အခန်း ၆၄
Vol. 7 Ch. 64
အခန်း (၆၄) - ကျွန်တော် ချက်ကျွေးပါ့မယ်
ကျူးလင်က ခေါင်းခါယမ်းလိုက်ရင်း ငြင်းပယ်လိုက်သည်။
"စိတ်မကောင်းပါဘူး... ရေက အကန့်အသတ် ရှိတာမို့ လူတိုင်း ရေဝယ်ယူနိုင်ဖို့အတွက် တစ်ယောက်ကို အများဆုံး သုံးလီတာပဲ ဝယ်လို့ရပါမယ်... ရှင့်ရဲ့ ဒဏ်ရာရနေတဲ့ သူငယ်ချင်းအတွက် တခြား ရေစွမ်းအားရှင်တွေဆီကနေ ရေဝယ်ယူနိုင်ပါတယ်..."
သူမ၏ စကားကို ကြားရသောအခါ ထိုအမျိုးသားက သက်ပြင်းချလိုက်မိသည်။
ယနေ့တွင် အဖွဲ့ဝင်များအတွက် ရေဝယ်ယူရန် ဆယ်ဆခန့် ပိုမိုသုံးစွဲရတော့မည်ဟု တွေးတောလိုက်မိခြင်း ဖြစ်ပေသည်။
စိတ်ပျက်သွားသော်လည်း ထိုအမျိုးသားက သူမထံသို့ ရေသန့်ဘူးခွံ သုံးဘူးကို ကမ်းပေးရင်း ပြောလိုက်သည်။
"ဒါဆိုရင် ကျွန်တော့်ကို ရေ သုံးလီတာပဲ ပေးပါ..."
ကျူးလင်က ခေါင်းညိတ်လိုက်ရင်း ပြောလိုက်သည်။
"ခဏလောက် စောင့်ပေးပါဦး..."
သူမ၏ စကားကို ကြားပြီးနောက် ထိုအမျိုးသားက သူမကို ဇဝေဇဝါဖြင့် ကြည့်လိုက်သည်။
ကျူးလင်သည် ရေသန့်ဘူးခွံများထဲသို့ ရေဖြည့်ပေးမည့်အစား ကန်စွန်းဥများ၊ ပြောင်းဖူးများ၊ သခွားသီးများနှင့် ခရမ်းချဉ်သီးများကို စတင်ထုတ်ယူလိုက်လေသည်။
သူမက ထိုအရာများကို စုပုံထားလိုက်ပြီးနောက် ထိုအမျိုးသားထံမှ ဘူးခွံများကို လှမ်းယူလိုက်သည်။
သူမက ဘူးများထဲသို့ ရေဖြည့်ပေးပြီးနောက် ပြောလိုက်သည်။
"သာမန်ပုံဆောင်ခဲအမြုတေ ခြောက်ခု ကျသင့်ပါတယ်..."
သူမ၏ အသံကို ကြားမှ ထိုအမျိုးသားက သတိပြန်ဝင်လာသည်။ သူက ဟင်းသီးဟင်းရွက်များကို လက်ညှိုးထိုးပြရင်း မေးလိုက်သည်။
"ဒီဟင်းသီးဟင်းရွက်တွေကိုလည်း ဝယ်လို့ရတာလား..."
ကျူးလင်က ခေါင်းညိတ်ပြရင်း ပြောလိုက်သည်။
"တစ်ကျင်းကို သာမန်ပုံဆောင်ခဲအမြုတေ ငါးခုပါ..."
သူမ၏ စကားကို ကြားလိုက်ရသောအခါ ထိုအမျိုးသား၏ နောက်ကွယ်တွင် တန်းစီနေကြသော လူများမှာ ရုတ်တရက် စိုးရိမ်တကြီး ဖြစ်သွားကြသည်။ ရုပ်ဖြောင့်သော လူငယ်လေး၏ နောက်တွင် ရပ်နေသော သက်ကြီးရွယ်အိုတစ်ဦးက မေးလိုက်သည်။
"ဟင်းသီးဟင်းရွက် ဝယ်ယူဖို့အတွက်ရော ကန့်သတ်ချက် ရှိလား..."
