← Chapters

အခန်း ၁၇၇

Vol. 18 Ch. 177

အခန်း ၁၇၇

Vol. 18 Ch. 177

အပိုင်း ၁၇၇

နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Yue

True Immortal Team

လက်ရှိအချိန်၌ ဤသေရေးရှင်ရေး အခြေအနေအား ဖြေရှင်းရန်မှာ မဖြစ်နိုင်ပုံရနေ၏။

ဆိုလွန်အနေဖြင့် စိတ်လှည့်စားမှုများကို ရပ်တန့်၍ မရနိုင်ပေ။ အရာအားလုံးက သူ၏ စိတ်ထဲ၌သာ ဖြစ်ပျက်နေသည့်အတွက် မျက်လုံးမှိတ်ထားခြင်းကလည်း အသုံးမဝင်ချေ။

ထို့အပြင် ဤစိတ်လှည့်စားမှုများကို သူ လျစ်လျူရှုထား၍လည်း မရနိုင်ပေ။ အကယ်၍ သူသာ တကယ်တမ်း ဘာကိုမှ မခံစားရတော့ပါက သူ၏ စိတ်ဝိညာဉ်မှာ လုံးဝ ထုံထိုင်းသွားပြီဟု ဆိုလိုခြင်းပင်။

အသိစိတ်မဲ့နေသည့် သက်ရှိလူသေအလောင်းကောင်ကြီး တစ်ကောင်ဖြစ်လာရန် သိပ်ဝေးတော့မည် မဟုတ်ချေ။

သူ ပြန်လည်တိုက်ခိုက်ချင်လျှင်ပင် လုပ်နိုင်သည့် နည်းလမ်း မရှိပေ။ ရန်သူက သူ၏ ဦးနှောက်လှိုင်းများကို နှောင့်ယှက်နိုင်သော်လည်း သူကမူ သူမထံသို့ မရောက်ရှိနိုင်ချေ။ ယဇ်ပုရောဟိတ်ချုပ်နှင့် စိတ်ဝိညာဉ်များမှတစ်ဆင့် ဆက်သွယ်ရန်ပင် သူ မတတ်နိုင်ပေ။

အလားတူပင် ယဇ်ပုရောဟိတ်ချုပ်သည်လည်း သူနှင့် ဆက်သွယ်၍ မရနိုင်ချေ။ သူမသည် ဆိုလွန် မည်သည်တို့ကို တွေးနေသည်ကို လုံးဝ မသိပေ။

သူမအနေဖြင့် ဆိုလွန်၏ ဦးနှောက်လှိုင်းများကို နှောင့်ယှက်ရန်အတွက် အစွမ်းကုန်ကြိုးစား၍ သူ၏ ရမ္မက်များ ၊ အကြောက်တရားများ ၊ ဂနာမငြိမ်မှုများနှင့် အခြားသော အဆိုးမြင်စိတ်ခံစားချက်များကို နှိုးဆွကာ သူ၏ စိတ်ဝိညာဉ်အား ညှဉ်းပန်းနှိပ်စက်ရန်သာ တတ်နိုင်၏။

ဆိုလွန်တစ်ယောက် ယခင်က တစ်ခါမှ မကြုံဖူးသည့် စိတ်ပိုင်းဆိုင်ရာ ညှဉ်းပန်းနှိပ်စက်မှုကို ခံစားနေရသည်။

ကြောက်မက်ဖွယ်ကောင်းသော မြင်ကွင်းများ ၊ သွေးဆောင်ဖြားယောင်းနေသည့် အရာများနှင့် နားကွဲမတတ် ဆူညံသံများဖြင့် ဆက်တိုက် တိုက်ခိုက်ခံနေရ၏။

ညှဉ်းပန်းနှိပ်စက်မှု တစ်ကြိမ်စီသည် နာရီပေါင်းများစွာ ကြာမြင့်ပြီး အဆုံးအစမရှိ အထပ်ထပ်အခါခါ ပြန်လည် ဖြစ်ပေါ်နေသည်။ အကြိမ်ဆယ်ဂဏန်း ၊ ရာဂဏန်းမှသည် အကြိမ်တစ်ထောင်ကျော်အထိပင်။

