← Chapters

အခန်း ၇၀

Vol. 7 Ch. 70

အခန်း ၇၀

Vol. 7 Ch. 70

အခန်း (၇၀) - သွယ်ဝိုက်သောနည်းဖြင့် ကူညီရန် လမ်းစရှာဖွေခြင်း

ကျူးလင်က ပတ်ဝန်းကျင်ကို အကဲခတ်ရင်း စဉ်းစားခန်း ဝင်နေဆဲ ဖြစ်သည်။ ထန်ဝေ့က သူ၏ နှာခေါင်းနှင့် ပါးစပ်ကို အုပ်ထားရင်း လမ်းဘေးရှိ ပိုးမွှားများနှင့် ယင်ကောင်များ တရွရွ တက်နေသော ပုပ်ပွနေသည့် အသားပုံကြီးတစ်ခုကို လက်ညှိုးထိုးပြကာ မေးလိုက်လေသည်။

"အားလုံးပဲ ဟိုဟာကို ကြည့်လိုက်ကြဦး... ကျွန်တော် အခု တွေးနေတဲ့အရာနဲ့ တူနေတာများလား..."

ကျူးလင်က ထိုပုပ်ပွနေသော အသားပုံကြီးကို ကြည့်ကာ တည်ငြိမ်စွာပင် ပြောလိုက်၏။

"အင်း... အဲဒါတွေက တစ်ဝက်တစ်ပျက် ပုပ်သိုးနေတဲ့ လူသေအလောင်းတွေပဲ..."

သူမ၏ တည်ငြိမ်လွန်းသော အဖြေကို ကြားလိုက်ရသောအခါ ထန်ဝေ့မှာ ခဏမျှ ရင်တုန်ပန်းတုန် ဖြစ်သွားရချေသည်။ သူ၏ ဗိုက်ထဲမှ အစာဟောင်းများ ဆန်တက်လာကာ အော့အန်ချင်စိတ် ပေါက်လာသော်လည်း မျက်နှာပျက်ပျက်ဖြင့် အောင့်အီးသည်းခံထားလိုက်ရ၏။

သူက ပျို့အန်ချင်စိတ်ကို အံကြိတ်ထိန်းချုပ်ရင်း ပြောလိုက်သည်။

"ငါတို့ မြန်မြန်လေး လျှောက်ကြရအောင်... မဟုတ်ရင် ငါ့မနက်စာတွေ အကုန် အန်ထွက်ကုန်တော့မယ်..."

သူတို့ အပြင်ဘက်အလွှာကို ဖြတ်သန်းသွားကြစဉ် တဲအိမ်များအနီးမှ ဖြတ်လျှောက်သွားသော ရေခဲပြာရောင် ဝတ်ရုံဝတ်ဆင်ထားသည့် လူရိပ်လေးခုကို အသက်ရှင်ကျန်ရစ်သူ အချို့က မြင်တွေ့သွားကြလေသည်။

ထိုသူတို့က တဲအပြင်သို့ ခေါင်းပြူထွက်ကာ စူးစမ်းလိုစိတ်အပြည့်ဖြင့် လှမ်းကြည့်နေကြ၏။

မိနစ်နှစ်ဆယ်ခန့် လျှောက်လှမ်းပြီးနောက်တွင်မူ သူတို့သည် အပြင်ဘက်အလွှာ၏ ထွက်ပေါက်တံခါးဆီသို့ ရောက်ရှိလာကြတော့သည်။

အပြင်ဘက်အလွှာမှ ထွက်လာသည်နှင့် တစ်ပြိုင်နက် ထန်ဝေ့က လေကို ဝဝရှူသွင်းလိုက်ရင်း ပြောလိုက်လေသည်။

"စောစောက ငါတော့ အသက်ရှူကျပ်ပြီး သေတော့မလို့ပဲ... စခန်းက ဘာလို့ အဲဒီအလောင်းတွေကို ရှင်းလင်းဖို့ ဘာအရေးယူဆောင်ရွက်မှုမှ မလုပ်ရတာလဲ မသိဘူး..."

ကျီယန်က အပြင်ဘက်အလွှာရှိရာ ဘက်သို့ ပြန်လှည့်ကြည့်ကာ ခဏမျှ စဉ်းစားပြီးနောက် ပြောလိုက်၏။

“ဒီနေ့ နယ်မြေတွေကြားက ဝင်ပေါက်တံခါးတွေမှာ စောင့်နေတဲ့ စစ်သားတွေ မရှိတော့ဘူး..."

