← Chapters

အခန်း ၁၇၁

Vol. 18 Ch. 171

အခန်း ၁၇၁

Vol. 18 Ch. 171

အပိုင်း ၁၇၁

နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Yue

True Immortal Team

ဓားသိုင်းကကွက် ပြီးဆုံးသွားပြီးနောက် မရေမတွက်နိုင်သော ပုံရိပ်ယောင်များမှာ ပျောက်ကွယ်သွားပြီး နောက်ဆုံး၌ ဓားသခင် ပိုင်ရှောင်းထံသို့ ပြန်လည်ပေါင်းစည်းလာကြ၏။

ပိုင်ရှောင်းက မေးတစ်ချက် ဆတ်ပြကာ မေးလိုက်သည်။

"ဘယ်လိုနေလဲ။"

ဆိုလွန်တစ်ယောက် မှင်တက်သွားရ၏။ "ဒါ... ဒါက ဓားသိုင်းတစ်ခုနဲ့ လုံးဝမတူဘူး။ နတ်ဘုရားတစ်ပါးရဲ့ ဒါမှမဟုတ် ကောင်းကင်မိစ္ဆာတစ်ပါး ကခုန်နေတာနဲ့ ပိုတူတယ်။ ဒီလောကမှာ ဒီလောက်အထိ... သေသပ်လှပတဲ့ ဓားသိုင်းရှိနေလိမ့်မယ်လို့ မထင်ထားဘူး။"

ပိုင်ရှောင်းက ခေါင်းညိတ်လိုက်သည်။ "အင်း...။ ဒီ ဓားသိုင်းကို ပထမဆုံး မြင်ဖူးတဲ့လူတိုင်း မင်းလို တုံ့ပြန်ကြတာချည်းပဲ။ ဒီဓားသိုင်းတစ်ခုတည်းနဲ့တင် ဓားသိုင်းပညာရပ်အပေါ် ရူးသွပ်သွားကြတဲ့ ဓားသမား ဘယ်လောက်များလဲဆိုတာ မင်းသိမှာ မဟုတ်ဘူး။"

ဆိုလွန် ရုတ်တရက် နားလည်သွား၏။ ဤသည်မှာ မိုက်ကယ်ဂျက်ဆင်၏ လလမ်းလျှောက်သည့်အကကို မြင်ပြီးနောက် လူပေါင်းများစွာ အကပညာအပေါ် ရူးသွပ်သွားကြသည်နှင့် တူညီနေသည်။

တီဗီပေါ်၌ မိုက်ကယ်ဂျော်ဒန်၏ လေထဲပျံဝဲကာ ဘတ်စကက်ဘော ပစ်သွင်းသည့် မြင်ကွင်းကို မြင်ပြီးနောက် လူပေါင်းများစွာ ဘတ်စကက်ဘော ကစားခြင်းကို နှစ်သက်သွားကြသည်နှင့်လည်း တူညီနေပြန်၏။

"ဒီ ကပ်ဘေးကိုးသွယ်ဓားသိုင်းက အမြင်အာရုံကို ဖမ်းစားဖို့နဲ့ စွမ်းအင်သွေးကြောတွေကို လေ့ကျင့်ဖို့ သက်သက်အတွက်ပဲ။ လက်တွေ့တိုက်ခိုက်ဖို့အတွက်တော့ မသင့်တော်ဘူး။ ဒါပေမဲ့ ဒီဓားသိုင်းက လောကမှာ အခက်ခဲဆုံး ၊ အခမ်းနားဆုံးနဲ့ လူတစ်ယောက်ရဲ့ ဓားသိုင်းပိုင်နိုင်မှုကို အကောင်းဆုံး ပြသနိုင်တာကြောင့် နံပါတ်တစ် ဓားသိုင်းအဖြစ် အသိအမှတ်ပြု ခံထားရတယ်။"

