အခန်း ၆၃
Vol. 7 Ch. 63
အခန်း (၆၃) - ဒဏ္ဍာရီလာ မျက်နှာသေမိစ္ဆာ
ထူထူက မျက်လုံးလေး ကလယ်ကလယ် လုပ်ရင်း ပြောလိုက်သည်။
“သခင်မလေး... ကျွန်တော်တို့ သူ့ကို အရင်က အက်စ်မြို့တော်မှာ တွေ့ခဲ့ဖူးတယ်လေ... အဲဒီတုန်းက သူက မီးစွမ်းအားရှင် တစ်ယောက်နဲ့ တိုက်ခိုက်နေပြီး အဘိုးအိုတစ်ယောက်ကိုလည်း စောင့်ရှောက်ပေးနေတာ... ကျွန်တော် မှတ်မိတာ မမှားဘူးဆိုရင် ကျီယန်က အဲဒီအဘိုးအိုရဲ့ နာမည်က ပါမောက္ခဟန်လို့ ပြောဖူးတယ်...”
ယုန်လေး၏ စကားကို ကြားပြီးနောက် ကျူးလင်က ထိုနေ့က မြင်ကွင်းကို ပြန်လည် ပုံဖော်ကြည့်ရင်း ပြောလိုက်သည်။
“အာ... မင်းပြောတာ မှန်တယ်... ဒါပေမဲ့ သူက ဘာလို့ ငါ့ကို အဲဒီလို ကြည့်သွားရတာလဲ... သူတို့ သတိမထားမိခင်ကတည်းက ငါတို့ ထွက်လာခဲ့ကြတာ မဟုတ်လား...”
ထူထူက ခေါင်းလေး ခါယမ်းရင်း ပြောလိုက်သည်။
“အဲဒါတော့ ကျွန်တော်လည်း မသိဘူး...”
ထူထူက မသိသဖြင့် ကျူးလင်က ပခုံးလေး တွန့်လိုက်ရင်း ပြောလိုက်သည်။
“ထားလိုက်ပါတော့... ငါတို့ ခရမ်းချဉ်သီးတွေ ဆက်ပြီး စိုက်ကြရအောင်...”
“ဟုတ်ကဲ့ပါ သခင်မလေး...”
ကျူးလင်က သိုလှောင်အိတ်ထဲမှ တစ်ဝက်ခန့် ကြီးထွားနေပြီဖြစ်သော ခရမ်းချဉ်သီးပင်ကို ထုတ်ယူနေစဉ် တိုက်ခန်းအဆောက်အအုံနှင့် မလှမ်းမကမ်းတွင် မော့ရန်က ထန်ပိုင်ကို ကြည့်ကာ ပြောလိုက်သည်။
“ဗိုလ်ကြီးထန်... ထောက်ပံ့ရေးဌာနခွဲက အဖွဲ့တွေအားလုံး တာဝန်တွေနဲ့ အပြင်ထွက်နေကြတော့ မင်းရဲ့လူတွေကို ခေါ်ပြီး မျိုးစေ့တွေ သွားရှာဖို့ ငါ တာဝန်ပေးရမယ်... စမ်းသပ်မှုတွေကလွဲရင် ဘယ်သူမှလည်း အဲဒါတွေကို မလိုချင်ကြတော့ မင်းတို့ မျိုးစေ့တွေ အများကြီး ရှာတွေ့နိုင်လိမ့်မယ်...”
ထန်ပိုင်က ခေါင်းညိတ်လိုက်ရင်း ပြောလိုက်သည်။
“ဟုတ်ကဲ့ပါ ဗိုလ်ချုပ်...”
မော့ရန်က သက်ပြင်းတစ်ချက် ချလိုက်ပြီး သူ့ကို ကြည့်ကာ ပြောလိုက်သည်။
“ဒါက ငါတို့ ရှင်သန်ဖို့အတွက် တစ်ခုတည်းသော အခွင့်အရေးပဲ... အခုလို ရာသီဥတုမျိုးမှာ အပြင်ထွက်ရတာ မလွယ်ကူဘူးဆိုတာ ငါ သိပေမဲ့ ငါတို့မှာ တခြားရွေးချယ်စရာ မရှိဘူး...”
