← Chapters

အခန်း ၁၇၄

Vol. 18 Ch. 174

အခန်း ၁၇၄

Vol. 18 Ch. 174

အပိုင်း ၁၇၄

နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Yue

True Immortal Team

အချိန်အနည်းငယ်ခန့် နောက်ဆုတ်ကြည့်ရလျှင်... ဓားသခင် ပိုင်ရှောင်း သူ့အား မသတ်ဖြတ်မီ အချိန်လေး၌ ဆိုလွန်က မေးလိုက်သည်။ “အသူရာမိစ္ဆာကြယ်... မင်းက ငါ့ခန္ဓာကိုယ်ထဲမှာ ရှိနေတာဆိုတော့ ငါက မသေနိုင်တော့ဘူးဆိုတဲ့ သဘောလား။”

အသူရာမိစ္ဆာကြယ်က ရှင်းပြ၏။ “တကယ်လို့ သခင့်ရဲ့ ခေါင်း ဒါမှမဟုတ် နှလုံး ပျက်စီးသွားမယ်ဆိုရင် ဒါမှမဟုတ် သွေးတွေ အကုန်စုပ်ထုတ်ခံလိုက်ရမယ်ဆိုရင်တော့ သေသွားလိမ့်မယ်။”

ဆိုလွန်က ဖြည်းညှင်းစွာ ပြောလိုက်သည်။ “အင်း...။ တစ်နည်းအားဖြင့် တစ်ယောက်ယောက်က သူတို့ရဲ့ စွမ်းအင်ကို သုံးပြီးတော့ ငါ့ရဲ့ အသက်စွမ်းအင်ကို တိုက်ရိုက်ဖြတ်တောက်လိုက်မယ်ဆိုရင် ငါ မသေဘူးပေါ့။”

“မှန်ပါတယ်။ ကျွန်တော့်စွမ်းအင်က အားနည်းနေပေမဲ့ သခင့်ရဲ့ အသက်စွမ်းအင်ကိုတော့ ဆက်ထိန်းထားပေးနိုင်ပါသေးတယ်။”

ဆိုလွန်က နှုတ်ခမ်းတွန့်ရုံ ပြုံးလိုက်၏။ “ပိုင်ရှောင်းလို ပြိုင်ဘက်ကင်း သိုင်းပညာရှင်တစ်ယောက်က ကျိန်းသေပေါက် ငါ့ရဲ့ အသက်စွမ်းအင်ကို ချက်ချင်းချေမှုန်းပြီး သတ်လိမ့်မယ်။ ငါ ဘာကိုမှ မခံစားရစေပဲ သေအောင် သတ်လိမ့်မယ်။”

“...” အသူရာမိစ္ဆာကြယ်က ခဏတာ တိတ်ဆိတ်သွားပြီးနောက် ပြောလာသည်။ “ကျွန်တော်သာဆိုရင်တော့ အဲဒီလို လောင်းကြေးထပ်ရဲမှာ မဟုတ်ဘူး။”

သို့သော်လည်း ဆိုလွန်က ထိုလောင်းကြေးကို ထပ်လိုက်သည်။

ဓားသခင် ပိုင်ရှောင်းက သူ့အား ရှင်းပြရန် စက္ကန့်ဝက်မျှပင် အချိန်မပေးချေ။ တိုက်ရိုက်ပင် သတ်ဖြတ်လိုက်၏။

သို့သော် ထိုထိပ်သီးသိုင်းပညာရှင်ကြီးသည် ခေါင်းဖြတ်ခြင်း သို့မဟုတ် နှလုံးအား ထိုးခွင်းခြင်းကဲ့သို့သော သွေးထွက်သံယိုနည်းလမ်းများကို အမှန်တကယ်ပင် မနှစ်သက်ချေ။

ထိုအစား သူ၏ စွမ်းအင်ကို အသုံးပြုကာ ဆိုလွန်၏ အသက်စွမ်းအင်ကို ချက်ချင်း ဖြတ်တောက်လိုက်သည်။ ရလာဒ်အနေဖြင့် ဆိုလွန်တစိယောက် နာကျင်မှု နည်းနည်းလေးကိုမှပင် မခံစားလိုက်ရဘဲ ချက်ချင်းပင် သေသွား၏။

