← Chapters

အခန်း ၁၇၆

Vol. 18 Ch. 176

အခန်း ၁၇၆

Vol. 18 Ch. 176

အပိုင်း ၁၇၆

နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Yue

True Immortal Team

“မောင်လေး... ဒီကိုလာပါဦး...” ထိုအမျိုးသမီးက ဆိုလွန်အား ဆက်တိုက် လက်ယပ်ခေါ်နေ၏။ သူမသည် ကမ္ဘာမြေပေါ်၌ သူနှင့်အတူ ကံကြမ္မာကို မျှဝေခံစားပြီး သူ ထာဝရ ကျေးဇူးဆပ်ချင်သည့် အစ်မဖြစ်သူ လန်ခုံးပင်။

ဆိုလွန်တစ်ယောက် မနေနိုင်တော့ဘဲ သူမထံသို့ လျှောက်သွားမိသည်။

ထိုအခိုက်၌မှာပင် အသူရာမိစ္ဆာကြယ်၏ အသံက သူ၏ ရင်ထဲ၌ ရုတ်တရက် ထွက်ပေါ်လာ၏။ “သခင်... မသွားနဲ့။ ဒါက စိတ်လှည့်စားမှုတစ်ခုပဲ။ ယဇ်ပုရောဟိတ်ချုပ်ရဲ့ စိတ်ဝိညာဉ်ထောင်ချောက်ပဲ။ သွားလိုက်ရင် သခင် သေချာပေါက် သေလိမ့်မယ်။”

ချက်ချင်းဆိုသလိုပင် ဆိုလွန်တစ်ယောက် သတိပြန်ဝင်လာကာ သူ၏ ခြေလှမ်းများကို အတင်း ရပ်တန့်လိုက်သည်။

အစ်မဖြစ်သူ လန်ခုံးနှင့် တူလှသည့် အမျိုးသမီးက မျက်ရည်ဝဲသွား၏။ “မောင်လေးက အစ်မကို မလိုချင်တော့ဘူးလား။”

ထို့နောက် သူမက အက်ဆစ်ကြောင့် ရစရာမရှိအောင် ပျက်စီးနေသည့် မျက်နှာကို ဆိုလွန်အား ပြလိုက်သည်။

ချက်ချင်းဆိုသလိုပင် ကမ္ဘာမြေပေါ်၌ အစ်မဖြစ်သူ လန်ခုံး၏ မျက်နှာ ပျက်စီးသွားရသည့် အချိန်ကို ဆိုလွန် ပြန်လည်သတိရသွား၏။ ငရဲဘုံမှ အိပ်မက်ဆိုးတစ်ခုကဲ့သို့ပင်။ ထိုအရာအား ပြန်လည်တွေးမိလိုက်တိုင်း သူ၏ ရင်ထဲ၌ အရှင်လက်လက် နှလုံးဆွဲဆုတ်ခံရသကဲ့သို့ ပြင်းထန်စွာ နာကျင်ရသည်။

သို့သော်လည်း သူ၏ စိတ်ကို အတင်း တည်ငြိမ်အောင်ထားပြီး သူ၏ ရှေ့မှောက်ရှိ အမျိုးသမီးအား အေးစက်စွာ စိုက်ကြည့်လိုက်၏။ မှန်သည်။ ဤသည်က သေချာပေါက် စိတ်လှည့်စားမှုသာ ဖြစ်ရမည်။

မျက်နှာက အစ်မလန်ခုံး၏ မျက်နှာဖြစ်သော်လည်း ခန္ဓာကိုယ်နှင့် အဝတ်အစားတို့ကမူ ဆိုနင်ပင်း၏ အရာများ ဖြစ်နေ၏။ ထို့အပြင် နှင်းများကဲ့သို့ ပကတိဖြူစွတ်နေသည့် ဆံပင်မှာ သူမတို့ နှစ်ဦးစလုံးနှင့် မသက်ဆိုင်ပေ။ ကောင်းကင်သင်္ချိုင်း၌ မြှုပ်နှံထားသော ယဇ်ပုရောဟိတ်ချုပ်၏ ဆံပင်များ ဖြစ်နိုင်၏။

