အခန်း ၆၁
Vol. 7 Ch. 61
အခန်း (၆၁) - သူ အမှန်အတိုင်း ပြောနေခြင်းဖြစ်သည်
မော့ရန်သည် မိမိနှင့် ရင်ဆိုင်ရချိန်တွင် ကျူးလင်၏ တည်ငြိမ်လွန်းသော မျက်နှာအမူအရာကို မြင်တွေ့လိုက်ရသဖြင့် အံ့အားသင့်သွားရချေသည်။
ပုံမှန်အားဖြင့် လူအများစုသည် သူ၏ ရာထူးနှင့် စစ်ဝတ်စုံကြောင့် သူ့ကို မြင်သည်နှင့် ပျာပျာသလဲ တုန်လှုပ်ခြောက်ခြားသွားတတ်ကြသည် မဟုတ်ပါလော။
လူသားတစ်ယောက်ဟူ၍ပင် မထင်မှတ်ရလောက်အောင် လှပလွန်းသော ဤမိန်းကလေးငယ်ကို ကြည့်ရင်း မော့ရန်က ပြုံးကာ မေးလိုက်သည်။
"ဟုတ်ကဲ့... ကျွန်တော်တို့ အထဲဝင်ပြီး စကားပြောလို့ ရမလား..."
ထိုသို့ ပြောပြီးနောက် မော့ရန်သည် ကျူးလင်က သူ့အား အထဲသို့ ဖိတ်ခေါ်မည်ကို မျှော်လင့်တကြီး စောင့်ဆိုင်းနေခဲ့သည်။
သို့သော် ကံဆိုးစွာပင် သူ့ရှေ့တွင် ရပ်နေသူမှာ တစ်သက်လုံး လောကကြီးနှင့် အဆက်အသွယ်ပြတ်ကာ အထီးကျန်စွာ နေထိုင်ခဲ့ပြီး လူ့လောက၏ အခြေခံလူမှုရေးထုံးစံများကိုပင် နားမလည်သော နတ်ဘုရားမတစ်ပါး ဖြစ်နေချေသည်။
ကျူးလင်သည် သူတို့ကို အထဲသို့ ဖိတ်ခေါ်မည့်အစား ခေါင်းလေးကို အသာစောင်းကာ တည်ငြိမ်စွာ မေးလိုက်သည်။
"ကျွန်မနဲ့ ဘာအကြောင်း ဆွေးနွေးချင်လို့လဲ..."
သူမ၏ စကားလုံးများက ပေါ့ပျက်ပျက်နိုင်လှပြီး ဗိုလ်ချုပ်အပေါ် ရိုသေလေးစားမှု ကင်းမဲ့နေသည်ကို အာရုံခံမိသဖြင့် ထန်ပိုင်က မျက်ခုံးကို အသာပင့်လိုက်သည်။
မော့ရန်မှာမူ အနည်းငယ် ရှက်ရွံ့သွားရပြီး သူ၏ မျက်နှာပေါ်ရှိ အပြုံးမှာ တောင့်တင်းသွားရလေသည်။
ကျူးလင်သည် ခေတ္တမျှ စောင့်ဆိုင်းနေသော်လည်း မော့ရန်က သူမအား စိုးရိမ်တကြီး အမူအရာဖြင့်သာ စိုက်ကြည့်နေသည်ကို မြင်လိုက်ရသည်။
သူမ တံခါးပိတ်ရန် ပြင်လိုက်စဉ်မှာပင် ထူထူက သက်ပြင်းတစ်ချက်ချကာ စိတ်ချင်းဆက်သွယ်ပြီး ပြောလိုက်သည်။
'သခင်မလေး... သူတို့ကို အရင်ဆုံး အထဲဝင်ဖို့ ဖိတ်ခေါ်လိုက်ပါလား... သူတို့က စကားပြောဖို့ လာတာကို အပြင်မှာ ဒီအတိုင်း ရပ်ခိုင်းထားရင် ယဉ်ကျေးမှုမရှိရာ ကျတယ်လေ..'
ယုန်လေး၏ စကားကို ကြားလိုက်ရသောအခါ ကျူးလင်သည် သူမ၏ အစ်ကိုတော်ထံ သွားရောက်လည်ပတ်သည့် အကြိမ်တိုင်းတွင် အစ်ကိုတော်က သူမအား နန်းတော်မကြီးအတွင်းသို့ အမြဲတစေ ဖိတ်ခေါ်လေ့ရှိသည်ကို သတိရသွားသည်။
သူမက ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် နောက်သို့ ခြေတစ်လှမ်းဆုတ်ကာ ပြောလိုက်သည်။
"အထဲဝင်ပါ..."