ကျူးလင်က ခဏမျှ စဉ်းစားလိုက်ပြီးနောက် ပြောလိုက်သည်။
"တစ်ယောက်ကို တစ်နေ့ ဟင်းသီးဟင်းရွက် သုံးကျင်းပဲ ဝယ်ယူခွင့် ရှိပါမယ်..."
သူမက ထိုသို့ပြောလိုက်သည်နှင့် ရုပ်ဖြောင့်သော လူငယ်လေးက သူ၏ ရေသုံးဘူးကို လှမ်းယူလိုက်ရင်း ပြောလိုက်သည်။
"မိန်းမလှလေး... ကျွန်တော့်ကို ခရမ်းချဉ်သီးတစ်ကျင်း၊ ကန်စွန်းဥတစ်ကျင်းနဲ့ သခွားသီးတစ်ကျင်း ပေးပါဦး..."
ပြောပြီးသည်နှင့် သူက သာမန်ပုံဆောင်ခဲအမြုတေ နှစ်ဆယ့်တစ်ခုကို ထုတ်ယူကာ ခင်းထားသော အဝတ်စပေါ်သို့ တင်လိုက်သည်။
ကျူးလင်သည် မွန်းတည့်ချိန်က ထူထူ ပေးထားသော ချိန်ခွင်ကို သိုလှောင်အိတ်ထဲမှ ထုတ်ယူလိုက်ပြီး ဟင်းသီးဟင်းရွက်များကို စတင်ချိန်တွယ်ပေးလိုက်လေသည်။
ဆိုင်ခန်းရှေ့တွင် ရှည်လျားစွာ တန်းစီနေကြသော လူတန်းကြီးကို ကြည့်ရင်း ရှို့ဝူက သူမ၏ ဘေးတွင် ဝင်ထိုင်ကာ ပြောလိုက်သည်။
"ငါ မင်းအတွက် ရေကူဖြည့်ပေးမယ်လေ..."
ကျူးလင်က သူ့ကို ငြင်းပယ်ရန် ပြင်လိုက်သော်လည်း တန်းစီနေသည့် လူဦးရေက ပိုမိုများပြားလာသည်ကို မြင်သောအခါ ခေါင်းညိတ်လိုက်ရင်း ပြောလိုက်သည်။
"ကျေးဇူးတင်ပါတယ်..."
ရှို့ဝူ၏ ကူညီမှုကြောင့် သူမ၏ အလုပ်တာဝန်မှာ တစ်ဝက်ခန့် လျော့ပါးသွားခဲ့သည်။
နာရီအနည်းငယ် ကြာပြီးနောက် ကျူးလင်သည် နောက်ဆုံးကျန်ရှိသော ဝယ်ယူသူကို ပြန်လည်နှုတ်ဆက်လိုက်သည်။ တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့် သူမက ရှို့ဝူကို ကြည့်ကာ မေးလိုက်သည်။
"ရှင် ဒီကို တစ်ခုခု ဝယ်ဖို့ လာတာဆို..."
သူမ၏ မေးခွန်းကို ကြားသောအခါ ရှို့ဝူက သူ၏ မျက်ဝန်းများကို အောက်သို့ချလိုက်ရင်း စိတ်ခံစားချက်ကို ဖုံးကွယ်လိုက်သည်။
သူမနှင့် အတူရှိချင်သော စိတ်ဆန္ဒကို ထိန်းချုပ်မရ ဖြစ်လာသောကြောင့် ဆင်ခြေပေးခဲ့ခြင်းဖြစ်ကြောင်း သူမကို မပြောရဲသသဖြင့် ခေါင်းသာ ညိတ်ပြလိုက်သည်။
"အင်း..."
ကျူးလင်က စက္ကန့်အနည်းငယ်မျှ စဉ်းစားလိုက်ပြီးနောက် ပြောလိုက်သည်။
"ဒီည ရှင် ကျွန်မကို အများကြီး ကူညီပေးခဲ့တာဆိုတော့ ရှင်ဝယ်ချင်တဲ့ ပစ္စည်းတွေအတွက် ကျွန်မပဲ ငွေရှင်းပေးပါ့မယ်..."
ရှို့ဝူက ခဏမျှ စဉ်းစားလိုက်ပြီးနောက် ခေါင်းခါယမ်းကာ သူမကို ပြုံးပြရင်း ပြောလိုက်သည်။
"မင်းရဲ့ စေတနာအတွက် ကျေးဇူးတင်ပါတယ်... ဒါပေမဲ့ ယောက်ျားတစ်ယောက်အနေနဲ့ မိန်းကလေးတစ်ယောက်ကို ငွေမရှင်းခိုင်းပါဘူး..."
