။ သမုဒ္ဒရာရေမျက်နှာပြင်ပေါ်တွင် ရွှေရောင်အလင်းတန်းများတောက်ပေနေ၏။ အနောက်ဘက်ရှိ အာကာပြင်သည် ရဲရဲနီနေ၏။ အရှေ့ဘက်ရှိ အာကာပြင်တွင်မူ ကြယ်များဖြင့် ပြည့်နှက်နေပေပြီ။

ကြီးမားသော ထောက်တိုင်ကြီးသည် ကောင်းကင်နှင့်မြေကြီးအကြားတွင် မားမားမတ်မတ် တည်ရှိ‌နေ၏။ ၎င်း၏ အမြင့်နှင့် အချင်းကို မသိနိုင်ပေ။

လမ်းတစ်လျှောက်တွင် ကျန်းလင်းအာသည် သူမ၏ ဂိုဏ်းသို့ ပြန်သွားသည့် ခရီးအကြောင်းကို ပြန်တွေးတောနေလေသည်။

သူမ၏ တပည့်နှစ်ဦးသည် ဘေးဒုက္ခများနှင့် ကြုံတွေ့ခဲ့ရ၏။ သို့သော် ကံအားလျော်စွာပင် သူမ တပည့်ကြီး၏ ဝိညာဉ်သည် ပြန်ဝင်စားနိုင်ခဲ့၏။ သူမသည် ထိုတပည့်ကြီး၏ သဲလွန်စများကို ရှာနိုင်ရန် မျှော်လင့်ချက်ရှိပေသေးသည်။ သူမ၏ ဒုတိယတပည့်သည် မြေနတ်ဝိဇ္ဇာဖြစ်သွားခဲ့သော်လည်း သူ၏ သက်တမ်းသည် အတိုင်းအတာတစ်ခုအထိ ရှည်သွားပြီဖြစ်သည်။ ကျန်းလင်းအာ နားမလည်နိုင်ဆုံး အရာတစ်ခုမှာ တာအိုပေါင်းစည်းခြင်းအဆင့်တွင်ရှိသော မြေးတပည့် လီချန်ရှို့ပင် ဖြစ်လေသည်။

သူမသည် သူ၏ကျင့်ကြံခြင်းအဆင့်ကို ရှင်းလင်းစွာဖောက်ထွင်းမြင်နိုင်ပြီး သူသည် နတ်ဆေးပညာနှင့် မန္တန်အစီအရင်ပညာတို့တွင် ပါရမီရှိသူတစ်ဦးဖြစ်ကြောင်း သိ၏။ သို့သော် ကျန်းလင်းအာသည် ဂိုဏ်းပြင်တွင်နှစ်ပေါင်းများစွာ စွန့်စားသွားလာ ကျင့်ကြံခဲ့မှုများကြောင့် သူမ၏ လူအကဲခတ်စွမ်းရည်သည် အတော်လေးတိုးတက်နေပြီဖြစ်သည်။ ကျန်းလင်းအာသည် သူမ ရှင်းလင်းစွာဖောက်ထွင်းမြင်နေရသော ထိုတပည့်မှာ အောက်ခြေမဲ့ ချောက်နက်ကြီးတစ်ခုကဲ့သို့ထင်ရသည်ဟု ခံစားနေရ၏။

ဂိုဏ်းထဲတွင် သူမလုပ်သမျှ ကိစ္စအားလုံးကို ထိုတပည့်က စောင့်ကြည့်နေသည်ဟု သူမ ခံစားနေရ၏။

သူသည် သူမ လုပ်လိုသည့် အရာအားလုံးအတွက်ပင် ပြင်ဆင်ထားသေး၏။

ထို့ပြင်...

ကျန်းလင်းအာသည် ယခုတစ်ခေါက် သူမ ရလာသည့် ပစ္စည်းများကို နတ်အာရုံသုံး၍ အာရုံခံလိုက်သည်။

ထို ပြည်တည်တည်မျက်နှာထားနှင့် အရှင်ဝမ်ချင်းဆိုသူပေးလိုက်သော နတ်ရတနာသည် အသုံးပြုသူ၏ တိုက်ခိုက်မှုစွမ်းရည်ကို သိသိသာသာ မြှင့်တင်ပေးနိုင်လေသည်။

ဂိုဏ်းမှ ပေးလိုက်သော ဆုများကိုမူ ထည့်ပြောရန်ပင် မတန်ပေ။

လီချန်ရှို့ ပေးလိုက်သော ဆေးလုံးများမှာ လွန်စွာအဖိုးတန်၏။ ထို့ပြင် လီချန်ရှို့၏ ကျေးဇူးကြောင့် အကြီးအကဲဝမ်လင်းယွမ်သည် သူမကို နတ်ရတနာထက်ပင် ပို၍ အဖိုးတန်သော အဆိပ်ဆေးလုံးများပေးလိုက်၏။

