အခန်း ၁၇၃
Vol. 18 Ch. 173
အပိုင်း ၁၇၃
နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Yue
True Immortal Team
သမာဓိအလင်းကမ္ဘာထဲ၌ သူ၏ ခန္ဓာကိုယ် တုံ့ပြန်နိုင်စွမ်းနှင့် အာရုံခံနိုင်စွမ်းတို့ ကျဆင်းသွားသည်။ ထို့အတွက်ကြောင့် ကျင့်ကြံခြင်း အကျိုးသက်ရောက်မှုမှာ လက်တွေ့လောကနှင့် မယှဉ်နိုင်ပေ။
ပြီးခဲ့သည့် သုံးနှစ်အတွင်း ဆိုလွန် သိုင်းကွက် ငါးကွက်ကိုသာ နားလည်သဘောပေါက်ခဲ့သည်။ ရရှိထားသည့် ဆယ်ရက်အနက် သုံးပုံနှစ်ပုံမှာလည်း ကုန်လွန်သွားလေပြီ။ ထို့အပြင် ခရီးသွားရန်အတွက်ကိုလည်း တစ်ရက် အချိန်ယူရဦးမည် ဖြစ်၏။
ထို့အတွက်ကြောင့် သူ့ထံ၌ နှစ်ရက်သာ အချိန်ကျန်တော့သည်။ ကွေ့ချင်းရှောင်းကို အနိုင်ယူရန် ကပ်ဘေးကိုးသွယ်ဓားသိုင်း၏ အဋ္ဌမမြောက် သိုင်းကွက်ကို အပြည့်အဝ ကျွမ်းကျင်ထားရန် လိုအပ်၏။
ကျန်ရှိနေသည့် သိုင်းကွက် သုံးကွက်၏ ခက်ခဲမှုမှာ အဆပေါင်းများစွာ မြင့်တက်သွားသည်။ သို့သော် ဆိုလွန်ထံ၌ နှစ်ရက်သာ အချိန်ကျန်တော့ပြီး စိတ်ဝိညာဉ်စွမ်းအားနှင့် နဂါးစွမ်းအားတို့မှာလည်း လုံးဝ ကုန်ခမ်းသွားလေပြီ။
လက်ရှိအချိန်၌ အောင်မြင်နိုင်ရန်မှာ မဖြစ်နိုင်သလောက်ပင်။
**--**--**--**--**--**--**--**
ဆိုလွန် အားနည်းစွာ မေးလိုက်သည်။ "အသူရာမိစ္ဆာကြယ်... ဒီအတွက် ဖြေရှင်းစရာ နည်းလမ်းရှိလား။"
အသူရာမိစ္ဆာကြယ်က လေးနက်စွာ ဖြေလာ၏။ "တစ်ခုတည်းသော နည်းလမ်းက သခင့်ရဲ့ စိတ်ဝိညာဉ်ပါရမီကို မြှင့်တင်ဖို့ပဲ။ အရင်ကတည်းက ကျွန်တော် ပြောဖူးတယ်။ သခင့်ရဲ့ စိတ်ဝိညာဉ်ပါရမီ ပိုမြင့်လေ ၊ ဓားသိုင်းကို နားလည်နိုင်စွမ်း ပိုမြန်လေပဲ။ တကယ်လို့ သခင့်ရဲ့ စိတ်ဝိညာဉ်ပါရမီ ၈.၅ အထိ ရောက်သွားရင် နားလည်နိုင်စွမ်း အမြန်နှုန်းက နှစ်ဆ တိုးလာလိမ့်မယ်။"
ဆိုလွန်၏ မျက်လုံးတို့က အရောင်တောက်သွားသည်။ "ဒါဆို ငါ့စိတ်ဝိညာဉ်ပါရမီကို ၈.၁ ကနေ ၈.၅ အထိ မြှင့်ဖို့ စိတ်ဝိညာဉ်စွမ်းအား ဘယ်လောက် လိုမလဲ။"
အသူရာမိစ္ဆာကြယ်က တည့်တိုးပင် ဖြေ၏။ "အရိပ်ပင့်ကူဘုရင်မ သုံးကောင်နီးပါးလောက်ရဲ့ စိတ်ဝိညာဉ်စွမ်းအားကို စုပ်ယူဖို့ လိုတယ်။"