ကျူးလင် စကားမပြောနိုင်ခင်မှာပင် သူက ထပ်လောင်းပြောလိုက်သည်။
"တကယ်လို့ မင်းက ငါ့ကို ကျေးဇူးတင်ချင်တယ်ဆိုရင် မင်းအိမ်မှာ ထမင်းတစ်နပ်လောက် ဖိတ်ကျွေးတာကော ဘယ်လိုလဲ..."
သူက ထိုသို့ပြောလိုက်သောအခါ ကျူးလင်က ပါးပြင်ကို ကုတ်လိုက်ရင်း အနေခက်စွာဖြင့် ပြောလိုက်သည်။
"အာ... ကျွန်မက ဟင်းမချက်တတ်ဘူးလေ... ရှင်လည်း ဒါကို သိသားရဲ့သားနဲ့..."
သူမ၏ ပါးပြင်လေးများ နီရဲသွားသည်ကို မြင်ရသောအခါ ရှို့ဝူသည် ရင်ခုန်သံများ မြန်ဆန်လာသည်ကို ခံစားလိုက်ရသည်။
သူ၏ ရင်ခုန်သံကို ထိန်းချုပ်ရန် ကြိုးစားသော်လည်း မအောင်မြင်ခဲ့ပေ။ ထူးဆန်းသော စိတ်လှုပ်ရှားမှုများကို ဖုံးကွယ်ရန် ချောင်းဟန့်လိုက်ရင်း တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။
"စိတ်မပူပါနဲ့... ငါ ချက်ကျွေးပါ့မယ်..."
ယခင်က သူချက်ပြုတ်ပေးခဲ့သော အရသာရှိသည့် အစားအစာများကို သတိရသွားသောအခါ ကျူးလင်သည် တံတွေးကို အသာမြိုချလိုက်မိသည်။
နောက်တစ်စက္ကန့်တွင် သူမက သတိပြန်ဝင်လာပြီး ခေါင်းကို အပြင်းအထန် ခါယမ်းရင်း ပြောလိုက်သည်။
"မဖြစ်ပါဘူး... မဖြစ်ပါဘူး... ကျွန်မက ရှင့်ကို ကျေးဇူးဆပ်ချင်တာလေ... ဘယ်လိုလုပ်ပြီး ရှင့်ကိုပဲ ပြန်ချက်ခိုင်းရမှာလဲ..."
ထိုစကားကို ကြားသောအခါ ရှို့ဝူ၏ နှုတ်ခမ်းထောင့်စွန်းများ ကွေးညွတ်သွားခဲ့သည်။ သူက သူမကို စက္ကန့်အနည်းငယ်မျှ စိုက်ကြည့်လိုက်ပြီးနောက် ပြောလိုက်သည်။
"ဒါဆိုရင် ငါတို့ အတူတူ ချက်ကြတာပေါ့... ငါ မင်းကို ဟင်းချက်နည်း သင်ပေးမယ်... မင်းကတော့ ဟင်းချက်စရာ ပါဝင်ပစ္စည်းတွေ ပြင်ဆင်ပေးပေါ့..."
ကျူးလင်သည် သူမ၏ ဟင်းချက်စွမ်းရည်ကို တွေးတောမိပြီး သက်ပြင်းချလိုက်သည်။ အသေအချာ စဉ်းစားပြီးနောက် နောက်ဆုံးတွင် ခေါင်းညိတ်လိုက်ရင်း မေးလိုက်သည်။
"ကောင်းပါပြီ... ဒါဆို ရှင် ဘယ်အချိန် ထမင်းလာစားမလဲ..."
ရှို့ဝူက သူမ၏ ပင်ပန်းနွမ်းနယ်နေသော မျက်နှာလေးကို ကြည့်ရင်း ပြောလိုက်သည်။
"မနက်ဖြန် မွန်းတည့်အချိန်ပေါ့... ဒီညတော့ စောစော အနားယူလိုက်ပါဦး..."
ကျူးလင်က ပြုံးလျက် ပြောလိုက်သည်။
"ဒါဆိုရင် မနက်ဖြန်ကျရင် စောင့်နေပါ့မယ်..."
