အခန်း ၆၉
Vol. 7 Ch. 69
အခန်း (၆၉) - ပြန့်ကျဲနေသော အလောင်းကောင်များ
ထန်ဝေ့၊ ကျီယန်နှင့် ရှို့ဝူတို့ တစ်ဦးကိုတစ်ဦး ကြည့်နေကြစဉ်မှာပင် ကျူးလင်က ရိုးရှင်းသော ဝတ်ရုံကို ချုပ်လုပ်ပြီးစီးသွားခဲ့ပြီ ဖြစ်ချေသည်။
သူမက အပ်ကို ချထားကာ မတ်တတ်ရပ်လိုက်ပြီး ဝတ်ရုံကို ဝတ်ဆင်ကြည့်လိုက်၏။
ဝတ်ရုံကို ထိတွေ့ကြည့်လိုက်ရာ ရေခဲပိုးသားထည်၏ အေးမြချောမွေ့သော အထိအတွေ့က ပူပြင်းလှသော အပူရှိန်ဒဏ်မှ အရေပြားကို အပြည့်အဝ ကာကွယ်ပေးနိုင်ကြောင်း သိလိုက်ရသဖြင့် သူမ စိတ်ကျေနပ်သွားမိလေသည်။
ကျူးလင်က စားပွဲပုလေးပေါ်ရှိ ကတ်ကြေးကို ကောက်ကိုင်ကာ ဝတ်ရုံကို တိုတိုဖြတ်ရန် ပြင်နေသည်ကို မြင်သောအခါ ထန်ဝေ့က သူမကို အလျင်အမြန် တားဆီးလိုက်တော့သည်။
"ရှောင်လင်... မလုပ်နဲ့ဦး..."
ထန်ဝေ့၏ ရုတ်တရက် အော်ဟစ်လိုက်သံကြောင့် ကျူးလင်မှာ လန့်သွားပြီး လက်ကို ရပ်တန့်လိုက်ကာ သူ့ကို သံသယမျက်လုံးများဖြင့် ကြည့်လိုက်လေသည်။
ထန်ဝေ့က ကျူးလင်ကို မျှော်လင့်တကြီး ကြည့်ရင်း မေးလိုက်သည်။
"မဖြတ်လိုက်ပါနဲ့... ဒီဝတ်ရုံကို ကျွန်တော့်ကိုပဲ ရောင်းပေးလို့ ရမလား..."
သူ့တောင်းဆိုမှုကို ကြားသောအခါ ကျူးလင်က သူမအတွက် အလွန်ရှည်လျားနေသော ဝတ်ရုံကို တစ်ချက်ကြည့်လိုက်ပြီး သူမထက် အရပ်ပိုမြင့်သော ထန်ဝေ့ကိုလည်း ကြည့်လိုက်၏။ စက္ကန့်အနည်းငယ် ကြာပြီးနောက် သူမက ဝတ်ရုံကို သူ့ထံ ကမ်းပေးရင်း တည်ငြိမ်စွာ ပြောလိုက်သည်။
"ရော့... ရှင်ပဲ ယူလိုက်တော့..."
သူမ ပြောလိုက်သည်နှင့်တစ်ပြိုင်နက် ထန်ဝေ့က ဝတ်ရုံကို ဆွဲယူလိုက်ပြီး ကျီယန်ကို ကြည့်ကာ ဝမ်းသာအားရ ပြောလိုက်လေသည်။
"လောင်ယန်... ငါ့ကိုယ်စား ရှောင်လင်ကို ပိုက်ဆံ ရှင်းပေးလိုက်ပါဦး..."
ကျီယန်က သူ့ကို မျက်စောင်းထိုးလိုက်ပြီးနောက် သူ၏နေရာလွတ်ထဲမှ ထန်ဝေ့၏ ပုံဆောင်ခဲအမြုတေများ ထည့်ထားသော ကျောပိုးအိတ်ကို ထုတ်ယူလိုက်၏။
သူက လေးလံသော ကျောပိုးအိတ်ကို ထန်ဝေ့ထံ ပစ်ပေးလိုက်ပြီး ကျူးလင်ကို ကြည့်ကာ မေးလိုက်သည်။
"ရှောင်လင်... ကျွန်တော်လည်း တစ်ထည်လောက် ဝယ်လို့ ရမလား..."
