← Chapters

အခန်း ၁၇၂

Vol. 18 Ch. 172

အခန်း ၁၇၂

Vol. 18 Ch. 172

အပိုင်း ၁၇၂

နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Yue

True Immortal Team

ပိုင်ရှောင်းက လေးနက်စွာ ပြောသည်။

"အင်း...။ ဒါက ပဟေဠိတစ်ခုပဲ။ ဒီဓားသိုင်းကို ရေးသားထားတဲ့ သိုင်းစာအုပ်မရှိဘူး။ ဘယ်သူက ဖန်တီးတာလဲ၊ ခေတ်အဆက်ဆက် ဘယ်လို လက်ဆင့်ကမ်းလာသလဲ ဆိုတာကို ဘယ်သူမှ မသိကြဘူး။ အတိုချုပ်ပြောရရင် ဒါက လောကမှာ အခမ်းနားဆုံးနဲ့ အခက်ခဲဆုံး ဓားသိုင်းပဲ။ ဒါပေမဲ့ ဖန်တီးသူက ဒီလောက်အထိ ခက်ခဲပြီး ခမ်းနားနေအောင် လုပ်တာက သူ့ရဲ့ အဓိက ရည်ရွယ်ချက် မဟုတ်ဘူး။ သူရဲ့ တကယ့် ရည်ရွယ်ချက်က လူတိုင်းကို စာလုံးတစ်လုံးတည်း ပြချင်လို့ပဲ။ အဲ့ဒါက လင်း ဆိုတဲ့ စာလုံးပဲ။"

ဆိုလွန်၏ နှလုံးသားမှာ ပြင်းထန်စွာ တုန်ယင်သွားသည်။ "လင်း" ဆိုသည်မှာ သူ့ကို ရည်ညွှန်းနေခြင်းလော။ မဖြစ်နိုင်ချေ။

ပိုင်ရှောင်းက သက်ပြင်းချလိုက်သည်။ "အကြောင်းအရင်းကို ဘယ်သူမှ မသိကြဘူး။ ဒါက နှစ်ပေါင်းတစ်ထောင်ကျော် သိုင်းလောက တစ်ခုလုံးမှာ အကြီးမားဆုံး ပဟေဠိတစ်ခုပဲ။ ဒီဓားသိုင်းကို ဖန်တီးတဲ့သူက လူတွေကို တကယ်တမ်း ဘာပြောချင်တာလဲ ဆိုတာကို ဘယ်သူမှ မသိကြဘူး။"

ဆိုလွန် မျက်မှောင်ကျုံ့လိုက်၏။ "ဒီဓားသိုင်းမှာ ဒုတိယအဆင့် ဒါမှမဟုတ် တတိယအဆင့် ရှိသေးလား။"

ပိုင်ရှောင်းက ခေါင်းညိတ်သည်။ "အင်း... ရှိတယ်လို့တော့ ကြားဖူးတယ်။ ဒါပေမဲ့... မြင့်မြတ်နတ်နဂါးကျောင်းတော်က ပိတ်ပင်ထားတယ်။ လက်ရှိအချိန်မှာ ပထမအဆင့် တစ်ခုပဲ လောကမှာ ပြန့်နှံ့နေတာ။"

ထိုစကားများကြောင့် ဆိုလွန်၏ တစ်ကိုယ်လုံး တုန်ယင်သွား၏။ ဤသည်က တိုက်ဆိုင်မှုတစ်ခု သက်သက်သာလော။

သို့မဟုတ် ဤဓားသိုင်းအား ဖန်တီးသူက သူ့ကို အမှန်တကယ်ပဲ ရှာဖွေနေခြင်းလော။ သူ့ကို ဘာပြောချင်နေခြင်းနည်း။ ကျန်ရှိနေသော သတင်းစကားများက ဓားသိုင်း၏ ဒုတိယအဆင့်နှင့် တတိယအဆင့်တို့၌ ဖုံးကွယ်နေခြင်းများ ဖြစ်နိုင်မည်လော။

မည်သို့ပင်ဖြစ်စေကာမူ နောင်တစ်ချိန်၌ ဤပဟေဠိကို ဖြေရှင်းနိုင်ရန်အတွက် သူ အသက်ရှင်နေရပေလိမ့်မည်။