ဤရူးသွပ်ဖွယ်ကောင်းလှသည့် စိတ်ဝိညာဉ် ညှဉ်းပန်းနှိပ်စက်မှုအောက်၌ ဆိုလွန်တစ်ယောက် တဖြည်းဖြည်းဖြင့် ထုံထိုင်းလာရ၏။

ကြောက်မက်ဖွယ် မြင်ကွင်းများနှင့် ရင်ဆိုင်ရချိန်၌ သူ မကြောက်ရွံ့တော့ပေ။ အဝတ်အစားမဲ့နေသည့် လှပသော အမျိုးသမီးများ၏ သွေးဆောင်နေသည့် စိတ်လှည့်စားမှုများနှင့် ရင်ဆိုင်ရချိန်၌လည်း သူ၏ နှလုံးသားက ခုန်ပေါက်မနေတော့ချေ။

နားကွဲမတတ် ဆူညံသံများကပင် သူ့အတွက် ပုရစ်များ အော်နေသည့် အသံကဲ့သို့သာ ဖြစ်နေ၏။

ဤသည်က ကောင်းသည့် ကိစ္စတစ်ခုကဲ့သို့ ထင်ရသော်လည်း အမှန်တကယ်၌မူ ဆိုလွန်၏ စိတ်ဝိညာဉ်က လုံးဝ ထုံထိုင်းသွားပြီဟု ဆိုလိုခြင်း ဖြစ်၏။

အသိစိတ်မဲ့သည့် အခွံလွတ်ကြီး တစ်ခုဖြစ်လာရန် ခြေတစ်လှမ်းသာ လိုတော့သည်။ သတ်မှတ်ထားသည့် မျဉ်းတစ်ကြောင်းကို ကျော်လွန်သွားပါက ကောက်ရိုးတစ်မျှင်ကပင် သူ့အား ကြေမွသွားစေနိုင်ပြီး သူ၏ စိတ်ဝိညာဉ်ကို လုံးဝ ပြိုလဲကာ ပျက်စီးသွားစေလိမ့်မည် ဖြစ်၏။

ဆိုလွန်တစ်ယောက် လုံးဝ ပြိုလဲသွားမည့် အခြေအနေနှင့် တဖြည်းဖြည်း နီးကပ်လာလေပြီ။

သို့သော် ယဇ်ပုရောဟိတ်ချုပ်မှာလည်း စွမ်းအင် ကုန်ခန်းလုနီးပါး ဖြစ်နေ၏။

သူမ၏ စိတ်ဝိညာဉ်စွမ်းအားက အလွန်တရာ အားကောင်းလွန်းလှသော်လည်း သူမ၏ စိတ်နှင့် ဆိုလွန်၏ စိတ်တို့မှာ လုံးဝ ကွဲပြားခြားနားသည့် လောကနှစ်ခု ဖြစ်နေ၏။

လောကနှစ်ခုအား ဖြတ်သန်း၍ သူမ၏ စိတ်ဝိညာဉ်စွမ်းအားကို ဆန့်ထုတ်ရန် ၊ ဆိုလွန်၏ ဦးနှောက်လှိုင်းများကို နှောင့်ယှက်ရန်နှင့် စိတ်လှည့်စားမှုများ ဖန်တီးရန်အတွက် သူမအနေဖြင့် တွက်ချက်၍ပင် မရနိုင်လောက်အောင် ကြီးမားလှသည့် စွမ်းအင်များကို အသုံးပြုနေရသည်။

လက်ရှိအချိန်၌ သူမ ဤကိစ္စကို အဆုံးသတ်ရတော့မည် ဖြစ်၏။ ဤထူးဆန်းသည့် ကျူးကျော်သူကို လုံးဝ ဖျက်ဆီးပစ်ရလေမည်။

သူမက ဆိုလွန်အား မမြင်ရသကဲ့သို့ သူ ဘာတွေတွေးနေမှန်းကိုလည်း မသိသောကြောင့် သူ ဘယ်သူလဲ ဆိုတာကို ယခုအချိန်အထိ မသိသေးချေ။ သို့သော် မြင့်မြတ်နတ်နဂါးကျောင်းတော်၏ ယဇ်ပုရောဟိတ်ချုပ်တိုင်းသည် လူသားများ၏ ဦးနှောက်အကြောင်းကို သေချာစွာ သုတေသနပြုလုပ်ထားကြသည်။