ဆိုလွန် လှည့်စားမခံရသည်ကို မြင်သောအခါ အမျိုးသမီးက မဲ့ပြုံး ပြုံးလိုက်ပြီး သူမ၏ ပုံရိပ်မှာ တဖြည်းဖြည်း မှေးမှိန်သွားကာ လုံးဝ ပျောက်ကွယ်သွားတော့သည်။

ဆိုလွန် မျက်မှောင်ကျုံ့လိုက်၏။ “အသူရာမိစ္ဆာကြယ်... ဒီစိတ်ဝိညာဉ်ထောင်ချောက်က မြှုပ်နှံခံထားရတဲ့ ယဇ်ပုရောဟိတ်ချုပ် လုပ်ထားတာ မလား။”

အသူရာမိစ္ဆာကြယ်က လေးနက်စွာ ရှင်းပြသည်။ “မှန်တယ်။ အခုချိန်မှာ သခင်တို့ရဲ့ ရုပ်ခန္ဓာတွေက လှုပ်ရှားလို့ မရဘူး။ သခင်တို့ နှစ်ယောက်လုံး ကိုယ်ပိုင် စိတ်ဝိညာဉ်လောကထဲမှာပဲ ရှိနေကြတာ။ လောကနှစ်ခုနဲ့ စိတ်ဝိညာဉ်နှစ်ခုက ရုပ်ဝတ္ထုသဘောတရားအရ ဘယ်တော့မှ ဆုံတွေ့နိုင်မှာ မဟုတ်ဘူး။”

“ဒါပေမဲ့ သူ့ရဲ့ စိတ်ဝိညာဉ်စွမ်းအားကတော့ အရမ်း အားကောင်းလွန်းတယ်။ သခင့်ရဲ့ ဦးနှောက်လှိုင်းတွေကို တိုက်ရိုက်နှောင့်ယှက်ပြီး စိတ်ထဲမှာ လှည့်စားမှုတွေ ဖန်တီးနိုင်စွမ်းရှိတယ်။ ဒီစိတ်လှည့်စားမှုက စိတ်ဝိညာဉ်ထောင်ချောက်တစ်ခုပဲ။ အဲဒီထဲကို ခြေလှမ်းလိုက်တာနဲ့ သခင် လုံးဝ ပျက်စီးသွားလိမ့်မယ်။”

ဤသည်က ဆိုလွန်အား ကမ္ဘာမြေပေါ်ရှိ သရဲရုပ်ရှင်များကို ချက်ချင်း သတိရသွားစေ၏။ ထိုရုပ်ရှင်များထဲ၌ သရဲများနှင့် လူသားများသည် ရှင်သန်ခြင်းနှင့် သေဆုံးခြင်း နယ်နိမိတ်ဖြင့် ခြားနားနေသောကြောင့် သရဲများသည် လူများကို တိုက်ရိုက် မသတ်ဖြတ်နိုင်ကြပေ။

ထိုအစား လူတစ်ယောက်၏ ဦးနှောက်လှိုင်းများကို နှောင့်ယှက်၍ စိတ်လှည့်စားမှုများ ဖန်တီးကာ ကိုယ့်ကိုယ်ကိုယ် သတ်သေရန်သာ ဖိအားပေးလေ့ရှိကြသည်။

မျက်မှောင်ကျုံ့လျက်ပင် ဆိုလွန်က ဆက်မေး၏။ “လက်တွေ့မှာရော... ငါနဲ့ ဒီမြင့်မြတ်နတ်နဂါးကျောင်းတော်က ယဇ်ပုရောဟိတ်ချုပ်တို့က အရမ်းကို နီးနီးကပ်ကပ် ရှိနေကြတာလား။”

အသူရာမိစ္ဆာကြယ်က အတည်ပြုသည်။ “ဟုတ်တယ်။ သခင်တို့ နှစ်ယောက်လုံး အရမ်းကျဉ်းကျပ်တဲ့ စွမ်းအင်ခေါင်းတလားထဲမှာ အတူတူရှိနေကြတယ်။ သခင်က သူ့ရဲ့ အပေါ်ကနေ တိုက်ရိုက် ဖိထားလျက်သား ဖြစ်နေတာ။”

