အခန်း ၆၆
Vol. 7 Ch. 66
အခန်း (၆၆) - မင်းက ကျင့်ကြံသူတစ်ယောက်လား...
ကျူးလင်၏ စကားကို ကြားပြီးနောက် ရှို့ဝူက တိုးတိုးလေး ရယ်မောလိုက်သည်။ ထို့နောက် ဂျုံမှုန့်များ ပေကျံနေသည့် မီးဖိုချောင် စားပွဲခုံကို ကြည့်ကာ သက်ပြင်းတစ်ချက်ကို အသာလေး ချလိုက်လေသည်။
ရှို့ဝူ၏ တိုးညင်းသော ရယ်သံနှင့် မတတ်သာသည့် သက်ပြင်းချသံတို့ကို ကြားရသောအခါ ကျူးလင်က မျက်နှာလေး နီရဲလျက် ပြောလိုက်သည်။
"မရယ်ပါနဲ့..."
ရှို့ဝူက သူမ၏ နီမြန်းနေသော မျက်နှာလေးကို ကြည့်ကာ ပြုံးလျက် ပြောလိုက်သည်။
"ကောင်းပါပြီ... ကိုယ် မရယ်တော့ဘူး..."
ထိုသို့ ပြောပြီးနောက် သူက ရှုပ်ပွနေသော မီးဖိုချောင်ကို တစ်ချက်ဝေ့ကြည့်ကာ မေးလိုက်သည်။
"လင်အာ... ဧည့်ခန်းထဲမှာ လောင်ယန်တို့၊ ရှောင်ဝေ့တို့နဲ့အတူ သွားစောင့်နေပါလား... ကျန်တာတွေကို ကိုယ့်ဘာသာပဲ ရှင်းလိုက်ပါ့မယ်..."
ကျူးလင်က ခေါင်းခါယမ်းကာ ပြောလိုက်သည်။
"ဒါပေမဲ့ ရှင်က ဧည့်သည်ပဲဥစ္စာ... ရှင့်တစ်ယောက်တည်းကိုပဲ မီးဖိုချောင်ထဲမှာ ဘယ်လိုလုပ် ထားခဲ့လို့ ဖြစ်မှာလဲ..."
သူက အသံတိုးတိုးလေး ပြောလိုက်သည်။
"ဒါဆိုရင် ကိုယ့်ကို ဧည့်သည်တစ်ယောက်လို သဘောမထားနဲ့ပေါ့..."
ကျူးလင်တစ်ယောက် ဘာပြန်ပြောရမှန်း မသိခင်မှာပင် ရှို့ဝူက သူမ၏ လက်များကို ဆေးကြောပေးပြီး ဧည့်ခန်းဆီသို့ ဦးဆောင်ခေါ်သွားခဲ့လေသည်။
သူ၏ သူငယ်ချင်းနှစ်ယောက်ကို သတိပေးသည့် အကြည့်ဖြင့် တစ်ချက်ကြည့်လိုက်ပြီးနောက် ရှို့ဝူက သူမကို ကြည့်ကာ ပြောလိုက်သည်။
"ဒီမှာထိုင်ပြီး ဧည့်သည်တွေကို ဧည့်ခံပေးထားလိုက်နော်..."
ထိုစကားကို ချန်ထားခဲ့ပြီးနောက် သူက မီးဖိုချောင်ထဲသို့ ပြန်ဝင်သွားတော့သည်။ စက္ကန့်အနည်းငယ် ကြာပြီးမှသာ ကျူးလင်တစ်ယောက် သတိပြန်ဝင်လာပြီး နားမလည်နိုင်စွာဖြင့် ပါးပြင်လေးကို ကုတ်လိုက်မိလေသည်။
သူမ၏ သခင်မလေး ဇဝေဇဝါ ဖြစ်နေသည့် မျက်နှာပေးကို မြင်သောအခါ ထူထူက သက်ပြင်းတစ်ချက် ချလိုက်မိသည်။ ထို့နောက် စိတ်ထဲမှ ရေရွတ်လိုက်မိလေသည်။
'ငါ့သခင်မလေးကတော့ တကယ့်ကို အူတူတူလေးပဲ... သူကစားတာ ခံနေရမှန်း ဘယ်တော့မှ သိပါ့မလဲ... အဲဒီအချိန်ကျရင်တော့ သခင်မလေးရဲ့ မျက်နှာပေးက တကယ့်ကို ရယ်စရာကောင်းနေမှာ သေချာတယ်...'
သူမ၏ ဇဝေဇဝါ ဖြစ်နေသော ပုံစံကို ကြည့်ကာ ကျီယန်က ပြုံးလျက် မေးလိုက်သည်။
"လင်အာ... မင်းက ဈေးထဲမှာ ရေနဲ့ ဟင်းသီးဟင်းရွက်တွေ ရောင်းတယ်လို့ လောင်ရှို့ဆီက ကြားမိတယ်..."
