အခန်း ၆၅
Vol. 7 Ch. 65
အခန်း (၆၅) - အပူချိန်ထိန်းညှိပေးသော အစီအရင်
ကျူးလင်၏ အဖြေကို ကြားလိုက်ရသောအခါ ထူထူမှာ စိတ်ပျက်အားလျော့သွားပြီး ပြောလိုက်သည်။
"ငါတို့ လောကဘုံခြောက်ပါးကို ပြန်ဖို့ မဖြစ်နိုင်တော့ဘူး ထင်တယ်..."
ကျူးလင်က သက်ပြင်းတစ်ချက် ချလိုက်ပြီး ခဏမျှ တွေးတောကာ ပြောလိုက်သည်။
“ငါ့ရဲ့ ကျင့်ကြံမှုကို မြှင့်တင်ဖို့ တခြားနည်းလမ်း ရှာရမယ်...”
“ပုံဆောင်ခဲအမြုတေတစ်ခုတည်းကိုပဲ အားကိုးနေမယ်ဆိုရင် ဒီကမ္ဘာပေါ်က ဖုတ်ကောင်တွေနဲ့ သန္ဓေပြောင်း သတ္တဝါတွေအားလုံးကို သတ်ပစ်ရင်တောင် ငါ့ရဲ့ နတ်ဘုရားအမြုတေကို ပြန်လည်ဖွဲ့စည်းဖို့ လုံလောက်မှာ မဟုတ်ဘူး..."
ထိုသို့ပြောပြီးနောက် သူမနှင့် ထူထူတို့သည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး တစ်ပြိုင်နက်တည်း သက်ပြင်းရှည်ကြီး ချလိုက်ကြလေသည်။
အနာဂတ်က မှောင်မိုက်နေသော်လည်း ကျူးလင်အနေဖြင့် ရှို့ဝူနှင့် ချိန်းဆိုထားမှုအတွက် ပြင်ဆင်ရန် လိုအပ်နေသေး၏။
သူမ၏ ဗလာကျင်းနေသော တိုက်ခန်းလေးကို ပြင်ဆင်မွမ်းမံမှု ပြီးစီးလုနီးပါး ဖြစ်နေချိန်တွင် တံခါးခေါက်သံ ထွက်ပေါ်လာချေသည်။
တံခါးအပြင်ဘက်တွင်မူ ရှို့ဝူ၏ မျက်နှာအမူအရာမှာ အလွန်အမင်း အေးစက်လွန်းလှသဖြင့် ဤမျှပူပြင်းလှသော ရာသီဥတုကြီးထဲတွင်ပင် ကျီယန်နှင့် ထန်ဝေ့တို့မှာ ချမ်းစိမ့်စိမ့် ခံစားလိုက်ရသည်။
သူ၏ လူသတ်ချင်စိတ် ပြည့်နှက်နေသော အကြည့်ကို မြင်လိုက်ရသဖြင့် ထန်ဝေ့က အားနာတကြီး ပြုံးလိုက်ရင်း ပြောလိုက်သည်။
"လောင်ရှို့... မင်း မျက်နှာထားကို နည်းနည်းလောက် ပြောင်းလို့မရဘူးလား... ကြည့်ရတာ အရမ်းကြောက်ဖို့ကောင်းတယ်...”
“တကယ်လို့ ရှောင်လင်က မင်းရဲ့ အခုလို မျက်နှာပေးကိုမြင်ပြီး ထွက်ပြေးသွားရင် ဘယ်လိုလုပ်မလဲ... နောက်ဆုံးကျရင် နစ်နာမှာက မင်းကိုယ်တိုင်ပဲ မဟုတ်ဘူးလား..."
ထိုစကားများ ထွက်လာသည်နှင့်တစ်ပြိုင်နက် ရှို့ဝူက သူ့ကို စူးစူးဝါးဝါး စိုက်ကြည့်လိုက်လေသည်။
သူ၏ ကျောချမ်းဖွယ် စူးစိုက်ကြည့်မှုအောက်တွင် ထန်ဝေ့မှာ ချက်ချင်းပင် ပါးစပ်ပိတ်သွားတော့၏။
၎င်းတို့နှစ်ဦး၏ ပုံစံကို မြင်လိုက်ရသဖြင့် ကျီယန်က တိုးတိုးလေး ရယ်မောလိုက်သည်။
မနေ့ညက သူ၏ ပေါ့ဆမှုကို ပြန်လည်တွေးတောမိရင်း ရှို့ဝူမှာ မိမိကိုယ်ကိုယ် တိုဖူးနှင့်သာ ခေါင်းကို ထုရိုက်ပစ်ချင်စိတ် ပေါက်သွားရသည်။
သူက သူ၏ အရင်းနှီးဆုံး သူငယ်ချင်းနှစ်ဦးကို စိုက်ကြည့်လိုက်ရင်း တွေးလိုက်မိသည်။
'ငါ ရူးသွားတာပဲ ဖြစ်ရမယ်... မနေ့ညက ငါ ဘာတွေတွေးနေမိတာလဲ... သူတို့နှစ်ယောက်ဆီကို တကယ်ကြီး သွားတွေ့မိတယ်လို့...'