ကျူးလင်က ကျီယန်၏ မေးခွန်းကို မဖြေရသေးမီမှာပင် ထန်ဝေ့က အဆင့် ၁ ပုံဆောင်ခဲအမြုတေ တစ်ပုံကို သူမရှေ့တွင် ချပေးလိုက်ရင်း ပြောလိုက်သည်။
"ရှောင်လင်... လောလောဆယ်တော့ ကျွန်တော့်ဆီမှာ အဆင့် ၁ ပုံဆောင်ခဲအမြုတေ ဒီလောက်ပဲ ရှိသေးတယ်... ဖုတ်ကောင်တွေကို အမဲလိုက်ဖို့ အပြင်ထွက်နိုင်တဲ့အခါကျရင် ပိုပြီး ပေးပါ့မယ်..."
ထူထူနှင့် ကျူးလင်တို့သည် ၎င်းတို့ရှေ့ရှိ အဆင့် ၁ ပုံဆောင်ခဲအမြုတေ အရေအတွက်ကို မြင်သောအခါ မိမိတို့ကိုယ်မိမိ မည်မျှ ဆင်းရဲကြောင်း တွေးတောကာ သက်ပြင်းမချဘဲ မနေနိုင်တော့ပေ။
ကျူးလင်က ပုံဆောင်ခဲအမြုတေများကို စိုက်ကြည့်နေစဉ်မှာပင် ကျီယန်က ရှို့ဝူ၏ ကျောပိုးအိတ်ကို ထုတ်ယူကာ သူ့ထံ ကမ်းပေးလိုက်ပြီး ဖြစ်ချေသည်။
ထို့နောက် ၎င်းတို့နှစ်ဦးသည် ကျောပိုးအိတ်များထဲမှ ပုံဆောင်ခဲအမြုတေ အမြောက်အမြားကို ထုတ်ယူကာ ကျူးလင်၏ ရှေ့တွင် ချထားပေးလိုက်ကြသည်။
ရှို့ဝူကမူ သူစုဆောင်းထားသော အဆင့် ၂ ပုံဆောင်ခဲအမြုတေ အနည်းငယ်ကိုပင် ပေးလိုက်သေး၏။
ဤသည်မှာ သူသည် လွန်ခဲ့သော သုံးလအတွင်း စုဆောင်းခဲ့သမျှသော စည်းစိမ်ဥစ္စာ အားလုံးနီးပါးကို သူမအား ပေးအပ်လိုက်ခြင်း ဖြစ်ပေသည်။
ရှို့ဝူက လုနီးပါး ဗလာဖြစ်သွားသော ကျောပိုးအိတ်ကို ကျီယန်ထံ ပြန်ပေးလိုက်ပြီးနောက် ပြောလိုက်သည်။
"ငါ့ကိုလည်း တစ်ထည် ပေးပါဦး..."
ပေါ့ပါးသွားသော ရှို့ဝူ၏ ကျောပိုးအိတ်ကို ကိုင်ထားရင်း ကျီယန်က သူ့ကို တစ်ချက်ကြည့်ကာ သက်ပြင်းချလိုက်မိသည်။
အချစ်နွံထဲ နစ်နေသူများမှာ တကယ်ပင် ရူးသွပ်ကြပေသည်။
အကယ်၍ ကျူးလင်က ရှို့ဝူအား ဤအချိန်တွင် သူ၏ အသည်းကို ထုတ်ရောင်းခိုင်းလျှင်ပင် သူက မျက်တောင်တစ်ချက်မခတ်ဘဲ လုပ်ဆောင်လိမ့်မည်ဟု ကျီယန် ယုံကြည်နေမိတော့သည်။
သူမရှေ့ရှိ ပုံဆောင်ခဲအမြုတေပုံကြီးကို ကြည့်ရင်း ကျူးလင်မှာ အလွန်ပင် ဝမ်းသာပီတိ ဖြစ်သွားရသည်။ သူမက သူတို့ကို ပြုံးပြရင်း ပြောလိုက်သည်။
"ပြဿနာမရှိပါဘူး... အခုချက်ချင်း ချုပ်ပေးပါ့မယ်... ခဏလောက် စောင့်ပေးကြပါဦး..."