ထိုစကားကို ကြားသောအခါ ကျူးလင်က ခေါင်းညိတ်ပြကာ ပြောလိုက်သည်။
"ဟုတ်ပါတယ်... ကျွန်မက ပုံဆောင်ခဲအမြုတေတွေကို လိုချင်ပြီး သူတို့ကတော့ ရေနဲ့ အစားအစာတွေကို လိုအပ်နေကြတာလေ... ဒါက နှစ်ဦးနှစ်ဖက်လုံးအတွက် အဆင်ပြေတယ်လေပ..."
ကျီယန်က ခေါင်းညိတ်လိုက်ပြီး ထပ်မံမေးမြန်းလိုက်သည်။
"မင်းက ပုံဆောင်ခဲအမြုတေတွေကို အရေးတကြီး လိုအပ်နေလို့လား..."
ကျူးလင်က ပုံဆောင်ခဲအမြုတေ အမြောက်အမြားကို စုပ်ယူပြီးသည့်တိုင် သူမ၏ ကျင့်ကြံမှုအဆင့်က အနည်းငယ်သာ တိုးတက်လာသည်ကို တွေးမိသဖြင့် ခေါင်းညိတ်ပြလိုက်သည်။
သို့သော် သူ၏ မေးခွန်းက အနည်းငယ် ထူးဆန်းနေသည်ဟု ခံစားရသဖြင့် ကျီယန်ကို ကြည့်ကာ မေးလိုက်သည်။
"ဘာဖြစ်လို့ ရုတ်တရက်ကြီး ဒါကို မေးရတာလဲ... ရှင်တို့ ဟင်းသီးဟင်းရွက်တွေနဲ့ သစ်သီးတွေ ထပ်လိုချင်လို့လား..."
သူက ခေါင်းခါယမ်းကာ ပြောလိုက်သည်။
"မဟုတ်ပါဘူး... ကျွန်တော်တို့ဆီမှာ ဟင်းသီးဟင်းရွက်တွေ အများကြီး ကျန်ပါသေးတယ်... မင်းက ဘာဖြစ်လို့ ပုံဆောင်ခဲအမြုတေတွေ အများကြီး လိုချင်နေရတာလဲဆိုတာကို သိချင်ရုံသက်သက်ပါ..."
ကျူးလင်က ခေါင်းညိတ်လိုက်ပြီး တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။
"ကျွန်မရဲ့ ကျင့်ကြံမှုကို မြှင့်တင်ဖို့အတွက် ပုံဆောင်ခဲအမြုတေတွေ အများကြီး လိုအပ်လို့ပါ..."
သူမ၏ စကားကြောင့် ထန်ဝေ့နှင့် ကျီယန်တို့သည် တစ်ယောက်ကိုတစ်ယောက် အဓိပ္ပာယ်ပါပါ ကြည့်လိုက်ကြသည်။
မနေ့ညက ရှို့ဝူတစ်ယောက် သူတို့၏ တိုက်ခန်းမှ ထွက်သွားပြီးနောက် ထိုနှစ်ယောက်သည် အချိန်အတော်ကြာ တိုင်ပင်ဆွေးနွေးခဲ့ကြသည်။
ကျူးလင်နှင့် စတင်တွေ့ဆုံကတည်းက သူမသည် သာမန်လူများနှင့် မတူဘဲ ကွဲပြားခြားနားနေသည်ကို သူတို့ သိရှိထားကြသည်။
ရှို့ဝူက သူမကို သဘောကျနေသဖြင့် သူ၏ အရင်းနှီးဆုံး သူငယ်ချင်းများအနေနှင့် ကြိုတင်ကာကွယ်သည့်အနေဖြင့် ကျူးလင်၏အကြောင်းကို ပိုမိုသိရှိထားရန် လိုအပ်သည်ဟု ယူဆခဲ့ကြခြင်း ဖြစ်သည်။
စက္ကန့်အနည်းငယ် ကြာပြီးနောက် ထန်ဝေ့က မေးလိုက်သည်။
"လင်အာ... မင်းက ကျင့်ကြံမှုကို မြှင့်တင်ဖို့ ပုံဆောင်ခဲအမြုတေတွေ လိုအပ်တယ်လို့ ပြောတယ်နော်... ဒါဆိုရင် မင်းက ဝတ္ထုတွေထဲကလို လေဟုန်စီးပြီး မိုးခေါ်နိုင်တဲ့ ကျင့်ကြံသူတွေလိုမျိုးလား..."