ရိုးရှင်းအောင် ပြောရလျှင် ပိုင်ရှောင်းသည် ဆိုလွန်၏ ဦးနှောက်နှင့် ခန္ဓာကိုယ်ကြားရှိ စွမ်းအင်ချိတ်ဆက်မှုကို ဖြတ်တောက်လိုက်ပြီး ဦးနှောက်ကို ချက်ချင်း ရပ်တန့်သွားစေလိုက်ခြင်းဖြစ်သည်။

ထို့အတွက်ကြောင့် အခြားသူများ၏ အမြင်၌ ဆိုလွန်မှာ သေလူတစ်​ယောက် ဖြစ်နေလေပြီ။

သို့သော် အသူရာမိစ္ဆာကြယ်က သူ၏ ခန္ဓာကိုယ်ထဲ၌ ရှိနေသေး၏။ အသူရာမိစ္ဆာကြယ်၏ နဂါးစွမ်းအားများက ကုန်ခမ်းသွားပြီ ဖြစ်သော်ငြား အသက်စွမ်းအင် ဆက်လက်ရှင်သန်ရန် လိုအပ်သည့် စွမ်းအင်အနည်းငယ်ကိုမူ ဆက်လက်ထိန်းသိမ်းထားပေးနိုင်စွမ်းတော့ ရှိနေသေးသည်။

**--**--**--**--**--**--**--**

ပိုင်ရှောင်းက ဘာမှမဖြစ်ခဲ့သကဲ့သို့ ဟန်ဆောင်ကာ ဆိုလွန်အား လုံးဝ ပျောက်ကွယ်သွားစေရန်အတွက် အလောင်းကို မြင့်မားသည့် ချောက်ကမ်းပါးပေါ်မှနေ၍ ပင်လယ်ထဲသို့ ပစ်ချရန် စီစဉ်ခဲ့သည်။

ဆိုလွန်တစ်ယောက် ပိုင်ရှောင်းကို ရှာရန် လေလွင့်ကျွန်းသို့ လာခဲ့ကြောင်းကို လူအများအပြားက သိထားကြ၏။ အကယ်၍ သူ ပြန်မလာပါက ပိုင်ရှောင်း၏ လက်ချက်ဖြင့် သေဆုံးသွားကြောင်းကို အလွယ်တကူ ခန့်မှန်းမိကြပေလိမ့်မည်။

သို့သော် ပိုင်ရှောင်းက ဂရုမစိုက်ချေ။ သူ ဆိုလွန်ကို သတ်လိုက်ကြောင်းကို တစ်လောကလုံးက သိသွားလျှင်ပင် ဘာများတတ်နိုင်မည်နည်း။

ဆိုလွန်က သူ၏ တံခါးပိတ်ကျင့်ကြံခြင်းကို အနှောင့်အယှက်ပေးခဲ့ရာ ထိုသည်ကပင် သူ့အား သတ်ဖြတ်ရန် လုံလောက်သော အကြောင်းပြချက် ဖြစ်နေလေပြီ။

ပိုင်ရှောင်း လူမသတ်သည်မှာ ဆယ်စုနှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီ ဖြစ်၏။ လူတစ်ယောက်ကို သတ်ရန် အကြောင်းပြချက် လိုအပ်သေးသည်လော။

နုလန်ဘုရင့်နိုင်ငံရှိ လူတိုင်းက မသိချင်ယောင်သာ ဆောင်နေကြလိမ့်မည်။ မည်သို့ပင်ဆိုစေကာမူ ပိုင်ရှောင်း၏ ရှေ့မှောက်၌မူ ဆိုလွန်ဆိုသည်မှာ ပုရွက်ဆိတ်ငယ်လေး တစ်ကောင်ကဲ့သို့သာ ဖြစ်၏။

သို့သော် ဆိုလွန်၏ အလောင်းအား ပင်လယ်ထဲသို့ ပစ်ချတော့မည့် အချိန်လေး၌မှာပင် သူ ရပ်တန့်သွားပြီး တုံ့ဆိုင်းသွားသည်။