လက်ရှိအချိန်၌ အရေးကြီးဆုံးအရာမှာ ကပ်ဘေးကိုးသွယ်ဓားသိုင်း တစ်ဆက်လုံးအား အတိုတောင်းဆုံး အချိန်အတွင်း သင်ယူပြီးနောက် ကွေ့ချင်းရှောင်းကို အနိုင်ယူရန်ပင်။

အနှောင့်အယှက်ဖြစ်စေသည့် အတွေးများအားလုံးကို ခေတ္တဘေးဖယ်ထားလိုက်ပြီးနောက် ဆိုလွန် သမာဓိအလင်းကမ္ဘာထဲသို့ တစ်ဖန် ပြန်လည်ဝင်ရောက်သွားလိုက်သည်။

ဤဓားသိုင်း၏ အစစ်အမှန် အနှစ်သာရနှင့် စည်းမျဉ်းများကို အာရုံခံနိုင်မှသာလျှင် လက်တွေ့တိုက်ခိုက်မှုအတွက် စတင်လေ့ကျင့်နိုင်မည် ဖြစ်၏။

သမာဓိအလင်းကမ္ဘာထဲ၌ ဆိုလွန် ထပ်ခါတလဲလဲ လေ့ကျင့်နေလိုက်သည်။

မကြာမှီ၌ပင် ဤဓားသိုင်းက မည်မျှအထိ ခက်ခဲပြီး ပုံမှန်မဟုတ်ကြောင်းကို လန်လင်း ကောင်းကောင်း သိသွား၏။ လူသားတို့၏ သဘာဝလှုပ်ရှားမှုများကို လုံးဝကို ဆန့်ကျင်နေသည်။

ကကွက်နှင့် ဟန်ပန်တိုင်းအတွက် သူ၏ သွေးကြောများအတွင်း စီးဆင်းနေသည့် စွမ်းအင်များကို အရင်ဦးစွာ အာရုံခံပြီး အတွင်းပိုင်း ဓားသိုင်းအနှစ်သာရနှင့် ချိတ်ဆက်ပေးရပေလိမ့်မည်။

ထိုသို့မလုပ်ဘဲ လှုပ်ရှားမှုများကို အတင်းအကျပ် လုပ်ဆောင်ပါက ရလဒ်တစ်ခုတည်းသာ ရှိမည်ဖြစ်၏။ သွေးကြောများ တစ်စစီ ကြေမွသွားပေလိမ့်မည်။

ဤဓားသိုင်းအား ဖန်တီးသူသည် သူ့ထက် ဆယ်ဆ သို့မဟုတ် အဆတစ်ရာမက ပိုမိုမြင့်မားသည့် ပါရမီကို ပိုင်ဆိုင်ထားသော သမိုင်းတစ်လျှောက် အကြီးကျယ်ဆုံးသော ပါရမီရှင်တစ်ဦး ဖြစ်ရမည်ဟု ဆိုလွန် နက်ရှိုင်းစွာ ခံစားလိုက်ရသည်။

ဖုံးကွယ်ထားသည့် သတင်းစကားကို ဘေးဖယ်ထားလိုက်လျှင်ပင် ဓားသိုင်းကိုယ်တိုင်က အလွန်အမင်း ခက်ခဲပြီး ရှုပ်ထွေးကာ လျှို့ဝှက်ဆန်းကြယ်လွန်းလှ၏။

သူသာ ဤဓားသိုင်းကို ကျွမ်းကျင်သွားပါက အခြား မည်သည့်ဓားသိုင်းကိုမဆို သင်ယူရန် အလွန်လွယ်ကူသွားမည်ဟု ပိုင်ရှောင်း ပြောသည်မှာ အံ့ဩစရာ မဟုတ်တော့ချေ။

ဤဓားသိုင်းသည် လက်တွေ့တိုက်ခိုက်ရန်အတွက် သိပ်ပြီး အသုံးမဝင်လှဘဲ အလှပြသရန်သက်သက်နှင့် ပိုတူနေသည်မှာလည်း အံ့ဩစရာ မဟုတ်တော့ပေ။