ရှို့ဝူတစ်ယောက် မနေ့ညက ဆုံးဖြတ်ချက်အတွက် နောင်တရနေဆဲအချိန်မှာပင် တံခါးပွင့်လာခဲ့သည်။
ထန်ဝေ့နှင့် ကျီယန်တို့ကို မြင်လိုက်ရသဖြင့် ကျူးလင်မှာ အနည်းငယ် အံ့အားသင့်သွားရ၏။
မနေ့ညက ရှို့ဝူ ပြောခဲ့သည့် စကားများအရဆိုလျှင် ယနေ့တွင် သူတို့နှစ်ဦးတည်းသာ ရှိရမည် ဖြစ်သည်။
ကျူးလင်၏ ဇဝေဇဝါဖြစ်နေသော မျက်နှာလေးကို မြင်လိုက်ရသောအခါ ရှို့ဝူက သူ၏ အေးစက်စက်အကြည့်များကို ရုပ်သိမ်းလိုက်ပြီး သူမကို ပြုံးပြကာ သက်ပြင်းချရင်း ပြောလိုက်သည်။
"ဒီနေ့ လင်အာက ကိုယ့်ကို ထမင်းဖိတ်ကျွေးတယ်ဆိုတာ သူတို့ သိသွားလို့လေ... ဒါကြောင့် အတင်းလိုက်ခဲ့ကြတာ..."
သူ၏ စကားကို ကြားပြီးနောက် ကျူးလင်က ခေါင်းညိတ်လိုက်ရင်း ပြောလိုက်သည်။
"အို... နားလည်ပါပြီ... အထဲကို ကြွကြပါ..."
သူမက ဘေးသို့ ဖယ်ပေးကာ သူတို့သုံးဦးကို အထဲသို့ ဖိတ်ခေါ်လိုက်သည်။
ရှို့ဝူ၊ ကျီယန်နှင့် ထန်ဝေ့တို့ အထဲသို့ လှမ်းဝင်လိုက်ကြသောအခါ တိုက်ခန်းအတွင်းနှင့် အပြင်ဘက်ရှိ အပူချိန်ကွာခြားချက်ကြောင့် အားလုံး အံ့အားသင့်သွားကြရသည်။
အပြင်ဘက်ရှိ အပူချိန်မှာ မီးဖိုတစ်ခုအတွင်း ရောက်နေသကဲ့သို့ ပူပြင်းလှသော်လည်း သူမ၏ တိုက်ခန်းအတွင်း၌မူ ဆောင်းဦးပိုင်းကာလ၏ နေ့တစ်နေ့ကဲ့သို့ အေးမြလှပေသည်။
ထန်ဝေ့က ဖိနပ်ကို ချွတ်လိုက်ရင်း ပြောလိုက်သည်။
"ရှောင်လင်... မင်းရဲ့အိမ်က တကယ့်ကို နေလို့ကောင်းတာပဲ... ဘာလို့ အထဲက အပူချိန်က အပြင်နဲ့ ဒီလောက်တောင် ကွာခြားနေရတာလဲ... မင်း လေအေးပေးစက် ဖွင့်ထားတာလား..."
ကျူးလင်က လက်ဖက်ရည်အိုးတစ်လုံးနှင့် ခွက်သုံးခွက်ကို ကိုင်ဆောင်ကာ မီးဖိုချောင်ထဲမှ ထွက်လာရင်း ပြောလိုက်သည်။
"ကျွန်မ တိုက်ခန်းပတ်ပတ်လည်မှာ အပူချိန်ထိန်းညှိတဲ့ အစီအရင်တစ်ခုကို လုပ်ထားလို့ပါ..."
သူမ၏ စကားကို ကြားလိုက်ရသောအခါ ထန်ဝေ့၏ မျက်လုံးများမှာ တောက်ပသွားတော့သည်။
သူက ဟောင်းနွမ်းနေသော ဆိုဖာပေါ်တွင် ထိုင်လိုက်ရင်း မေးလိုက်သည်။
"ငါတို့ရဲ့ တိုက်ခန်းမှာလည်း အဲဒီလို အစီအရင်မျိုး လုပ်ပေးလို့ ရမလား...”
