← Chapters

အခန်း ၆၇

Vol. 7 Ch. 67

အခန်း ၆၇

Vol. 7 Ch. 67

အခန်း (၆၇) - မင်းက အနိုင်ကျင့်ရတာ သိပ်လွယ်လွန်းတယ်...

ထန်ဝေ့က ခေါင်းညိတ်လိုက်ရင်း ပြောလိုက်သည်။

"ဟုတ်ပ... လောင်ရှို့အတွက် စိုးရိမ်နေမယ့်အစား ခုနက ရှောင်လင် ပြောသွားတာကို ကြားပြီး သူမအတွက် ပိုစိုးရိမ်မိတယ်... နောက်ဆုံးစကားက သူမ ဘာလို့ အဲဒီလို ပြောသွားရတာလဲ မသိဘူး..."

ထိုစကားကို ကြားသောအခါ ကျီယန်က မျက်ခုံးကို အသာပင့်လိုက်ရင်း ပြောလိုက်သည်။

"သိပ်ပြီးတော့လည်း စိုးရိမ်မနေပါနဲ့ဦး... မဟုတ်ရင် အသက်သုံးဆယ်မပြည့်ခင် ထိပ်ပြောင်သွားလိမ့်မယ်..."

ပြောပြီးသည်နှင့် ကျီယန်က ထန်ဝေ့၏ တုံ့ပြန်စကားကိုပင် မစောင့်တော့ဘဲ မီးဖိုချောင်ဆီသို့ လျင်မြန်စွာ လျှောက်သွားလေသည်။

ကျီယန်က သူ့ကို တစ်ဖန်ပြန်၍ လှောင်ပြောင်သွားမှန်း ထန်ဝေ့ သိရှိသွားချိန်တွင် ထိုနေရာ၌ သူနှင့် ထူထူသာ ကျန်ရစ်တော့၏။

သူက ထူထူကို ကြည့်ကာ မေးလိုက်သည်။

"ထူထူ... ငါ့မှာ ဒီလိုသူငယ်ချင်းမျိုး ရှိနေတာ သိပ်ကို သနားစရာကောင်းလွန်းတယ်လို့ မင်းမထင်ဘူးလား..."

ထူထူက မျက်လုံးလေး ကလယ်ကလယ် လုပ်လိုက်ရင်း တွေးလိုက်သည်။

'အဲဒါက မင်းက အနိုင်ကျင့်ရတာ သိပ်လွယ်လွန်းလို့လေ...'

ထိုသို့ တွေးတောလိုက်ရင်း ထူထူက ထန်ဝေ့ကို တစ်ချက်ကြည့်ကာ သက်ပြင်းချလိုက်လေသည်။

ယုန်လေးသည် ဟောင်းနွမ်းနေသော ဆိုဖာပေါ်မှ ခုန်ဆင်းကာ ထန်ဝေ့၏ ခြေထောက်ကို အသာအယာ နှစ်ချက်၊ သုံးချက်ခန့် ပုတ်ပေးလိုက်ပြီးနောက် မီးဖိုချောင်ဆီသို့ ခုန်ဆွဆွဖြင့် ထွက်သွားတော့သည်။

ထိုယုန်ငယ်လေးကို ကြည့်ရင်း ထန်ဝေ့၏ စိတ်အခြေအနေမှာ ပြန်လည်ကောင်းမွန်လာပြီး မီးဖိုချောင်ဆီသို့ ခြေလှမ်းကျဲကြီးများဖြင့် လိုက်သွားလေတော့သည်။

ထန်ဝေ့ ထမင်းစားပွဲတွင် ဝင်ထိုင်လိုက်သောအခါ ဟင်းလျာအားလုံးမှာ ဟင်းသီးဟင်းရွက်များသာ ဖြစ်နေသည်ကို မြင်လိုက်ရသည်။

သူက တူနှင့် ပန်းကန်လုံးကို ကောက်ကိုင်လိုက်ရင်း ဝမ်းနည်းပက်လက် သက်ပြင်းချကာ ပြောလိုက်သည်။

"ငါတို့ အသားမစားရတာ သုံးလကျော်သွားပြီပဲ..."