တိုက်ခိုက်ရန် အသုံးမဝင်သော်လည်း ဤသည်က လူတစ်ဦး၏ ဓားသိုင်းကျွမ်းကျင်မှုကို အဆုံးစွန် စမ်းသပ်သည့်အရာဖြစ်ရာ မရေမတွက်နိုင်သော လူများစွာက ဤဓားသိုင်းအား သင်ယူရန် ရူးသွပ်နေကြပြန်၏။

ဆိုလွန် လေ့ကျင့်နေစဉ်အတွင်းမှာပင် စွမ်းအင်များကို ဆက်လက်၍ အာရုံခံနေလိုက်သည်။

အကြိမ်ဆယ်ချီ ၊ ရာချီ ၊ ထောင်ချီ ၊ သောင်းချီ ၊ သိန်းချီ၍...

သမာဓိအလင်းကမ္ဘာထဲ၌ အချိန်များ လျှင်မြန်စွာ ကုန်လွန်သွားသည်။ တစ်လ ၊ လဝက် ၊ တစ်နှစ် ၊ နှစ်နှစ် ၊ သုံးနှစ်... သူ ပထမဆုံး သိုင်းကွက်ကို ပြီးစီးသွားပြီးနောက် ဒုတိယ သိုင်းကွက် ၊ ထို့နောက် တတိယ သိုင်းကွက်...

တစ်ချိန်တည်းမှာပင် လက်တွေ့ကမ္ဘာ၌လည်း အချိန်များက တစ်ရက်ပြီးတစ်ရက် ကုန်လွန်နေလျက် ရှိ၏။

ရုတ်တရက်ဆိုသလိုပင် ဆိုလွန် မျက်လုံးဖွင့်လိုက်သည်။ ကွေ့ချင်းရှောင်းနှင့် တိုက်ခိုက်ရန်အတွက် သုံးရက်သာ အချိန်ကျန်တော့သည်။

**--**--**--**--**--**--**--**

လက်တွေ့ကမ္ဘာ၌ ခြောက်ရက်တိတိ ကုန်လွန်သွားလေပြီ။

သို့သော် သမာဓိအလင်းကမ္ဘာထဲ၌ အချိန် မည်မျှ ကုန်လွန်သွားသနည်း။ သုံးနှစ်နီးပါးခန့်ပင်။

ဤသည်က ချဲ့ကားပြောဆိုနေသည်ဟု ထင်ရနိုင်သော်လည်း လက်တွေ့၌မူ စိတ်၏ အချိန်လုပ်ဆောင်ချက်သည် ရုပ်ပိုင်းဆိုင်ရာ ကမ္ဘာနှင့် ကွဲပြားခြားနားကြောင်း သက်သေပြလေ့ရှိသည်။

ဤသည်က Inception ရုပ်ရှင်ဇာတ်ကားထဲမှ အယူအဆတစ်ခုမျှ သက်သက်မဟုတ်ချေ။ သိပ္ပံနည်းကျအားဖြင့်လည်း ဖြစ်နိုင်ခြေ ရှိနေ၏။

ဥပမာအားဖြင့် အိပ်ပျော်နေစဉ်အတွင်း အလွန်ရှည်လျားသည့် အိပ်မက်တစ်ခုကို မက်ကောင်းမက်နိုင်သော်လည်း တကယ့်လက်တွေ့၌မူ ထိုအိပ်မက်မှာ မိနစ်အနည်းငယ်မျှသာ ကြာမြင့်နေနိုင်သည်။

ရိုးရှင်းစွာ နှိုင်းယှဉ်ရမည်ဆိုလျှင် လူသားဦးနှောက်သည် ကွန်ပျူတာတစ်လုံးနှင့် တူညီ၏။ နိုးကြားနေချိန်၌ အရာများစွာကြောင့် အာရုံလွင့်ပါးနေတတ်သဖြင့် ပို၍နှေးကွေးစွာ အလုပ်လုပ်တတ်သည်။

သို့သော် ပြင်ပမှ အနှောင့်အယှက်များ အားလုံးကို ပိတ်ပင်ထားလိုက်ပြီး စိတ်ပိုင်းဆိုင်ရာ စွမ်းအင်အားလုံးကို တိကျသည့် အလုပ်တစ်ခုတည်းအပေါ်၌သာ အာရုံစိုက်လိုက်သောအခါ လုပ်ဆောင်မှု အမြန်နှုန်းမှာ အဆပေါင်းများစွာ မြင့်တက်သွားတော့သည်။