“ငါတို့ ငှားထားတဲ့ တိုက်ခန်းမှာ နေရတာက မီးဖိုထဲမှာ နေရသလိုပဲ..."
“တကယ်လို့ ငါနဲ့ လောင်ယန်သာ သဘာဝလွန်စွမ်းအားရှင်တွေ မဟုတ်ခဲ့ရင် အဲဒီနေရာမှာ အသက်ရှင်နိုင်မှာ မဟုတ်ဘူး..."
သူ၏ သနားစဖွယ် မျက်နှာပေးကို ကြည့်ကာ ကျူးလင်က ခေါင်းညိတ်လိုက်ရင်း ပြောလိုက်သည်။
"ရပါတယ်... ဒါက တကယ့်ကို ရိုးရှင်းတဲ့ အစီအရင်တစ်ခုပါပဲ... ရှင်တို့ လိုချင်တယ်ဆိုရင် နောက်မှ ကျွန်မ လုပ်ပေးပါ့မယ်..."
“ဒါပေမဲ့ သုံးရက်တစ်ကြိမ်တော့ အစီအရင်ထဲကို ဝိညာဉ်စွမ်းအင် နည်းနည်းစီ ပို့လွှတ်ပေးဖို့ လိုအပ်လိမ့်မယ်... မဟုတ်ရင်တော့ အစီအရင်က အလုပ်လုပ်တာ နှေးသွားပြီး ပျောက်ကွယ်သွားလိမ့်မယ်..."
ပြောပြီးနောက် သူမက ရှို့ဝူကို ကြည့်ကာ မေးလိုက်သည်။
"ရှင်ကော... ရှင့်အတွက်လည်း အစီအရင်တစ်ခု လုပ်ပေးရမလား..."
ရှို့ဝူက ခဏမျှ စဉ်းစားလိုက်ပြီးနောက် ခေါင်းခါပြကာ ပြုံးလျက် ပြောလိုက်သည်။
"မလိုပါဘူး... တကယ်လို့ အပူဒဏ်ကို မခံနိုင်တော့တဲ့အခါကျရင် လင်အာ့ဆီကိုပဲ လာလည်လိုက်မယ်လေ..."
သူက ထိုသို့ပြောလိုက်သည်နှင့်တစ်ပြိုင်နက် ကျီယန်နှင့် ထန်ဝေ့တို့သည် သူ့ကို တစ်ပြိုင်နက်တည်း ကြည့်လိုက်ကြလေသည်။
အကယ်၍ သူတို့၏ မျက်လုံးများက စကားပြောနိုင်မည်ဆိုလျှင် ရှို့ဝူအနေဖြင့် အပြစ်ကင်းစင်သော မိန်းကလေးတစ်ဦးကို လှည့်စားနေသည့်အတွက် သူ့ကို ကျိန်ဆဲနေကြသော အသံများကို ကြားရပေလိမ့်မည်။
ကျူးလင်မှာမူ သူ၏ စကားများထဲတွင် တစ်ခုခု မမှန်ကန်ကြောင်း ခံစားမိသော်လည်း အများကြီး တွေးမနေတော့ဘဲ ပြောလိုက်သည်။
"ကောင်းပါပြီ... ရှင် အချိန်မရွေး လာလည်လို့ ရပါတယ်..."
အချိန်မှာ မစောတော့သည်ကို မြင်လိုက်ရသဖြင့် ရှို့ဝူက ကျူးလင်ကို ကြည့်ကာ မေးလိုက်သည်။
"လင်အာ... ဘာစားချင်လဲ..."
ယခင်က စားခဲ့ဖူးသော အရသာရှိလှသည့် ထမင်းကြော်ကို ပြန်လည်အမှတ်ရလိုက်ရင်း ကျူးလင်က ပြောလိုက်သည်။
"ကျွန်မ ရှင့်ရဲ့ ထမင်းကြော်ကို စားချင်တယ်..."
ရှို့ဝူက ခေါင်းညိတ်လိုက်ရင်း ပြောလိုက်သည်။
"ကောင်းပါပြီ..."
သူတို့နှစ်ဦး မီးဖိုချောင်ဆီသို့ လျှောက်လှမ်းသွားကြသည်ကို မြင်လိုက်ရသဖြင့် ထန်ဝေ့က ကျီယန်ကို တံတောင်နှင့် တို့လိုက်ရင်း မေးလိုက်သည်။
"လောင်ယန်... လောင်ရှို့က ရှောင်လင်ကို အခုလို လှည့်စားနေတာ မကောင်းဘူးလို့ မင်းမထင်ဘူးလား..."