ဆိုလွန် မျက်လုံးတို့က အရောင်တောက်လာ၏။ “ငါသာ သူ့ကို သတ်ပြီး သူ့ရဲ့ စိတ်ဝိညာဉ်စွမ်းအားကို ဝါးမျိုလိုက်ရင် ငါ့ရဲ့ စိတ်ဝိညာဉ်ပါရမီ ၈.၅ အထိ မြင့်တတ်လာဖို့ လုံလောက်မလား။”

အသူရာမိစ္ဆာကြယ်က ဆက်လက်ရှင်းပြသည်။ “အဲဒီထက်တောင် ပိုမြင့်သွားလိမ့်ဦးမယ်။ ကောင်းကင်သင်္ချိုင်းမှာ ယဇ်ပုရောဟိတ်ချုပ် တစ်ယောက်အနေနဲ့ မြှုပ်နှံခံရတယ်ဆိုကတည်းက သူ့ရဲ့ စိတ်ဝိညာဉ်စွမ်းအားက စိတ်ကူးနဲ့တောင် မှန်းဆလို့မရနိုင်လောက်အောင် အားကောင်းနေလိမ့်မယ်။ သခင်က သူ့ရဲ့ စိတ်ဝိညာဉ်စွမ်းအားကို ဝါးမျိုလိုက်ဖို့ပဲ လိုတယ်။ ရတာနဲ့ သခင့်ရဲ့ ခက်ခဲတဲ့ ပြဿနာတွေ အားလုံး လွယ်လွယ်ကူကူ ဖြေရှင်းပြီးသား ဖြစ်သွားလိမ့်မယ်။”

ဆိုလွန် ထပ်မေးလိုက်၏။ “အဲဒါကို ငါက ဘယ်လို ဝါးမျိုရမှာလဲ။”

အသူရာမိစ္ဆာကြယ်က တိုက်ရိုက်ပင် တုံ့ပြန်သည်။ “ သတ်လိုက်ရုံပေါ့။”

ဆိုလွန် သက်ပြင်းချလိုက်၏။ “သူ့ကို သတ်ရမယ်။ ဘယ်လိုသတ်ရမှာလဲ”

အသူရာမိစ္ဆာကြယ်က စိတ်မကောင်းစွာ ဆိုသည်။ “ကျွန်တော် မသိဘူး။ သခင်တို့ရဲ့ ရုပ်ခန္ဓာတွေက လုံးဝ လှုပ်ရှားလို့ မရတဲ့အတွက် သခင်တို့ နှစ်ယောက်လုံး အသေကောင်တွေလို ဖြစ်နေကြတာ။ စိတ်ဝိညာဉ်အသိစိတ်ကသာ လှုပ်ရှားလို့ ရနေတာ။ ဒါကြောင့် သခင်အနေနဲ့ သူ့ကို ဘယ်လိုသတ်ရမလဲဆိုတာ ကျွန်တော် တကယ် မသိဘူး။”

လက်ရှိအချိန်၌ ဆိုလွန်အနေဖြင့် သူ၏ လက်ချောင်းလေးတစ်ချောင်းကိုပင် လှုပ်ရှားနိုင်မည်ဆိုပါက ဤအလွန်တရာ အားကောင်းလှသည့် ယဇ်ပုရောဟိတ်ချုပ်ကို သတ်ဖြတ်နိုင်ပေလိမ့်မည်။

သို့သော် သူ မလုပ်နိုင်ပေ။

သဘာဝကျစွာပင် ယဇ်ပုရောဟိတ်ချုပ်သည်လည်း မလုပ်နိုင်ပေ။ သူမကလည်း ဆိုလွန်အား ရုပ်ပိုင်းဆိုင်ရာအရ သတ်ဖြတ်နိုင်စွမ်း မရှိပေ။ ကောင်းကင်သင်္ချိုင်း ခေါင်းတလားထဲသို့ ဝင်ရောက်ပြီးသည့်နောက်တွင် သူတို့၏ ခန္ဓာကိုယ်များမှာ သေဆုံးနေသည့် အလားပင်။

သူတို့၏ စိတ်ဝိညာဉ်များသာလျှင် ရှင်သန်ကျန်ရစ်နေခြင်း ဖြစ်၏။

ဆိုလွန် ခေါင်းကုတ်လိုက်သည်။ “အသူရာမိစ္ဆာကြယ်... မင်းက ငါ့လက်ကို ထိန်းချုပ်ပြီး ယဇ်ပုရောဟိတ်ချုပ်ကို သတ်လို့ ရလား။”