မည်သည့် စွမ်းအင်လှိုင်းနှုန်းများက အကြောက်တရားကို နှိုးဆွနိုင်သည် ၊ မည်သည့်အရာများက ရမ္မက်ကို နှိုးဆွနိုင်သည် ၊ မည်သည့်အရာများက ဂနာမငြိမ်မှုကို နှိုးဆွနိုင်သည်ကို သူတို့ တိတိကျကျ သိကြ၏။ ဤသည်က တေးဂီတတစ်ပုဒ်အား သီကုံးရသကဲ့သို့ပင်။

အကြောက်တရား ၊ ရမ္မက်နှင့် ဂနာမငြိမ်မှုတို့သည် စိတ်ဝိညာဉ်စွမ်းအားများကို ပုံစံအမျိုးမျိုးဖြင့် ဖွဲ့စည်းထားခြင်း သက်သက်သာ ဖြစ်၏။

အဆုံး၌ ဤအားကောင်းလှသည့် စိတ်ဝိညာဉ်သခင်များမှာ သင်္ချာပညာရှင်များနှင့် တူလှသည်။ သတ်မှတ်ထားသော လှိုင်းနှုန်းတစ်ခုဖြင့် လုံလောက်သည့် စိတ်ဝိညာဉ်စွမ်းအားများကို ထုတ်လွှတ်လိုက်နိုင်သရွေ့ ရန်သူ၏ ဦးနှောက်လှိုင်းများကို ပဲ့တင်ထပ်သွားစေနိုင်ပြီး အဆိုးမြင်စိတ်ခံစားချက် အမျိုးမျိုးကို နှိုးဆွနိုင်ကြသည်။

နောက်ဆုံး၌ ဤကိစ္စကို အဆုံးသတ်ရန် အချိန်ရောက်လာလေပြီ။ ကျူးကျော်သူအား ယခုချက်ချင်းပင် ဖျက်ဆီးပစ်ရမည် ဖြစ်၏။ သူမအနေဖြင့် နောက်ဆုံးအကြိမ် အသေအလဲ တိုက်ခိုက်မှု တစ်ချက်သာ လိုအပ်တော့သည်။

ယဇ်ပုရောဟိတ်ချုပ်က ဆိုလွန်အတွက် ပြင်ဆင်ထားသည့် နောက်ဆုံးကောက်ရိုးတစ်မျှင်က မည်သည်ဖြစ်မည်နည်း။ ထိုအရာမှာ သူ၏ အနက်ရှိုင်းဆုံး အကြောက်တရား ၊ သူ၏ အဆိုးရွားဆုံး အိပ်မက်ဆိုးပင်။

သဘာဝကျစွာပင် ယဇ်ပုရောဟိတ်ချုပ်က ထိုအိပ်မက်ဆိုးသည် မည်သည့်အရာ ဖြစ်ကြောင်းကို မသိပေ။ သို့သော် သူမက ဆိုလွန်၏ ဦးနှောက်ထဲမှ တိုက်ရိုက် ဆွဲထုတ်ကာ ပြန်လည် ပေါ်လာစေနိုင်သည်။ ထိုအရာက သူ့အား လုံးဝ ဖျက်ဆီးပစ်နိုင်ပေလိမ့်မည်။

**--**--**--**--**--**--**--**

ဆိုလွန်၏ အနက်ရှိုင်းဆုံး အိပ်မက်ဆိုးက ဘာဖြစ်မည်နည်း။ သူ အကြောက်ဆုံးအရာက ဘာဖြစ်မည်နည်း။

ကမ္ဘာမြေပေါ်၌ သူ၏ အစ်မဖြစ်သူ လန်ခုံး တိုက်ပေါ်မှ ခုန်ချ၍ သတ်သေသွားခဲ့သည့် အဖြစ်အပျက်ပင်။

ထိုသည်က သူ၏ အကြောက်မက်ဖွယ်အကောင်းဆုံး အိပ်မက်ဆိုးဖြစ်ပြီး တစ်ကြိမ်သာ မက်ဖူးခဲ့သည်။ ထိုအိပ်မက်ထဲ၌ သူ အလွန်အမင်း ကြောက်ရွံ့ခဲ့လွန်းသဖြင့် သတိလစ်မတတ်ပင် ဖြစ်ခဲ့ရ၏။