**--**--**--**--**--**--**--**

"ဒါဆိုရင်... သိုင်းကိုးကွက်နဲ့ ပြောင်းလဲမှု ရှစ်ဆယ့်တစ်မျိုးထဲကနေ ဘယ်လောက် မှတ်မိလိုက်လဲ။"

ဆိုလွန်တစ်ယောက် လန့်သွားပြီး ဖြေလိုက်၏။ "ကျွန်တော် အရမ်း မှင်တက်သွားလို့ပါ။ နတ်ဘုရားတစ်ပါး ကခုန်နေတာကို ကြည့်နေရသလိုပဲဆိုတော့ မှတ်ထားဖို့ မေ့သွားတယ်။"

ပိုင်ရှောင်းက ခေါင်းညိတ်လိုက်သည်။ "အင်း...။ ဒါဆို နောက်တစ်ခေါက် ထပ်ကပြမယ်။ အမြန်နှုန်း တစ်ဝက်လောက်ပဲ သုံးမယ်။"

ထို့နောက် ပိုင်ရှောင်းက နတ်ဘုရားပုံရိပ်တစ်ခုအဖြစ် တစ်ဖန် ပြန်လည်ပြောင်းလဲသွားပြီး ကပ်ဘေးကိုးသွယ်ဓားသိုင်းအား ထပ်မံပြီး ကပြ၏။

ဤတစ်ကြိမ်၌မူ ဆိုလွန် သူ၏ မျက်လုံးများကို ပြူးကျယ်ထားကာ ဟန်ပန်နှင့် လှုပ်ရှားမှုတိုင်းကို ရှင်းလင်းစွာ မြင်တွေ့နိုင်ရန် အစွမ်းကုန် ကြိုးစားလိုက်၏။

သို့သော်လည်း အလွန်မြန်ဆန်နေဆဲပင်။ စက္ကန့်နှစ်ဆယ်ပင် မပြည့်လိုက်သည့် အချိန်အတွင်းမှာ ပြောင်းလဲမှု ရှစ်ဆယ့်တစ်မျိုးလုံး ပြီးဆုံးသွားသည်။

ပိုင်ရှောင်းက ထပ်မေးသည်။ "ဒီတစ်ကြိမ်ရော ဘယ်လောက် မှတ်မိလိုက်လဲ။"

"ဆယ်ရာခိုင်နှုန်းလောက်ပါ။"

"တတိယအကြိမ် ထပ်ကပြမယ်။ အမြန်နှုန်းကို ထပ်လျှော့လိုက်မယ်။"

ထိုသို့ဖြင့် ပိုင်ရှောင်းက ကပ်ဘေးကိုးသွယ်ဓားသိုင်းကို နောက်တစ်ကြိမ် ထပ်မံကပြ၏။ ယခင်အတိုင်းပင် ဓားသိုင်းမှာ အလွန်တရာ မှင်တက်ဖွယ်ကောင်းပြီး ပြိုင်ဘက်ကင်းလှသည်။

ဤတစ်ကြိမ်၌မူ အမြန်နှုန်းမှာ အစပိုင်းထက် လေးဆခန့် နှေးကွေးသွားပြီး အဆုံးသတ်ရန်အတွက် တစ်မိနစ်ခန့်ပင် အချိန်ယူလိုက်ရ၏။

"အခုရော ဘယ်လောက် မှတ်မိသွားပြီလဲ။"

"သုံးဆယ်ရာခိုင်နှုန်းလောက်ပါ။"

"စကားပြောတာကို ရပ်လိုက်မယ်။ မင်း အကုန်မှတ်မိသွားတဲ့အချိန်ကျမှသာ ပြောတော့။"

ထို့နောက် စတုတ္ထအကြိမ် ၊ ပဉ္စမအကြိမ် ၊ ဆဋ္ဌမအကြိမ် ၊ သတ္တမအကြိမ် စသည်ဖြင့် ထပ်ခါတလဲလဲ ကပြသည်။