သို့သော်လည်း သမာဓိအလင်းကျင့်စဉ်ကို အလုပ်များစွာ တစ်ပြိုင်နက် လုပ်ဆောင်ရန်အတွက် အသုံးပြု၍ မရနိုင်ချေ။

ထိုကျင့်စဉ်ကို ထပ်ခါတလဲလဲ လုပ်ဆောင်ရသည့် အလုပ်တစ်ခုတည်းအပေါ်၌သာ စိတ်ကို အာရုံစူးစိုက်ရန်အတွက် အသုံးပြုနိုင်သည်။ ဥပမာအားဖြင့် ဓားသိုင်းပညာရပ်တစ်ခု၏ ဖုံးကွယ်နေသော စည်းမျဉ်းများကို အာရုံခံရန်အတွက် အလွန်ပင် ပြီးပြည့်စုံသည်။

သို့သော် အမှန်တကယ် လက်တွေ့ သိုင်းစွမ်းအင်များ ကျင့်ကြံရန်အတွက်မူ လုံးဝ အသုံးမဝင်ချေ။ အဘယ်ကြောင့်ဆိုသော် သမာဓိအလင်းကျင့်စဉ်သည် လူတစ်ယောက်၏ နဂါးစွမ်းအားကို နည်းနည်းလေးမျှပင် မတိုးပွားလာစေနိုင်သောကြောင့်ပင်။

အချိန်အသာစီး ရရှိနေသော်လည်းပဲ သမာဓိအလင်းကမ္ဘာထဲရှိ ဆိုလွန်၏ အတွေ့အကြုံမှာ အလွန်တရာ ခြောက်ကပ်ပြီး နာကျင်ဖွယ် ကောင်းလှ၏။

ဓားသိုင်းက အံ့မခန်း ဖြစ်ပုံရသော်လည်း လေ့ကျင့်ရသည်မှာ ညှဉ်းပန်းနှိပ်စက်ခံရခြင်း အစစ်အမှန်ပင်။

သူ့အနေဖြင့် သိုင်းကိုးကွက်နှင့် ပြောင်းလဲမှု ရှစ်ဆယ့်တစ်မျိုးလုံးကို သင်ယူရပေလိမ့်မည်။ ထို့အပြင် ပြောင်းလဲမှု ကိုးဆယ့်ကိုးမျိုးလုံးကိုလည်း အပြည့်အဝ နားလည်ထားရဦးမည်။

သူ အမှားတစ်ခုလေးမျှပင် အဖြစ်ခံ၍ မရချေ။ အမှားတစ်ခု လုပ်မိပါက သူ၏ ရုပ်ပိုင်းဆိုင်ရာ ဟန်ချက်ညီမှုမှာ လုံးဝ ပျက်စီးသွားမည်ဖြစ်ပြီး သွေးကြောများလည်း ဒဏ်ရာရသွားရမည်သာ။

ထို့အတွက်ကြောင့် ဤဓားသိုင်းကို လေ့ကျင့်ခြင်းမှာ လှုပ်ရှားမှုများကို သင်ယူရုံသက်သက် မဟုတ်ချေ။ အတွင်းပိုင်း ဟန်ချက်ညီမှုကို ရှာဖွေခြင်း ၊ သွေးကြောများအတွင်း စီးဆင်းနေသော စွမ်းအင်များကို လမ်းညွှန်ခြင်းနှင့် သူ၏ ဓားသိုင်းအနှစ်သာရနှင့် အပြည့်အဝ ထပ်တူကျစေခြင်းတို့ ဖြစ်၏။

အတိုချုပ်ပြောရလျှင် သူ၏ အတွင်းပိုင်း စွမ်းအင်နှင့် ဓားသွားရာလမ်းကြောင်းကြား၌ ပြီးပြည့်စုံသည့် ဟန်ချက်ညီမှုကို လိုအပ်သည်။