အိပ်မက်ဆိုး၏ ဝါးမျိုခြင်းကို ခံလိုက်ရသကဲ့သို့ အသက်ရှူ၍ပင် မရနိုင်ခဲ့ချေ။ ထိုစဉ်က အစ်မဖြစ်သူ လန်ခုံး သေဆုံးသွားသည်ကို အိပ်မက်မက်ရုံသာ မဟုတ်ချေ။

သေမင်းကိုယ်တိုင် သူ၏ အပေါ်သို့ သက်ဆင်းလာသကဲ့သို့ ခံစားခဲ့ရသည်။

ကံကောင်းလှစွာဖြင့် ဆိုလွန် ထိုကြောက်မက်ဖွယ် အိပ်မက်ဆိုးအား တစ်ကြိမ်သာ ကြုံဖူးခဲ့၏။ အကယ်၍ ဒုတိယအကြိမ်သာ ထပ်ဖြစ်လာပါက သူ တောင့်ခံနိုင်မည် မဟုတ်ပေ။

ယခါအခါ ယဇ်ပုရောဟိတ်ချုပ်က ထိုအိပ်မက်ဆိုးအား သူမ၏ အသေအလဲ တိုက်ခိုက်မှုအဖြစ် အသုံးပြုတော့မည် ဖြစ်၏။ အစ်မဖြစ်သူ လန်ခုံး တိုက်ပေါ်မှ ခုန်ချသွားခြင်း... ထိုသည်က ဆိုလွန်၏ စိတ်ဝိညာဉ်ကို ပြိုလဲသွားစေမည့် နောက်ဆုံး ကောက်ရိုးတစ်မျှင် ဖြစ်လာပေလိမ့်မည်။

ဤနောက်ဆုံး အသေအလဲ တိုက်ခိုက်မှုကို ပြုလုပ်ရန်အတွက် မြင့်မြတ်နတ်နဂါးကျောင်းတော်၏ ယဇ်ပုရောဟိတ်ချုပ်သည် သူမ၏ စိတ်ဝိညာဉ်စွမ်းအား အားလုံးကို ထုတ်လွှတ်ရမည် ဖြစ်၏။

ဆိုလွန်အား ချက်ချင်း သတ်ဖြတ်နိုင်ရန် သူ၏ အားအနည်းဆုံး အချက်ကို ပြင်းပြင်းထန်ထန် တိုက်ခိုက်ရပေလိမ့်မည်။ သို့သော် ထိုအချိန်၌ပင် သူမ၏ ကိုယ်ပိုင် စိတ်ဝိညာဉ်ခုခံမှုမှာလည်း အားအနည်းဆုံး ဖြစ်သွားပေလိမ့်မည်။

**--**--**--**--**--**--**--**

တစ်ချိန်တည်းမှာပင် ပြိုလဲလုနီးပါး ဖြစ်နေသည့် ဆိုလွန်၏ စိတ်ဝိညာဉ်သည်လည်း သူ၏ နောက်ဆုံး အချိန်ကို ရင်ဆိုင်နေရ၏။ ဤသည်က သေရေးရှင်ရေး ကိစ္စဖြစ်ပြီး အကယ်၍ သူသာ အသက်မရှင်နိုင်ပါက လုံးဝ ဖျက်ဆီးခံလိုက်ရမည် ဖြစ်သည်။

ဆိုလွန်က လေးနက်စွာ မေးလိုက်သည်။ "အသူရာမိစ္ဆာကြယ်... အကြောက်တရားကို ဖြစ်ပေါ်စေတဲ့ ဦးနှောက်လှိုင်းနှုန်း ရှာတွေ့ပြီလား။"

အသူရာမိစ္ဆာကြယ်က လေးနက်စွာ ပြန်ဖြေသည်။ "တွေ့ပါပြီ သခင်။ မှန်ပါတယ်။"

သဘာဝကျစွာပင် သူတို့ ရှာတွေ့ကြပြီ ဖြစ်၏။ ဆိုလွန်သည် အကြောက်တရားဖြင့် အကြိမ်တစ်ထောင်ကျော် တိုက်ခိုက်ခံခဲ့ရသည်။