အမြန်နှုန်းမှာလည်း တဖြည်းဖြည်း နှေးကွေးလာ၏။

နဝမအကြိမ်မြောက်သို့ ရောက်သောအခါ အလွန်နှေးကွေးနေပြီ ဖြစ်ကာ ကပ်ဘေးကိုးသွယ်ဓားသိုင်း တစ်ဆက်လုံး ပြီးဆုံးရန်အတွက် ငါးမိနစ်တိတိကို အချိန်ယူလိုက်ရ၏။

ရုပ်ရှင်ထဲမှ အနှေးပြကွက် တစ်ခုကဲ့သို့ပင်။

"အခုရော... ဘယ်လောက် မှတ်မိသွားပြီလဲ။"

သို့သော် ဆိုလွန်တစ်ယောက် ရူးတော့မတတ် ခံစားနေရ၏။ သူ မှတ်မမိနေချေ။ သူ၏ ဦးနှောက်တစ်ခုလုံးက လုံးဝကို ရှုပ်ထွေးနေသည်။

အဘယ်ကြောင့်ဆိုသော်... သောက်ကျိုးနည်း ကပ်ဘေးကိုးသွယ်ဓားသိုင်းကို ကပြသည့် အကြိမ်တိုင်းက မတူညီနေသောကြောင့်ပင်။ ထပ်ခါတလဲလဲ ကပြနေသော်လည်း အကြိမ်တိုင်းက လုံးဝကို ကွဲပြားခြားနားနေ၏။

ဤဓားသိုင်း၌ ရေးသားထားသည့် သိုင်းစာအုပ်မရှိဘဲ ကျွမ်းကျင်သူတစ်ဦးကသာ ကိုယ်တိုင်ကိုယ်ကျ လက်ဆင့်ကမ်း သင်ကြားပေးနိုင်သည်မှာ အံ့ဩစရာ မဟုတ်တော့ချေ။

ဤဓားသိုင်းကို မည်သူ ဖန်တီးသနည်း ဟူသည်ကို သူ စတင်၍ တွေးတောမိလာ၏။

ဆိုလွန်က မည်းမှောင်နေသည့် မျက်နှာထားဖြင့် ပြောသည်။ "ကျွန်တော် အပြည့်အဝ မှတ်မမိတော့ဘူး။ အကြိမ်တိုင်းက မတူညီနေလို့လေ။"

ပိုင်ရှောင်းက ရယ်မောလိုက်၏။ "အဲ့ဒါပဲလေ။ ဒါက ကပ်ဘေးကိုးသွယ်ဓားသိုင်းပဲ။ မခက်ရင် လောကမှာ အခက်ခဲဆုံး ဓားသိုင်းဆိုပြီး ဘယ်ဖြစ်လာပါ့မလဲ။။"

ဆိုလွန်က အနည်းငယ်တွေးတောကာ ပြောသည်။

"အပေါ်ယံ ဓားသိုင်းကကွက်တွေက တစ်ကြိမ်နဲ့တစ်ကြိမ် ကွဲပြားနေပေမဲ့ ခံစားချက်ကတော့ အတူတူပဲ... သီချင်းတစ်ပုဒ်တည်းကို မတူညီတဲ့ တူရိယာတွေ ဒါမှမဟုတ် မတူညီတဲ့ တီးဝိုင်းတွေက တီးခတ်နေသလိုမျိုး ခံစားရတယ်။"

ပိုင်ရှောင်းက ခေါင်းညိတ်၏။ "အင်း...။ မှန်တယ်။ ဒါကြောင့် မင်းအနေနဲ့ ကပ်ဘေးကိုးသွယ်ဓားသိုင်းကို သင်ယူချင်တယ်ဆိုရင် သူ့ရဲ့ အနှစ်သာရကို နားလည်ဖို့ လိုအပ်တယ်။ အပေါ်ယံ ဓားသိုင်းကကွက်တွေကို ကြည့်နေရုံနဲ့ အသုံးမဝင်ဘူး။ မင်းရဲ့ နှလုံးသားနဲ့ စိတ်ဝိညာဉ်ကို သုံးပြီး ခံစားနိုင်ရမယ်။"