သူမနှင့် ချိန်းဆိုမှု ရရှိသွားသောကြောင့် ရှို့ဝူမှာ အလွန်အမင်း ဝမ်းသာပီတိဖြစ်သွားရသည်။
ကျူးလင်က ကျောက်စိမ်းဇလုံနှင့် ခင်းထားသော အဝတ်စကို သိမ်းဆည်းပြီးနောက် ရှို့ဝူသည် သူမကို တိုက်ခန်းသို့ လိုက်လံပို့ဆောင်ပေးခဲ့ပြီးနောက် ထန်ဝေ့နှင့် ကျီယန်တို့ရှိရာ တိုက်ခန်းသို့ သွားရောက်တွေ့ဆုံရန် ထွက်ခွာသွားခဲ့လေသည်။
နာရီအနည်းငယ်ကြာပြီးနောက် နေမင်းကြီး ထွက်ပေါ်လာချိန်တွင် ကျူးလင် နိုးလာခဲ့သည်။
နေကိုကြည့်၍ အချိန်ကို မခန့်မှန်းနိုင်တော့သောကြောင့် မနေ့ညက ရှို့ဝူသည် သူမအား လက်ပတ်နာရီတစ်လုံး ပေးခဲ့သည်။
အချိန်ကိုကြည့်ပြီးနောက် သူမသည် အကြောအချဉ်များကို ခဏမျှ ဆန့်ထုတ်လိုက်ပြီး ရေချိုးရန် ထွက်လာခဲ့သည်။
ရှို့ဝူနှင့် ချိန်းဆိုထားသော အချိန်မှာ မွန်းတည့်ချိန်ဖြစ်ပြီး ယခုအချိန်မှာ နံနက် ခြောက်နာရီသာ ရှိသေးသည်။
အချိန်ရသေးသဖြင့် သူမသည် ဧည့်ခန်းကြမ်းပြင်ပေါ်တွင် တင်ပျဉ်ခွေထိုင်လိုက်သည်။
လွန်ခဲ့သော နှစ်ရက်အတွင်း သူမ ရှာဖွေစုဆောင်းထားသော ပုံဆောင်ခဲအမြုတေအားလုံးကို ထုတ်ယူလိုက်ပြီး ကျူးလင်သည် ပုံဆောင်ခဲအမြုတေများထဲမှ ဝိညာဉ်စွမ်းအင်များကို စတင်စုပ်ယူလိုက်လေသည်။
နှစ်နာရီကြာပြီးနောက် သူမသည် ပုံဆောင်ခဲအမြုတေအားလုံးကို စုပ်ယူပြီးစီးသွားပြီး မျက်လုံးများကို ဖွင့်လိုက်သည်။ ဟောင်းနွမ်းနေသော ဆိုဖာပေါ်တွင် ထိုင်နေသည့် ထူထူက သူမကို ကြည့်ကာ မေးလိုက်သည်။
"သခင်မလေး... ကျင့်ကြံမှု အဆင့်တက်သွားပြီလား..."
ကျူးလင်က ခေါင်းခါယမ်းလိုက်ရင်း ပြောလိုက်သည်။
"ဒီပုံဆောင်ခဲအမြုတေအားလုံးကို စုပ်ယူပြီးတာတောင် ငါ့ရဲ့ ကျင့်ကြံမှုက နည်းနည်းပဲ တိုးတက်လာတယ်..."
ထူထူက စိတ်ပျက်လက်ပျက်ဖြင့် သက်ပြင်းချလိုက်ပြီးနောက် စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။
"သခင်မလေး... အခု သခင်မလေးရဲ့ ကျင့်ကြံမှုအဆင့်က ဘယ်လောက်ရှိနေပြီလဲ..."
သူမက မတ်တတ်ရပ်လိုက်ပြီး ဧည့်ခန်းထောင့်ရှိ တံမြက်စည်းကို ယူကာ အဖြူရောင်အမှုန့်များကို လှည်းကျင်းရင်း ထူထူ၏ မေးခွန်းကို ပြန်လည်ဖြေကြားလိုက်သည်။
"အခုလောလောဆယ်တော့ ငါက ချီစုဆောင်းခြင်းအဆင့် အစောပိုင်းမှာပဲ ရှိသေးတယ်..."