သူက ခေတ္တမျှ စကားကို ရပ်လိုက်ပြီး ထန်ပိုင်၏ ပခုံးကို ပုတ်ပေးကာ ပြောလိုက်သည်။
“ဘေးကင်းကင်းနဲ့ ပြန်လာခဲ့ပါ... ဦးလေးက ဒီမှာ စောင့်နေမယ်... မျိုးစေ့တွေ အလုံအလောက် ရတာနဲ့ အမြန်ဆုံး ပြန်လာခဲ့... မင်း တစ်ခုခု ဖြစ်သွားရင် ငါ သေသွားတဲ့အခါ တမလွန်မှာ မင်းအမေကို မျက်နှာပြရဲတော့မှာ မဟုတ်ဘူး...”
ထန်ပိုင်က သူ့ဦးလေးကို ကြည့်ကာ ပြောလိုက်သည်။
“ဟုတ်ကဲ့ပါ ဦးလေး...”
ပြောပြီးနောက် မော့ရန်က စစ်သုံးယာဉ်ပေါ်သို့ တက်ကာ ကွပ်ကဲမှုဌာနချုပ်သို့ ပြန်သွားလေသည်။
ထိုနေရာတွင် ရပ်ကျန်ခဲ့သော ထန်ပိုင်က မြင့်မားလှသော တိုက်ခန်းအဆောက်အအုံကို မော့ကြည့်လိုက်ပြီးနောက် အခြားစစ်သုံးယာဉ်တစ်စီးပေါ်သို့ တက်ကာ ပြောလိုက်သည်။
“စစ်တန်းလျားကို ပြန်ကြမယ်...”
စစ်သားများက ရိက္ခာများကို တတ်နိုင်သမျှ အများဆုံး ရရှိရန် အလုပ်ရှုပ်နေကြစဉ် ကျူးလင်မှာမူ ဟင်းသီးဟင်းရွက်များ၊ သစ်သီးဝလံများနှင့် အဓိက စားသောက်ကုန်များကို စိုက်ပျိုးရန် အလုပ်ရှုပ်နေခဲ့သည်။
သူမသည် တစ်နေ့တာလုံးကို မျိုးစေ့များ ကြီးထွားအောင် ပြုလုပ်ရင်း ကုန်ဆုံးစေခဲ့ပြီး နေမင်းကြီး ကွယ်ပျောက်ကာ ညရောက်သည့်တိုင်အောင် မရပ်မနား လုပ်ဆောင်နေခဲ့ချေသည်။
ထူထူက နောက်ဆုံးကျန်ရှိသော ပြောင်းဖူးအုပ်စုကို ကြည့်ကာ ပြောလိုက်သည်။
“သခင်မလေး... ဒီနေ့အတွက်တော့ ဒီလောက်ဆို လုံလောက်ပြီ ထင်တယ်...”
ကျူးလင်က ပြောင်းဖူးများနှင့် သစ်သားဓာတ်ဖွဲ့စည်းပုံကို သိုလှောင်အိတ်ထဲသို့ ထည့်လိုက်ပြီး မတ်တတ်ရပ်ကာ ပြောလိုက်သည်။
“အင်း... သွားကြစို့...”
သူမက ထူထူကို ပွေ့ချီကာ တိုက်ခန်းထဲမှ ထွက်လာပြီး တံခါးကို သော့ခတ်လိုက်လေသည်။
သူမ လှည့်လိုက်သည်နှင့် တစ်ပြိုင်နက် ရှို့ဝူကလည်း သူ့တိုက်ခန်းထဲမှ ထွက်လာသည်ကို တွေ့လိုက်ရသည်။ သူတို့နှစ်ဦး ခေတ္တမျှ အပြန်အလှန် စိုက်ကြည့်မိပြီးနောက် သူက သူမကို ပြုံးပြကာ မေးလိုက်သည်။
“မင်းလည်း အပြင်သွားမလို့လား...”
ကျူးလင်က ခေါင်းညိတ်ပြကာ ပြောလိုက်သည်။
“ကျွန်မ ကုန်သွယ်ရေးစင်္ကြံမှာ ရေနဲ့ အစားအစာ သွားရောင်းမလို့ပါ...”