ကြာရှည်စွာ နာမကျန်းဖြစ်နေသည့် လူနာတစ်ယောက် ဆရာဝန်ဖြစ်လာသကဲ့သို့ပင် ထိုအရာက မည်သို့ အလုပ်လုပ်ကြောင်းကို သူ သိရှိသွားလေပြီ။ ယဇ်ပုရောဟိတ်ချုပ်၏ တိုက်ခိုက်မှုသဘောတရားကို နားလည်သွား၏။

သူမက စိတ်လှည့်စားမှုများကို ဖန်တီးရန် သူ၏ ဦးနှောက်လှိုင်းများ ပဲ့တင်ထပ်သွားစေမည့် သီးသန့် လှိုင်းနှုန်းတစ်ခုဖြင့် စွမ်းအင်များကို ထုတ်လွှတ်ခြင်းပင်။

ရူးသွပ်ဖွယ်ကောင်းလှသော တိုက်ခိုက်မှု ထောင်ပေါင်းများစွာကို ခံစားပြီးနောက် ဆိုလွန်နှင့် အသူရာမိစ္ဆာကြယ်တို့သည် လူသားများ၏ ဦးနှောက်ထဲရှိ အကြောက်တရား ၊ ရမ္မက် ၊ ဂနာမငြိမ်မှုနှင့် အခြား အဆိုးမြင်စိတ်ခံစားချက်များကို ထိန်းချုပ်ထားသည့် စွမ်းအင်လှိုင်းနှုန်းများကို လုံးဝ ဆုပ်ကိုင်နိုင်သွားကြပြီ ဖြစ်၏။

လူသားများ၏ ဦးနှောက်တည်ဆောက်ပုံမှာ အတူတူပင် ဖြစ်ကြသည်။ ထို့အတွက်ကြောင့် ဆိုလွန်ထံ၌ အကြောက်တရားကို ဖြစ်ပေါ်စေသည့် လှိုင်းနှုန်းက ယဇ်ပုရောဟိတ်ချုပ်ထံ၌လည်း သေချာပေါက် အကြောက်တရားကို ဖြစ်ပေါ်စေနိုင်၏။

တစ်ခုတည်းသော ပြဿနာမှာ ဆိုလွန်၏ စိတ်ဝိညာဉ်စွမ်းအားက အလွန်အမင်း အားနည်းနေခြင်းပင်။

ကြောက်မက်ဖွယ် စိတ်လှည့်စားမှုများကို နှိုးဆွရန် သူ့အနေဖြင့် သူမ၏ စိတ်ထဲသို့ အတင်း ဝင်ရောက်မကျူးကျော်နိုင်ပေ။

သို့သော် ရန်သူတစ်ယောက်မှာ သူတို့ အစွမ်းအထက်ဆုံး အချိန်၌ အားအနည်းဆုံး ဖြစ်လေ့ရှိ၏။

ယဇ်ပုရောဟိတ်ချုပ်က သူ၏ အပေါ်သို့ နောက်ဆုံး တိုက်ခိုက်မှု ပြုလုပ်ချိန်၌ သူမက ကြီးမားလှသည့် စိတ်ဝိညာဉ်စွမ်းအား ပမာဏကို ထုတ်လွှတ်ပေလိမ့်မည်။ ထိုအချိန်၌ပင် သူမ၏ ကိုယ်ပိုင် စိတ်ဝိညာဉ်ခုခံမှုကလည်း အားအနည်းဆုံး ဖြစ်နေပေလိမ့်မည်။

ထိုသို့တိုင်အောင် ဆိုလွန်၏ ကိုယ်ပိုင် စိတ်ဝိညာဉ်စွမ်းအားက သူမအား တိုက်ရိုက် တိုက်ခိုက်ရန်အတွက် အားနည်းလွန်းနေဆဲပင်။ သို့သော် ဆိုလွန်က ယဇ်ပုရောဟိတ်ချုပ် ထုတ်လွှတ်လိုက်သည့် စိတ်ဝိညာဉ်စွမ်းအားကို ငှားရမ်းကာ သူမအား ပြန်လည် တိုက်ခိုက်ရန် အသုံးပြုနိုင်၏။