အသူရာမိစ္ဆာကြယ်က ချက်ချင်း ငြင်းဆန်၏။ “မလုပ်နိုင်ဘူး။ သခင့်ရဲ့ ခန္ဓာကိုယ်က သခင့်ဆန္ဒကိုပဲ နာခံတာမို့လို့ ကျွန်တော် ထိန်းချုပ်လို့ မရဘူး။”

ထို့အတွက်ကြောင့် ဤသည်က ဖြေရှင်း၍မရနိုင်သော ပြဿနာတစ်ခု ဖြစ်လာသည်။ ဆိုလွန်နှင့် ယဇ်ပုရောဟိတ်ချုပ် နှစ်ဦးစလုံးမှာ တစ်ယောက်ကိုတစ်ယောက် သတ်ဖြတ်ချင်စိတ်များ အပြင်းအထန် ဖြစ်ပေါ်နေသော်လည်း နှစ်ယောက်လုံး လက်ချောင်းတစ်ချောင်းကိုပင် မလှုပ်ရှားနိုင်ကြပေ။

ထို့အပြင် သူတို့၏ စိတ်ဝိညာဉ်များကလည်း ရုပ်ဝတ္ထုသဘောတရားအရ ဆုံတွေ့နိုင်မည် မဟုတ်ပေ။ ယဇ်ပုရောဟိတ်ချုပ်အနေဖြင့် ဆိုလွန်၏ ဦးနှောက်လှိုင်းများကို နှောင့်ယှက်ရန်အတွက် သူမ၏ အားကောင်းလှသော စိတ်ဝိညာဉ်စွမ်းအားကိုသာ အားကိုးရတော့၏။

အသူရာမိစ္ဆာကြယ်က လေးနက်စွာ သတိပေးလာသည်။ “ဒါဆိုရင် သခင် စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားမှ ရလိမ့်မယ်။ ဒီယဇ်ပုရောဟိတ်ချုပ်က သခင့်ကို သတ်ဖြတ်ဖို့ ရနိုင်သမျှ နည်းလမ်းပေါင်းစုံကို သုံးပြီး စိတ်လှည့်စားမှုတွေ ဖန်တီးလာလိမ့်မယ်။ မြင်ရတဲ့ ဘယ်အရာကိုမှ မယုံနဲ့။ ဘယ်အရာရဲ့ အနားကိုမှလည်း မသွားနဲ့။ အဲဒါတွေ အားလုံးက ထောင်ချောက်တွေချည်းပဲ။ အားလုံးက စိတ်လှည့်စားမှုတွေ သက်သက်ပဲ။”

ဆိုလွန် ခေါင်းညိတ်လိုက်ပြီး ချက်ချင်းပင် တင်ပျဉ်ခွေ၍ ထိုင်ချလိုက်၏။ သိသာလှစွာပင် ယဇ်ပုရောဟိတ်ချုပ်၏ ရူးသွပ်ဖွယ် ကောင်းလှသည့် တိုက်ခိုက်မှုများက မနားတမ်း ဆက်လက် ထွက်ပေါ်လာသည်။

သရဲရုပ်ရှင်များထဲမှ အတိုင်းပင် သူမက အကြောက်တရားကို အသုံးပြုသည့် နည်းဗျူဟာများဖြင့် စတင်လာ၏။ သူမ၏ ဧရာမ စိတ်ဝိညာဉ်စွမ်းအားကို အသုံးပြု၍ ဆိုလွန်၏ စိတ်ကို နှောင့်ယှက်ကာ အမျိုးအမည်မသိ ကြောက်မက်ဖွယ်ကောင်းလှသည့် စိတ်လှည့်စားမှုများကို ဖန်တီးလာသည်။

ငရဲဘုံ၏ မြင်ကွင်းများမှသည် မီးပင်လယ်ကြီးများအထိ ၊ မိစ္ဆာသားရဲကြီးများမှသည် နတ်ဆိုးများအထိပင်။ ဆိုလွန်တစ်ယောက် သူ တစ်သက်နှင့်တစ်ကိုယ် တစ်ခါမှ မကြုံဖူးသည့် ကြောက်မက်ဖွယ်ရာ အရာများကို မြင်တွေ့ကြားသိနေရပြီး အားလုံးမှာလည်း အလွန်အမင်း အသက်ဝင်လွန်းနေပြန်၏။