"အနှစ်သာရကို နားလည်ရမယ်..." ဆိုလွန် ရေရွတ်လိုက်သည်။

ပိုင်ရှောင်းက ခေါင်းထပ်ညိတ်ကာ ပြော၏။ "အင်း...။ ဟုတ်တယ်။ ပထမဆုံးအနေနဲ့ ဓားသိုင်းရဲ့ အဓိက အနှစ်သာရကို အရင်ရှာ။ ဒီအပြောင်းအလဲတွေကြားထဲက ဖုံးကွယ်နေတဲ့ စည်းမျဉ်းကို ရှာရမယ်။"

ဆိုလွန်က ဇဝဇေဝါဖြင့် မေးခွန်းထုတ်လိုက်၏။ "အပြောင်းအလဲတွေ ကြားထဲက စည်းမျဉ်းကို ဘယ်လိုလုပ် ရှာရမှာလဲ။"

ပိုင်ရှောင်းက တည်ငြိမ်စွာ ပြောသည်။ "ကြည့်နေဖို့ပဲ။ ဆက်ကြည့် ၊ ပြီးရင် ထပ်ကြည့်။ အကြိမ်တိုင်း ကွဲပြားနေပေမဲ့ အဆုံးအစမရှိတော့ ပြောင်းလဲမနေနိုင်ပါဘူး။ တကယ်တော့ ဒီဓားသိုင်းမှာ စုစုပေါင်း ပြောင်းလဲမှု ကိုးဆယ့်ကိုးမျိုး ရှိတယ်။ ကိုးဆယ့်ကိုးမျိုး ပြည့်သွားပြီဆိုရင် အစကနေ ပြန်လည်ပတ်တယ်။ အခု ငါက ပြောင်းလဲမှု ကိုးဆယ့်ကိုးမျိုးလုံးကို အကုန် ကပြမယ်။ အတိအကျ မှတ်မိအောင် ကြိုးစား။"

ဆိုလွန်၏ မျက်နှာက လေးနက်လာ၏ ။ "ဟုတ်ကဲ့...။"

"မင်း စိတ်ကို ပြင်ဆင်ထားသင့်တယ်။ ဒီ ပြောင်းလဲမှု ကိုးဆယ့်ကိုးမျိုးကို မှတ်မိဖို့တင် အချိန် အရမ်းကြာလိမ့်မယ်။ မင်းရဲ့ စိတ်ဝိညာဉ်ပါရမီ နိမ့်ကျလေလေ အချိန်ပိုယူရလေလေပဲ။"

ဆိုလွန်ခေါင်းညိတ်ကာ သူ၏ စိတ်ဝိညာဉ်စွမ်းအား အားလုံးကို စုစည်းလိုက်ပြီး ပိုင်ရှောင်းအား မျက်တောင်မခတ်တမ်း စိုက်ကြည့်လိုက်သည်။

ထို့နောက် ပိုင်ရှောင်းက ဓားသိုင်းကကွက်များအား ထပ်ခါတလဲလဲ ကပြတော့၏။ ပြောင်းလဲမှု ကိုးဆယ့်ကိုးမျိုးလုံးမှာ စက်ဝန်းတစ်ခုအဖြစ် အပြည့်အဝ လည်ပတ်နေလျက် ရှိသည်။

သို့သော် ပြောင်းလဲမှု ကိုးဆယ့်ကိုးမျိုးလုံး ပြီးဆုံးသွားသည့် အချိန်၌ လေးနာရီတိတိ ကုန်လွန်သွားပြီ။