ဆိုလွန်တစ်ယောက် အလွန်အမင်း တုန်လှုပ်သွားရသည်။ ယခင်က အရိပ်ပင့်ကူဘုရင်မ၏ စိတ်ဝိညာဉ်စွမ်းအား ၅၀ ရာခိုင်နှုန်းကိုသာ စုပ်ယူရပြီး သူ၏ စိတ်ဝိညာဉ်ပါရမီကို ၇.၅ မှ ၈.၁ သို့ မြှင့်တင်နိုင်ခဲ့၏။
ယခု ၈.၁ မှ ၈.၅ သို့ မြှင့်တင်ရန် အရိပ်ပင့်ကူဘုရင်မ သုံးကောင်နီးပါး၏ စိတ်ဝိညာဉ်စွမ်းအား လိုအပ်နေလိမ့်မည်ဟု ထင်မှတ်မထားချေ။ စိတ်ဝိညာဉ်ပါရမီ မြင့်မားလာလေလေ စိတ်ဝိညာဉ်စွမ်းအား ပိုမိုလိုအပ်လေလေပင် ဖြစ်သည်။ လိုအပ်သည့် ပမာဏမှာ အဆမတန် များပြားလာ၏။
ဤသည်က မဖြစ်နိုင်သလောက်ပင်။ စိတ်ဝိညာဉ်အမျိုးအစား သားရဲတစ်ကောင်ဖြစ်သည့် အရိပ်ပင့်ကူဘုရင်မမှာ ထိုမျှများပြားသော စိတ်ဝိညာဉ်စွမ်းအားများ စုဆောင်းနိုင်ရန် နှစ်ရာချီ၍ ကျင့်ကြံခဲ့ရခြင်း ဖြစ်သည်။ ယခု ထိုသို့သော သားရဲမျိုး သုံးကောင် လိုအပ်နေသည်ဆိုရာ... တစ်လောကလုံးအနှံ့ လိုက်ရှာလျှင်ပင် တွေ့နိုင်မည် မဟုတ်ပေ။
သေချာပေါက် ထိုကဲ့သို့သော စွမ်းအင်များရှိသည့် နေရာများတော့ ရှိသည်။ မြင့်မြတ်နတ်နဂါးကျောင်းတော်၏ စိတ်ဝိညာဉ်ဆောင် ၊ အနုပညာဆောင်နှင့် ဓားသိုင်းဆောင်တို့၌ အလွန်အမင်း အားကောင်းသည့် စိတ်ဝိညာဉ်စွမ်းအားများကို ပိုင်ဆိုင်ထားသော မဟာကျင့်ကြံသူများစွာ ရှိကြ၏။
အကယ်၍ သူသာ ထိုသူတို့ကို သတ်ဖြတ်ပြီး သူတို့၏ နဂါးစွမ်းအားနှင့် စိတ်ဝိညာဉ်စွမ်းအားများကို စုပ်ယူလိုက်ပါက သူ၏ စိတ်ဝိညာဉ်ပါရမီကို ၈.၅ အထိ မြှင့်တင်ရန် လုံလောက်သည်ထက်ပင် ပိုနေဦးမည် ဖြစ်သည်။
သို့သော် ထိုမဟာကျင့်ကြံသူများကို စုပ်ယူရန် မြင့်မြတ်နတ်နဂါးကျောင်းတော်ထဲသို့ ပြေးဝင်သွားမည်လော။ ထိုသည်က ကိုယ့်သေတွင်းကို ကိုယ်တူးခြင်းပင်။
အနားသို့ပင် မကပ်နိုင်သေးခင် အပြင်ဘက်ရှိ သာမန် အစောင့်တစ်ယောက်ကပင် သူ့အား ချက်ချင်း သတ်ဖြတ်ပစ်လိုက်ပေလိမ့်မည်။
မည်သို့ပင်ဆိုစေကာမူ များပြားလှသည့် စိတ်ဝိညာဉ်စွမ်းအားများကို စုပ်ယူခြင်းကသာ အနိုင်ရရန် သူ၏ တစ်ခုတည်းသော အခွင့်အရေး ဖြစ်သည်။ ဆိုလွန် ရင်ထဲ၌ သက်ပြင်းရှည်ကြီး တစ်ချက်ကို ချလိုက်မိ၏။