ကျီယန်က လက်ဖက်ရည်ကို တည်ငြိမ်စွာ တစ်ငုံသောက်လိုက်ရင်း မေးလိုက်သည်။
"မင်း ဘာကို ဆိုလိုတာလဲ..."
ထန်ဝေ့က မီးဖိုချောင်ဆီသို့ လက်ညှိုးထိုးပြကာ တိုးတိုးလေး ပြောလိုက်သည်။
"လောင်ရှို့ ဘာတွေ ကြံစည်နေလဲဆိုတာ မင်း သတိမထားမိဘူးလား... ပြီးတော့ ရှောင်လင်က ဒီလိုကိစ္စမျိုးတွေမှာ တကယ့်ကို ရိုးလွန်းတယ်ဆိုတာ ငါ သတိထားမိတယ်...”
“ကြည့်ရတာ လောင်ရှို့က အပြစ်ကင်းတဲ့ မိန်းကလေးငယ်လေးတစ်ယောက်ကို လှည့်စားနေသလိုပဲ..."
ကျီယန်က ထန်ဝေ့ကို ကြည့်ကာ ခေါင်းခါလိုက်ပြီးနောက် ပြောလိုက်သည်။
"လောင်ရှို့က သူ သဘောကျတဲ့ မိန်းကလေးကို လိုက်နေတာပဲလေ... ရှောင်ဝေ့... မင်း အခုထိ လူပျိုကြီး ဖြစ်နေတာ မဆန်းပါဘူး..."
ထိုစကားကို ကြားလိုက်ရသောအခါ ထန်ဝေ့က ဒေါသတကြီး ပြောလိုက်သည်။
"ဟေး... တကယ်လို့ ရုတ်တရက်ကြီး ကမ္ဘာပျက်ကပ်သာ မဖြစ်ခဲ့ရင် ငါက ဟိုးကတည်းက နာမည်ကြီး မင်းသားတစ်ယောက် ဖြစ်နေလောက်ပြီ...”
“ငါ့ရဲ့ ရုပ်ရည်နဲ့ ခန္ဓာကိုယ်အချိုးအစားနဲ့ဆိုရင် ငါ့ရဲ့ ရည်းစားဖြစ်ချင်တဲ့ မိန်းကလေးတွေ အများကြီးပဲကွ..."
ကျီယန်က သူ၏ ဘဝင်မြင့်နေသော မျက်နှာပေးကို ကြည့်ကာ ပြုံးလျက် ပြောလိုက်သည်။
"ရှောင်ဝေ့... ငါ့စကားကို နားထောင်စမ်းပါ... မနေ့ညကလိုမျိုး လောင်ရှို့ရဲ့ အစီအစဉ်တွေကို နှောင့်ယှက်တာမျိုး မလုပ်တာ အကောင်းဆုံးပဲ... မဟုတ်ရင် တစ်နေ့ကျရင် မင်း ခါးသီးတဲ့ အခက်တွေ့ရလိမ့်မယ်..."
ထန်ဝေ့က မျက်လုံးကို အပေါ်သို့ ပင့်တင်လိုက်ရင်း ပြောလိုက်သည်။
"ငါက လောင်ရှို့ရဲ့ အစီအစဉ်ကို နှောင့်ယှက်ဖို့ ကြံစည်နေတယ်လို့ ဘယ်သူပြောလဲ... ငါက သူကိုယ်တိုင် ချက်ကျွေးတဲ့ ဟင်းကို စားချင်ရုံသက်သက်ပါ... မင်းကော ဒီနေ့ ဒီကို လာတာ အစားအသောက်အတွက် မဟုတ်ဘူးလား..."
ဧည့်ခန်းထဲတွင် သူတို့နှစ်ဦး စကားများနေကြဆဲအချိန်၌ မီးဖိုချောင်အတွင်း၌မူ ရှို့ဝူက ကျူးလင်ကို သက်ပြင်းချရင်း ကြည့်လိုက်သည်။
ကျူးလင်က သူ့ကို တစ်ချက်ကြည့်လိုက်ပြီး တိုးညင်းသောအသံလေးဖြင့် ပြောလိုက်သည်။
"ကျွန်မ ရှင့်ကို ပြောပြီးသားပဲလေ... ကျွန်မ ဟင်းမချက်တတ်ဘူး..."