ဥပမာပေးရလျှင် ရန်သူတစ်ယောက်က ဗုံးတစ်လုံးကို ကိုင်ကာ စခန်းကို ဖောက်ခွဲရန် ပြေးလာနေသည်ဟု စိတ်ကူးကြည့်လိုက်ပါ။ ထို့နောက် ကျွမ်းကျင်သည့် စနိုက်ပါသမား တစ်ယောက်က ရန်သူ၏ လက်ထဲရှိ ဗုံးကို တည့်တည့် ပစ်ခတ်လိုက်၏။ ဗုံးက စောစီးစွာ ပေါက်ကွဲသွားပြီး ရန်သူကိုသာ ပြန်လည် သေဆုံးသွားစေသည်။

ဤသည်က ဆိုလွန် လုပ်ဆောင်ရမည့် အရာပင်။ ယဇ်ပုရောဟိတ်ချုပ်က သူမ၏ တိုက်ခိုက်မှုကို ပြုလုပ်လိုက်သော အချိန်၌ သူက သူမ၏ ကြီးမားလှသည့် စိတ်ဝိညာဉ်စွမ်းအားများကို ပေါက်ကွဲသွားစေမည် ဖြစ်၏။ ဤသည်က သူမ၏ စိတ်ဝိညာဉ်နယ်မြေထဲ၌ ပြင်းထန်သည့် တန်ပြန်သက်ရောက်မှုကို ဖြစ်ပေါ်စေပြီး သူမအား ချက်ချင်း သေဆုံးသွားစေပေလိမ့်မည်။

သဘာဝကျစွာပင် ဤသည်က ဆိုလွန်၏ သီအိုရီသာ ဖြစ်၏။ အမှန်တကယ် အောင်မြင်မည် ၊ မအောင်မြင်မည် ဆိုသည်ကိုမူ ကောင်းကင်ဘုံကသာ သိပေလိမ့်မည်။

**--**--**--**--**--**--**--**

နောက်ဆုံး၌ အဆုံးအဖြတ် အချိန်ကို ကျရောက်လာလေပြီ။ ယဇ်ပုရောဟိတ်ချုပ်က သူ့အား လုံးဝ ပြိုလဲသွားစေမည့် နောက်ဆုံး အသေအလဲ တိုက်ခိုက်မှုကို ပြုလုပ်ရန် သူမ၏ စိတ်ဝိညာဉ်စွမ်းအား အားလုံးကို စုစည်းလိုက်၏။

တစ်ချိန်တည်းမှာပင် ဆိုလွန်ကလည်း အာရုံစူးစိုက်လိုက်ပြီး သူ၏ ကန့်သတ်ချက်ရှိသော စိတ်ဝိညာဉ်စွမ်းအားကို စုစည်းကာ သူမ၏ လှုပ်ရှားမှုကို စောင့်ဆိုင်းနေလိုက်သည်။

ယဇ်ပုရောဟိတ်ချုပ် အံကြိတ်လိုက်သည်။ "မင်း ဘယ်သူလဲဆိုတာ ငါ မသိပေမဲ့... သေလိုက်စမ်း ကျူးကျော်သူ..."

ထို့နောက် သူမ၏ အားကောင်းလှသော စိတ်ဝိညာဉ်စွမ်းအားက ဆိုလွန်၏ စိတ်နယ်ပယ် အပြင်ဘက်၌ ပြင်းထန်စွာ ရိုက်ခတ်လာကာ ပြင်းထန်လှသည့် စွမ်းအင်အတက်အကျကို ဖန်တီးလိုက်သည်။

ချက်ချင်းဆိုသလိုပင် ဆိုလွန်၏ ဦးနှောက်လှိုင်းများ ပဲ့တင်ထပ်သွားကာ သူ၏ အနက်ရှိုင်းဆုံးနှင့် အကြောက်မက်ဖွယ်အကောင်းဆုံး အိပ်မက်ဆိုးကို ပေါ်ထွက်လာစေသည်။

ယဇ်ပုရောဟိတ်ချုပ်၏ အသေအလဲ တိုက်ခိုက်မှုက ကျရောက်လာလေပြီ။ အကြောက်မက်ဖွယ်အကောင်းဆုံး စိတ်လှည့်စားမှုက သူ၏ စိတ်ထဲ၌ ပြင်းထန်စွာ ထွက်ပေါ်လာ၏။