ကပ်ဘေးကိုးသွယ်ဓားသိုင်း၏ ပြောင်းလဲမှု ၉၉ မျိုးဖြင့် ဓားသွားထိပ်ဖျားကို အသုံးပြုကာ လင်းဆိုသည့် စာလုံးတစ်လုံးတည်းကို ရေးဆွဲရခြင်းမှာ လောက၏ အကြီးမားဆုံးသော လျှို့ဝှက်ချက်တစ်ခု ဖြစ်ကောင်းဖြစ်နိုင်ပေလိမ့်မည်။ သို့သော် လက်ရှိအချိန်၌ ထိုအရာက သူ့အတွက် ဒုက္ခများစွာ ပေးနေလေပြီ။
ထိုအနှောင့်အယှက်ဖြစ်စေသော အတွေးများက သူ၏ နက်ရှိုင်းသည့် သမာဓိအလင်းကျင့်စဉ်ကို ဝင်ရောက်နှောင့်ယှက်နေပြီး ဓားသိုင်းကို နားလည်နိုင်စွမ်း အကျိုးသက်ရောက်မှုကို ကြီးမားစွာ ကျဆင်းသွားစေ၏။
ဆိုလွန်က မျှော်လင့်ချက်ဖြင့် မေးလိုက်သည်။ "ဓားသခင် ပိုင်ရှောင်း... မြင့်မြတ်နတ်နဂါးကျောင်းတော်ကလွဲရင် သားရဲတွေဆီကဖြစ်ဖြစ် ၊ တခြားနည်းလမ်းနဲ့ဖြစ်ဖြစ် များပြားတဲ့ စိတ်ဝိညာဉ်စွမ်းအားတွေ ရှိနေနိုင်မယ့် နေရာမျိုး ရှိသေးလား။"
ဓားသခင် ပိုင်ရှောင်းက ဆိုလွန်အား အံ့အားသင့်စွာ ကြည့်လိုက်၏။ သူ အနည်းငယ် တုံ့ဆိုင်းသွားပြီးနောက် ခေါင်းညိတ်ပြလိုက်သည်။ "အင်း... ရှိတယ်။"
ဆိုလွန်တစ်ယောက် တုန်ယင်သွား၏။ မေးလိုက်စဉ်က သူ့ထံ၌ မျှော်လင့်ချက် လုံးဝ မရှိသလောက်ပင်။ ထိုကဲ့သို့သော နေရာမျိုး အမှန်တကယ် ရှိနေလိမ့်မည်ဟု သူ ထင်မှတ်မထားချေ။
ဆိုလွန် အလျင်စလိုပင် မေးလိုက်သည်။ "ဘယ်နေရာမှာလဲ။"
ဓားသခင်က တည်ငြိမ်စွာ ဖြေ၏။ "ကောင်းကင်သင်္ချိုင်းမှာပဲ။"
ဆိုလွန် အံ့အားသင့်သွားရ၏။ "ကောင်းကင်သင်္ချိုင်း... အဲ့ဒါက ဘာကြီးလဲ။"
ဓားသခင်က လေးနက်စွာ ရှင်းပြ၏။ "မင်း သိတဲ့အတိုင်းပဲ။ လူတစ်ယောက် သေသွားတာနဲ့ သူတို့ရဲ့ နဂါးစွမ်းအားနဲ့ စိတ်ဝိညာဉ်စွမ်းအား အားလုံးက လုံးဝ ပျောက်ကွယ်သွားပြီး ဒီလောကကြီးထဲ ပြန်ရောက်သွားကြတယ် မဟုတ်လား။"
ဆိုလွန် ခေါင်းညိတ်ပြလိုက်သည်။
ဓားသခင်က ဖြည်းညှင်းစွာ ရှင်းပြ၏။ "ဒါပေမဲ့ အဲဒီလို သေဆုံးရတာကို လက်မခံချင်တဲ့ လူတစ်စု ရှိတယ်။ သူတို့က တစ်နည်းနည်းနဲ့ ထာဝရအသက်ရှင်ဖို့ မျှော်လင့်ကြတာပေါ့။ ဒါကြောင့် သေခါနီးအချိန်မှာ သူတို့ကိုယ်သူတို့ ကောင်းကင်သင်္ချိုင်းထဲ မြှုပ်နှံပြီးတော့ အခြားပုံစံတစ်မျိုးနဲ့ ထာဝရအသက်ရှင်ခွင့်ကို ရယူကြတာပဲ။"
