အခန်း ၁၇၅
Vol. 18 Ch. 175
အပိုင်း ၁၇၅
နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Yue
True Immortal Team
ဓားသခင် ပိုင်ရှောင်း ဤကောင်းကင်သင်္ချိုင်းအား လွန်ခဲ့သည့် အချိန်အတော်ကြာကတည်းက ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်၏။ သို့သော် သူ အထဲသို့ ဝင်ရောက်ရန် သို့မဟုတ် ထိုထဲမှ တစ်စုံတစ်ရာကို ယူဆောင်ရန် မဝံ့ရဲခဲ့ချေ။
အကယ်၍ ကောင်းကင်သင်္ချိုင်းအား ဝင်ရောက်နှောင့်ယှက်ကြောင်းကို မြင့်မြတ်နတ်နဂါးကျောင်းတော်မှ လူများသာ သိသွားပါက ထိုသူအား အင်အားအလုံးအရင်းသုံး၍ လိုက်လံဖမ်းဆီးကြမည်ပေလိမ့်မည်။
မြင့်မြတ်နတ်နဂါးကျောင်းတော်သည် လောက၌ အင်အားအကြီးဆုံးသော အဖွဲ့အစည်းကြီး ဖြစ်၏။ သူတို့အနေဖြင့် လူတစ်ယောက်အား ရှာဖွေချင်ပြီဆိုပါက ကျိန်းသေပေါက် ရှာတွေ့နိုင်ပေလိမ့်မည်။
တစ်ကြိမ် ဖမ်းမိသွားသည်နှင့် ပိုင်ရှောင်းအနေဖြင့် ကမ္ဘာမြေအဆုံးထိ ထွက်ပြေးလျှင်ပင် အချည်းနှီးသာ။
သေချာပေါက် သေဆုံးရမည်ဖြစ်ကာ သူ၏ ကံကြမ္မာသည်လည်း သေရသည်ထက်ပင် ပို၍ ဆိုးရွားနေပေလိမ့်မည်။
သို့သော် မြင့်မြတ်နတ်နဂါးကျောင်းတော်က ဤသင်္ချိုင်းကို လာရောက်စစ်ဆေးနိုင်သော အခွင့်အရေးမှာ အလွန်ပင် နည်းပါးလှသည်။ နှစ်ရာနှင့်ချီသည့် အချိန်ကာလအတွင်း လုံးဝ မဖြစ်နိုင်သလောက်ပင်။
ယဇ်ပုရောဟိတ်ချုပ်များသည် ကျောင်းတော်ကြီး သေရေးရှင်ရေး ကပ်ဘေးနှင့် ကြုံတွေ့ရသည့် အချိန်မျိုးမှသာ ကောင်းကင်သင်္ချိုင်း မြေပုံများကို ပေါင်းစပ်ရန် စုဝေးလေ့ရှိကြသည်။
လက်ရှိအချိန်၌ ယဇ်ပုရောဟိတ်ချုပ်များကိုယ်တိုင်ပင် ဤသင်္ချိုင်းများ၏ တိကျသော တည်နေရာများကို မသိကြချေ။ ထို့အတွက်ကြောင့်သာ ဓားသခင် ပိုင်ရှောင်းတစ်ယောက် ဤကောင်းကင်သင်္ချိုင်းအနီး၌ ပေါ်ပေါ်ထင်ထင် ပုန်းအောင်းနေရဲခြင်း ဖြစ်၏။
ဓားသခင် ပိုင်ရှောင်းက သက်ပြင်းချလိုက်သည်။ “ငါ့မှာ အချိန် သိပ်မကျန်တော့ဘူး။ နောက်ထပ် နှစ်အနည်းငယ်ပဲ အသက်ရှင်နိုင်တော့မယ်။ ငါ နောက်ဆုံးတစ်ကြိမ် လောင်းကြေးထပ်ကြည့်မယ်။ ဆိုလွန်... မင်းက ဘယ်လိုပဲဖြစ်ဖြစ် သေသွားပြီပဲ...။”