သူ၏ မေးခွန်းကို ကြားသောအခါ ကျူးလင်က ပြုံးလျက် ပြောလိုက်သည်။
“မိုးခေါ်နိုင်တဲ့သူကတော့ မိုးနတ်မင်းတစ်ပါးတည်းပဲ ရှိတာပါ...”
“လေဟုန်စီးတဲ့ ကိစ္စကတော့ နတ်ဘုရားအဆင့်ကို ရောက်သွားရင် တကယ်ပဲ ပျံသန်းနိုင်ပါတယ်..."
“ဒါပေမဲ့ ရွှေအမြုတေအဆင့်ကို ရောက်ရင်လည်း ဝိညာဉ်လက်နက်ကို အသုံးပြုပြီး ပျံသန်းလို့ ရပါတယ်..."
သူမ၏ စကားကြောင့် ထန်ဝေ့မှာ မျက်လုံးများ ပြူးကျယ်သွားပြီး ကျူးလင်ကို အားကျအတုယူဖွယ် အကြည့်များဖြင့် ကြည့်ကာ အသံကို နှိမ့်၍ မေးလိုက်သည်။
"လင်အာ... ဒါဆိုရင် မင်းက တကယ့်ကျင့်ကြံသူတစ်ယောက်ပေါ့ ဟုတ်လား..."
ကျူးလင်က ခဏမျှ စဉ်းစားလိုက်ပြီးနောက် ပြောလိုက်သည်။
"အခုအချိန်မှာတော့ ကျွန်မကိုယ်ကျွန်မ ကျင့်ကြံသူတစ်ယောက်လို့ပဲ သတ်မှတ်ရမှာပေါ့..."
အဘယ်ကြောင့်ဆိုသော် သူမ၏ နတ်ဘုရားအမြုတေမှာ ပျက်စီးသွားခဲ့ပြီး သာမန်လူသားတစ်ဦးအဖြစ်သို့ ရောက်ရှိသွားခဲ့ပြီဖြစ်သောကြောင့် သူမကို ကျင့်ကြံသူတစ်ဦးအဖြစ်သာ သတ်မှတ်နိုင်သည်။
ထို့ပြင် သူမအနေဖြင့် ဤစကားကို နှုတ်မှ ထုတ်ပြောနိုင်ခြင်းကလည်း သူမသည် နတ်ဘုရားတစ်ပါး မဟုတ်တော့ဘဲ ကျင့်ကြံသူတစ်ဦး ဖြစ်နေပြီဟူသော အချက်ကို သက်သေပြနေသည်။
သူမသည် လိမ်ညာပြောဆို၍ မရသဖြင့် သူမ ပြောလိုသောအရာမှာ အမှန်တရား မဟုတ်ပါက နှုတ်မှ ထုတ်ပြောနိုင်မည် မဟုတ်ချေ။
သူမ၏ အတည်ပြုချက်ကို ရရှိပြီးနောက် ထန်ဝေ့တစ်ယောက် ထိုင်ရာမှပင် မထနိုင်တော့လောက်အောင် စိတ်လှုပ်ရှားသွားတော့သည်။
ကျူးလင်သည် ကျင့်ကြံသူတစ်ဦး ဖြစ်ကြောင်း ကြားလိုက်ရပြီးနောက် သူသည် ကျူးလင်၏ နောက်ကြောင်းကို စုံစမ်းရန်ဟူသော မူလရည်ရွယ်ချက်ကိုပင် မေ့လျော့သွားခဲ့ပြီ ဖြစ်သည်။
ရှန်းရှဝတ္ထုများကို အလွန်အမင်း စွဲလမ်းရူးသွပ်သူတစ်ဦး ဖြစ်သည့်အတွက် ထန်ဝေ့သည် ထိုဝတ္ထုများထဲမှ ဇာတ်လိုက်နှင့် တကယ့်လက်တွေ့ဘဝတွင် ဆုံတွေ့လိုက်ရသကဲ့သို့ ခံစားလိုက်ရလေသည်။
ဘေးတွင် ထိုင်နေသော ကျီယန်က သူ၏ မျက်နှာပေးကို ကြည့်ကာ နဖူးကို လက်ဝါးဖြင့် ရိုက်လိုက်မိပြီး စိတ်ထဲမှ တွေးလိုက်မိသည်။
'သွားပြီ... ရှောင်ဝေ့ကတော့ ဒီနေ့ လာခဲ့တဲ့ ရည်ရွယ်ချက်ကို လုံးဝမေ့သွားပြီ ထင်တယ်...'
ကျီယန်၏ သတိပေးချက်များကို ဂရုမစိုက်အားတော့ဘဲ ထန်ဝေ့က ကျူးလင်ကို ကြည့်ကာ အလေးအနက် မေးမြန်းလိုက်သည်။
"လင်အာ... ငါလည်း မင်းလိုမျိုး ကျင့်ကြံလို့ ရနိုင်မလား... ငါလည်း ဝတ္ထုထဲက ဇာတ်လိုက်တွေလိုမျိုး ကောင်းကင်ပေါ်မှာ ပျံသန်းချင်လို့ပါ..."