သတ်ပြီးပြီ ဖြစ်ရာ အလောင်းကို အဘယ်ကြောင့် အလဟဿ အဖြစ်ခံရမည်နည်း။ ဤအလောင်းက ပျော်ရွှင်ဖွယ် အံ့အားသင့်စရာတစ်ခုခုကို ယူဆောင်လာပေးနိုင်သည် မဟုတ်ပါလော။

ကောင်းကင်သင်္ချိုင်းထဲသို့ အလောင်းကို ပစ်ချလိုက်ပါက ရလဒ်တစ်ခုခုများ ထွက်ပေါ်လာနိုင်သည် မဟုတ်လော။

ထို့အတွက်ကြောင့် ဓားသခင် ပိုင်ရှောင်းက ဆိုလွန်၏ အလောင်းကို ဆွဲယူလိုက်ပြီး တောင်အောက်သို့ အမြန် ဆင်းသွားလိုက်သည်။

သဘာဝကျစွာပင် ရဲ့ကျင်းယွီနှင့် မဆုံမိစေရန်အတွက် ဝင်္ကပါတောင်၏ အနောက်ဘက်မှ ဆင်းသွားခဲ့ခြင်း ဖြစ်သည်။

ဆိုလွန်အား သယ်ဆောင်ထားရသော်လည်းပဲ ပိုင်ရှောင်းသည် စွန်ရဲတစ်ကောင်ကဲ့သို့ ပေါ့ပါးစွာ လှုပ်ရှားနေ၏။

ဝင်္ကပါတောင်သည် ပေပေါင်းသောင်းချီ မြင့်မားလှသည်။ ဆိုလွန်အနေဖြင့် တက်ရန် နာရီပေါင်းများစွာ အချိန်ယူခဲ့ရသော်လည်း ဓားသခင်အတွက်မူ တောင်အောက်ဆင်းရန် ဆယ့်ငါးမိနစ်ခန့်သာ အချိန်ယူခဲ့ရ၏။

တောင်အောက်သို့ ရောက်ပြီးနောက် သူ ပင်လယ်ကမ်းစပ်သို့ ရောက်ရှိလာသည်။ ထိုနေရာ၌ လှေငယ်တစ်စင်း ရှိနေ၏။ ဆိုလွန်၏ အလောင်းကို လှေပေါ်သို့ တင်လိုက်ပြီး အနောက်မြောက်ဘက်သို့ လှော်ခတ်သွားလိုက်သည်။

သူက သစ်သားဓားကို လှော်တက်အဖြစ် အသုံးပြုပြီး အမြန်နှုန်းမှာ အံ့မခန်း မြန်ဆန်လှသည်။ နှစ်နာရီပင် မပြည့်သေးခင်မှာပင် လှေက မြောက်ဘက်သို့ မိုင်တစ်ရာကျော်အထိ ခရီးရောက်သွားလေပြီ။

ဤနေရာ၌ ပင်လယ်ပြင်ကြီးမှာ လုံးဝ အဆုံးမရှိသကဲ့သို့ ဖြစ်နေသည်။

ပိုင်ရှောင်း ကောင်းကင်ယံရှိ လနှင့် ကြယ်များ၏ တည်နေရာများကို လေ့လာရန် မော့ကြည့်လိုက်ပြီး ထို့နောက် ရေပြင်ထက်ရှိ သူတို့၏ အရိပ်များကို ကြည့်လိုက်၏။

သူ ဂရုတစိုက် တွက်ချက်လိုက်ပြီး လှေကို တစ်လက်မချင်း ရွှေ့လိုက်သည်။ သူ မည်သည်ကို ရှာဖွေနေခြင်းနည်း။ စွမ်းအင် သုညအမှတ်ကို ရှာဖွေနေခြင်းပင်။

သူ၏ အမြန်နှုန်းက တဖြည်းဖြည်း နှေးကွေးလာ၏။ နောက်ဆုံးတွင် သီးခြားနေရာတစ်ခု၌ ရပ်တန့်လိုက်ပြီး အဝတ်အစားများထဲမှ သံလိုက်အိမ်မြှောင်တစ်ခုကို ဆွဲထုတ်လိုက်သည်။