ဤအတိုင်းသာ ဆက်သွားမည်ဆိုပါက ဤပြောင်းလဲမှု ကိုးဆယ့်ကိုးမျိုးအား အပြည့်အဝ မှတ်မိရန်အတွက် အနည်းဆုံး ၃၅ ရက်ခန့် အချိန်ယူရပေလိမ့်မည်။

သို့သော် ဆိုလွန်ထံ၌ ကိုးရက်သာ အချိန်ကျန်၏။

ပထမအကြိမ် ပြောင်းလဲမှု ကိုးဆယ့်ကိုးမျိုး ပြီးဆုံးပြီးနောက် ပိုင်ရှောင်းက ပြောသည်။ "အခု ဒုတိယအကြိမ် စက်ဝန်းကို ထပ်ကပြမယ်။ မင်းရဲ့ စိတ်ဝိညာဉ်ပါရမီသာ လုံလောက်မယ်ဆိုရင် ငါးရက်အတွင်း အကုန်မှတ်မိပြီး ဖုံးကွယ်နေတဲ့ စည်းမျဉ်းကို ရှာတွေ့နိုင်လိမ့်မယ်။ သမာဓိအလင်းကမ္ဘာထဲမှာဆိုရင်တောင် ကျန်တဲ့အချိန်တွေက မင်း ဒီဓားသိုင်းကို ကျွမ်းကျင်ပိုင်နိုင်ဖို့ လုံလောက်ချင်မှ လုံလောက်လိမ့်မယ်။"

သို့သော် ဆိုလွန်က ရုတ်တရက် တောက်ပစွာ ပြုံးလိုက်၏။ "မလိုတော့ဘူး။ ကျွန်တော် အကုန်လုံး မှတ်မိတယ်။"

ပိုင်ရှောင်း အံ့ဩသွားသည်။ "ဒါ လုံးဝ မဖြစ်နိုင်ဘူး။ စိတ်ဝိညာဉ်ပါရမီ အရမ်းမြင့်မားတဲ့ သူတစ်ယောက်တောင်မှ ဖုံးကွယ်နေတဲ့ စည်းမျဉ်းကို ရှာတွေ့ဖို့ စက်ဝန်းတစ်ခုကို အကြိမ်ရေ အများကြီး ကြည့်ဖို့ လိုအပ်တယ်။ အဲ့ဒါက အနည်းဆုံး လေးငါးရက်လောက် အချိန်ယူရလိမ့်မယ်။"

ဆိုလွန်တစ်ယောက် စက်ဝန်းတစ်ခေါက် ကြည့်ရုံဖြင့် ပြောင်းလဲမှု ကိုးဆယ့်ကိုးမျိုးလုံးကို အမှန်တကယ် မှတ်မိသွားခြင်းလော။ သဘာဝကျစွာပင် သူတစ်ယောက်တည်း ဆိုလျှင် လုပ်နိုင်မည် မဟုတ်ချေ။

သို့သော် သူ့ထံ၌ အသူရာမိစ္ဆာကြယ် ရှိနေ၏။

အသူရာမိစ္ဆာကြယ်ထံ၌ မြင်မြင်သမျှကို မှတ်သားထားနိုင်သော လုပ်ဆောင်ချက်တစ်ခု ရှိနေသည်။ ဗီဒီယိုရိုက်ကူးသည့် စက်တစ်ခုကဲ့သို့ပင် မြင်ကွင်းတစ်ခုလုံးကို ဆိုလွန်၏ ဦးနှောက်ထဲသို့ အတင်းအကျပ် မှတ်တမ်းတင်ပေးလိုက်ကာ အချိန်မရွေး ပြန်လည်ကြည့်ရှုနိုင်ရန် စွမ်းဆောင်ပေး၏။

လူသားဦးနှောက်က မမှတ်မိနိုင်သည့် အရာများကို ကွန်ပျူတာထဲ၌ ချက်ချင်းသိမ်းဆည်းလိုက်နိုင်သကဲ့သို့ပင်။