သူ့စကားကို ကြားသောအခါ ကျီယန်က ခေါင်းခါယမ်းလိုက်ရင်း ပြောလိုက်သည်။

"မင်းက အခုလို ဟင်းသီးဟင်းရွက် စားနေရတာကိုပဲ ကျေးဇူးတင်လိုက်... ရှောင်လင်သာ မရှိရင် အသားကို အသာထားလိုက်ဦး... မင်း စိမ်းစိုနေတဲ့ ဟင်းသီးဟင်းရွက်တွေကို နှစ်ပေါင်းများစွာကြာတောင် မြင်ရမှာ မဟုတ်ဘူး..."

ကျူးလင်က ရှို့ဝူ၏ ဘေးတွင် ထိုင်နေရင်း ထန်ဝေ့ကို ကြည့်ကာ မေးလိုက်သည်။

"ရှင်တို့ ဘာလို့ အသားမစားနိုင်ကြတာလဲ..."

ရှို့ဝူက မုန်လာဥဖြူတစ်ဖတ်ကို ညှပ်ကာ ကျူးလင်၏ ပန်းကန်လုံးထဲသို့ ထည့်ပေးလိုက်ရင်း ပြောလိုက်သည်။

“ဘာလို့လဲဆိုတော့ တိရစ္ဆာန်အများစုက သန္ဓေပြောင်းတိရစ္ဆာန်တွေ ဒါမှမဟုတ် ဖုတ်ကောင်တွေအဖြစ် ပြောင်းလဲသွားကြလို့ပဲ...”

“လျှပ်စစ်ဓာတ်အား ရရှိဖို့ကလည်း ခက်ခဲလွန်းတော့ အေးခဲထားတဲ့ အသားတွေအားလုံးက ပုပ်သိုးကုန်ကြပြီ...”

“ပြီးတော့ ကမ္ဘာပျက်ကပ် ဖြစ်ပြီးတဲ့နောက် ရာသီဥတုကလည်း တစ်နေ့ထက်တစ်နေ့ ပိုပူလာတယ်...”

“ငါတို့ရဲ့ အခုအခြေအနေအရ ဈေးကွက်ထဲမှာ အသားရှိနေရင်တောင် နာရီအနည်းငယ်အတွင်းမှာတင် ပုပ်သိုးသွားလိမ့်မယ်..."

သူက ထိုသို့ပြောလိုက်ပြီးနောက် ကျူးလင်က ထူထူကို လှမ်းကြည့်လိုက်ရာ ယုန်လေးသည်လည်း သူမကို ဇဝေဇဝါမျက်နှာထားဖြင့် ပြန်လည်ကြည့်ရှုနေသည်ကို မြင်လိုက်ရလေသည်။

ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် ထူထူက စိတ်ချင်းဆက်သွယ်ကာ မေးလိုက်သည်။

'သခင်မလေး... သန္ဓေပြောင်းသားရဲတွေရဲ့ အသားကို စားလို့ရမှန်း သူတို့မသိကြဘူးလား...'

ကျူးလင်က အလွန်လျင်မြန်စွာ စားသောက်နေကြသော လူသုံးယောက်ကို ကြည့်ကာ ပြန်လည်ပြောဆိုလိုက်သည်။

'အဲဒီလိုပဲ ထင်တယ်... ငါတို့ သူတို့ကို တိုက်ရိုက် မေးကြည့်လိုက်ရင် ဘယ်လိုလဲ...'

ထူထူက ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် ပြောလိုက်သည်။

“အင်း... သန္ဓေပြောင်းသားရဲတွေရဲ့ အသားကို စားလို့ရမှန်း သူတို့သိသွားရင် ရိက္ခာပြဿနာကို သူတို့ဘာသာ ဖြေရှင်းနိုင်ကြလိမ့်မယ်...”

“အဲဒီအခါကျရင် လူသားတွေ ငတ်ပြတ်သေဆုံးမှာကို သခင်မလေး စိုးရိမ်နေစရာ မလိုတော့ဘူး... သူတို့သာ အလုပ်လုပ်ချင်စိတ် ရှိမယ်ဆိုရင် အသက်ရှင်သန်နိုင်ကြမှာပဲ...”

ကျူးလင်က ခေါင်းညိတ်လိုက်ရင်း ပြောလိုက်သည်။

'အင်း... နင်ပြောတာ မှန်တယ်... ဒါဆိုရင် သူတို့ကို ဒီအကြောင်း ပြောပြလိုက်ကြရအောင်...'