‘ သူက ဘယ်လို မြေးတပည့်မျိုးလဲ... ’

ကျန်းလင်းအာသည် ရင်ထဲတွင် သက်ပြင်းသဲ့သဲ့ချလိုက်သည်။ သူမသည် နှစ်ခါမျှ ညီးညူလိုက်ပြီး ခေါင်းရှုပ်လာ၏။

သို့သော် ထိုမြေးတပည့်သည့် သူမ၏ ဒုတိယတပည့်အတွက် ကံကောင်းမှုကြယ်တစ်ပွင့်ဖြစ်ကြောင်း သူမသိ၏။ အနာဂတ်တွင် သူမသည် ဒုတိယတပည့်အတွက် များစွာစိုးရိမ်ရန် လိုတော့မည် မဟုတ်ပေ။ သူမအနေဖြင့် ပထမတပည့်သည် မည်သည့်နေရာတွင် မည်သည့်သတ္တဝါအဖြစ် ပြန်ဝင်စားသွားကြောင်းကိုသာ တတ်နိုင်သမျှ မြန်မြန်ရှာရမည်သာ ဖြစ်သည်။

ကျန်းလင်းအာသည် မြို့ထဲတွင် လှည့်ပတ်၍ ကောင်းကင်နှင့်မြေကြီး မန္တန်အစီအရင်ကြီး၏ ထွက်ပေါက်သို့ ခပ်သုတ်သုတ် သွားလိုက်၏။ သူမသည် နတ်ကျွန်းတစ်ကျွန်းပေါ်သို့ ရောက်သွားသောအခါ ‘ လောကအဆုံး ’ ဟုရေးသားထားသော ကျောက်ပြားတစ်ချပ်ကို တွေ့လိုက်ရ၏။ သူမသည် အလင်းတန်းအဖြစ်ပြောင်းလဲ၍ အဝေးသို့ ပျံထွက်သွားရန် ဟန်ပြင်လိုက်သည်။

“ မိတ်ဆွေ ကျင့်ကြံသူ... ခဏလောက် စောင့်ပါဦး... ”

ကျိုးလင်းအာ၏ ခြေထောက်များသည် လှုပ်ရှားသွားပြီး အသင့်အနေအထား ပြင်ထားလိုက်သည်။

သမုဒ္ဒရာအတွင်းမှ နဂါးသုံးကောင်း ပျံသန်းလာ၏။ နဂါးဦးခေါင်းနှင့် အကြီးအကဲနှစ်ဦး၏ ကိုယ်ရောင်ကိုယ်ဝါများသည် ကျန်းလင်းအာအပေါ်သို့ ကျရောက်နေသဖြင့် သူမ၏မျက်နှာလေးသည် ဖြူဖတ်ဖြူရော် ဖြစ်သွားလေသည်။

ထိုဖိအားကား အမှန်ပင် အာကာသနတ်မင်းအဆင့်ရှိသူများ၏ ဖိအားပင်။

နဂါးဦးခေါင်းနှင့် အကြီးအကဲနှစ်ဦးသည် ဘေးသို့တိုး၍ လမ်းဖယ်ပေးလိုက်သည်။ ငယ်ရွယ်ခံ့ညားသော နဂါးပျိုလေးတစ်ကောင်သည် ရှေ့သို့လျှောက်လာ၏။ ထိုနဂါးလေးကား အောင်းရိပင်။

အောင်းရိသည် ကျန်းလင်းအာကို ကြည့်လိုက်ပြီး သူမ၏ ရုပ်သွင်ကို သိပ်၍အမှုမထားလိုက်ပေ။ သူမသည် သူ၏ အစ်ကိုနတ်မင်းပြောသည့်အတိုင်း ချပ်ဝတ်ကို ဝတ်ဆင်ထားပြီး ခက်ထန်သည့်ဟန်ပန်ရှိသည်ကို မြင်လိုက်ရသောအခါ အောင်းရိ၏ မျက်လုံးများ အရောင်တောက်သွား၏။

“ ဒီက မိတ်ဆွေက တုနတ်ဝိဇ္ဇာဂိုဏ်းက လီချန်ရှို့ရဲ့ ဆရာဘွားဘွားပါလား”

ကျန်းလင်းအာသည် အံ့အားသင့်သွားပြီး ကြောင်သွား၏။ သို့သော် သူမသည် ထိုအခိုက်တွင် လွတ်အောင်ပြေးနိုင်မည် မဟုတ်ကြောင်း သိ၏။

ထို့ကြောင့် သူမသည် လေသံတိုးတိုးဖြင့် မေးလိုက်သည်။

“ ဟုတ်တယ်...မင်းက ဘယ်သူလဲ ”