မည်မျှတိုင်အောင် အသက်ဝင်သနည်း ဆိုရသော် လက်တွေ့ အပြင်လောကနှင့် တစ်ထပ်တည်းပင်။ ပုံမှန်အခြေအနေမျိုး၌သာ ဆိုပါက သာမန်လူတစ်ယောက် အကြောက်လွန်ပြီး သေဆုံးသွားနိုင်လောက်သည်အထိပင်။

သို့သော် မြေပြင်ပေါ်၌ တင်ပျဉ်ခွေထိုင်နေသည့် ဆိုလွန်ကမူ လုံးဝ တုန်လှုပ်ခြင်း မရှိပေ။ နတ်ဆိုးများက မည်မျှပင် ကြောက်မက်ဖွယ် ကောင်းနေစေကာမူ ၊ မိစ္ဆာများက မည်မျှပင် ရွံရှာဖွယ် ကောင်းနေစေကာမူ သူက ထိုအရာများထံသို့ လျှောက်မသွားသရွေ့တော့ လုံခြုံနေဦးမည်သာ။

အဘယ်ကြောင့်ဆိုသော် ထိုအရာအားလုံးမှာ အတုအယောင်များသာ ဖြစ်သောကြောင့် သူတို့အနေဖြင့် ဆိုလွန်ထံသို့ ပြေးဝင်လာပြီး အမှန်တကယ် တိုက်ခိုက်နိုင်မည် မဟုတ်ပေ။

သူမ၏ ရူးသွပ်ဖွယ် အကြောက်တရား ခြောက်လှန့်ခြင်း နည်းဗျူဟာများ လုံးဝ ကျရှုံးသွားသောအခါ ယဇ်ပုရောဟိတ်ချုပ်မှာ ယာယီအားဖြင့် ရပ်တန့်သွားသည်။

ဆိုလွန်လည်း နောက်ဆုံး၌ သက်ပြင်းရှည်ကြီးတစ်ခုကို ချလိုက်နိုင်သည်။ အရာအားလုံးက အတုအယောင်များမှန်း သူ သိနေသော်ငြားလည်း အလွန်တရာ အသက်ဝင်လွန်းလှသောကြောင့် သူ၏ စိတ်ဝိညာဉ်အပေါ်၌ ကြီးမားလှသော ဖိအားများ ကျရောက်နေဆဲပင်။

သူ၏ စိတ်ကို တည်ငြိမ်စေရန် မျက်လုံးများကို မှိတ်လိုက်ပြီး ယဇ်ပုရောဟိတ်ချုပ်၏ ဒုတိယလှိုင်း တိုက်ခိုက်မှုအတွက် ပြင်ဆင်နေလိုက်၏။

သေချာလှစွာပင် အချိန် သိပ်မကြာလိုက်ပေ။ အလွန် ဆွဲဆောင်မှုရှိပြီး သိမ်မွေ့လှသည့် ရနံ့တစ်ခုအား သူ ရလိုက်သည်။ သူ၏ နားထဲ၌လည်း လူကို ညှို့ငင်ကာ စိတ်ဝိညာဉ်ကိုပင် နုတ်ယူသွားနိုင်မည့် အသံတစ်ခုကို ကြားလိုက်ရ၏။

“သခင်လေး... လာပါဦး... ဒီကို လာပါဦး...”

“သခင်လေး... ကျွန်မ မခံစားနိုင်တော့ဘူး...”