နောက်ဆုံးတွင် ကျူးလင်၏ အိမ်ထဲသို့ ဖိတ်ခေါ်ခြင်း ခံလိုက်ရသဖြင့် မော့ရန်သည် သက်ပြင်းအသာချလိုက်ရင်း ပြောလိုက်သည်။
"ကျေးဇူးတင်ပါတယ် မိန်းကလေး..."
မော့ရန်၊ ထန်ပိုင်နှင့် ကျန်သည့်စစ်သားသုံးယောက်တို့ ကျူးလင်၏ တိုက်ခန်းထဲသို့ လှမ်းဝင်လိုက်ကြချိန်တွင် တိုက်ခန်းအတွင်းရှိ အပူချိန်မှာ အပြင်ဘက်နှင့် လုံးဝကွဲပြားခြားနားနေသည်ကို တွေ့ရှိလိုက်ရသဖြင့် အံ့အားသင့်သွားကြရသည်။
၎င်းသည် ဆောင်းဦးပိုင်းကာလ ရာသီဥတုကဲ့သို့ အလွန်ပင် သက်တောင့်သက်သာရှိလှသော ခံစားချက်ကို ပေးစွမ်းနေပေသည်။
တံခါးကို ပိတ်လိုက်ပြီးနောက် ကျူးလင်သည် ဧည့်ခန်းဆီသို့ လျှောက်လှမ်းသွားရင်း ပြောလိုက်သည်။
"ထိုင်ကြပါ..."
အံ့အားသင့်နေရာမှ သတိပြန်ဝင်လာကြပြီးနောက် ထိုအမျိုးသားငါးဦးသည် ဖိနပ်များကို ချွတ်ကာ ဧည့်ခန်းထဲသို့ လျှောက်ဝင်လာခဲ့ကြသည်။ ကျူးလင်က ဟောင်းနွမ်းနေသော ဆိုဖာပေါ်တွင် ထိုင်လိုက်ပြီး မော့ရန်ကို ကြည့်ကာ မေးလိုက်သည်။
"အခု ကျွန်မနဲ့ ဘာအကြောင်း ပြောချင်လဲဆိုတာ ပြောပြလို့ ရပြီလား..."
ဤမိန်းကလေးငယ်၏ စကားပြောဆိုပုံ လေသံမှာ လူကြီးတစ်ယောက်က ကလေးတစ်ယောက်ကို ပြောဆိုနေသကဲ့သို့ ဖြစ်နေသည်ကို မော့ရန် သတိပြုမိလိုက်သည်။
ကျူးလင်၏ စကားပြောပုံကြောင့် သူ အနည်းငယ် စိတ်အနှောင့်အယှက် ဖြစ်သွားရသော်လည်း မော့ရန်က တည်ငြိမ်စွာပင် မေးလိုက်သည်။
"မိန်းကလေး... မနေ့ညက ဈေးထဲမှာ ရေရောင်းခဲ့တယ်လို့ ကြားမိလို့ပါ... အဲဒါ အမှန်ပဲလား..."
ကျူးလင်က ခေါင်းညိတ်ပြလိုက်ရာ မော့ရန်က ထပ်မံမေးမြန်းလိုက်သည်။
"ဒါဆိုရင်... တစ်ရက်ကို ရေဘယ်လောက်အထိ ထုတ်ပေးနိုင်လဲဆိုတာ မေးပါရစေ..."
သူ၏ မေးခွန်းကို ကြားသောအခါ ကျူးလင်က ပြန်လည်မေးမြန်းလိုက်သည်။
"ရှင် ကျွန်မဆီကနေ ရေဝယ်ချင်လို့လား..."
မော့ရန်က ပြုံးလိုက်ရင်း ပြောလိုက်သည်။
"ဟုတ်ပါတယ်... ကျုပ်..."
သူ စကားမဆုံးခင်မှာပင် ကျူးလင်က ဖြတ်ပြောလိုက်သည်။
"လူတစ်ယောက်ကို တစ်ရက်မှာ ရေသုံးလီတာပဲ ဝယ်ခွင့်ရှိတယ်..."