ဆိုလွန်က နားလည်သွားဟန်ဖြင့် ခေါင်းညိတ်လိုက်သည်။ "ဪ... ဒါဆို ကောင်းကင်သင်္ချိုင်းဆိုတာ အလုံပိတ်ထားတဲ့ စွမ်းအင်ဝင်္ကပါကြီး တစ်ခုလိုမျိုးပေါ့။ လူတွေ ဝင်သွားပြီးတာနဲ့ သူတို့ခန္ဓာကိုယ်က ချက်ချင်း သေဆုံးပြီး ပြာကျသွားတယ်။ ဒါပေမဲ့ သူတို့စိတ်ဝိညာဉ်ကတော့ ဘာမှမဖြစ်ဘဲ ဒီစွမ်းအင်အကျဉ်းထောင်ထဲမှာ ထာဝရ ပိတ်မိနေပြီး အခြားပုံစံတစ်မျိုးနဲ့ ထာဝရအသက်ရှင်နေတာမျိုးပေါ့။"
ဓားသခင်က ခေါင်းညိတ်သည်။ "အင်း... မှန်တယ်။ ပြီးတော့ မြင့်မြတ်နတ်နဂါးကျောင်းတော်က အစွမ်းအထက်ဆုံး စိတ်ဝိညာဉ်သခင်တွေသာ အဲလို ထာဝရအသက်ရှင်ခွင့်ရဖို့ ကောင်းကင်သင်္ချိုင်းထဲ ဝင်နိုင်တာ။ ဘာလို့လဲဆိုတော့ သူတို့စိတ်ဝိညာဉ်တွေက လျှို့ဝှက်ဆန်းကြယ်တဲ့ တာဝန်တစ်ခုကို ထမ်းဆောင်နေရလို့ပဲ။ တစ်လောကလုံး ပျက်စီးသွားရင်တောင် သူတို့စိတ်ဝိညာဉ်တွေ ဆက်ရှင်သန်နေဦးမှာဖြစ်ပြီး နှစ်ပေါင်းများစွာ ကြာပြီးတဲ့နောက် ကျောင်းတော်က သူတို့ကို ပြန်လည်ဖော်ထုတ်ပေးမယ့်အချိန်ကို စောင့်နေကြတာ။"
ထိုစကားများကို ကြားပြီးနောက် ဆိုလွန်တစ်ယောက် အလွန်တရာ လျှို့ဝှက်ဆန်းကြယ်သည့် ခံစားချက်ကို ခံစားလိုက်ရ၏။ သိသာလှစွာပင် ထိုကောင်းကင်သင်္ချိုင်း၌ ဤလောက၏ အကြီးမားဆုံးသော လျှို့ဝှက်ချက် ရှိနေပေလိမ့်မည်။
ထို့အတွက်ကြောင့် ကောင်းကင်သင်္ချိုင်းထဲ၌ မြှုပ်နှံထားသည့် စိတ်ဝိညာဉ်များသည် သူတို့၏ ကိုယ်ပိုင် ထာဝရအသက်ရှင်ခွင့်အတွက်သာ မဟုတ်ဘဲ မြင့်မြတ်နတ်နဂါးကျောင်းတော်၏ ထိပ်တန်းလျှို့ဝှက်ချက်များကို ကာကွယ်ရန်အတွက် ဖြစ်ကောင်းဖြစ်နိုင်ပေလိမ့်မည်။
အဘယ်ကြောင့်ဆိုသော် ထိုလျှို့ဝှက်ချက်များကို စာသားများဖြင့် ရေးမှတ်၍ မရနိုင်သောကြောင့်ပင်။
ဆိုလွန် သိချင်စိတ်ဖြင့် မေးလိုက်သည်။ "ဓားသခင်... အဲဒီကောင်းကင်သင်္ချိုင်းက ဘယ်မှာရှိတာလဲ။"