ကပ်ဘေးကိုးသွယ်ဓားသိုင်း၏ ပြောင်းလဲမှု ကိုးဆယ့်ကိုးမျိုးလုံးအား အပြည့်အဝ မှတ်တမ်းတင်ပြီးနောက် ဆိုလွန်သည် သမာဓိအလင်းကမ္ဘာထဲသို့ တစ်ဖန် ဝင်ရောက်သွားလိုက်သည်။

သမာဓိအလင်းကမ္ဘာထဲ၌ အချိန်မှာ လက်တွေ့ကမ္ဘာထက် အဆပေါင်းများစွာ နှေးကွေးသွား၏။

ဆိုလွန် ကပ်ဘေးကိုးသွယ်ဓားသိုင်း၏ ပြောင်းလဲမှု ကိုးဆယ့်ကိုးမျိုးကို ထပ်ခါတလဲလဲ ကြည့်ရှုနေလိုက်သည်။

အကြိမ်ဆယ်ချီ ၊ ရာချီ၍ ကြည့်ရှုပြီးနောက် သမာဓိအလင်းကမ္ဘာထဲ၌ လဝက်ခန့် အချိန်ကုန်လွန်သွားလေပြီ။ သူသည်လည်း ပြောင်းလဲမှု ကိုးဆယ့်ကိုးမျိုးလုံးအား အပြည့်အဝ မှတ်မိသွား၏။

ထို့နောက် သူ ထိုအပြောင်းအလဲများ ကြားထဲမှ ဖုံးကွယ်နေသည့် စည်းမျဉ်းကို စတင်၍ အာရုံခံလိုက်သည်။

ဤအရာက ပို၍ပင် အချိန်ယူရသည်။ လက်တွေ့ကမ္ဘာ၌ ဂဏန်း သောင်းချီပါဝင်သည့် သင်္ချာပုဒ်စာ​ကြီး တစ်ခုအား ကြည့်နေရသကဲ့သို့ပင် လုံးဝကို ရှုပ်ထွေးနေပုံပေါ်၏။

သို့သော် သေချာစွာ လေ့လာပြီးနောက်တွင်မူ ဖုံးကွယ်နေသည့် ပုံစံတစ်ခုကို ရှာဖွေတွေ့ရှိသွားပေလိမ့်မည်။

ထိုပုံစံကို ရှာတွေ့သွားသည်နှင့် တစ်ပြိုင်နက် အရာအားလုံးက လွယ်ကူစွာ ဖြေရှင်းပြီးသား ဖြစ်သွားပေလိမ့်မည်။ ကြေးနန်းစာ တစ်စောင်အတွက် ကုဒ်စာအုပ်ကို ရရှိလိုက်သကဲ့သို့ပင်။ ကုဒ်များက မည်မျှပင် ရှုပ်ထွေးနေပါစေ ချက်ချင်းပင် ကုဒ်ဖြည်နိုင်သွားလိမ့်မည်။

**--**--**--**--**--**--**--**

နောက်ဆုံး၌ သမာဓိအလင်းကမ္ဘာထဲတွင် ဆိုလွန် မျက်လုံးမှိတ်လိုက်၏။ ပြောင်းလဲမှု ကိုးဆယ့်ကိုးမျိုး၏ ဓားသိုင်းကကွက်များမှာ အပြည့်အဝ ထပ်တူကျသွားလေပြီ။

ထို့နောက် စိတ်ထဲမှ လူ၏ပုံရိပ်ကို လုံးဝဖယ်ရှားလိုက်ကာ ဓားများကိုသာ ချန်ထားလိုက်သည်။ ဆက်လက်ပြီး ဓားများကိုပါ လုံးဝဖယ်ရှားပစ်လိုက်ပြီး ဓားသွားထိပ်ဖျားများကိုသာ ချန်ထားလိုက်၏။