ထိုသို့ပြောလိုက်ပြီးနောက် ဆိုလွန်၏ အလောင်းအား ကောင်းကင်သင်္ချိုင်း၏ စွမ်းအင်ခေါင်းတလားထဲသို့ ပစ်သွင်းလိုက်၏။
ဆိုလွန်၏ အလောင်းမှာ အသံတစ်ချက်မှ မထွက်ဘဲ ဝင်သွားသည်။ ချက်ချင်းဆိုသလိုပင် ဆိုလွန်၏ ပတ်ဝန်းကျင်ရှိ အရာအားလုံး ပျောက်ကွယ်သွား၏။ ပင်လယ်ကြမ်းပြင် ၊ ကောင်းကင်သင်္ချိုင်းနှင့် စွမ်းအင်ခေါင်းတလားပင်လျှင် လုံးဝ ပျောက်ကွယ်သွားသကဲ့သို့ပင်။
ဆိုလွန်တစ်ယောက် လုံးဝ ကွဲပြားခြားနားသည့် လောကတစ်ခုဆီသို့ ရောက်ရှိသွားသကဲ့သို့ ခံစားလိုက်ရ၏။ ထိုနေရာသည် အရာအားလုံးက ဟာလာဟင်းလင်းဖြစ်နေသော လောကတစ်ခုပင်။
အထဲ၌ မည်သည့်အရာမှ မရှိနေချေ။ အမှောင်ထုပင် မရှိပေ။ အပြင်ဘက်မှ ကြည့်လျှင် စွမ်းအင်ခေါင်းတလားသည် ကုဗမီတာ တစ်မီတာခန့်ပင် မပြည့်ဘဲ အလွန် သေးငယ်လှ၏။ သို့သော် အထဲ၌မူ အဆုံးမဲ့ ကြီးမားကျယ်ပြန့်နေသကဲ့သို့ ခံစားရသည်။
ခေါင်းတလား၏ အပြင်ဘက်၌ ဆိုလွန်သည် တကယ်တမ်း သေဆုံးနေခြင်း မဟုတ်ချေ။ အသူရာမိစ္ဆာကြယ်က သူ့အား အသက်မသေရုံတမယ် ထိန်းပေးထားသည်။
သူ၏ အသက်စွမ်းအင်မှာ အလွန်တရာ အားနည်းနေကာ နှလုံးခုန်သံမရှိသကဲ့သို့ အသက်ရှူခြင်းလည်း မရှိချေ။ အသူရာမိစ္ဆာကြယ်၌ သူ၏ ဦးနှောက် အလုပ်လုပ်နေစေရန် ထိန်းသိမ်းထားပေးနိုင်သော စွမ်းအင်လောက်သာ ကျန်ရှိ၏။
သို့သော် ခေါင်းတလားထဲသို့ ဝင်ရောက်သွားသည့် အခိုက်အတန့်၌ သူ ပြန်လည်ရှင်သန်လာသကဲ့သို့ ခံစားလိုက်ရသည်။
ယခင်က သူ၏ စိတ်ဝိညာဉ်စွမ်းအားများ ကုန်ခမ်းသွားကာ အပြင်းအထန် ပင်ပန်းနွမ်းနယ်နေသည်။ သို့သော် ဤခေါင်းတလားထဲ၌မူ သူ၏ ပင်ပန်းနွမ်းနယ်မှုများ အားလုံး ပျောက်ကွယ်သွား၏။
သူ၏ စိတ်ဝိညာဉ်မှာ ခွန်အားများ ပြည့်လျှံနေသကဲ့သို့ ခံစားရ၏။ သူ ခန့်မှန်းသည်မှာ မှန်ကန်သည်။ ပိုင်ရှောင်းသည် ကောင်းကင်သင်္ချိုင်းအကြောင်းကို အမှန်တကယ်ပင် သိရှိထား၏။
ဆိုလွန် အလွန်အမင်း စိတ်လှုပ်ရှားလွန်း၍ ခုန်ပေါက်ချင်စိတ်ပင် ပေါက်လာသည်။ ဤသည်က မြင့်မြတ်နတ်နဂါးကျောင်းတော်၏ ယဇ်ပုရောဟိတ်ချုပ်ကို မြှုပ်နှံထားသည့် နေရာလော။