သူမသည် အချိန်ဆွဲမနေတော့ဘဲ ရေခဲပိုးသားစ သုံးစကို ထုတ်ယူကာ ရှို့ဝူ၊ ကျီယန်နှင့် သူမကိုယ်တိုင်အတွက် ဝတ်ရုံများကို စတင်ချုပ်လုပ်တော့သည်။ ကျန်ရှိသော ရေခဲပိုးသားစဖြင့် ထူထူအတွက်ပါ ဝတ်ရုံလေးတစ်ထည်ကို ချုပ်ပေးလိုက်သေး၏။
ရှို့ဝူက သူမအား အဆင့် ၂ ပုံဆောင်ခဲအမြုတေ အမြောက်အမြား ပေးခဲ့သောကြောင့် ကျူးလင်က ရှို့ဝူ၏ ဝတ်ရုံပေါ်တွင် ကာကွယ်ရေးအစီအရင် အချို့ကိုပါ ထည့်သွင်းရေးဆွဲပေးလိုက်သည်။
နှစ်နာရီခန့် ကြာပြီးနောက် ထူထူအပါအဝင် ၎င်းတို့အားလုံးသည် တူညီသော ရေခဲပြာရောင် ဝတ်ရုံများကို ကိုယ်စီ ဝတ်ဆင်လိုက်ကြလေသည်။
အလွန်တရာ ချစ်စရာကောင်းလှသော ယုန်ကလေးကို ကြည့်ရင်း ထန်ဝေ့မှာ လက်ယားလာကာ စားပွဲပုလေးပေါ်မှ ယုန်ကလေးကို ကောက်ချီလိုက်ပြီးနောက် ညင်သာစွာ ပွေ့ဖက်ကာ အမွေးလေးများကို ပွတ်သပ်ပေးနေတော့သည်။
သူ၏ အသည်းယားနေသော ပုံစံကို ကြည့်ပြီး ကျီယန်က သက်ပြင်းချကာ ခေါင်းကိုသာ ခါယမ်းလိုက်မိလေသည်။
ဧည့်ခန်းအလယ်တွင် မတ်တတ်ရပ်နေသော ရှို့ဝူက သူ၏လက်ပတ်နာရီကို တစ်ချက်ကြည့်ကာ ပြောလိုက်သည်။
"အခုမှ မနက် ဆယ်နာရီပဲ ရှိသေးတာ... ဒါပေမဲ့ မနေ့ကထက် ပိုပူလာသလိုပဲ..."
ထိုစကား ထွက်လာသည်နှင့်တစ်ပြိုင်နက် အားလုံးက ပြတင်းပေါက်အပြင်ဘက်သို့ ကြည့်လိုက်ကြပြီး တိတ်ဆိတ်သွားကြတော့သည်။
အကယ်၍ အပူချိန်က ဆက်လက်မြင့်တက်နေဦးမည်ဆိုပါက လူသားတို့၏ သမိုင်းတစ်လျှောက် အမြင့်ဆုံးအပူချိန်သို့ ရောက်ရှိရန် မဝေးတော့ပေ။
ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် ကျီယန်က ပြောလိုက်သည်။
"ဒီနေ့ ဝတ်ရုံအသစ်တွေ ရပြီဆိုတော့... အပြင်ထွက်ပြီး စမ်းကြည့်ကြမလား..."
သူ့စကားကို ကြားသောအခါ အားလုံးက သဘောတူလိုက်ကြသည်။
အပူချိန် မည်မျှပင် ပူပြင်းပါစေဦးတော့... ၎င်းတို့အနေဖြင့် ရိက္ခာများနှင့် ပုံဆောင်ခဲအမြုတေများကို ပိုမိုစုဆောင်းရန်နှင့် မိမိတို့၏ အဆင့်ကို မြှင့်တင်ရန်အတွက် အပြင်ထွက်ကြရမည်သာ ဖြစ်သည်။
သို့မဟုတ်ပါက ပိုမိုအဆင့်မြင့်သော ဖုတ်ကောင်များ ပေါ်လာသည့်အခါ ၎င်းတို့ ခံနိုင်ရည်ရှိတော့မည် မဟုတ်ပေ။
ထို့ပြင် သန္ဓေပြောင်းသားရဲများ၏ အသားကို စားသုံးနိုင်ပြီး အခြားအစိတ်အပိုင်းများကိုလည်း လက်နက်ကိရိယာများအဖြစ် ပြုလုပ်နိုင်ကြောင်း သိရှိထားသဖြင့် သန္ဓေပြောင်းသားရဲများနှင့် သန္ဓေပြောင်းအပင်အချို့ကိုလည်း ဖမ်းဆီးလိုကြသေးသည်။