ထို့အတွက်ကြောင့် ဤသည်ကို ဓားသမားတစ်ဦးအတွက် ဓားသိုင်း၏ အစစ်အမှန် အနှစ်သာရကို နားလည်စေရန် အဆုံးစွန်သော နည်းလမ်းအဖြစ် သိရှိထားကြခြင်းပင်။

သမာဓိအလင်းကမ္ဘာထဲ၌ ပထမဆုံး သိုင်းကွက်တစ်ခုတည်းကိုပင် အပြည့်အဝ ကျွမ်းကျင်စေရန်အတွက် ဆိုလွန် ရှစ်လတိတိ အချိန်ယူလိုက်ရသည်။ မှန်၏။ သိုင်းကွက် တစ်ကွက်တည်းအတွက် အတွင်းပိုင်း စွမ်းအင်နှင့် ဓားသွားရာလမ်းကြောင်းကြား၌ ပြီးပြည့်စုံသည့် ပူးပေါင်းလုပ်ဆောင်မှု ရရှိရန်အတွက် ရှစ်လတိတိ အချိန်ယူရခြင်းပင်။

ကံကောင်းလှစွာဖြင့် သူသည် သမာဓိအလင်းကမ္ဘာထဲ၌ ရှိနေသောကြောင့်သာ အနှောင့်အယှက်ဖြစ်စေမည့် ခံစားချက်များ ဖယ်ရှားခံထားရကာ အလွန်အမင်း ငြီးငွေ့မှုအပေါ် ထုံပေပေ ဖြစ်နေခြင်းပင်။

လက်တွေ့ကမ္ဘာ၌သာ ဤကဲ့သို့ ကြိုးစားပါက စိတ်ပျက်အားငယ်မှုများကို ခံနိုင်ရည်ရှိမည် မဟုတ်ဘဲ စိတ်ပြိုလဲသွားလောက်ပြီ ဖြစ်သည်။

သို့သော်လည်း သူ၏ ခံစားချက်များနှင့် အသိစိတ်များ ထုံပေနေသောကြောင့် သင်ယူမှု အမြန်နှုန်းမှာ လက်တွေ့ကမ္ဘာထက် အမှန်တကယ်ပင် ပို၍နှေးကွေးနေသည်။

လက်တွေ့ကမ္ဘာ၌ သင်ယူရန် နှစ်ဝက်ခန့် ကြာမြင့်နိုင်သည့် အရာတစ်ခုသည် သမာဓိအလင်းကမ္ဘာထဲ၌ တစ်နှစ်ကျော်ခန့် အချိန်ယူရနိုင်၏။

ဒုတိယ သိုင်းကွက်အတွက် အခက်အခဲများ ပိုတိုးလာ၏။ သို့သော် ပထမဆုံး သိုင်းကွက်နှင့်အတူ အခြေခံအုတ်မြစ် ချထားပြီးဖြစ်သောကြောင့် ဒုတိယ သိုင်းကွက်ကို သင်ယူရန် နှစ်ဝက်သာ အချိန်ယူလိုက်ရသည်။ တတိယနှင့် စတုတ္ထ သိုင်းကွက်များကိုလည်း နှစ်ဝက်စီသာ အချိန်ယူလိုက်ရ၏။

သို့သော်လည်း ခြောက်လကျော် အချိန်ကုန်လွန်သွားသော်လည်း ပဉ္စမမြောက် သိုင်းကွက်ကို အပြည့်အဝ မကျွမ်းကျင်သေးချေ။

အဘယ်ကြောင့်နည်း။ ဆိုလွန်၏ စိတ်ဝိညာဉ်စွမ်းအားနှင့် နဂါးစွမ်းအားတို့ လုံးဝ ကုန်ခမ်းသွားသောကြောင့်ပင်။ အသူရာမိစ္ဆာကြယ်ထဲ၌ သိုလှောင်ထားသည့် နဂါးစွမ်းအားများပင် ကုန်လုနီးပါး ဖြစ်နေလေပြီ။

သူ၏ လေ့ကျင့်မှုကို ပံ့ပိုးပေးရန်အတွက် အသူရာမိစ္ဆာကြယ်အနေဖြင့် သမာဓိအလင်း ဆက်လက်ဝင်ရောက်ရန် သူ၏ ဦးနှောက်မှ လိုအပ်သည့် စွမ်းအင်များ ထောက်ပံ့ပေးရန် ဆိုလွန်၏ ကိုယ်ပိုင် အသက်စွမ်းအင်များကိုပါ စုပ်ယူနေရ၏။