“ အကြီးအကဲတို့... အကြီးအကဲတို့ရဲ့ ဖိအားကို ပြန်ရုတ်သိမ်းလိုက်ပါ ”

အောင်းရိ ပြုံး၍ ဦးညွှတ်လိုက်သည်။

“ ကျွန်တော်က အရှေ့သမုဒ္ဒရာနဂါးနန်းတော်က အောင်းရိပါ... ဆရာဘွားဘွားကို နှုတ်ခွန်းဆက်ပါတယ် ”

နဂါးဦးခေါင်းနှင့် အကြီးအကဲသည် သူ၏ လက်ချောင်းများကို ထိ၍တွက်ချက်လိုက်ပြီး အောင်းရိကို လျင်မြန်စွာ ခေါင်းညိတ်ပြလိုက်သည်။

ကျန်းလင်းအာ မျက်မှောင်ကြုတ်၍ ပြောလိုက်သည်။

“ ငါ မေးလို့ရမလား... ”

အောင်းရိ ပြုံး၍ ပြောလိုက်၏။

“ ဆရာဘွားဘွား စိတ်မလှုပ်ရှားပါနဲ့။ ကျွန်တော်က အစ်ကိုချန်ရှို့ တာဝန်ပေးလိုက်လို့ ဆရာဘွားဘွားဆီကို စာတစ်စောင်လာပို့တာပါ ”

သူထိုသို့ပြောလိုက်သောအခါ နဂါးဦးခေါင်းနှင့် အကြီးအကဲတစ်ဦးသည် လက်မြှောက်၍ ကျန်းလင်းအာ၏ လက်အတွင်းသို့ ကျောက်စိမ်းပြားတစ်ပြားကို နတ်တန်ခိုးဖြင့် တွန်းပို့လိုက်သည်။

အောင်းရိက ဆက်ပြောလိုက်၏။

“ တခြားလက်ဆောင် နည်းနည်းလဲ ပါပါသေးတယ်။ ကျေးဇူးပြုပြီး လက်ခံပေးပါ ဆရာဘွားဘွား... ”

အခြား နဂါးဦးခေါင်းနှင့်အကြီးအကဲသည် တောင်ဝှေးပုံစံ သိုလှောင်ဓမ္မရတနာတစ်ခုကိုထုတ်၍ ကျန်းလင်းအာကို ပေးလိုက်လေသည်။ ထို့နောက် အောင်းရိက ဦးညွှတ်၍ ပြောလိုက်၏။

“ ကျွန်တော့်ရဲ့ တာဝန်ပြီးပါပြီ။ ကျွန်တော် ဆရာဘွားဘွားကို နှုတ်ဆက်ပါတယ်။ အဲ့ ရူယီတောင်ဝှေးထဲမှာ တံဆိပ်ပြားတစ်ပြားလည်း ပါပါတယ်။ တကယ်လို့ ဆရာဘွားဘွား စကြဝဠာတိုက်တစ်သောင်းအတွင်း လှည့်လည်သွားလာရင်း အခက်အခဲတွေနဲ့ ကြုံခဲ့ရင် အဲ့တံဆိပ်ပြားကိုသုံးပြီး နဂါးတပ်တွေ စခန်းချထားတဲ့ နေရာကိုရှာလိုက်ပါ။ ဆရာဘွားဘွားသာ အဲ့တံဆိပ်ပြားကို ပြနိုင်ရင် စစ်သည်သုံးထောင်ကို ငှားရမ်းလို့ရပါတယ် ”

“ ဆရာဘွားဘွား ... ဆရာဘွားဘွားက အစ်ကိုချန်ရှို့ရဲ့ ဆရာဘွားဘွားဆိုတော့ ကျွန်တော့်ရဲ့ ...ဆရာဘွားဘွားပါပဲ။ ဒီလက်‌ဆောင်ကို မငြင်းပါနဲ့..လက်ခံပေးပါ ”

ထိုသို့ပြောပြီးနောက် အောင်းရိသည် ဦးညွှတ်၍ နောက်သို့ လှည့်လိုက်လေသည်။ ထို့နောက် သူသည် နဂါးအကြီးအကဲအိုကြီးနှစ်ဦးနှင့် အနောက်ဘက်သို့ ပျံသန်းသွားလေတော့သည်။

ကျန်းလင်းအာ ရုတ်ခြည်း တုံပြန်လိုက်သည်။

သူမသည် လှည့်ပတ်ကြည့်၍ နတ်ကျွန်းပေါ်မှ ထွက်ခွာသွားလိုက်ပြီး လောကအပြင်ရှိ ကြယ်တာရာများရှိသော အာကာပြင်ကြီးထဲတွင် ပုန်းအောင်းနေလိုက်သည်။