သူမ၏ စကားကို ကြားသောအခါ ရှို့ဝူက ခေတ္တမျှ စဉ်းစားလိုက်ပြီး မေးလိုက်သည်။
“ငါ မင်းနဲ့အတူ လိုက်ခဲ့လို့ ရမလား... ငါလည်း ကုန်သွယ်ရေးစင်္ကြံကို သွားပြီး ပစ္စည်းတချို့ ဝယ်ချင်လို့...”
သူတို့ သွားမည့်နေရာက အတူတူပင် ဖြစ်သဖြင့် ကျူးလင်က ခေါင်းညိတ်ပြကာ ပြောလိုက်သည်။
“အင်း...”
သူမ သဘောတူလိုက်သဖြင့် ရှို့ဝူက ပြုံးလိုက်ပြီး သူတို့နှစ်ဦးသည် ထူထူကို ခေါ်ကာ တိုက်ခန်းမှ အတူတူ ထွက်လာခဲ့ကြသည်။
လမ်းတစ်လျှောက်တွင် လူအများအပြားက သူတို့နောက်သို့ တိတ်တဆိတ် လိုက်ပါလာကြသည်ကို ရှို့ဝူက သတိပြုမိလိုက်သည်။ ထိုလူများအပြင် ကျူးလင်ကို မကြာခဏ ခိုးကြည့်နေကြသော လူပေါင်းများစွာလည်း ရှိနေသေး၏။
သူတို့ ကုန်သွယ်ရေးစင်္ကြံသို့ ရောက်ရှိချိန်တွင် ရှို့ဝူ၏ မျက်မှောင်ကြုတ်ထားမှုမှာ ယင်ကောင်များကိုပင် သတ်ပစ်နိုင်လောက်အောင် တင်းမာနေချေပြီ။
ထူထူက သခင်မလေးကို တစ်ချက် ကြည့်လိုက်ပြီးနောက် ရှို့ဝူ၏ မည်းမှောင်နေသော မျက်နှာထားကို လှမ်းကြည့်လိုက်သည်။
ယုန်လေးမှာ ကျောချမ်းသွားကာ တွေးလိုက်မိသည်။
‘ငါ့သခင်မလေးထင်တာ တကယ်မှန်တာပဲ... ဒီလူက အဲဒီ မိစ္ဆာနတ်ဘုရား ဖြစ်ရမယ်... သူ့ရဲ့ အခုမျက်နှာထားက အဲဒီမိစ္ဆာနတ်ဘုရား စိတ်မကြည်တဲ့အချိန်တုန်းကနဲ့ တစ်ထေရာတည်းပဲ...’
မနေ့ညက သူတို့ ရေရောင်းခဲ့သော နေရာသို့ ရောက်သောအခါ ထိုနေရာတွင် လူအများအပြား စောင့်ဆိုင်းနေကြပြီ ဖြစ်ကြောင်း ကျူးလင် တွေ့လိုက်ရသည်။
သူမ လာသည်ကို မြင်သောအခါ ရုပ်ရည်ချောမောသော အမျိုးသားတစ်ဦးက သူမကို လက်လှမ်းပြကာ ပြုံးလျက် ပြောလိုက်သည်။
“မိန်းမလှလေး... နောက်ဆုံးတော့ ရောက်လာပြီပေါ့...”
ထိုစကားများ ထွက်လာသည်နှင့် တစ်ပြိုင်နက် သူသည် အေးစက်လှသော သတ်ဖြတ်လိုသည့် အငွေ့အသက်တစ်ခု သူ့ဆီသို့ ဦးတည်လာသည်ကို ခံစားလိုက်ရသည်။
သူက ထိုကျောချမ်းဖွယ်အငွေ့အသက် ထွက်ပေါ်လာရာ နေရာသို့ လှည့်ကြည့်လိုက်ရာ ကျူးလင်၏ နောက်ကွယ်တွင် အေးစက်သော မျက်နှာထားဖြင့် ရပ်နေသော ရှို့ဝူကို တွေ့လိုက်ရလေသည်။
ရှို့ဝူ၏ မျက်နှာကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသောအခါ သူ၏ ခြေထောက်များမှာ အားအင်ကုန်ခမ်းသွားပြီး ကြောက်လန့်တကြားဖြင့် မြေပြင်ပေါ်သို့ လဲကျလုနီးပါး ဖြစ်သွားခဲ့ရသည်။
ထိုအမျိုးသား၏ မျက်နှာက ရုတ်တရက် ဖြူလျော်သွားသည်ကို မြင်သောအခါ ကျူးလင်က ဇဝေဇဝါဖြင့် ခေါင်းလေး စောင်းကာ ပြောလိုက်သည်။
“ခဏလောက် စောင့်ပေးပါဦး...”