သံလိုက်အိမ်မြှောင်အား လောကကြီး၏ စွမ်းအင်သံလိုက်စက်ကွင်းကို စမ်းသပ်ရာ၌ အသုံးပြုသည်။ ပုံမှန်အားဖြင့် မည်သည့်နေရာ၌ ရှိနေစေကာမူ ရှင်းလင်းသည့် ဦးတည်ရာတစ်ခုကို ပြသလေ့ရှိသည်။

သို့သော် ဤနေရာ၌မူ သံလိုက်အိမ်မြှောင်မှာ လုံးဝ ပျက်စီးသွားသကဲ့သို့ပင်။ မည်သည့် ဦးတည်ရာကိုမှ မပြသတော့ဘဲ အပ်ချောင်းလေးက အောက်သို့သာ ငိုက်ကျနေ၏။

ဤနေရာအတိအကျ၌ လောက၏ သံလိုက်စက်ကွင်း လုံးဝ ပျောက်ကွယ်သွားလေရာ စွမ်းအင်အားလုံး ချေဖျက်ခံလိုက်ရသကဲ့သို့ပင်။

ပိုင်ရှောင်း အဝတ်အစားများထဲမှ ပစ္စည်းတစ်ခုကို ဆွဲထုတ်ကာ ပါးစပ်ထဲသို့ ထည့်လိုက်သည်။ ထို့နောက် အသက်ကို ပြင်းပြင်းရှူလိုက်ပြီး ဆိုလွန်၏ အလောင်းကို ဆွဲယူကာ လှေပေါ်မှနေ၍ ရေထဲသို့ ခုန်ချလိုက်၏။

ပေ သုံးထောင်ကျော်ခန့် သွားပြီးနောက် ပင်လယ်ကြမ်းပြင်မှာ အလင်းရောင် လုံးဝ မရှိဘဲ မှောင်မိုက်နေလေပြီး သက်ရှိသတ္တဝါ တစ်ကောင်မှလည်း မရှိနေချေ။

ပေရာနှင့်ချီသော ပတ်လည်၌ သက်ရှိများ မရှိချေ။ ငါး ၊ ပုစွန် ၊ ရေညှိ သို့မဟုတ် သန္တာကျောက်တန်းများလည်း မရှိပေ။ ဟာလာဟင်းလင်းဖြစ်နေသည့် ပင်လယ်ရေများသာ ရှိ၏။

သိပ်မကြာလိုက်ပေ။ ပိုင်ရှောင်း ပင်လယ်ကြမ်းပြင်သို့ ရောက်ရှိလာသည်။ တောက်ပနေသည့် ပုလဲလုံးကြီးတစ်လုံးကို ထုတ်ယူလိုက်ပြီး ပတ်လည် ပေအနည်းငယ်အထိ လင်းထိန်သွားစေ၏။

ဤနေရာရှိ ပင်လယ်ကြမ်းပြင်မှာ မှောင်မိုက်နေသည်။ မြင်တွေ့နိုင်သမျှမှာ ချောမွေ့ပြီး မာကျောသည့် ကျောက်တုံးနက်ကြီးများသာ ဖြစ်၏။

ပိုင်ရှောင်းက သီးခြားကျောက်တုံးတစ်တုံးကို ရှာတွေ့သွားပြီး အင်အားသုံး၍ မလိုက်သည်။

ကျင်းထောင်ချီ အလေးချိန်ရှိသော ကျောက်တုံးကြီးအား သူက အားစိုက်ထုတ်စရာမလိုဘဲ မတင်လိုက်လေရာ နက်ရှိုင်း ၊ မှောင်မိုက်ပြီး တိတ်ဆိတ်နေသည့် ဂူပေါက်ဝတစ်ခု ပေါ်လာ၏။