အလွန်တရာ အားကောင်းလှသော စိတ်ဝိညာဉ်စွမ်းအားကို ပိုင်ဆိုင်ထားသည့် ယဇ်ပုရောဟိတ်ချုပ်ပင်။
အကယ်၍သာ သူက သူမ၏ စိတ်ဝိညာဉ်စွမ်းအားကို ဝါးမျိုနိုင်မည်ဆိုပါက သူ၏ စိတ်ဝိညာဉ်ပါရမီမှာ ချက်ချင်းပင် ၈.၅ အထိ ခုန်တက်သွားပေလိမ့်မည်။ ထိုသို့ဆိုလျှင် ကပ်ဘေးကိုးသွယ်ဓားသိုင်းကို သင်ယူရာ၌ နှစ်ဆမျှ ပိုမိုလွယ်ကူသွားမည်ဖြစ်ကာ သူ၏ တိုးတက်မှုသည်လည်း အံ့မခန်း မြန်ဆန်လာပေလိမ့်မည်။
သို့သော် သူမအား ဤနေရာ၌ အဘယ်ကြောင့် မတွေ့ရသနည်း။ မြှုပ်နှံထားသည့် ယဇ်ပုရောဟိတ်ချုပ်အား ရှာဖွေရန် ဆိုလွန်တစ်ယောက် လောကတစ်ခုလုံးအနှံ့ လိုက်လံရှာဖွေသည်။
သို့သော် သူ၏ ပတ်ဝန်းကျင်ရှိ အရာအားလုံးသည် အဆုံးမဲ့ ဟာလာဟင်းလင်းပြင်ကြီးသာ ဖြစ်နေ၏။
အလင်းရောင် မရှိ ၊ ရုပ်ဝတ္ထု မရှိ ၊ မည်သည့်အရာမှ လုံးဝ မရှိချေ။ ဟာလာဟင်းလင်း လောကကြီးထဲ၌ သူ တစ်ယောက်တည်းသာ ရှိနေခြင်း ဖြစ်သည်။
တစ်ချိန်တည်း၌မှာပင် ခေါင်းတလားအပြင်ဘက်၌ ဓားသခင် ပိုင်ရှောင်းက ဆိုလွန် ဝင်ရောက်သွားသည်ကို စောင့်ကြည့်နေ၏။ ဆိုလွန်၏ အလောင်းက အထဲ၌ လွင့်မျောသွားကာ မြှုပ်နှံထားသည့် ယဇ်ပုရောဟိတ်ချုပ်၏ အပေါ်သို့ ရောက်သွားသည်ကို မြင်လိုက်ရသည်။
ထို့နောက် မည်သည့်အရာမှ ဆက်ဖြစ်မလာချေ။ အလောင်းနှစ်လောင်းစလုံးမှာ ငြိမ်သက်စွာပင် ရှိနေကြဆဲပင်။
ဒုတိယ အလောင်းတစ်လောင်း ခေါင်းတလားထဲသို့ ဝင်ရောက်လာသည်တိုင်အောင် မြှုပ်နှံထားသည့် ယဇ်ပုရောဟိတ်ချုပ်က တုံ့ပြန်ခြင်း သို့မဟုတ် ခုခံတိုက်ခိုက်ခြင်း မရှိပေ။
ဆိုလွန်၏ အလောင်းမှာ ချောမွေ့လှသော သူမ၏ ခန္ဓာကိုယ်ပေါ်၌ လှုပ်ရှားမှုကင်းမဲ့စွာ တင်နေ၏။ ဓားသခင် ပိုင်ရှောင်းတစ်ယောက် စိတ်ပျက်အားငယ်မှုလှိုင်းကြီးကို ခံစားလိုက်ရသည်။
မည်သည့် တုံ့ပြန်မှုမှ မရှိသည့်အတွက် သူ မည်သည့် သတင်းအချက်အလက်ကိုမျှ မရနိုင်ချေ။
ပိုင်ရှောင်းက ဒေါသတကြီး အော်ဟစ်လိုက်ပြန်သည်။ “ပြောစမ်း။ နဂါးဧကရာဇ် သေသွားပြီလား... မသေသေးဘူးလား။ သူ ဘယ်မှာလဲ။ သူ့ရဲ့ အမွေအနှစ်တွေက ဘယ်မှာလဲ။ ငါ့ကို နည်းနည်းလောက်ဖြစ်ဖြစ် တုံ့ပြန်စမ်းပါဟ။”