သိုင်းကိုးကွက်နှင့် ပြောင်းလဲမှု ရှစ်ဆယ့်တစ်မျိုးအား ကိုးဆယ့်ကိုးကြိမ်မြောက် စက်ဝန်းများဖြင့် မြှောက်လိုက်သည်။

ဤသည်မှာ ဓားသွားထိပ်ဖျားမှ ကောင်းကင်ယံသို့ အကြိမ်ပေါင်း ရှစ်ထောင်ကျော်မျှ ထိုးနှက်ပြီး လေထုထဲ၌ အချက်ရေ ရှစ်ထောင်ကျော် ကျန်ရစ်သည်ဟု ဆိုလိုခြင်းပင်။

ထိုအချက်ရေ ရှစ်ထောင်ကျော်အား ပေါင်းစပ်လိုက်သည့်အခါ အံ့ဩဖွယ်ကောင်းလောက်အောင်ပင် စာလုံးတစ်လုံး ဖြစ်ပေါ်လာ၏။

သို့သော် ထိုစာလုံးကို မြင်လိုက်ရသောအခါ ဆိုလွန်၏ တစ်ကိုယ်လုံး တုန်ယင်သွားရသည်။ သူ၏ နှလုံးသား အောက်ခြေမှစ၍ ခေါင်းထိပ်အထိ လုံးဝကို ကြောက်လန့်သွားမိ၏။

အဘယ်ကြောင့်ဆိုသော် ထိုစာလုံး၏ အဓိပ္ပာယ်မှာ သင်္ချိုင်း (လင်း) ဖြစ်နေသောကြောင့်ပင်။

ထိုသည်က လန်လင်း၏ လင်းပင်။

ဤသည်က တိုက်ဆိုင်မှုတစ်ခုလော။ သို့မဟုတ် အခြား အကြောင်းအရင်းများ ရှိနေသေးသည်လော။

ကပ်ဘေးကိုးသွယ်ဓားသိုင်း တစ်ခုလုံး၏ သိုင်းကိုးကွက် ၊ ပြောင်းလဲမှု ရှစ်ဆယ့်တစ်မျိုးနှင့် စက်ဝန်း ကိုးဆယ့်ကိုးကြိမ်လုံးမှာ ကောင်းကင်ယံ၌ လင်းဆိုသည့် စာလုံးအား ရေးဆွဲရန် ဓားသွားထိပ်ဖျားများကို အသုံးပြုထားခြင်း ဖြစ်၏။

ဆိုလွန်တစ်ယောက် သမာဓိအလင်းကမ္ဘာထဲမှ ချက်ချင်း နိုးထလာပြီး ပိုင်ရှောင်းအား မေးလိုက်သည်။ "ဒီ ကပ်ဘေးကိုးသွယ်ဓားသိုင်းရဲ့ အနှစ်သာရက... လင်းဆိုတဲ့ စာလုံးကို ရေးဆွဲတာလား။"

ပိုင်ရှောင်းက အံ့ဩသွားဟန်ဖြင့် ခေါင်းညိတ်လိုက်သည်။ "အင်း... မှန်တယ်။ နေ့ဝက်လောက်ပဲ ကြာသေးတာတောင် မင်းက အာရုံခံနိုင်နေပြီလား။ အတော် တော်တဲ့ကောင်ပဲ။"

ဆိုလွန် တုန်ယင်သွားပြီး အသက်ကို ပြင်းပြင်းရှူကာ မေးလိုက်၏။ "ဒီဓားသိုင်းကို ဘယ်သူ ဖန်တီးခဲ့တာလဲ။ ဘာလို့ လင်းဆိုတဲ့ စာလုံးကို ရေးဆွဲရတာလဲ။"

အပိုင်း ၁၇၁ ပြီး။

နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Yue

True Immortal Team

All Chapters