သူ၏ မေးခွန်းနှင့် အလေးအနက် ဖြစ်နေသော မျက်နှာပေးကို ကြည့်ကာ ကျူးလင်က သူမ၏ စိတ်အာရုံစွမ်းအားဖြင့် ထန်ဝေ့၏ ခန္ဓာကိုယ်ကို စစ်ဆေးကြည့်လိုက်သည်။ စက္ကန့်အနည်းငယ် ကြာပြီးနောက် သူမ၏ စိတ်အာရုံစွမ်းအားကို ပြန်လည်ရုပ်သိမ်းလိုက်ပြီး ပြောလိုက်သည်။
"ရှင့်မှာ ဝိညာဉ်အရင်းမြစ် မရှိဘူး... ဒါကြောင့် ကျင့်ကြံလို့ မရနိုင်ပါဘူး..."
သူမ၏ စကားကို ကြားလိုက်ရပြီးနောက် ထန်ဝေ့မှာ ဟောင်းနွမ်းနေသော ဆိုဖာပေါ်သို့ ပျော့ခွေကျသွားပြီး စိတ်ပျက်လက်ပျက်ဖြင့် သက်ပြင်းချလိုက်မိသည်။ ထို့နောက် ကျူးလင်ကို အားကျသည့် မျက်လုံးများဖြင့် ကြည့်ကာ ပြောလိုက်သည်။
"ကျင့်ကြံနိုင်ရင် တကယ့်ကို ပျော်စရာကောင်းမှာပဲနော်..."
ညှိုးနွမ်းနေသော ခရမ်းသီးတစ်လုံးကဲ့သို့ ဖြစ်သွားသည့် သူ၏ မျက်နှာပေးကို ကြည့်ကာ ကျူးလင်က တိုးညင်းစွာ ရယ်မောလိုက်မိသည်။ သူမက ခေါင်းခါယမ်းလျက် ပြောလိုက်သည်။
“ရှင် သာမန်လူသားတစ်ယောက်အဖြစ် နေတာကပဲ ပိုကောင်းပါတယ်... ကျင့်ကြံခြင်းလမ်းစဉ်က ရှင်ထင်သလောက် မပျော်စရာမကောင်းပါဘူး...”
“ဘာဖြစ်လို့လဲဆိုတော့ အရာအားလုံးက ဝဋ်ကြွေးတွေနဲ့ ဆက်နွယ်နေလို့ပါပဲ... မကောင်းမှု သေးသေးလေးတစ်ခု လုပ်မိရင်တောင်မှ ကြောက်မက်ဖွယ်ကောင်းတဲ့ သေခြင်းတရားနဲ့ ရင်ဆိုင်ရနိုင်ပါတယ်..."
သူမက စကားကို ခေတ္တရပ်ကာ ခဏမျှ စဉ်းစားပြီးနောက် ထပ်ပြောလိုက်သည်။
"တစ်ခုကောင်းတာကတော့ အသက်ရှည်ရှည် နေရတာပါပဲ... ဒါပေမဲ့ တစ်ယောက်တည်း အထီးကျန်ပြီး ရှင်သန်နေရမယ်ဆိုရင် အသက်ဘယ်လောက်ပဲ ရှည်ရှည် ဘာထူးမှာလဲ..."
သူမ၏ စကားအဆုံးတွင် ရှို့ဝူက မီးဖိုချောင်ထဲမှ ထွက်လာပြီး ပြောလိုက်သည်။
"ထမင်းပြင်ပြီးပြီ... အရင်ဆုံး လာစားကြရအောင်..."
ကျူးလင်က ကျီယန်နှင့် ထန်ဝေ့တို့ကို ကြည့်ကာ ပြောလိုက်သည်။
"သွားကြစို့..."
မီးဖိုချောင်ဆီသို့ လျှောက်သွားသော ကျူးလင်၏ ကျောပြင်ကို ကြည့်ရင်း ကျီယန်က ထန်ဝေ့ကို တိုးတိုးလေး ပြောလိုက်သည်။
"ငါတို့ သူမကို ဆက်ပြီး စုံစမ်းစရာ မလိုတော့ဘူး ထင်တယ်... တကယ်လို့ လင်အာက လောင်ရှို့အပေါ် မကောင်းတဲ့ စိတ်ထားရှိမယ်ဆိုရင် အခုလိုမျိုး ငါတို့ကို အကုန်လုံး ပွင့်ပွင့်လင်းလင်း ပြောပြနေမှာ မဟုတ်ဘူး..."