“လောလောဆယ် သူတို့ဆီမှာ အလောင်းတွေကို ရှင်းလင်းဖို့ စစ်သားအင်အား မလုံလောက်တာ ဖြစ်နိုင်တယ်... အခုလို ပြင်းထန်တဲ့ အပူဒဏ်ကို သာမန်အရပ်သားတွေတင်မကဘဲ စစ်သားတွေပါ ခံစားနေရပုံပဲ...”

ထန်ဝေ့က သက်ပြင်းတစ်ချက် ချလိုက်ရင်း ပြောလိုက်သည်။

"ဟုတ်တယ်... အသက်ရှင်ကျန်ရစ်သူတွေထဲက ငါးရာခိုင်နှုန်းလောက်ပဲ စွမ်းရည်တွေ ရရှိထားကြတာလေ..."

“ကျန်တဲ့သူတွေကတော့ သာမန်လူသားတွေပဲ... ဒီလို အစွန်းရောက်တဲ့ ရာသီဥတုမျိုးမှာ သူတို့ရဲ့ ခန္ဓာကိုယ်က စွမ်းအားရှင်တွေလောက် မသန်မာနိုင်ကြဘူး..."

ထန်ဝေ့ စကားပြောပြီးနောက် ကျူးလင်က ပြောလိုက်လေသည်။

"ကျွန်မ ကြားတာတော့ ရေအရင်းအမြစ်တွေ အကုန် ခန်းခြောက်သွားပြီတဲ့... ရေစွမ်းရည်ရှင်တွေ ထုတ်လုပ်ပေးတဲ့ ရေကလည်း ဒီစခန်းတစ်ခုလုံးမှာရှိတဲ့ လူဦးရေအတွက် လုံလောက်အောင် မဖြည့်ဆည်းပေးနိုင်ဘူးလေ..."

ကျူးလင်၏ စကားကို ကြားသောအခါ ရှို့ဝူက ခေါင်းညိတ်ထောက်ခံရင်း ပြောလိုက်၏။

"အင်း... မနေ့က စစ်သားတွေ ရေရှာဖို့ စခန်းအပြင်ကို ထွက်သွားကြတာ ကျွန်တော် မြင်လိုက်တယ်... ဒီစခန်းရဲ့ အခြေအနေက ကျွန်တော် ထင်ထားတာထက် ပိုဆိုးနေပုံရတယ်..."

သူ၏ စကားကို ကြားရသောအခါ ကျီယန်နှင့် ထန်ဝေ့တို့သည် တစ်ဦးကိုတစ်ဦး အဓိပ္ပာယ်ပါပါ ကြည့်လိုက်ကြလေသည်။

စခန်းသို့ ပြန်ရောက်ပြီးကတည်းက သူတို့သုံးဦးသည် ဤစစ်ဘက်ဆိုင်ရာ စခန်းမှ ထွက်ခွာရန် ဆုံးဖြတ်ထားပြီး ဖြစ်သော်လည်း ခန့်မှန်းရခက်သော ရာသီဥတုကြောင့် ထိုအစီအစဉ်ကို ယာယီရွှေ့ဆိုင်းထားရခြင်း ဖြစ်၏။

ထို့ပြင် ရှို့ဝူက ကျူးလင်ကို သူတို့နှင့်အတူ ခေါ်ဆောင်သွားလိုပါက သူမအား သူတို့အဖွဲ့ထဲသို့ ဝင်ရောက်ရန် ဦးစွာစည်းရုံးရမည် ဖြစ်သဖြင့် အချိန်ယူရဦးမည် ဖြစ်သည်။

လောလောဆယ်တွင်မူ သူတို့ လုပ်နိုင်သည်မှာ ရှို့ဝူက ကျူးလင်ကို သူတို့အဖွဲ့ထဲသို့ တရားဝင်ဝင်ရောက်ရန် အောင်မြင်စွာ စည်းရုံးနိုင်မည့်အချိန်ကို စောင့်ဆိုင်းပြီးမှသာ ဤစစ်ဘက်ဆိုင်ရာ စခန်းမှ ထွက်ခွာနိုင်မည် ဖြစ်ချေသည်။

အမျိုးသားသုံးဦးမှာ ကိုယ်စီ စဉ်းစားခန်း ဖွင့်နေကြစဉ်တွင် ထူထူက ကျူးလင်ကို ကြည့်ကာ စိတ်ချင်းဆက်သွယ်၍ ပြောလိုက်လေသည်။

'သခင်မလေး... ဒီစခန်းက သိပ်ပြီး ကြာကြာခံတော့မယ့်ပုံ မပေါ်ဘူးနော်...'