ဆုံးဖြတ်ချက် ချပြီးနောက် သူမက သူတို့ကို ကြည့်ကာ ပြောလိုက်သည်။

"တကယ်တော့ ကျွန်မဆီမှာ လတ်ဆတ်တဲ့ အသားတချို့ ရှိသေးတယ်..."

ပြောပြောဆိုဆိုဖြင့် သူမသည် ရေခဲပန်းပွင့်ဆွဲသီးထဲမှ ဧရာမမြွေကြီး၏ အသားတစ်တုံးကြီးကို ထုတ်ယူလိုက်လေသည်။

လတ်ဆတ်သော အသားတုံးကြီး ထမင်းစားပွဲပေါ်သို့ ရောက်ရှိလာသည့် ခဏ၌ ထန်ဝေ့၏ မျက်လုံးများမှာ တောက်ပသွားတော့၏။

သူက ထိုအသားတုံးကြီးကို လက်ညှိုးထိုးပြရင်း ဝမ်းသာအားရ မေးလိုက်သည်။

"ရှောင်လင်... ဒီအသားကို ဘယ်ကရတာလဲ... ကြည့်ရတာ သိပ်လတ်ဆတ်တာပဲ... ကင်စားရင်တော့ သိပ်ကောင်းမှာပဲ..."

ထူထူ ကင်ပေးခဲ့သော မြွေကင်၏ အရသာကို ကျူးလင် ပြန်လည်တွေးတောမိသွားပြီး သဘောတူညီစွာ ခေါင်းညိတ်ရင်း ပြောလိုက်သည်။

"အင်း... မဆိုးဘူး..."

ထန်ဝေ့က ဧရာမမြွေကြီး၏ အသားကို ပျော်ရွှင်စွာ စစ်ဆေးနေစဉ် ရှို့ဝူက ကျူးလင်ကို ကြည့်ကာ မေးလိုက်သည်။

"ဒါက ဘာအသားလဲ... လင်အာ ဒါကို ဘယ်ကရခဲ့တာလဲ..."

ကျူးလင်က သူ့ဘက်သို့ လှည့်ကြည့်ကာ ပြောလိုက်သည်။

"တောအုပ်ထဲမှာ သန္ဓေပြောင်းမြွေကြီးတစ်ကောင်ရဲ့ အသားကို ကျွန်မ ကောက်ရလာတာ... အရသာက အဆင်ပြေပြီး ဝိညာဉ်စွမ်းအင်လည်း ပါဝင်တယ်..."

သူမက ထိုသို့ပြောလိုက်သည်နှင့် သူတို့သုံးဦးလုံးမှာ အံ့အားသင့်စွာဖြင့် သူမကို ကြည့်လိုက်ကြလေသည်။ ကျီယန်က ကျူးလင်ကို စိုက်ကြည့်ကာ မေးလိုက်သည်။

“ရှောင်လင်... တောထဲက အသားကို မင်းက ဒီအတိုင်း ကောက်ရလာတာလား...”

“ဒါနဲ့ မင်း သန္ဓေပြောင်းသားရဲတွေရဲ့ အသားကို တကယ်ပဲ စားဖူးတာလား... စားပြီးတော့ အဆိပ်မသင့်ဘူးလား...”

ကျူးလင်က ခေါင်းညိတ်ပြကာ ပြောလိုက်သည်။

"ကျွန်မ စားပြီးတော့ ဘာမှမဖြစ်ဘူး... သန္ဓေပြောင်းသားရဲတွေရဲ့ အသားထဲမှာ ဝိညာဉ်စွမ်းအင်ပါတော့ သန္ဓေပြောင်းသားရဲတွေနဲ့ သန္ဓေပြောင်းအပင်တွေကို စားသုံးတာက ပုံဆောင်ခဲအမြုတေကို စုပ်ယူတာထက် ပိုပြီးတော့တောင် အကျိုးရှိစေတယ်...”

“ဘာလို့လဲဆိုတော့ သူတို့ရဲ့ စားလို့ရတဲ့ အစိတ်အပိုင်းတွေမှာ မိစ္ဆာစွမ်းအင်တွေ မပါဝင်လို့ပဲ... ရှင်တို့သုံးယောက်အတွက်တော့ ဒါက ပုံဆောင်ခဲအမြုတေကို စုပ်ယူတာထက် ပိုပြီး ဘေးကင်းလိမ့်မယ်..."