သဘာဝကျစွာပင် ခေါင်းတလားမှာ တိတ်ဆိတ်မြဲ တိတ်ဆိတ်နေ၏။ အထဲရှိ ယဇ်ပုရောဟိတ်ချုပ်မှာ လှုပ်ရှားခြင်းမရှိသကဲ့သို့ ဆိုလွန်၏ မျက်လုံးများကလည်း တင်းကျပ်စွာ ပိတ်ထားလျက်သာ ရှိနေဆဲပင်။
ပိုင်ရှောင်းတစ်ယောက် ခေါင်းတလားထဲသို့ ကိုယ်တိုင် ခုန်ဝင်သွားချင်စိတ်များပင် ပြင်းပြစွာ ဖြစ်ပေါ်လာရသည်။ ဤ မသိမမြင်ရသည့် အရာ အားလုံးကို သူ မုန်းတီး၏။
သို့သော် အထဲသို့ ဝင်သွားပါက ဘယ်တော့မှ ပြန်ထွက်လာနိုင်မည် မဟုတ်ကြောင်းကို သူ သိထားသည်။ နောက်ဆုံးတွင် သူ ထိန်းချုပ်လိုက်ရ၏။
သူ၏ နောက်ဆုံး မျှော်လင့်ချက်ကို ယခုအချိန်၌ အရှုံးမပေးနိုင်သေးချေ။ ထာဝရအသက်ရှင်ခြင်းနှင့် ပြိုင်ဘက်ကင်း အင်အားများကို ပေးစွမ်းနိုင်မည့် နဂါးဧကရာဇ်၏ အမွေအနှစ်များကို သူ ရှာဖွေချင်နေဆဲပင်။
ပိုင်ရှောင်းက ခါးသီးစွာဖြင့် ပြောလိုက်သည်။ “ငါ မသေခင် ပြန်လာမယ်။ ကောင်းကင်သင်္ချိုင်းထဲက လောကကြီးက တကယ်တမ်း ဘယ်လိုမျိုးလဲဆိုတာ ငါ မြင်ရမှ ဖြစ်မယ်။”
သူ အသက်ကို ပြင်းပြင်းရှူလိုက်ကာ ခေါင်းတလားထဲရှိ ဆိုလွန်နှင့် ယဇ်ပုရောဟိတ်ချုပ်အား နောက်ဆုံးအကြိမ်အဖြစ် ကြည့်လိုက်ပြီး လှည့်ထွက်သွားလိုက်၏။
သင်္ချိုင်းကျင်းထဲမှနေ၍ မီတာထောင်နှင့်ချီကာ အပေါ်သို့ ရေကူးတက်သွားပြီး အပေါက်ဝအား လေးလံသည့် ကျောက်တုံးကြီးဖြင့် တစ်ဖန် ပြန်ပိတ်လိုက်သည်။
ထို့နောက် ပင်လယ်မျက်နှာပြင်သို့ရောက်သည်အထိ ရေကူးသွားကာ သူ၏ လှေပေါ်သို့ တက်လိုက်ပြီး ဝင်္ကပါတောင်၌ရှိသော သူ၏ ပုန်းအောင်းရာ နေရာသို့ ရွက်လွှင့်သွားလိုက်၏။
**--**--**--**--**--**--**--**
ဆိုလွန်ကမူ အပြင်လောကမှနေ၍ လုံးဝ ပျောက်ကွယ်သွားလေပြီ။
ကောင်းကင်သင်္ချိုင်း၏ ဟာလာဟင်းလင်း လောကထဲ၌ ဆိုလွန်တစ်ယောက် အရူးအမူး ပြေးလွှားနေသည်။ သူ မိုင်ရာနှင့်ချီ၍ ပြေးသော်လည်း သူ၏ ပတ်ဝန်းကျင်ရှိ နေရာလွတ်ကြီးမှာ လုံးဝ ဟာလာဟင်းလင်းဖြစ်ကာ အဆုံးမဲ့နေဆဲပင်။
ဤနေရာ၌ သူကလွဲပြီး အခြား မည်သူကမှ မရှိချေ။