ဂူထဲမှ ထူးဆန်းပြီး လျှို့ဝှက်ဆန်းကြယ်သည့် အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။ ဤသည်က မြင့်မြတ်နတ်နဂါးကျောင်းတော်၏ မဟာကျင့်ကြံသူများအား မြှုပ်နှံထာာ ထိပ်တန်းလျှို့ဝှက်နေရာဖြစ်သည့် ကောင်းကင်သင်္ချိုင်းပင်။

အောက်ခြေကိုပင် မမြင်ရနိုင်လောက်အောင် နက်ရှိုင်းလှသည့် လေးထောင့်ပုံစံ အပေါက်ကြီးတစ်ခု ဖြစ်၏။ ငရဲဆီသို့ တိုက်ရိုက် သွားရာလမ်းနှင့်ပင် တူနေသေးသည်။

ဓားသခင် ပိုင်ရှောင်း အောက်ခြေမရှိသော သင်္ချိုင်းကျင်းထဲသို့ ခုန်ဆင်းသွားပြီး အောက်သို့ တရစပ် နစ်မြုပ်သွားတော့သည်။

**--**--**--**--**--**--**--**

ကျင်းမှာ အံ့မခန်း နက်ရှိုင်းလှပြီး ကမ္ဘာမြေ၏ အလယ်ဗဟိုသို့ တိုက်ရိုက်ရောက်သွားသကဲ့သို့ ပေသုံးသောင်းကျော်ပင် ရှိနိုင်ပေလိမ့်မည်။ သို့သော် လမ်းတစ်ဝက်၌ သူ၏ ပြုတ်ကျသည့် အမြန်နှုန်းက တဖြည်းဖြည်း နှေးကွေးလာပြီး နောက်ဆုံးတွင် လုံးဝ ရပ်တန့်သွား၏။

ဆွဲငင်အား မရှိတော့ချေ။ ဆွဲငင်အား သုညဖြစ်နေသည့် စက်ကွင်းတစ်ခုပင်။

ဆိုလွန်၏ အလောင်းကို သယ်ဆောင်ထားရင်း ပိုင်ရှောင်း သူကိုယ်တိုင် ပို၍ အောက်သို့ဆင်းနိုင်ရန် သူ၏ နဂါးစွမ်းအားကို အသုံးပြုပြီး တွန်းကန်လိုက်ရသည်။

နောက်ထပ် ပေသုံးသောင်းကျော် ဆင်းပြီးနောက် နောက်ဆုံးတွင် ကျင်း၏ အဆုံးသို့ ရောက်ရှိလာ၏။

ဤနေရာ၌ အဆုံးမဲ့ ဟာလာဟင်းလင်းပြင်သာ ရှိနေသည်။ အလယ်၌ လွင့်မျောနေသည်မှာ ခေါင်းတလား တစ်လုံးတည်း ဖြစ်၏။

ဤခေါင်းတလားကို မြင်တွေ့နိုင်ရုံသာ မြင်တွေ့နိုင်ပြီး ထိတွေ့၍ မရနိုင်ပေ။ အဘယ်ကြောင့်ဆိုသော် ရုပ်ဝတ္ထုပစ္စည်းတစ်ခု မဟုတ်ဘဲ သန့်စင်သော စွမ်းအင်များဖြင့် ဖန်တီးထားသည့် ခေါင်းတလားတစ်ခု ဖြစ်နေသောကြောင့်ပင်။

ခေါင်းတလားထဲ၌ လွင့်မျောနေသည်မှာ အသက်အရွယ်အား ခန့်မှန်းရန် မဖြစ်နိုင်သည့် အမျိုးသမီးတစ်ဦး ဖြစ်၏။

သူမ၏ မျက်နှာက နုပျိုပုံရသော်လည်းပဲ ဆံပင်များကမူ လုံးဝ ဖြူစွတ်နေသည်။ အံ့မခန်း လှပပြီး နူးညံ့သိမ်မွေ့ကာ အလွန် ဉာဏ်ပညာကြီးမားပြီး နက်နဲသည့် ပုံပေါက်နေ၏။ အဝတ်အစားများ ဝတ်ဆင်ထားခြင်း မရှိချေ။