ဓားသခင်က ခေါင်းရမ်းလိုက်၏။ "မြင့်မြတ်နတ်နဂါးကျောင်းတော်က ယဇ်ပုရောဟိတ်ချုပ် အနည်းငယ်ကလွဲပြီး ကောင်းကင်သင်္ချိုင်းတွေ ဘယ်မှာရှိတယ် ၊ အဲဒီအထဲမှာ ဘယ်သူတွေရဲ့ စိတ်ဝိညာဉ်ကို မြှုပ်နှံထားတယ်ဆိုတာကို ဘယ်သူမှ မသိကြဘူး။"
ဤသည်က ယုတ္တိရှိလှ၏။ ကောင်းကင်သင်္ချိုင်းက မြင့်မြတ်နတ်နဂါးကျောင်းတော်၏ အကြီးမားဆုံး လျှို့ဝှက်ချက် ဖြစ်ရာ သာမန်လူများအနေဖြင့် မည်သို့လုပ် သိနိုင်မည်နည်း။
ဆိုလွန်က လက်မလျှော့ဘဲ ထပ်မေးလိုက်သည်။ "ဒါဆို ကောင်းကင်သင်္ချိုင်းမှာ ဘယ်လိုထူးခြားတဲ့ အမှတ်အသား ရှိလဲ။"
ဓားသခင် သက်ပြင်းချလိုက်၏။ "ဟူး... မရှိဘူး။ ဒါမှမဟုတ် ရှိကောင်းရှိနိုင်ပေမဲ့ ဘယ်သူမှ မသိကြဘူး။"
ထိုစကားများကြောင့် ဆိုလွန်၏ လမ်းစများအားလုံး ပိတ်သွားလေပြီ။ လက်ရှိအချိန်၌ သူ့ထံ၌ စိတ်ဝိညာဉ်စွမ်းအား လုံးဝ မကျန်ရှိတော့ချေ။ အခြေခံအကျဆုံး သမာဓိအလင်းကျင့်စဉ်ကိုပင် မလုပ်ဆောင်နိုင်တော့ပေ။
ထို့အတွက်ကြောင့် သူ၏ ကပ်ဘေးကိုးသွယ်ဓားသိုင်း နားလည်နိုင်စွမ်းမှာ လုံးဝ ရပ်တန့်သွားလေပြီ။
ကွေ့ချင်းရှောင်းနှင့် တိုက်ခိုက်ရန် သူ့ထံ၌ သုံးရက်သာ အချိန်ကျန်တော့သည်။ ကပ်ဘေးကိုးသွယ်ဓားသိုင်း၏ လက်ရှိ တိုးတက်မှုမှာ လုံးဝ ရပ်တန့်သွားပြီဖြစ်ရာ သူ ကျိန်းသေပေါက် ရှုံးနိမ့်မည်ဖြစ်ပြီး သူမ၏ လက်ထဲ၌ ခြေထောက်နှစ်ဖက်စလုံးကိုလည်း ရိုက်အချိုးခံရဦးမည်။
ထိုအချိန်၌ပင် အသူရာမိစ္ဆာကြယ်က ရုတ်တရက် သတိပေးလာ၏။ "သခင်... ဓားသခင် လိမ်ပြောနေတာ။ သူက တစ်ဘဝလုံးနီးပါး အမှန်တရားကိုပဲ ပြောလာတာ။ ဒါကြောင့် အစောက သူ လိမ်ပြောလိုက်တဲ့အချိန်မှာ ပြင်းထန်တဲ့ စွမ်းအင်လှိုင်း တုန်ခါမှုတစ်ခု ဖြစ်သွားတယ်။ အဲဒါကို ကျွန်တော် ဖမ်းမိလိုက်တယ်။"
ဆိုလွန်တစ်ယောက် ချက်ချင်းပင် လန့်ဖြန့်သွားရသည်။ ဓားသခင်က လိမ်ပြောနေသည်လော။ မည်သည့်အပိုင်းကို လိမ်ပြောနေသည်နည်း။ ကောင်းကင်သင်္ချိုင်း၏ တည်နေရာကို မသိဘူးဟု ပြောသည့်အပိုင်းလော။
အသေအချာ ထပ်တွေးကြည့်ရမည်ဆိုလျှင် သူက အဘယ်ကြောင့် ဤနေရာ၌ တံခါးပိတ်ကျင့်ကြံရန် ရွေးချယ်ရသနည်း။ ဤနေရာက မည်သည်တို့များ ထူးခြားနေ၍နည်း။