ဆိုလွန် မျက်လုံးများကို ဖွင့်ကြည့်လိုက်သောအခါ ချက်ချင်းဆိုသလိုပင် သူ၏ နှာခေါင်းသွေးများ ပန်းထွက်လာသည်။ သူ မြင်လိုက်ရသည်က ရင်သပ်ရှုမောဖွယ် ကောင်းလောက်အောင် လှပလွန်းလှသည့် အမျိုးသမီးတစ်ဦးပင်။

သူမသည် အဝတ်အစား မဝတ်ထားဘဲ လုံးဝ ကိုယ်တီးလုံးကြီး ဖြစ်နေကာ အမျိုးမျိုးသော ရမ္မက်ဆွသည့် အမူအရာများ ပြုလုပ်ရင်း အလွန်အမင်း ဆွဲဆောင်နေ၏။ ဤသည်က မြင့်မြတ်နတ်နဂါးကျောင်းတော်၏ ယဇ်ပုရောဟိတ်ချုပ်လော။

ခြောက်လှန့်ခြင်းများ ကျရှုံးသွားပြီးနောက် ကာမရာဂဖြင့် သူ့အား သွေးဆောင်ဖြားယောင်းနေ၏။ သောက်ကျိးနည်း လှသည်။

သူ့အနေဖြင့် တစ်ခကိုတော့ ဝန်ခံရပေလိမ့်မည်။ သူ၏ ရှေ့မှောက်ရှိ မြင်ကွင်းက လွန်စွာ ဆွဲဆောင်မှု ရှိလွန်းနေပြီး အလွန်အမင်း အသက်ဝင်နေ၏။

ထို့အပြင် နောက်ထပ် အမျိုးသမီးများ တစ်ယောက်ပြီး တစ်ယောက် ထွက်ပေါ်လာကြပြီး အားလုံးမှာ သူနှင့် ရင်းနှီးနေသည့် သူများပင် ဖြစ်ကြသည်။ ရဲ့ကျင်းယွီ ထွက်ပေါ်လာ၏။

ထို့နောက် ကျိနင်... နောက်ဆုံး၌ ဆိုလွန်၏ သွေးများကို ခေါင်းထဲအထိ ဆူပွက်သွားစေသူမှာ ထူလင်းစီပင်။ မှန်သည်။

ကွေ့ရှင်းဖူ၏ ဇနီး ထူလင်းစီ ဖြစ်နေ၏။ သူမ၏ ကောက်ကြောင်းအလှများ အထင်းသားပေါ်လွင်နေသည့် ခန္ဓာကိုယ်ဖြင့် အလွန်တရာ ရမ္မက်ကြွဖွယ်ကောင်းလှသည့် မြင်ကွင်းများကို ပြသနေသည်။

သဘာဝကျစွာပင် ယဇ်ပုရောဟိတ်ချုပ်သည် ရဲ့ကျင်းယွီ သို့မဟုတ် ထူလင်းစီတို့အား တစ်ခါမျှ မတွေ့ဖူးပေ။ သူမက ဤစိတ်လှည့်စားမှုများကို ဆိုလွန်၏ ကိုယ်ပိုင် မှတ်ဉာဏ်များထဲမှနေ၍ တူးဖော်ကာ ဖန်တီးထားခြင်းသာ ဖြစ်၏။

ထူလင်းစီ ထွက်ပေါ်လာရသည့် အကြောင်းအရင်းမှာ ဆိုလွန်ကိုယ်တိုင်က သူ၏ နှလုံးသား နက်ရှိုင်းရာ တစ်နေရာ၌ သူမနှင့် ပတ်သက်၍ ညစ်ညမ်းသော အတွေးအချို့ကို လျှို့ဝှက်စွာ သိမ်းဆည်းထားသောကြောင့်ပင်။ ထို့အတွက်ကြောင့် ယဇ်ပုရောဟိတ်ချုပ်က ထိုအတွေးများကို အပြင်သို့ ဆွဲထုတ်လာခြင်း ဖြစ်သည်။

**--**--**--**--**--**--**--**

ဒုတိယလှိုင်းဖြစ်သော ကာမရာဂဖြင့် သွေးဆောင်ဖြားယောင်းခြင်းကို အသက်ရှင်လျက် ကျော်ဖြတ်ပြီးသည့်နောက် ယဇ်ပုရောဟိတ်ချုပ်၏ တတိယလှိုင်း တိုက်ခိုက်မှုက မည်သို့သော အရာမျိုး ဖြစ်လာမည်နည်းကို ဆိုလွန်တစ်ယောက် တွေးတောနေမိ၏။ အဖြေကတော့ လျင်မြန်စွာပင် ထွက်ပေါ်လာသည်။