ဧရာမ စိတ်ဝိညာဉ်စွမ်းအားကို ပိုင်ဆိုင်ထားသည်ဟု ယူဆရသော မြင့်မြတ်နတ်နဂါးကျောင်းတော်၏ မဟာကျင့်ကြံသူအား မည်သည့်နေရာမှာမှ ရှာမတွေ့ပေ။
မိုင်ရာနှင့်ချီ ပြေးပြီးနောက်၌ပင် ဆိုလွန်တစ်ယောက် နည်းနည်းလေးမှ ပင်ပန်းသည်ဟု မခံစားရချေ။ ရုတ်တရက် အမှန်တရားကို သူ သဘောပေါက်သွား၏။ သူ၏ ရုပ်ခန္ဓာက လှုပ်ရှားနေခြင်း မဟုတ်ဘဲ သူ၏ စိတ်ဝိညာဉ်နှင့် အသိစိတ်ကသာ လှုပ်ရှားနေခြင်း ဖြစ်သည်။
ကောင်းကင်သင်္ချိုင်း ခေါင်းတလားသည် ရုပ်ဝတ္ထုပစ္စည်းများကို အထဲ၌ တည်ရှိခွင့် မပေးဘဲ စိတ်ဝိညာဉ်စွမ်းအားများကိုသာ ခွင့်ပြုထားခြင်းပင်။ ဤသည်က အကာအကွယ်ပေးထားသည့် စွမ်းအင်စက်ကွင်း တစ်ခုဖြစ်နေသောကြောင့် သူ၏ စိတ်သည် စွမ်းအင် အသုံးပြုစရာမလိုဘဲ အဆုံးမဲ့ ပျံသန်းနိုင်နေခြင်း ဖြစ်၏။
နောက်ဆုံး၌ ဆိုလွန် နားလည်သွားလေပြီ။ မြင့်မြတ်နတ်နဂါးကျောင်းတော်မှ မဟာကျင့်ကြံသူသည် ရုပ်ခန္ဓာအားဖြင့် သူ၏ ဘေးနား၌ ရှိနေသည်။
အမှန်တကယ်၌ သူတို့၏ ရုပ်ခန္ဓာနှစ်ခုတို့က ထိပင် တွေ့နေကြသေး၏။ သို့သော် စိတ်ဝိညာဉ်လောက၌မူ သူတို့သည် လုံးဝ ကွဲပြားခြားနားသည့် အတိုင်းအတာများ၌ တည်ရှိနေကြခြင်း ဖြစ်သည်။
သူတို့ ဘယ်တော့မှ ဆုံတွေ့နိုင်မည် မဟုတ်ချေ။
သို့သော် ထိုအချိန်လေး၌မှာပင် ရုတ်တရက် ဆိုလွန်၏ ရှေ့မှောက်၌ ပုံရိပ်တစ်ခု ထွက်ပေါ်လာ၏။ အလွန်တရာ လှပလွန်းလှသည့် ပုံရိပ်တစ်ခုပင်။
သို့သော်... သူမ၏ မျက်နှာတစ်ခြမ်းက ကျောက်စိမ်းကဲ့သို့ ချောမွေ့လှပနေသော်လည်း ကျန်မျက်နှာတစ်ခြမ်းကမူ အလွန်တရာ အရုပ်ဆိုး အကျည်းတန်နေသည်။
သူမ၏ ဆံပင်များကလည်း နှင်းများကဲ့သို့ ပကတိ ဖြူစွတ်နေ၏။
ထိုသူအား မြင်လိုက်ရသောအခါ ဆိုလွန်တစ်ယောက် လုံးဝ အံ့အားသင့်သွားရသည်။ သူ၏ ခန္ဓာကိုယ်မှာ ပြင်းထန်စွာ တုန်ယင်သွားရပြီး မျက်ရည်များမှာလည်း မျက်နှာထက်မှ စီးကျလာတော့၏။
ထိုအမျိုးသမီးထံသို့ ဆိုလွန် အရူးအမူး ပြေးသွားလိုက်သည်။ “အစ်မ လန်ခုံး... အစ်မလား။ တကယ် အစ်မပဲ။”
အပိုင်း ၁၇၅ ပြီး။
နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Yue
True Immortal Team