အတန်ကြာ ပုန်းအောင်းပြီးနောက် ကျန်းလင်းအာသည် နဂါးများက သူမကို ပစ်မှတ်ထားနေခြင်း မဟုတ်ကြောင်း အတည်ပြုလိုက်၏။ ထို့နောက် သူမသည် ရူယီတောင်ဝှေးကို နတ်တန်ခိုးဖြင့် ဖွင့်၍ အထဲသို့ ကြည့်လိုက်သည်။ အထဲမှ ထွက်ပေါ်လာသော ရတနာအလင်းများသည် မျက်စိကျိန်းလောက်အောင်ပင်။

ကျန်းလင်းအာ၏ တာအိုနှလုံးသားသည် အတန်ငယ် လှုပ်ရှားသွားပြီး သူမသည် စိတ်ထဲမှ ဆဲဆိုမိလိုက်၏။

တချိန်တည်းမှာပင် သူမသည် ရွှေရောင်တောက်ပနေသော တံဆိပ်ပြားလေးတစ်ပြားကို တွေ့လိုက်၏။

အရှေ့သမုဒ္ဒရာနဂါးနန်းတော်မှ နဂါးမာနတံဆိပ်ပြားပင်။

“ ဒုတိယတပည့်က ဘယ်လိုတပည့်မျိုးကို လက်ခံထားတာလဲ... ”

ကျန်းလင်းအာသည် သူမ၏ ကျောရိုးတစ်လျှောက် အေးစက်သွားသည်ကို ခံစားလိုက်ရ၏။ သူမ၏ လက်ချောင်းများ တုန်ရီသွား၏။ သူမသည် စာပို့ကျောက်စိမ်းပြားကို ယူ၍ ကြည့်ရှုလိုက်သည်။ ထိုကျောက်စိမ်းပြားပေါ်တွင် စာကြောင်းအနည်းငယ် ရှိ၏။

သူမ ကျောက်စိမ်းပြားကို လှည့်၍ ကြည့်လိုက်၏။ ကျောက်စိမ်းပြားပေါ်ရှိ စာကြောင်းများအကြားတွင် ‘ ထုတ်ဖော်ချက် ’ ဟူသော စာလုံးများကို အနှံ့ရေးသားထားလေသည်။ ကျန်းလင်းအာ၏ ခံစားချက်များသည် ရောထွေးသွားလေတော့သည်။

ကျန်းလင်းအာကို တွေ့ဆုံခဲ့သော အောင်းရိသည် ပြုံး၍ ပြန်သွား၏။

လီချန်ရှို့သည် သူ့ကို စာပို့ကျောက်စိမ်းပြားပို့ပေးရန်သာ တာဝန်ပေးခဲ့ခြင်းဖြစ်သည်။ သို့သော် အောင်းရိသည် ရတနာအချို့ကိုပါ လက်ဆောင်အဖြစ် ပေးခဲ့လေသည်။

ကောင်းကင်ဘုံခုံရုံးများသည် ကုသိုလ်မရှားသကဲ့သို့ သူ၏ နဂါးနန်းတော်သည်လည်း ရတနာမရှားပေ။

သူ လီချန်ရှို့နှင့် လီချန်ရှို့၏ဆရာဘွားဘွားကို ပေးခဲ့သော ရတနာများသည် သူ့အတွက် နှစ်အနည်းငယ်စာ အသေးစားအသုံးစရိတ်လောက်သာ ရှိလေသည်။

အောင်းရိတစ်ယောက် သူ၏နှလုံးသားထဲတွင် ရုတ်တရက် တစ်စုံတစ်ခုကို ခံစားလိုက်ရ၍ ပျော်သွား၏။ သူ၏ ရုပ်တုမှ တဆင့် သူ့အား ဆင့်ခေါ်နေပေပြီ။

“ အကြီးအကဲတို့... ”

ထို့နောက် အောင်းရိသည် သူ့အားတွဲခေါ်၍ ဆက်ပျံသန်းရန် အကြီးအကဲများကို တောင်းဆိုလိုက်၏။ သူ၏ စိတ်သည် ဘုံကျောင်းငယ်လေးတစ်ခုရှိ ရုပ်တုဆီသို့ ရောက်ရှိသွားလေသည်။ ထိုအခိုက်တွင် လီချန်ရှို့သည် သူ၏ စိတ်စွမ်းအားကို ပို့၍ စိတ်ထဲမှပြောလိုက်၏။

“ ဘုံကျောင်းအဝင်ဝမှာရှိတဲ့ အမျိုးသမီးကို ကြည့်လိုက်ပါ... ”

အောင်းရိ အံ့အားသင့်သွား၏။ သူသည် ရုပ်တုကိုသုံး၍ လီချန်ရှို့ပြောသောသူကို ကြည့်လိုက်လေသည်။

All Chapters