အစ်မဖြစ်သူ လန်ခုံးပင်။ သူမ၏ မျက်နှာတစ်ခြမ်းမှာ အက်ဆစ်ကြောင့် ပျက်စီးနေပြီး ကျန်တစ်ခြမ်းမှာမူ မယုံနိုင်လောက်အောင် လှပနေဆဲပင်။ သူမသည် ၁၃ ထပ်မြောက် ပြတင်းပေါက်၏ အစွန်း၌ ထိုင်နေ၏။ သူမက ဆိုလွန်အား ပြုံးပြလိုက်ပြီးနောက် သေဆုံးရန်အတွက် ခုန်ချရန် ပြင်ဆင်လိုက်သည်။

ဆိုလွန် မျက်လုံးပြူးသွားသည်။ "မလုပ်နဲ့..."

အသူရာမိစ္ဆာကြယ်က အရေးတကြီး သတိပေးလိုက်သည်။ "သခင်... မြန်မြန်လုပ်..."

အလိုအလျောက် တုံ့ပြန်မှုဖြင့်ပင် ဆိုလွန်၏ အားနည်းလှသော စိတ်ဝိညာဉ်စွမ်းအားက အသူရာမိစ္ဆာကြယ်မှ ထုတ်လွှတ်လိုက်သည့် စွမ်းအင်နှင့် ပေါင်းစပ်သွားသည်။

သူတို့ သင်ယူထားခဲ့သည့် သီးသန့် လှိုင်းနှုန်းကို အသုံးပြု၍ စိတ်ဝိညာဉ်စွမ်းအား မြှားတစ်စင်းအဖြစ် စုစည်းလိုက်ပြီး အစ်မဖြစ်သူ လန်ခုံး၏ စိတ်လှည့်စားမှုဆီသို့ ပြင်းထန်စွာ ပစ်လွှတ်လိုက်၏။

"ရွှီးးးး"

မျက်စိတစ်မှိတ်အတွင်းမှာပင် စိတ်ဝိညာဉ်မြှားက နတ်သမီးတစ်ဝက် နတ်ဆိုးတစ်ဝက် ဖြစ်နေသည့် လန်ခုံး၏ စိတ်လှည့်စားမှု မျက်နှာတည့်တည့်သို့ ထိမှန်သွားသည်။

ဆိုလွန် အံကြိတ်လိုက်သည်။ "တောင်းပန်ပါတယ် အစ်မ... ဒါပေမဲ့ ဒါမျိုး ဖြစ်လာဖို့ကို ကျွန်တော် လုံးဝ ခွင့်မပြုနိုင်ဘူး။"

"ဝုန်းးးးးး"

ချက်ချင်းဆိုသလိုပင် စိတ်လှည့်စားမှု တစ်ခုလုံး လုံးဝ ကြေမွသွား၏။ အစ်မဖြစ်သူ လန်ခုံး၏ ပုံရိပ်မှာ လေထဲသို့ ပျောက်ကွယ်သွားသည်။

ယဇ်ပုရောဟိတ်ချုပ် ထုတ်လွှတ်လိုက်သည့် မယုံနိုင်လောက်အောင် အားကောင်းလှသော စိတ်ဝိညာဉ်စွမ်းအား တိုက်ခိုက်မှုမှာ ချက်ချင်းပင် ပဲ့တင်ထပ်သွားကာ ပြင်းထန်စွာ ပေါက်ကွဲသွား၏။

ကြီးမားလှသည့် စွမ်းအင်က သူမ၏ ကိုယ်ပိုင် စိတ်ဝိညာဉ်နယ်မြေထဲသို့ တိုက်ရိုက် ရူးသွပ်ဖွယ်ကောင်းလောက်အောင် တန်ပြန်သက်ရောက်သွားစေသည်။

ထိုအချိန်၌ပင် သူမ၏ စိတ်ဝိညာဉ်ခုခံမှုမှာ အားအနည်းဆုံး ဖြစ်နေရာ သူမ၏ စိတ်သည် လုံးဝ ပွင့်ဟလျက်သား ဖြစ်နေ၏။

အပိုင်း ၁၇၇ ပြီး။

နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Yue

True Immortal Team

All Chapters