စကားအဖြတ်ခံလိုက်ရသဖြင့် မော့ရန်သည် စိတ်မသက်မသာ ဖြစ်သွားရသည်။
သို့သော် ရိက္ခာထောက်ပံ့ရေးဌာန၏ အခက်အခဲကို လျှော့ချရန်နှင့် စစ်သားများနှင့် သာမန်ပြည်သူများကို ကယ်တင်ရန် သူမ၏ အကူအညီ လိုအပ်နေသည်ကို တွေးတောမိကာ မော့ရန်က စိတ်ကိုရှည်ရှည်ထားကာ ပြောလိုက်သည်။
"ကျုပ်က စစ်သားတွေနဲ့ သာမန်ပြည်သူတွေကို ထောက်ပံ့ဖို့အတွက် ရေအမြောက်အမြား လိုအပ်နေတာပါ... ဒီစည်းကမ်းကို ပြန်ပြီး စဉ်းစားပေးလို့ မရဘူးလား..."
ကျူးလင်ထံမှ မည်သည့်တုံ့ပြန်မှုမျှ မရှိသည်ကို မြင်သောအခါ သူက ဆက်ပြောလိုက်သည်။
"လူတိုင်းက မိန်းကလေးဆီမှာ ကိုယ်တိုင်ကိုယ်ကျ လာဝယ်ဖို့ဆိုတာ မဖြစ်နိုင်ဘူးလေ...”
“ပထမအချက်က မိန်းကလေး တစ်ယောက်တည်း လုပ်ရင် အရမ်းပင်ပန်းလိမ့်မယ်... နောက်တစ်ချက်က လူတိုင်းက မိန်းကလေးဆီကို လာပြီး မဝယ်နိုင်ကြဘူး...”
“ဥပမာပြောရရင် အပြင်ဘက်အလွှာက လူတွေပေါ့... သူတို့က ရေမသောက်ရ၊ အစာမစားရတာ ရက်ပေါင်းများစွာ ကြာနေပြီမို့ လမ်းလျှောက်ဖို့တောင် အားအင်မရှိကြတော့ဘူး..."
သူ ထိုသို့ပြောပြီးနောက် ကျူးလင်သည် သူ့အား စက္ကန့်အနည်းငယ်မျှ စိုက်ကြည့်နေခဲ့ပြီးမှ သူမ၏ ပေါင်ပေါ်တွင် ထိုင်နေသော ထူထူကို ငုံ့ကြည့်ကာ စိတ်ချင်းဆက်သွယ်ပြီး မေးလိုက်သည်။
'ထူထူ... သူ ငါ့ကို လိမ်ပြောနေတာလား...'
ထူထူက ခေါင်းမော့ကြည့်ကာ ပြန်လည်ဖြေကြားလိုက်သည်။
'သူ အမှန်အတိုင်း ပြောနေတာပဲ...'
ယုန်လေး၏ စကားကို ကြားလိုက်ရသောအခါ ကျူးလင်က အသာအယာ ပြုံးလိုက်ရင်း ပြောလိုက်သည်။
"တကယ်လို့ သာမန်ပြည်သူတွေအတွက်ဆိုရင်တော့ ကျွန်မ စည်းကမ်းကို ပြောင်းလဲပေးနိုင်ပါတယ်..."
“ဒါပေမဲ့ ကျွန်မ ရှင်တို့ကို ကူညီမလား၊ မကူညီဘူးလားဆိုတာ မဆုံးဖြတ်ခင်မှာ ကျွန်မရဲ့ မေးခွန်းတစ်ခုကို အရင်ဖြေပေးနိုင်မလား..."
မော့ရန်က ခေါင်းညိတ်ပြလိုက်ရင်း ပြောလိုက်သည်။
"စိတ်ကြိုက်မေးပါ..."
ကျူးလင်က မော့ရန်၏ မျက်နှာအမူအရာကို ဂရုတစိုက် အကဲခတ်ရင်း မေးလိုက်သည်။
"ဒီလောက်ကြီးမားတဲ့ စခန်းကြီးမှာ အရေးပေါ် စစ်သုံးရိက္ခာတွေ ရှိသင့်တာပဲ... ဘာလို့ အဲဒါတွေကို သာမန်ပြည်သူတွေကို ကူညီဖို့အတွက် မသုံးရတာလဲ..."
