← Chapters

အခန်း ၆၂

Vol. 7 Ch. 62

အခန်း ၆၂

Vol. 7 Ch. 62

အခန်း (၆၂) - ထိုလူနှင့် ကျွန်ုပ်တို့ ယခင်က ဆုံဖူးသည်

ဗိုလ်ချုပ်မော့ စကားပြောပြီးသည်နှင့် ကျူးလင်က သူ့ကို မော့ကြည့်လိုက်လေသည်။

မနေ့ညက သူမ ပေးကမ်းခဲ့သော တစ်ခုတည်းသော ကန်စွန်းဥမှာ ထိုအမျိုးသမီးငယ်လေးအတွက်သာ ဖြစ်ချေသည်။

ယခုမူ သူမထံတွင် ကန်စွန်းဥ ရှိနေသည်ကို ဗိုလ်ချုပ်မော့ သိရှိနေသဖြင့် သူမအကြောင်းကို စုံစမ်းထောက်လှမ်းထားသည်မှာ သေချာလှပေသည်။

ကျူးလင်သည် စိတ်အနှောင့်အယှက် ဖြစ်သွားသော်လည်း မည်သည့်စကားမျှ မဆိုခဲ့ပေ။

မနေ့က မုန့်ကျယ်လန် ပြောပြခဲ့သော အပူလျှပ်မှုဘေးဒဏ်အကြောင်းကို တွေးတောမိရင်း ကျူးလင်က သက်ပြင်းချကာ စိတ်ချင်းဆက်သွယ်၍ မေးလိုက်လေသည်။

'ထူထူ... ငါတို့ဆီမှာ အခု ရေအဆောင်လက်ဖွဲ့ ဘယ်လောက်ကျန်သေးလဲ...'

ထူထူက ခဏမျှ စဉ်းစားပြီးနောက် ပြန်လည်ဖြေကြားလိုက်သည်။

'သခင်မလေး... အခု ကျွန်တော်တို့ဆီမှာ ရေအဆောင်လက်ဖွဲ့ နှစ်ထောင်ပဲ ရှိတော့တယ်...'

သူမသည် ယုန်ကလေး၏ အမွေးနုနု‌လေးများကို အသာအယာ ပွတ်သပ်ပေးရင်း ပြောလိုက်သည်။

'သူတို့က နေ့တိုင်း ရေလီတာ လေးသိန်း လိုအပ်နေတာ... အဲဒီလောက် ရေပမာဏ အများကြီး ထွက်လာဖို့ဆိုရင် အနည်းဆုံး ရေအဆောင်လက်ဖွဲ့ ငါးထောင်လောက် လိုလိမ့်မယ်... ရေအဆောင်လက်ဖွဲ့တွေအပေါ်မှာပဲ အားကိုးနေမယ်ဆိုရင် ဒါက မဖြစ်နိုင်တဲ့ ကိစ္စပဲ...'

သူမ၏ စကားကို ကြားသောအခါ ထူထူက မေးလိုက်သည်။

'သခင်မလေး... တခြားအစီအစဉ် ရှိလို့လား...'

ကျူးလင်က ခဏမျှ စဉ်းစားပြီးနောက် ပြောလိုက်သည်။

“ငါတို့ ရေမန္တန် ခေါ်ယူခြင်း အစီအရင်ကို သုံးလို့ရတယ်... ဒါပေမဲ့ အစီအရင်ကို ဆက်ထိန်းထားဖို့ ဝိညာဉ်စွမ်းအင် လိုအပ်တယ်… အဲဒီဝိညာဉ်စွမ်းအင်ကို ပုံဆောင်ခဲအမြုတေကနေပဲ ရနိုင်တာ...”

“ဝိညာဉ်စွမ်းအင် အရင်းအမြစ် ပြဿနာအပြင် အစီအရင် တည်နေရာနဲ့ စွမ်းအင်စီးဆင်းမှု လမ်းကြောင်းကိုလည်း ငါ ထည့်စဉ်းစားရဦးမယ်...”

“နေ့တိုင်း အဲဒီလောက် ရေအများကြီး ထွက်ပေးနိုင်မယ့် အစီအရင်တစ်ခုကို တည်ဆောက်ဖို့က မလွယ်ကူဘူး... ဘာလို့လဲဆိုတော့ ရေတွေကို သိုလှောင်ဖို့ ကြီးမားတဲ့ နေရာတစ်ခု လိုအပ်လို့ပဲ...'