သူမ၏ တတိယလှိုင်း တိုက်ခိုက်မှုမှာ အသံ တိုက်ခိုက်မှုပင်။

သူမက ဆိုလွန်၏ ဦးနှောက်လှိုင်းများကို နှောင့်ယှက်၍ သူ၏ အသိစိတ်ထဲ၌ အမျိုးမျိုးသည့် ဆူညံသံများကို ဖန်တီးလာသည်။

ကလေးငယ်တစ်ယောက်၏ ကျယ်လောင်စွာ ငိုကြွေးနေသော အသံ... ဓားတစ်ချောင်းဖြင့် မှန်ပေါ်သို့ ခြစ်ဆွဲလိုက်သည့် ကျောချမ်းဖွယ် အသံ... ဆောက်လုပ်ရေး လုပ်ငန်းခွင်တစ်ခုမှ လျှပ်စစ်လွန်ပူဖြင့် ဖောက်နေသော ဆူညံသံများ...။

သေချာပေါက်ပင် ယဇ်ပုရောဟိတ်ချုပ်သည် ထိုအရာများကို တစ်ခါမှ မြင်ဖူးသကဲ့သို့ လျှပ်စစ်လွန်ပူ ဆိုသည်မှာ မည်သို့သော အရာဖြစ်ကြောင်းကိုလည်း မသိပေ။ ဤသည်တို့ အားလုံးက ဆိုလွန်၏ မှတ်ဉာဏ်များထဲမှ ထွက်ပေါ်လာခြင်းသာ ဖြစ်၏။

ဆိုလွန်၏ မှတ်ဉာဏ်များထဲ၌ သူ အမုန်းဆုံး ၊ အရွံရှာဆုံး အသံများကို တူးဖော်ကာ ဆယ်ဆ သို့မဟုတ် အဆနှစ်ဆယ်ခန့်အထိ ချဲ့ကားလိုက်ပြီး အထပ်ထပ်အခါခါ ပြန်ဖွင့်ပြနေခြင်းပင်။

မရေမတွက်နိုင်သော ဆူညံသံများက နာရီဝက် ၊ တစ်နာရီ ၊ နှစ်နာရီခန့်အထိ ရူးသွပ်ဖွယ်ကောင်းလောက်အောင် မြည်ဟည်းနေလေရာ ဆိုလွအား အလွန်အမင်း ဂနာမငြိမ် ဖြစ်လာစေသည်။

ကြောက်မက်ဖွယ်ကောင်းလှသည့် ညှဉ်းပန်းနှိပ်စက်မှုအောက်၌ သူ၏ စိတ်ဝိညာဉ်မှာ တဖြည်းဖြည်း ပြိုလဲစပြုလာကာ ရှုပ်ထွေးနောက်ကျိလာရ၏။

ဆိုလွန် အံကြိတ်လိုက်သည်။ “အသူရာမိစ္ဆာကြယ်... အကယ်၍ သူသာ ငါ့ကို ဒီလို ဆက်တိုက်ခိုက်ပြီး စိတ်လှည့်စားမှုတွေနဲ့ အတင်း ဖိအားပေးနေရင် နောက်ဆုံး ရလဒ်က ဘာဖြစ်သွားမလဲ။”

အသူရာမိစ္ဆာကြယ်က ရှင်းပြ၏။ “သခင့်ရဲ့ စိတ်ဝိညာဉ် လုံးဝ ပျက်စီးသွားပြီး အရူးတစ်ယောက် ဖြစ်သွားလိမ့်မယ်။”

ဆိုလွန် တံတွေးမြိုချလိုက်၏။ “ပြီးတော့ရော...”

“ပြီးတော့ သခင့်ရဲ့ စိတ်က လုံးဝကို ပြိုလဲသွားလိမ့်မယ်။ သခင့်ရဲ့ စိတ်ဝိညာဉ် လုံးဝ သေဆုံးသွားပြီး သခင့်ရဲ့ ခန္ဓာကိုယ်ကြီးက အသက်မပါတဲ့ အခွံလွတ်ကြီးတစ်ခုလို ဖြစ်သွားလိမ့်မယ်။” အသူရာမိစ္ဆာကြယ်က သေချာ ရှင်းပြသည်။ “အဲဒီလို ဖြစ်သွားတဲ့အချိန်ကျရင် သူ့ရဲ့ ရည်ရွယ်ချက်က အောင်မြင်သွားပြီပဲ။ သူက သခင့်ရဲ့ စိတ်ဝိညာဉ်ကို လုံးဝ ဖျက်ဆီးပစ်နိုင်သွားတာပဲ။”