ဟုတ်ပေသည်။
ဤနေရာက သမုဒ္ဒရာကျွန်းတစ်ခုပေါ်ရှိ မြင့်မားသော တောင်ထွတ်တစ်ခုဖြစ်ပြီး မည်သူမှ မရှိဘဲ အလွန်တိတ်ဆိတ်လှ၏။
သို့သော် လောကကြီးနှင့် လုံးဝ အဆက်အသွယ် ပြတ်တောက်နေခြင်းမျိုးတော့ မဟုတ်ချေ။ ထိုသို့ဆိုလျှင် အဘယ်ကြောင့် ဤနေရာသို့ လာရောက်ပြီး တံခါးပိတ်ကျင့်ကြံရန် ရွေးချယ်ရသနည်း။
လင်ဟိုင်မြို့နယ်နိမိတ်ထဲ၌ တပည့်တစ်ယောက် လက်ခံရန် အဘယ်ကြောင့် အသက် ၇၀ နီးပါးအထိ စောင့်ဆိုင်းနေရသနည်း။ ကွေ့ချင်းရှောင်း၏ ပါရမီက အမှန်တကယ်ပင် ထိုမျှလောက် အားကောင်းနေ၍လော။ သူက အဘယ်ကြောင့် သူမကို တပည့်အဖြစ် လက်ခံရသနည်း။
သဲလွန်စများ အားလုံးကို ပေါင်းစပ်ကြည့်လိုက်ပြီးနောက် အရာအားလုံးက သဘာဝမကျသလို ဖြစ်နေ၏။ ရုတ်တရက်ဆိုသလိုပင် ကြောက်မက်ဖွယ်ကောင်းလှသည့် အသိတစ်ခု သူ့ထံ ဝင်ရောက်လာသည်။
ဆိုလွန် အသက်ကို ပြင်းပြင်းရှူလိုက်ပြီးနောက် ရုတ်တရက် မေးလိုက်သည်။ "ဓားသခင် ပိုင်ရှောင်း... ဒီအနီးအနားမှာ ကောင်းကင်သင်္ချိုင်း တစ်ခုခု ရှိနေလို့လား။ ဒါကြောင့် ဒီနေရာမှာ တံခါးပိတ်ကျင့်ကြံဖို့ ရွေးချယ်တာလား။"
ထိုစကားများကို ပြောလိုက်ခြင်းဖြင့် ဆိုလွန်က သူ၏ အသက်ကို စတေးပြီး စွန့်စားလိုက်ခြင်းပင်။ အကယ်၍ သူသာ မှန်ကန်နေပါက ဓားသခင်အနေဖြင့် လျှို့ဝှက်ချက်ကို ထိန်းသိမ်းရန် သူ၏ နှုတ်ကို ပိတ်ပစ်ကောင်း ပိတ်ပစ်ပေလိမ့်မည်။ ဆိုလွန်တစ်ယောက် အလွန် ကြီးမားလှသည့် လောင်းကြေးတစ်ခုကို ထပ်လိုက်ခြင်းပင်။
အမှန်ပင် ဆိုလွန်၏ စကားများကို ကြားပြီးနောက် ဓားသခင်၏ သူငယ်အိမ်တို့က ပြင်းထန်စွာ ကျုံ့ဝင်သွားသည်။ သူ တစ်ခဏမျှသာ တုံ့ဆိုင်းသွားပြီး ချက်ချင်းဆိုသလိုပင် လက်ထဲရှိ သစ်သားဓားဖြင့် ဆိုလွန်ဆီသို့ တိုက်ရိုက် ခုတ်ပိုင်းလိုက်၏။
တစ်စက္ကန့်လေးမျှပင် တွန့်ဆုတ်နေခြင်း မရှိချေ။ တိုက်ရိုက် ခုတ်ပိုင်းချလိုက်ခြင်းပင်။
ထိုအခိုက်အတန့်၌ ဆိုလွန်၏ တစ်ကိုယ်လုံးမှာ အေးခဲသွားသကဲ့သို့ ဖြစ်သွား၏။ သူ လုံးဝ လှုပ်ရှား၍ မရတော့ချေ။ ထို့နောက် သစ်သားဓားက သူ၏ လည်ပင်းအနောက်ဘက်ကို ညင်သာစွာ ရိုက်ခတ်သွားသည်။