သူမ၏ အဖြေကို ကြားရသောအခါ ရှို့ဝူက ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် တူနှင့် ပန်းကန်လုံးကို ချကာ ပြောလိုက်သည်။

"လင်အာကိုယ်တိုင် စမ်းစားကြည့်ပြီးပြီဆိုမှတော့ ငါတို့လည်း စမ်းကြည့်ကြတာပေါ့..."

“ငါတို့သာ သန္ဓေပြောင်းသားရဲတွေရဲ့ အသားနဲ့ သန္ဓေပြောင်းအပင်တွေရဲ့ စားလို့ရတဲ့ အစိတ်အပိုင်းတွေကို စားသုံးနိုင်မယ်ဆိုရင် ရိက္ခာပြတ်လပ်မှု ပြဿနာကို ဖြေရှင်းနိုင်မယ့်အပြင် ငါတို့ရဲ့ စွမ်းရည်တွေကို မြှင့်တင်ဖို့ ပိုပြီးဘေးကင်းတဲ့ ဝိညာဉ်စွမ်းအင် အရင်းအမြစ်ကိုလည်း တစ်ပြိုင်နက်တည်း ရရှိနိုင်လိမ့်မယ်..."

ပြောပြီးသည်နှင့် သူက ဧရာမမြွေကြီး၏ အသားကို ယူဆောင်ကာ မီးဖိုချောင်ဆီသို့ လျှောက်သွားလေသည်။

ရှို့ဝူတစ်ယောက် မီးဖိုချောင်ထဲတွင် အသားချက်ပြုတ်ရန် အလုပ်ရှုပ်နေစဉ် ကျီယန်က ကျူးလင်ကို ကြည့်ကာ စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။

"ရှောင်လင်... သန္ဓေပြောင်းသားရဲတွေရဲ့ အသားကို စားလို့ရမှန်း မင်းက ဘယ်လိုလုပ် သိတာလဲ..."

ကျူးလင်က သူ့ကို ကြည့်ကာ တည်ငြိမ်စွာ ပြောလိုက်သည်။

"ကျွန်မက သက်ရှိသက်မဲ့ အရာအားလုံးရဲ့ စွမ်းအင်စီးဆင်းမှုကို မြင်နိုင်တယ်... ဒါကြောင့် ဘယ်အပိုင်းမှာ ဝိညာဉ်စွမ်းအင် ပါဝင်ပြီး ဘယ်အပိုင်းမှာ မိစ္ဆာစွမ်းအင် ပါဝင်လဲဆိုတာကို သိတာပဲ..."

သူတို့ကို ပုံဆောင်ခဲအမြုတေ စုပ်ယူနည်းကို သင်ကြားပေးခဲ့သူမှာ သူမကိုယ်တိုင် ဖြစ်သဖြင့် ကျူးလင်အနေဖြင့် သန္ဓေပြောင်းသားရဲများ၏ အသားထဲမှ ဝိညာဉ်စွမ်းအင်ကို အာရုံခံမိနိုင်သည်မှာ အမှန်ပင် ဖြစ်နိုင်ချေ ရှိပေသည်။

သူ စဉ်းစားခန်းဝင်နေသည်ကို မြင်သောအခါ ကျူးလင်က ပြောလိုက်သည်။

"မနေ့က ဒီစခန်းရဲ့ ဗိုလ်ချုပ်က ကျွန်မဆီ လာလည်သွားတယ်..."

သူမ၏ စကားသံ ဆုံးသွားသည်နှင့် ရှို့ဝူက သူမဘက်သို့ လှည့်ကြည့်ကာ မေးလိုက်သည်။

"သူက မင်းဆီကို ဘာကိစ္စနဲ့ လာတာလဲ... သူ့အတွက် အလုပ်လုပ်ပေးဖို့ မင်းကို လာပြီး ဖိအားပေးတာလား..."

ကျူးလင်က ခေါင်းခါယမ်းလိုက်ရင်း ပြောလိုက်သည်။

"သူက ကျွန်မဆီကနေ ရေနဲ့ ရိက္ခာတွေ လာဝယ်တာ..."

All Chapters