သူမ၏ စကားကို ကြားပြီးနောက် ထိုချောမောသော အမျိုးသားက သတိပြန်ဝင်လာပြီး အလျင်အမြန် ပြောလိုက်သည်။
“မလောပါနဲ့... မလောပါနဲ့... စိတ်အေးအေးထားပြီး လုပ်ပါ...”
သူက ထိုသို့ပြောရင်း ရှို့ဝူကို ခိုးကြည့်လိုက်သည်။ ရှို့ဝူ၏ တည်ငြိမ်နေသော မျက်နှာထားကို မြင်သောအခါ သူက ရင်ဘတ်ကို ပုတ်ရင်း တွေးလိုက်မိသည်။
‘ဘုရားရေ... ဒဏ္ဍာရီလာ မျက်နှာသေမိစ္ဆာက တကယ်ကို ကြောက်စရာကောင်းတာပဲ... သူက ဒီမိန်းမလှလေးနဲ့ ဘယ်လိုပတ်သက်နေလဲ မသိဘူး...’
ကျူးလင်သည် အစောပိုင်းကဖြစ်ပျက်သွားသည်များကို သတိမထားမိဘဲ သူမ၏ ဆိုင်ခန်းကို တည်ငြိမ်စွာ ပြင်ဆင်လိုက်သည်။
သူမက ထောင်စုနှစ်သက်တမ်းရှိ ရေခဲပိုးချည်ဖြင့် ပြုလုပ်ထားသော အဝတ်စကို ထုတ်လိုက်သောအခါ ပတ်ဝန်းကျင်၏ အပူချိန်မှာ သိသိသာသာ ကျဆင်းသွားခဲ့လေသည်။
သူမ၏ ဆိုင်ခန်းပတ်လည်တွင် ရပ်နေကြသော လူများက အပူချိန် ကွာခြားသွားမှုကို ခံစားမိလိုက်သဖြင့် ထိုအဝတ်စကို တစ်ပြိုင်နက်တည်း လှမ်းကြည့်လိုက်ကြသည်။
ရုတ်တရက် အပူချိန် ကျဆင်းသွားခြင်းမှာ ထိုအဝတ်စကြောင့် ဖြစ်ကြောင်း သိရှိသွားကြသောအခါ အချို့လူများက လောဘမျက်လုံးများဖြင့် ကြည့်လာကြသည်။
သို့သော် သူတို့၏ အကြည့်များက ရှို့ဝူ၏ အေးစက်သော မျက်လုံးများနှင့် ဆုံမိသွားသောအခါ အလျင်အမြန်ပင် မျက်လွှာချလိုက်ကြရသည်။
သူတို့၏ လောဘဇောများကို သတိပြုမိလိုက်သဖြင့် ရှို့ဝူက ကျူးလင်ကို လှမ်းကြည့်လိုက်သည်။
သူမက ရေအပြည့် ထည့်ထားသော ကျောက်စိမ်းဇလုံကို ထုတ်လိုက်ချိန်တွင် လူအုပ်ကြီးမှာ သူမ၏ ရှေ့၌ စနစ်တကျ တန်းစီနေကြပြီ ဖြစ်သည်။
ထိုချောမောသော အမျိုးသားက ကုန်သွယ်ရေးစင်္ကြံတွင် သူမကို ပထမဆုံး စောင့်ဆိုင်းနေခဲ့သူ ဖြစ်သဖြင့် အရှေ့ဆုံးတွင် ရပ်ကာ ပြုံးလျက် မေးလိုက်သည်။
“မိန်းမလှလေး... ဒီည ကျွန်တော့်ကို ရေနည်းနည်း ပိုရောင်းပေးလို့ ရမလား... မနေ့က ကျွန်တော့်အဖွဲ့ဝင်တစ်ယောက် ဒဏ်ရာရသွားလို့ ဒီည ရေလာမဝယ်နိုင်တော့ဘူးလေ... အဲဒါ ကျွန်တော့်ကို ရေ နောက်ထပ် နှစ်လီတာလောက် ပိုရောင်းပေးလို့ ရမလား...”