ပဉ္စမမြောက် သိုင်းကွက်ကို သူ နားလည်သဘောပေါက်သွားချိန်၌ ဆိုလွန်၏ ခန္ဓာကိုယ်မှာ လုံးဝ ကုန်ခမ်းသွားလေပြီဖြစ်ရာ သူ၏ ဘဝတစ်လျှောက်လုံး၌ အားအနည်းဆုံး အခြေအနေသို့ ရောက်ရှိလာတော့သည်။ သူ၏ ခန္ဓာကိုယ်ထဲရှိ စွမ်းအင်တိုင်းမှာ စားသုံးခံလိုက်ရ၏။

ဆိုလွန် မျက်လုံးဖွင့်လိုက်သည့် အခိုက်၌ သူ၏ တစ်ခုတည်းသော အတွေးမှာ အိပ်စက်ရန်ပင်။

သို့သော် သူ လုံးဝ အနားယူ၍ မရနိုင်ချေ။ အကယ်၍ သူ ယခု အိပ်ပျော်သွားပါက နေ့ရက်ပေါင်းများစွာ ကြာသည်အထိ နိုးလာတော့မည် မဟုတ်ပေ။

ဆိုလွန် အသိစိတ်မလွတ်သွားစေရန် ရုန်းကန်ရင်း အားနည်းစွာ ပြောလိုက်သည်။ "ဓားသခင်... ကျွန်တော် သမာဓိအလင်းကမ္ဘာထဲမှာ ဘယ်နှစ်ရက်လောက် ကြာသွားပြီလဲ။"

ဓားသခင် ပိုင်ရှောင်းက သူ့အား စိုက်ကြည့်လိုက်၏။ "ခြောက်ရက်ပဲ။ မင်းပြောတဲ့ တိုက်ပွဲအတွက် သုံးရက်ပဲ အချိန်ကျန်တော့တယ်။ ကပ်ဘေးကိုးသွယ်ဓားသိုင်းထဲက သိုင်းကွက် ဘယ်နှစ်ကွက်အထိ ကျွမ်းကျင်သွားပြီလဲ။"

"ပဉ္စမမြောက် သိုင်းကွက်အထိ။"

ဓားသခင်က လေးနက်စွာ ဆက်မေးသည်။ "သမာဓိအလင်းကမ္ဘာထဲမှာရော အချိန်ဘယ်လောက်လောက် ကုန်သွားပြီလဲ။"

ဆိုလွန်က သက်ပြင်းရှည်ကြီး တစ်ချက်ကိုချလိုက်သည်။ "ဟူး... သုံးနှစ်နီးပါးလောက် ကုန်သွားပြီ။"

ဓားသခင် မျက်မှောင်ကျုံ့သွားရ၏။ "အင်း...။ မင်းရဲ့ အမြန်နှုန်းက ငါ မျှော်လင့်ထားတာထက် နှေးနေတယ်။ မင်းရဲ့ စိတ်ဝိညာဉ်ပါရမီက ငါထင်ထားသလောက် မမြင့်တာလား။ ဒါမှမဟုတ် သမာဓိအလင်းထဲမှာ နက်နက်ရှိုင်းရှိုင်း ရှိနေတုန်း အနှောင့်အယှက်ဖြစ်စေတဲ့ အတွေးတွေ ဝင်နေသေးလို့လား။"

အကြောင်းအရင်း နှစ်ခုလုံးမှာ မှန်ကန်နေပုံရ၏။ ဆိုလွန်တစ်​​ယောက် သမာဓိအလင်းကမ္ဘာထဲသို့ ချက်ချင်း ဝင်ရောက်နိုင်သောကြောင့် ပိုင်ရှောင်းတစ်ယောက် သူ၏ စိတ်ဝိညာဉ်ပါရမီအပေါ် အလွန်အမင်း အထင်ကြီးမိသွားခြင်းပင်။