သူမ၏ မေးခွန်းကို ကြားသောအခါ မော့ယန်က သက်ပြင်းမောတစ်ချက် ချလိုက်ရင်း ပြောလိုက်သည်။
"ယုံရခက်လိမ့်မယ်ဆိုတာ သိပါတယ်... ဒါပေမဲ့ ဒီစခန်းမှာ အရေးပေါ် စစ်သုံးရိက္ခာတွေ မကျန်တော့ဘူး...”
“ကမ္ဘာပျက်ကပ် စတင်ကတည်းက သာမန်ပြည်သူတွေကို ကူညီဖို့အတွက် စစ်သုံးရိက္ခာအားလုံးကို ထုတ်သုံးခဲ့ပြီးပြီ... လက်ရှိကျန်နေတဲ့ ရိက္ခာတွေက ခြောက်ရက်စာလောက်ပဲ ခံတော့မယ်..."
သူ၏ စကားကို ကြားပြီးနောက် ကျူးလင်က ထပ်မံမေးမြန်းလိုက်သည်။
'ထူထူ... သူပြောတာ တကယ်ပဲလား...'
ထူထူသည် မော့ရန်ကို စက္ကန့်အနည်းငယ်မျှ စိုက်ကြည့်လိုက်ပြီးနောက် ၎င်း၏ သခင်မလေးကို ကြည့်ကာ ပြောလိုက်သည်။
'သူ အမှန်အတိုင်း ပြောနေတာပဲ...'
ထူထူ၏ အတည်ပြုချက်ကို ရရှိပြီးနောက် ကျူးလင်သည် မော့ရန်ကို ထပ်မံကြည့်ကာ မေးလိုက်သည်။
"ရှင်တို့ ရေဘယ်လောက် လိုအပ်လဲ..."
ကျူးလင် မေးပြီးနောက် မော့ရန်သည် သူ၏ ဘောင်းဘီအိတ်ကပ်ထဲမှ စာရွက်တစ်ရွက်ကို ထုတ်ယူလိုက်သည်။ ထို့နောက် စာရွက်ကို ကျူးလင်၏ ရှေ့သို့ တိုးပေးလိုက်ရင်း ပြောလိုက်သည်။
"ဒါက ကျွန်တော်တို့ မိန်းကလေးဆီကနေ ဝယ်ချင်တဲ့ ပစ္စည်းစာရင်းပါ..."
ကျူးလင်သည် ထိုစာရွက်ကို လှမ်းမယူဘဲ ပြောလိုက်သည်။
"ဒီအတိုင်းပဲ ပြောပြပါ..."
ကျူးလင်က အဘယ်ကြောင့် သူ့အား တိုက်ရိုက်ပြောပြခိုင်းသည်ကို မသိသော်လည်း မော့ရန်သည် စာရွက်ကို ပြန်လည်ကောက်ယူကာ သူမအား တစ်ချက်မျှ ကြည့်လိုက်ပြီးနောက် စာရွက်ပေါ်တွင် ရေးသားထားသော အကြောင်းအရာများကို ဖတ်ပြလိုက်လေသည်။
"ကျုပ်တို့ စစ်စခန်းမှာ စစ်သားတွေနဲ့ စွမ်းအားရှင်တွေအပါအဝင် လူဦးရေ စုစုပေါင်း တစ်သိန်းနှစ်သောင်းငါးထောင် ရှိပါတယ်...”
“ပျမ်းမျှ နေ့စဉ်ရေသုံးစွဲမှုအရဆိုရင် တစ်ရက်ကို အနည်းဆုံး ရေလီတာ လေးသိန်း လိုအပ်ပါတယ်..."
“ကျုပ်တို့ မိန်းကလေးဆီကနေ အနည်းဆုံး ရေလီတာ နှစ်သိန်းလောက် ဝယ်ချင်ပါတယ်... ကျန်တဲ့ ရေတွေကိုတော့ တခြားရေစွမ်းအားရှင်တွေဆီကနေ ဝယ်ဖို့ စီစဉ်ထားပါတယ်..."
မော့ရန်သည် ကျူးလင်၏ မျက်နှာအမူအရာကို ခေတ္တမျှ အကဲခတ်လိုက်ပြီးနောက် ဂရုတစိုက်ဖြင့် ထပ်မံပြောကြားလိုက်သည်။
"ရေအပြင်... ကျုပ်တို့ မိန်းကလေးဆီကနေ ကန်စွန်းဥတွေကိုလည်း ဝယ်ချင်ပါသေးတယ်..."