ကျူးလင်က ထူထူ၏ ခေါင်းလေးကို အသာအယာ ပုတ်ပေးရင်း ပြန်ပြောလိုက်၏။

'အင်း... ငါတို့ မထွက်ခွာခင်မှာ တတ်နိုင်သမျှ လူအများကြီးကို ကူညီပေးနိုင်မယ့် အရာတစ်ခုခု လုပ်သွားချင်တယ်...'

ထူထူက သူမ၏ တည်ငြိမ်သော မျက်နှာထားကို ကြည့်ကာ စိုးရိမ်တကြီး ပြောလိုက်သည်။

'သခင်မလေး... သူတို့အတွက် ရေစွမ်းအင်အစီအရင်ကို တကယ်ကြီး တည်ဆောက်ပေးမလို့လား...”

“အဲဒါက သခင်မလေးကိုယ်တိုင် ဘေးအန္တရာယ်ကို ဖိတ်ခေါ်သလို ဖြစ်သွားလိမ့်မယ်...”

“လူသားတွေက မွေးရာပါ လောဘကြီးတဲ့ သတ္တဝါတွေလေ..."

“သခင်မလေးရဲ့ အစီအရင်က သူတို့အတွက် ရေနဲ့ အစားအစာတွေ ဖန်တီးပေးနိုင်တယ်ဆိုတာ သိသွားရင် ကျွန်‌တော်တို့အတွက် အေးချမ်းတဲ့နေ့ရက်တွေ ရှိတော့မှာ မဟုတ်ဘူး... ကျွန်တော်လည်း တတ်နိုင်သမျှ သူတို့ကို မသတ်ချင်ဘူး...'

ယုန်လေး၏ စိုးရိမ်ပူပန်မှုက မှန်ကန်ကြောင်း ကျူးလင် သိရှိသဖြင့် ခေါင်းညိတ်လိုက်ရင်း ပြန်ပြောလိုက်၏။

'ငါ သိပါတယ်... ဒါကြောင့်မို့လည်း သူတို့ကို အခြားနည်းနဲ့ ကူညီနိုင်မယ့် လမ်းစကို ရှာနေတာပေါ့...'

ထူထူက စက္ကန့်အနည်းငယ်မျှ စဉ်းစားလိုက်ပြီးနောက် မျက်လုံးလေးများ တောက်ပသွားကာ ပြောလိုက်လေသည်။

'နားလည်ပြီ... သခင်မလေးက သန္ဓေပြောင်းအရာတွေအကြောင်း အချက်အလက်တွေကို သူတို့နဲ့ စခန်းဆီကို ဘာလို့ မျှဝေချင်နေရလဲဆိုတာ အခုမှ သဘောပေါက်တော့တယ်... သခင်မလေးက အစကတည်းက အစီအစဉ်ဆွဲထားတာကိုး...'

ကျူးလင်က ထူထူကို ပြုံးပြလိုက်ရင်း တည်ငြိမ်စွာ ပြောလိုက်၏။

'သူတို့ကို ငါးတစ်ကောင် တိုက်ရိုက်ပေးလိုက်တာထက် ငါးမျှားတံတစ်ချောင်းပေးပြီး ငါးမျှားနည်း သင်ပေးလိုက်တာက ပိုပြီး ထိရောက်တာပေါ့...'

သူတို့နှစ်ဦး စကားပြောနေစဉ်အတွင်း စစ်ဘက်ဆိုင်ရာစခန်း၏ ပင်မဝင်ပေါက်ကြီးဆီသို့ ရောက်ရှိလာကြလေသည်။

ကျူးလင် ဤစခန်းသို့ ပထမဆုံးအကြိမ် ရောက်ရှိလာစဉ်ကနှင့်မတူဘဲ ယခုအခါ တံတိုင်းများနှင့် တံခါးဝများတွင် စောင့်ကြပ်နေသော စစ်သားအနည်းငယ်သာ ရှိတော့၏။

ထန်ဝေ့က တံတိုင်းရိပ်အောက်တွင် မတ်တတ်ရပ်နေကြသော စစ်သားများကို ကြည့်ကာ ပြောလိုက်သည်။

"ဒီလို ပူပြင်းတဲ့ ရာသီဥတုမျိုးမှာ တာဝန်ကျနေရတာ သူတို့ တကယ် ပင်ပန်းမှာပဲ..."