ဆိုလွန် မျက်နှာပျက်သွား၏။ “ဒီရလဒ်က သေချာပေါက် ဖြစ်လာမှာလား။”

“ဒီအတိုင်း ဆက်သွားရင်တော့ သေချာပေါက် ဖြစ်လာလိမ့်မယ်။ သခင့်ရဲ့ စိတ်တွေ ရှုပ်ထွေးနောက်ကျိလာပြီး လုံးဝ ပြိုလဲသွားလိမ့်မယ်။ ပြီးတော့ သခင် ရှင်လျက်နဲ့ လူသေအလောင်းကောင်ကြီး ဖြစ်သွားလိမ့်မယ်။” အသူရာမိစ္ဆာကြယ်က လေးနက်စွာ အတည်ပြုသည်။

မျက်နှာပျက်လျက်ပင် ဆိုလွန် ဆက်မေး၏။ “ငါ့အတွေးတွေကို ပိတ်ချလိုက်ပြီး ဘာမှ မမြင်ရ မကြားရအောင် လုပ်ထားလို့ရော မရဘူးလား။”

အသူရာမိစ္ဆာကြယ်က သက်ပြင်းချသံဖြင့် ရှင်းပြသည်။ “သခင် သဘောမပေါက်သေးဘူး။ သခင် ကြားနေရတာတွေ ၊ မြင်နေရတာတွေ အားလုံးက သခင့်ရဲ့ ဦးနှောက်ထဲမှာ တိုက်ရိုက် ဖြစ်ပျက်နေတာလေ။ ဥပမာတစ်ခု ပေးရရင် သခင့်ရဲ့ ကိုယ်ပိုင် အိပ်မက်တွေကို သခင် ထိန်းချုပ်လို့ ရလား။”

ဆိုလွန် ခေါင်းရမ်းလိုက်၏။ “မရဘူး။ ဘယ်လောက်ပဲ စိတ်ဓာတ်ခိုင်မာတဲ့ သူဖြစ်ပါစေ သူ့ရဲ့ ကိုယ်ပိုင် အိပ်မက်တွေကိုတော့ လုံးဝ ထိန်းချုပ်နိုင်မှာ မဟုတ်ဘူး။”

အသူရာမိစ္ဆာကြယ်က အတည်ပြုသည်။ “အတိအကျပဲ။ ယဇ်ပုရောဟိတ်ချုပ်ရဲ့ စိတ်ဝိညာဉ်တိုက်ခိုက်မှု ဆိုတာက အခြေခံအားဖြင့် သခင့်ကို အတင်း အိပ်မက်မက်ခိုင်းနေတာပဲ။ လုံးဝ လက်တွေ့ဆန်လွန်းတဲ့ အိပ်မက်တစ်ခုပေါ့။”

လက်တွေ့လောက၌ တစ်စုံတစ်ယောက်က လူတစ်ယောက်၏ အိပ်မက်များကို ထိန်းချုပ်ကာ တစ်လတိတိ မနားတမ်း အိပ်မက်ဆိုးများသာ မက်နေစေရန် အတင်း ဖိအားပေးနိုင်မည်ဆိုပါက လူအယောက် ငါးဆယ်ရာခိုင်နှုန်းကျော်ခန့်မှာ ကိုယ့်ကိုယ်ကိုယ် သတ်သေသွားကြလိမ့်မည်။

အဘယ်ကြောင့်ဆိုသော် ထိုသို့သော စိတ်ပိုင်းဆိုင်ရာ ညှဉ်းပန်းနှိပ်စက်မှုက သေရသည်ထက်ပင် ပို၍ ဆိုးရွားနေသောကြောင့် ဖြစ်၏။ ကျန်ရှိနေသည့် ငါးဆယ်ရာခိုင်နှုန်းမှာလည်း သူတို့၏ စိတ်ဝိညာဉ်များ လုံးဝ ပြိုလဲသွားကြပေလိမ့်မည်။

အပိုင်း ၁၇၆ ပြီး။

နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Yue

True Immortal Team

All Chapters