နာကျင်မှု တစ်စုံတစ်ရာမျှ မရှိဘဲ သူ၏ မျက်လုံးများက အမှောင်ကျသွား၏။ အဆုံးမဲ့ အမှောင်ထုနှင့် အအေးဒဏ်တို့က ဖုံးလွှမ်းလာသည်နှင့်အတူ သူ မြေပြင်ပေါ်သို့ တည့်မတ်စွာ လဲကျသွားရသည်။
ဤသည်က ဒဏ္ဍာရီလာ နံပါတ်တစ် မဟာဆရာသခင် ဓားပညာရှင်ဖြစ်သည့် ဓားသခင်၏ စွမ်းရည်ပင်။ သူသည် လိုအပ်ခြင်း မရှိပါက မည်သူ့ကိုမှ အသေသတ်မည် မဟုတ်ချေ။
သို့သော် လူသတ်ရန် လိုအပ်လာပြီဆိုပါကလည်း နည်းနည်းလေးမျှပင် တွန့်ဆုတ်နေမည်မဟုတ်သလို အကျိုးမရှိသော စကားများကို ပြောဆိုပြီး အချိန်ဖြုန်းနေမည်လည်း မဟုတ်ပေ။
**--**--**--**--**--**--**--**
ဆိုလွန်ကို သတ်ပြီးနောက် ဓားသခင်၏ မျက်နှာက တည်ငြိမ်နေသော်လည်းပဲ သူ၏ မျက်လုံးထဲ၌မူ နာကျင်သည့် အရိပ်အယောင်တစ်ခု ရှိနေ၏။ သူ လူမသတ်သည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့လေပြီ။
ယခုမူ သူ ဤအရာကို တစ်ဖန် ပြန်မလုပ်၍ မရနိုင်သည့် အခြေအနေသို့ ရောက်သွားရသည်။ ထို့အပြင် ဓားသိုင်းအပေါ် ရူးသွပ်မှုချင်း တူညီပြီး ပါရမီရှိသော လူငယ်တစ်ယောက်ကို သတ်လိုက်ရခြင်းက သူ့ကို အမှန်တကယ်ပင် ဝမ်းနည်းစေ၏။ သို့သော် ဤအရာကို သူ လုပ်မှသာ ရလေမည်။
ဤလူငယ်လေးသည် မယုံနိုင်လောက်အောင်ပင် ထက်မြက်လှသော်လည်း သတိတော့ အလွန်နည်းလွန်း၏။
လျှို့ဝှက်ချက်ကို ဖွင့်ပြောလိုက်ခြင်းက သူ့နှုတ်ကို ပိတ်ခံရနိုင်ကြောင်း ကြိုတင်၍ ခန့်မှန်းမိသော်လည်း သူ၏ ပါးစပ်ကို သူ မပိတ်ထားနိုင်ချေ။
ဆိုလွန်အား သတ်ပြီးနောက် ဓားသခင်က သူ၏ ခန္ဓာကိုယ်ကို ကောက်ပွေ့လိုက်ကာ ဂူထဲမှ ထွက်လာလိုက်သည်။
ထို့နောက် ဆိုလွန်အား အဆုံးမရှိသည့် ချောက်ကမ်းပါးအောက်သို့ ပစ်ချရန် ပြင်ဆင်လိုက်၏။ ထို ပေသုံးထောင်ကျော်နက်သည့် ချောက်ကမ်းပါးအောက်၌မူ အဆုံးမဲ့ သမုဒ္ဒရာပြင်ကြီး တစ်ခု တည်ရှိနေသည်။
အပိုင်း ၁၇၃ ပြီး။
နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Yue
True Immortal Team