ကျူးလင် စဉ်းစားနေစဉ်အတွင်း ဗိုလ်ချုပ်မော့က စိတ်ရှည်လက်ရှည် စောင့်ဆိုင်းနေပေသည်။

သတင်းအချက်အလက်ဌာနခွဲက ပေးပို့လာသော အစီရင်ခံစာအရ ဤမိန်းကလေးသည် မနေ့ညက ရေလီတာ သုံးထောင်ကျော်ကို ထုတ်လုပ်ပေးခဲ့ပြီး မောပန်းနွမ်းနယ်သည့် အရိပ်အယောင်မျှပင် မပြဘဲ ဈေးထဲမှ ထွက်ခွာသွားခဲ့ကြောင်း သူ သိရှိထား၏။

တစ်ခုတည်းသော ပြဿနာမှာ သူမအနေဖြင့် တစ်ရက်အတွင်း ရေလီတာ လေးသိန်းအထိ ထုတ်လုပ်ပေးနိုင်ခြင်း ရှိမရှိကို သူ မသိရှိခြင်းပင် ဖြစ်သည်။

သူ သိထားသရွေ့ လက်ရှိတွင် အဆင့်အမြင့်ဆုံး သဘာဝလွန်စွမ်းအားရှင်မှာ အဆင့် ၃ သာ ရှိသေးသည်။

အကယ်၍ သူမက ၎င်းတို့၏ လိုအပ်ချက်ကို အမှန်တကယ် ဖြည့်ဆည်းပေးနိုင်ပါက သူမ၏ အစွမ်းမှာ ခန့်မှန်းတွက်ချက်မှုအရ အဆင့် ၉ သို့ အနည်းဆုံး ရောက်ရှိနေရမည် ဖြစ်ပေသည်။

အချိန်အတော်ကြာ တိတ်ဆိတ်သွားပြီးနောက် ကျူးလင်က ပြောလိုက်သည်။

"ကျွန်မ ရှင်တို့ကို အဲဒီလောက် ရေအများကြီး မရောင်းနိုင်ဘူး... အခုလောလောဆယ်တော့ အများဆုံး ရေလီတာ တစ်သိန်းငါးသောင်းပဲ ရောင်းပေးနိုင်မယ်..."

ဗိုလ်ချုပ်မော့သည် သူမအနေဖြင့် တစ်ရက်တည်းနှင့် ထိုမျှများပြားသော ရေပမာဏကို မထုတ်လုပ်နိုင်လောက်ကြောင်း ကြိုတင်ခန့်မှန်းထားပြီး ဖြစ်သဖြင့် စိတ်ပျက်မသွားခဲ့ပေ။

ထို့ပြင် ရေလီတာ တစ်သိန်းငါးသောင်း ရရှိနိုင်ခြင်းကပင် သူ၏ မျှော်မှန်းချက်ထက် ကျော်လွန်နေပြီ ဖြစ်သည်။

သူက ခေါင်းညိတ်လိုက်ပြီး မေးလိုက်သည်။

"ကန်စွန်းဥတွေကော... စခန်းကို ဘယ်လောက်အထိ ရောင်းပေးနိုင်မလဲ..."

ကျူးလင်က ခဏမျှ စဉ်းစားပြီးနောက် ပြောလိုက်သည်။

"ကျွန်မဆီမှာ အနည်းငယ်တော့ ရှိတယ်... ဒါပေမဲ့ အများကြီး မဟုတ်ဘူး... စခန်းတစ်ခုလုံးကို ထောက်ပံ့ချင်တယ်ဆိုရင် ကျွန်မတစ်ယောက်တည်းအပေါ်မှာပဲ အားကိုးလို့ မရဘူး... ဒါမှမဟုတ်..."

သူမ တုံ့ဆိုင်းသွားသည်ကို မြင်သောအခါ ဗိုလ်ချုပ်မော့က အလျင်အမြန် ပြောလိုက်သည်။

"ဒါမှမဟုတ် ဘာဖြစ်လို့လဲ... မိန်းကလေး... အားမနာတမ်း ပွင့်ပွင့်လင်းလင်း ပြောပါ..."

သူမက သူ့ကို ကြည့်ကာ ပြောလိုက်သည်။

"ရှင်တို့ ကျွန်မကို မျိုးစေ့တွေ ပေးမယ်ဆိုရင်... ကျွန်မ ရှင်တို့ကို ပျိုးပင်တွေ ပြန်ပေးနိုင်မလားလို့ပါ..."