စခန်းသို့ သတင်းအချက်အလက်များ မမျှဝေမီ ၎င်းတို့အနေဖြင့် အချက်အလက်များကို ပိုမိုစုဆောင်းရန် လိုအပ်ပေသည်။
ပြင်ဆင်မှုများ ပြုလုပ်ပြီးနောက် ၎င်းတို့လေးဦးနှင့် ယုန်ကလေးတစ်ကောင်သည် တက်ကြွသော စိတ်ဓာတ်များဖြင့် ကျူးလင်၏ တိုက်ခန်းမှ ထွက်ခွာလာခဲ့ကြသည်။
တိုက်ခန်းအဆောက်အအုံပြင်ပသို့ လှမ်းထွက်လိုက်ချိန်တွင် လမ်းမများပေါ်၌ လူသူကင်းမဲ့နေချေသည်။ ဒုတိယအလွှာ၏ ဝင်ပေါက်တံခါးဆီသို့ လျှောက်လှမ်းလာစဉ် ထီးကိုယ်စီဆောင်းကာ အလျင်အမြန် လျှောက်လှမ်းနေကြသော စွမ်းအားရှင် အနည်းငယ်ကိုသာ တွေ့ရတော့သည်။
ပူပြင်းလှသော နေရောင်အောက်တွင် ဝတ်ရုံကို ဝတ်ဆင်ကာ လျှောက်လှမ်းရင်း ထန်ဝေ့က ပြောလိုက်သည်။
"ဒါက တကယ့်ကို အံ့ဩဖို့ကောင်းတာပဲ... ဒီဝတ်ရုံကို ဝတ်ထားတော့ ဘာအပူရှိန်မှ မခံစားရဘူး... ပြီးတော့ ဦးထုပ်ကလည်း ငါတို့ရဲ့ မျက်နှာနဲ့ အရေပြားကို နေလောင်ဒဏ်ကနေ ကာကွယ်ပေးနိုင်တယ်... တကယ့်ကို အဆင်ပြေတာပဲ..."
မကြာမီမှာပင် ၎င်းတို့သည် ဒုတိယအလွှာ၏ ဝင်ပေါက်တံခါးသို့ ရောက်ရှိလာခဲ့ကြသည်။ တံခါးကို ဖြတ်ကျော်ဝင်ရောက်လိုက်ချိန်တွင် အပြင်ဘက်အလွှာ၏ အခြေအနေကို မြင်တွေ့လိုက်ရသဖြင့် ၎င်းတို့ အလွန်အံ့အားသင့်သွားကြရသည်။
ဤနေရာသို့ နောက်ဆုံးအကြိမ် ရောက်ရှိခဲ့သည်မှာ ရက်အနည်းငယ်သာ ရှိသေးသော်လည်း ယခုအခါ ကောင်းကင်နှင့် မြေကြီးကဲ့သို့ ကွာခြားသွားခဲ့ပြီ ဖြစ်ချေသည်။
လမ်းမပေါ်တွင် ပြန့်ကျဲနေသော အလောင်းကောင်များနှင့် လေထုထဲတွင် ပျံ့လွင့်နေသော စူးရှလှသည့်အနံ့ဆိုးများကို ရရှိလိုက်သဖြင့် ကျူးလင်က မျက်မှောင်ကြုတ်လိုက်မိသည်။
သူမက မျက်လွှာချလိုက်ရင်း တွေးလိုက်မိသည်။
“ဒီနေရာရဲ့ အခြေအနေက တကယ်ကို ဆိုးရွားလွန်းနေပြီ... တကယ်လို့ ဒီအလောင်းတွေကို ဘယ်သူမှ မရှင်းလင်းကြဘူးဆိုရင် အချိန်မရွေး ကပ်ရောဂါ ဖြစ်ပွားလာနိုင်တယ်..."
“အဲဒီလိုသာ ဖြစ်လာရင် လူသားတွေအတွက် ဖုတ်ကောင်တွေ ဒါမှမဟုတ် သန္ဓေပြောင်းသတ္တဝါတွေထက် ပိုပြီး ကြီးမားတဲ့ ပြဿနာတစ်ခု ဖြစ်လာလိမ့်မယ်... စခန်းက ဘာဖြစ်လို့ ဒီပြဿနာကို ဘာမှမလုပ်ဘဲ လျစ်လျူရှုထားရတာလဲ မသိပါဘူး...”