သို့သော် ဆိုလွန်၏ အမှန်တကယ် ပါရမီမှာ ၈.၁ ခန့်သာ ရှိ၏။ ဤသည်က လူတစ်သောင်း၌ တစ်ယောက်သာ ရှိတတ်သည့် ရှားပါးပါရမီအဆင့် ဖြစ်သော်ငြားလည်း ဓားသခင် ပိုင်ရှောင်း၏ အမြင်၌မူ ထိပ်တန်းအဆင့်ဟုပင် မသတ်မှတ်နိုင်ချေ။ ထို့အပြင် ကွေ့ချင်းရှောင်းနှင့်လည်း နှိုင်းယှဉ်၍ မရနိုင်ပြန်ပေ။

ထိုသည်က ထူးဆန်းနေပုံရ၏။ ကွေ့ချင်းရှောင်းသည် မောက်မာပြီး နူးညံ့ကာ အလွန် ဉာဏ်နီဉာဏ်နက် များသူ ဖြစ်၏။ ထိုကဲ့သို့သော သူတစ်ယောက်က မည်သို့လုပ်၍ ထိုမျှ မြင့်မားလှသည့် စိတ်ဝိညာဉ်ပါရမီကို ပိုင်ဆိုင်ထားရသနည်း။

အမှန်တကယ်၌မူ ဆိုလွန်နှင့် ကျိနင်တို့ နှစ်ဦးစလုံးသည် နက်ရှိုင်းစွာ တွေးတောတတ်ပြီး အကြံအစည် ကြီးမားသူများ ဖြစ်ကြရာ ထိုအချက်ကပင် သူတို့အား စိတ်ဝိညာဉ်ပါရမီ၏ အမြင့်ဆုံး အထွတ်အထိပ်သို့ ရောက်ရှိရန် ခက်ခဲစေခြင်းပင်။

ပုံမှန်အားဖြင့် အလွန်အမင်း မြင့်မားသော စိတ်ဝိညာဉ်ပါရမီ ရှိသူများသည် အလွန် သန့်စင်ပြီး အာရုံစူးစိုက်မှု အားကောင်းသည့် စိတ်ထားမျိုးကို ပိုင်ဆိုင်ထားတတ်ကြ၏။

ဓားသခင် ပြောသည်မှာ မှန်ကန်သည်။ ဆိုလွန် တစ်ယောက် သမာဓိအလင်းထဲ၌ နက်ရှိုင်းစွာ အနှောင့်အယှက်ဖြစ်စေသည့် အတွေးများ ရှိနေ၏။ အဘယ်ကြောင့်ဆိုသော် ကပ်ဘေးကိုးသွယ်ဓားသိုင်း၏ ပြောင်းလဲမှု ကိုးဆယ့်ကိုးမျိုးလုံးမှာ အဆုံးသတ်၌ ဓားသွားထိပ်ဖျားဖြင့် လင်းဟူသော စာလုံးတစ်လုံးတည်းကို ရေးဆွဲရန်အတွက် ပုံဖော်ထားသောကြောင့်ပင်။

သူ လေ့ကျင့်ပြီး ဓားသိုင်းအနှစ်သာရကို အာရုံခံရန် ကြိုးစားသည့် အချိန်တိုင်း ထိုအတွေးက သူ၏ သမာဓိအလင်း၏ အနက်ရှိုင်းဆုံး အစိတ်အပိုင်းများအထိ ဝင်ရောက်လာတတ်သည်။ ထို့အတွက်ကြောင့် သမာဓိအလင်းကမ္ဘာထဲရှိ ဆိုလွန်၏ တိုးတက်မှုမှာ သူ မျှော်လင့်ထားသလောက် ပြီးပြည့်စုံမနေချေ။

တစ်ချိန်တည်းမှာပင် ကွေ့ချင်းရှောင်းသည် ကပ်ဘေးကိုးသွယ်ဓားသိုင်းကို လေ့ကျင့်နေသည်မှာ ဆယ်နှစ်တိုင်တိုင်ရှိနေပြီဖြစ်ကာ အဋ္ဌမမြောက် သိုင်းကွက်၏ ပဉ္စမမြောက် ပြောင်းလဲမှုအထိပင် ကျွမ်းကျင်နေပြီ ဖြစ်၏။

အပိုင်း ၁၇၂ ပြီး။

နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Yue

True Immortal Team

All Chapters