သူမ စကားပြောပြီးသည်နှင့် ဗိုလ်ကြီးထန်၏ မျက်ဝန်းများ လှုပ်ခတ်သွားပြီး သူမကို မော့ကြည့်လိုက်ပေသည်။ ဗိုလ်ချုပ်မော့နှင့် အခြားစစ်သားသုံးဦးမှာမူ သူမကို အံ့အားသင့်စွာ ကြည့်လိုက်ကြလေသည်။

ယခုအချိန်အထိ မည်သူမျှ မိစ္ဆာစွမ်းအင် ဖုံးလွှမ်းနေသော မျိုးစေ့များကို အောင်မြင်စွာ မစိုက်ပျိုးနိုင်သေးသလို ၎င်းတို့ထဲမှ အညစ်အကြေးများကို ဖယ်ရှားနိုင်မည့် နည်းလမ်းလည်း မရှိသေးချေ။

အကြောင်းရင်းမှာ မျိုးစေ့များကြောင့်သာမက ရေနှင့် မြေဆီလွှာများပါ ကမ္ဘာပျက်ကပ်ဗိုင်းရပ်စ်ကြောင့် ညစ်ညမ်းနေသောကြောင့် ဖြစ်သည်။

သူမတွင် မျိုးစေ့များကို အောင်မြင်စွာ စိုက်ပျိုးနိုင်မည့် နည်းလမ်း ရှိကောင်းရှိနိုင်မည်ဟု တွေးတောမိရင်း ဗိုလ်ချုပ်မော့က မေးလိုက်လေသည်။

"မိန်းကလေး... မျိုးစေ့တွေကို အောင်မြင်အောင် စိုက်ပျိုးနိုင်လို့လား..."

ကျူးလင်က သူ့ကို ပြန်မဖြေခဲ့ပေ။

အဘယ်ကြောင့်ဆိုသော် သူမသည် လိမ်မပြောတတ်သလို သူ့ကိုလည်း မပြောပြချင်သောကြောင့် ဖြစ်သည်။

ဤလူသားများ လောကဘုံခြောက်ပါးအကြောင်းကို အလွန်အမင်း သိရှိထားခြင်းက ကောင်းကျိုးမရှိနိုင်ပေ။

ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ကျူးလင်က ပြောလိုက်သည်။

"ရှင်တို့ ကျွန်မကို မျိုးစေ့တွေ ပေးရင်... ကျွန်မ ရှင်တို့ကို ပျိုးပင်တွေ ပြန်ပေးမယ်... ရှင်တို့ဘာသာ ရိက္ခာတွေ ကြီးထွားအောင် စိုက်ပျိုးနိုင်မလားဆိုတာကတော့ ရှင်တို့ရဲ့ စွမ်းရည်အပေါ်မှာပဲ မူတည်လိမ့်မယ်..."

သူမ၏ စကားကို ကြားလိုက်ရပြီးနောက် ဗိုလ်ချုပ်မော့မှာ အလွန်အမင်း စိတ်လှုပ်ရှားသွားခဲ့ရသည်။

၎င်းတို့ထံတွင် သစ်သားစွမ်းရည်ရှိသော သဘာဝလွန်စွမ်းအားရှင် တစ်ရာကျော် ရှိနေသည်။ ကမ္ဘာပျက်ကပ်ဗိုင်းရပ်စ်ကြောင့် ညစ်ညမ်းမနေသော မျိုးစေ့များသာ ရှိမည်ဆိုပါက ရိက္ခာများ စိုက်ပျိုးမရနိုင်မည်ကို စိုးရိမ်စရာ မလိုတော့ပေ။

ထိုအရာသည် လူတိုင်းကို ကယ်တင်နိုင်မည့် တစ်ခုတည်းသော အခွင့်အရေးဖြစ်ကြောင်း သိရှိသဖြင့် ဗိုလ်ချုပ်မော့က လက်သီးကို တင်းတင်းဆုပ်ကာ တည်ငြိမ်စွာ မေးလိုက်လေသည်။

"မျိုးစေ့ ဘယ်လောက်အထိ လိုချင်လဲ..."

ကျူးလင်က ခဏမျှ စဉ်းစားပြီးနောက် ပြောလိုက်သည်။

"ရှင်တို့ ကျွန်မကို ပေးတဲ့ မျိုးစေ့တစ်အိတ်ချင်းစီအတွက်... ကျွန်မ ရှင်တို့ကို အသုံးပြုလို့ရမယ့် ပျိုးပင် ဆယ်ရာခိုင်နှုန်း ပြန်ပေးမယ်..."