သူမက ကောင်းကင်သင်္ချိုင်းထဲ၌ မြှုပ်နှံထားသည့် မြင့်မြတ်နတ်နဂါးကျောင်းတော်၏ ယဇ်ပုရောဟိတ်ချုပ် တစ်ပါး ဖြစ်သည်။ သူမ၏ ရုပ်ခန္ဓာမှာ သေဆုံးသွားခဲ့ပြီဖြစ်သော်လည်း သူမ၏ စိတ်ဝိညာဉ်စွမ်းအားကမူ သေဆုံးသွားခြင်း မရှိချေ။ သို့မဟုတ် အချိန်ကြာလာသည်နှင့်အမျှ ပျောက်ကွယ်သွားခြင်းလည်း မရှိချေ။

ဓားသခင် ပိုင်ရှောင်းက စွမ်းအင်ခေါင်းတလားအနီးသို့ ချဉ်းကပ်သွားပြီး အထဲရှိ အမျိုးသမီးအား စိုက်ကြည့်လိုက်သည်။ ထို့နောက် ခပ်ရှရှအသံဖြင့် မေးလိုက်၏။ “ပြောပါ... ပြောစမ်းပါ။ နဂါးဧကရာဇ် အသက်ရှင်နေသေးလား။ သူ ဘယ်မှာလဲ။ သူရဲ့ အမွေအနှစ်တွေက ဘယ်မှာလဲ။”

သို့သော် သဘာဝကျစွာပင် သူ မည်သည့် အကြောင်းပြန်ချက်ကိုမှ မရရှိခဲ့ပေ။

အဘယ်ကြောင့်ဆိုသော် စွမ်းအင်ခေါင်းတလားမှာ ပြီးပြည့်စုံသည့် စွမ်းအင်အကာအကွယ်တစ်ခု ဖြစ်နေသောကြောင့်ပင်။ အထဲနှင့် အပြင်ဘက်မှာ လုံးဝ ကွဲပြားခြားနားသည့် လောကများ ဖြစ်ကြ၏။

ထို့အတွက်ကြောင့်ပင် သူမ၏ စိတ်ဝိညာဉ်စွမ်းအားကို နှစ်ထောင်ချီကြာသည့်တိုင်အောင် မပျောက်ကွယ်သွားစေဘဲ ထိန်းသိမ်းထားနိုင်ခဲ့ခြင်း ဖြစ်သည်။

ဓားသခင် ပိုင်ရှောင်းတစ်ယောက် စွမ်းအင်ခေါင်းတလားထဲသို့ တိုက်ရိုက် ဝင်ရောက်သွားချင်နေမိသည်။ သို့သော် သူသာ အထဲသို့ ဝင်သွားလ်ုက်ပါက ဘယ်တော့မှ ပြန်ထွက်လာနိုင်တော့မည် မဟုတ်ချေ။

သူ့ အသက်ကိုမစွန့်စားနိုင်ပေ။ မစွန့်ရဲချေ။

ဓားသခင် ပိုင်ရှောင်းက အံကြိတ်လျက် အော်ဟစ်လိုက်သည်။ “ပြောစမ်း... နဂါးဧကရာဇ် အသက်ရှင်နေသေးလား။ သူ ဘယ်မှာလဲ။ သူရဲ့ အမွေအနှစ်တွေက ဘယ်မှာလဲ။”

တုံ့ပြန်မှု မရှိရာ အကျိုးမရှိသော မေးခွန်းများ မေးနေခြင်းကို သူ လက်လျှော့လိုက်ရတော့သည်။

ထို့နောက် ဓားသခင် ပိုင်ရှောင်းက ဆိုလွန်၏ အလောင်းအား ကြည့်ပြီး တုံ့ဆိုင်းသွား၏။ စွမ်းအင်ခေါင်းတလားထဲသို့ ပစ္စည်းတစ်ခု ထည့်ရန်မှာ လွယ်ကူသော်လည်း ပြန်ထုတ်ယူရန်မှာမူ လုံးဝ မဖြစ်နိုင်ချေ။

အပိုင်း ၁၇၄ ပြီး။

နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Yue

True Immortal Team

All Chapters