ကျီယန်က ခေါင်းညိတ်လိုက်ရင်း ပြောလိုက်၏။

"လူတိုင်းက အသက်ရှင်သန်ဖို့ ရုန်းကန်နေကြရတာပဲ... စစ်သားတွေလည်း အပါအဝင်ပေါ့..."

ဝတ်ရုံရှည်များ ဝတ်ဆင်ထားသော လူလေးဦး ချဉ်းကပ်လာသည်ကို မြင်သောအခါ ပင်မတံခါးဝတွင် စောင့်ကြပ်နေသော စစ်သားများက သူတို့ကို တားဆီးလိုက်ကြလေသည်။

စစ်သားတစ်ဦးက သူတို့ကို ကြည့်ကာ ပြောလိုက်သည်။

"ကျေးဇူးပြုပြီး ပြန်လှည့်ကြပါ... နေဝင်ပြီးမှပဲ အပြင်ထွက်ကြပါ... ဒီနေ့ အပူချိန်က လေးဆယ့်နှစ်ဒီဂရီဆဲလ်စီးယပ်စ်ထက် ကျော်လွန်နေပြီ... အပူလျှပ်ပြီး မသေချင်ရင် နေ့ဘက်မှာ အိမ်ထဲမှာပဲ နေတာ အကောင်းဆုံးပဲ..."

စစ်သား၏ သတိပေးချက်ကို ကြားရသောအခါ ကျီယန်က သူ့ကို ပြုံးပြလိုက်ပြီး သူ၏ နေရာလွတ်ထဲမှ ရေသန့်ဘူးတစ်ဘူးကို ထုတ်ယူလိုက်ရင်း ပြောလိုက်လေသည်။

"ရဲဘော်တို့... မင်းတို့ တကယ် ပင်ပန်းနေကြပြီ..."

ပြောပြီးနောက် သူက ရေသန့်ဘူးကို စစ်သားထံသို့ ကမ်းပေးလိုက်၏။ စစ်သား၏ တုံ့ဆိုင်းနေမှုကို မြင်သောအခါ ကျီယန်က ပြုံးလျက် ပြောလိုက်သည်။

"အခုအချိန်မှာ ရေရဖို့က တကယ် မလွယ်ကူဘူး... ဒါကို ယူထားလိုက်ပါ..."

စစ်သားက သူ၏ ရဲဘော်များကို လှမ်းကြည့်လိုက်ရာ ရေဓာတ်ခန်းခြောက်မှုနှင့် ပူပြင်းသော ရာသီဥတုကြောင့် သူတို့အားလုံး၏ နှုတ်ခမ်းများ ကွဲအက်ကာ အရေပြားများ နီရဲနေသည်ကို တွေ့လိုက်ရလေသည်။

စက္ကန့်အနည်းငယ်မျှ စဉ်းစားပြီးနောက် သူက ကျီယန် ကမ်းပေးလာသော ရေသန့်ဘူးကို လှမ်းယူလိုက်ရင်း ပြောလိုက်၏။

"ကျေးဇူးတင်ပါတယ်..."

ကျီယန်က ခေါင်းညိတ်ပြလိုက်ရင်း ပြောလိုက်သည်။

"ကျွန်တော်တို့အဖွဲ့ ဒီနေ့ အပြင်ထွက်မလို့ပါ... ဘေးတံခါးလေး ဖွင့်ပေးလို့ ရမလား..."

သူတို့အားလုံး ခန္ဓာကိုယ်ကို ဖုံးအုပ်ထားသော ဝတ်ရုံရှည်များကို ဝတ်ဆင်ထားသည်ကို မြင်သောအခါ စစ်သားက ခေါင်းညိတ်လိုက်ရင်း ပြောလိုက်လေသည်။

"အပြင်မှာ ဂရုစိုက်ကြပါဦး... မနေ့ညက ထောက်ပံ့ရေးဌာနခွဲက အဖွဲ့တစ်ဖွဲ့ ခြင်အုပ်စုကြီးရဲ့ တိုက်ခိုက်မှုကြောင့် တစ်ဖွဲ့လုံး သေဆုံးသွားတယ်လို့ သတင်းရထားတယ်..."

ပြောပြီးနောက် သူက အခြားစစ်သားတစ်ဦးကို အချက်ပြလိုက်ရင်း ပြောလိုက်၏။

"တံခါးဖွင့်ပေးလိုက်..."

All Chapters