သူမက မိစ္ဆာစွမ်းအင် ဖုံးလွှမ်းနေသော မျိုးစေ့များကို အမှန်တကယ် စိုက်ပျိုးနိုင်လိမ့်မည်ဟု မယုံကြည်နိုင်သေးသဖြင့် သူက ထပ်မံမေးမြန်းလိုက်သည်။

"အဲဒီမိစ္ဆာစွမ်းအင် ဖုံးလွှမ်းနေတဲ့ မျိုးစေ့တွေကို တကယ်ပဲ လိုချင်တာလား..."

ကျူးလင်က ခေါင်းညိတ်ပြကာ ပြောလိုက်သည်။

"မျိုးစေ့တွေ ပုပ်မနေသရွေ့... မိစ္ဆာစွမ်းအင် ဖုံးလွှမ်းနေတာလား မနေဘူးလားဆိုတာ ကျွန်မ ဂရုမစိုက်ဘူး..."

သူမ ဤသို့ ပြောလိုက်သည်နှင့် ဗိုလ်ချုပ်မော့နှင့် ဗိုလ်ကြီးထန်တို့သည် သူမတွင် ထိုမိစ္ဆာစွမ်းအင် ဖုံးလွှမ်းနေသော မျိုးစေ့များကို ကိုင်တွယ်ဖြေရှင်းနိုင်မည့် နည်းလမ်း ရှိကြောင်း သိရှိသွားကြပေသည်။

သူသည် အလွန်ပင် စူးစမ်းလိုစိတ် ပြင်းပြနေသော်လည်း ထိုစိတ်ကို ထိန်းချုပ်လိုက်ရင်း ဗိုလ်ချုပ်မော့က ပြောလိုက်သည်။

"ကောင်းပါပြီ... ကျွန်တော်တို့ မျိုးစေ့တွေ အလုံအလောက် စုဆောင်းပြီးရင် မိနိးကလေးဆီ ပြန်ဆက်သွယ်ပါ့မယ်..."

ကျူးလင်က သူ့ကို ခေါင်းညိတ်ပြကာ ပြောလိုက်လေသည်။

"အပင်တွေ ကြီးထွားဖို့ အချိန်ယူရမှာဖြစ်လို့... ကျွန်မ ရှင်တို့ကို လောလောဆယ် ရိက္ခာတချို့ ယာယီထောက်ပံ့ပေးနိုင်တယ်... လဲလှယ်နှုန်းကတော့ ရိက္ခာတစ်ကျင်းကို မျိုးစေ့တစ်ကျင်းပဲ..."

ကျူးလင်က ထိုသို့ပြောပြီးနောက် ဗိုလ်ချုပ်မော့က ခေါင်းညိတ်ကာ မတ်တတ်ရပ်လိုက်သည်။ သူက လက်ကို ဆန့်ထုတ်လိုက်ရင်း ပြောလိုက်သည်။

"ကျေးဇူးတင်ပါတယ်... မိန်းကလေး..."

ကျူးလင်က သူ၏လက်ကို တစ်ချက်ကြည့်လိုက်ပြီး ပြောလိုက်သည်။

"ကိစ္စမရှိပါဘူး..."

ကျူးလင်က သူနှင့် လက်ဆွဲနှုတ်ဆက်ရန် ငြင်းပယ်လိုက်သဖြင့် ဗိုလ်ချုပ်မော့မှာ အနေရခက်သွားကာ သူမကို ခေါင်းညိတ်ပြလိုက်ပေသည်။ သူသည် ဖိနပ်ကို စီးလိုက်ပြီး စစ်သားများနှင့်အတူ အလျင်အမြန် ထွက်ခွာသွားတော့သည်။

ဗိုလ်ကြီးထန်က ထိုနေရာတွင် ရပ်လျက် သူမကို စိုက်ကြည့်နေဆဲဖြစ်သည်ကို မြင်သောအခါ ကျူးလင်က မေးလိုက်လေသည်။

"ရှင် ကျွန်မကို ပြောစရာတစ်ခုခု ရှိသေးလို့လား..."

ဗိုလ်ကြီးထန်သည် သူမကို ခဏမျှ တိတ်ဆိတ်စွာ စိုက်ကြည့်နေပြီးမှ ထွက်ခွာသွားပေသည်။ ကျူးလင် တံခါးပိတ်လိုက်ပြီးနောက် ထူထူက ပြောလိုက်သည်။

"သခင်မလေး... ကျွန်တော်တို့ အဲဒီလူနဲ့ အရင်က ဆုံဖူးတယ်..."

ကျူးလင်က မျက်ခုံးကို အသာအယာ ပင့်လိုက်ရင်း မေးလိုက်သည်။

"တကယ်လား... ငါ ဘာလို့ မမှတ်မိရတာလဲ..."

All Chapters