← Chapters

အခန်း ၁၇၈

Vol. 18 Ch. 178

အခန်း ၁၇၈

Vol. 18 Ch. 178

အပိုင်း ၁၇၈

နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Yue

True Immortal Team

လက်ရှိအချိန်၌ သူမ၏ အနက်ရှိုင်းဆုံးနှင့် အကြောက်မက်ဖွယ်အကောင်းဆုံး အိပ်မက်ဆိုးက သူမ၏ ရှေ့မှောက်၌ ထွက်ပေါ်လာသည်။ ဆယ်စုနှစ်များစွာ နောက်ပြန်ရောက်သွားပြီး သုံးနှစ်အရွယ် ကလေးတစ်ယောက် ဖြစ်သွားသကဲ့သို့ပင်။

သူမ အလေးစားဆုံး ဆရာဖြစ်သူ ၊ သူမ၏ စံပြပုဂ္ဂိုလ်ဖြစ်ပြီး သူမ၏ ယုံကြည်ချက်များ၏ အနှစ်သာရဖြစ်သူမှာ သူမ၏ မိဘများအား သတ်ဖြတ်နေရင်း ပြုံးပြနေ၏။ ထို့နောက် ဆရာဖြစ်သူက ကလေးငယ်ဖြစ်သည့် သူမအား ပွေ့ဖက်ကာ အဝေးသို့ ပျံသန်းသွားသည်။

ဤသည်မှာ သူမ၏ နှလုံးသား အနက်ရှိုင်းဆုံး၌ ဝှက်ထားသည့် အကြောက်မက်ဖွယ် အိပ်မက်ဆိုးပင်။ သူမ၏ တစ်သက်တာလုံး ထိုအိပ်မက်ဆိုးမှ လွတ်မြောက်ရန် ကြိုးစားရပြီး ဆယ်စုနှစ်များစွာ ဖိနှိပ်ထားကာ ရင်ဆိုင်ရန်ပင် မဝံ့မရဲ ဖြစ်ခဲ့ရသည်။

သူမ လုံးဝ မေ့ပျောက်သွားပြီဟု ထင်မှတ်ထားသော်လည်း ယခုအချိန်၌ ထိုအကြောက်မက်ဖွယ် အိပ်မက်ဆိုးက ပြန်လည်ပေါ်ပေါက်လာ၏။

သူမသည် ကမ္ဘာပေါ်၌ အကြင်နာဆုံးနှင့် အရိုးသားဆုံး သူတော်စင်မလေး ဖြစ်သည်။ သို့သော်လည်း ဤအကြောက်မက်ဖွယ် အိပ်မက်ဆိုးက သူမ၏ ယုံကြည်ချက်များနှင့် စိတ်ဝိညာဉ်အား ချက်ချင်းဆိုသလိုပင် အပိုင်းပိုင်းအစစ ဖြစ်သွားစေ၏။

နှိုင်းယှဉ်မရအောင် အားကောင်းလှသည့် စိတ်ဝိညာဉ်စွမ်းအားက သူမအား ပြင်းထန်စွာ ပြန်လည်တိုက်ခိုက်လာပြီး ကုန်ဆုံးသွားခြင်းမရှိသကဲ့သို့ ခံစားရ၏။ ခံတပ်တစ်ခုအတွင်း၌ ဗုံးပေါက်ကွဲသွားသကဲ့သို့ပင် အရာအားလုံးမှာ မျက်စိတစ်မှိတ်အတွင်းမှာပင် မီးခိုးငွေ့များအဖြစ် ပျောက်ကွယ်သွားသည်။

သူမ မျက်စိစုံမှိတ်လျက် နာကျင်စွာ အော်ဟစ်လိုက်သည်။ "ကျွန်မ မယုံဘူး။ မယုံဘူး... ဆရာက အဲဒီလို လူစားမျိုး မဟုတ်ဘူး။ သူ ကျွန်မမိဘတွေကို မသတ်ခဲ့ဘူး။ မသတ်ခဲ့ဘူး..."

သူမ၏ နာကျင်စွာ အော်ဟစ်သံများကြား၌ မြင့်မြတ်နတ်နဂါးကျောင်းတော်မှ အားကောင်းပြီး အကြင်နာဆုံးနှင့် အရိုးသားဆုံး ယဇ်ပုရောဟိတ်ချုပ်၏ စိတ်ဝိညာဉ်မှာ လုံးဝ ပြိုလဲပျက်စီးသွားတော့၏။

ဆိုလွန်၏ အစီအစဉ် အောင်မြင်သွားလေပြီ။ ရန်သူတစ်ယောက် အားအကောင်းဆုံးအချိန်၌ သူတို့သည် အားအနည်းဆုံး ဖြစ်တတ်သည်။

အသန့်စင်ဆုံးနှင့် ထူးခြားဆုံး လူတစ်ယောက်သည် အထိခိုက်လွယ်ဆုံး ဖြစ်လေ့ရှိ၏။ သံသယ မျိုးစေ့လေး တစ်ခုကပင် သူမ၏ စိတ်ဝိညာဉ်ကို လုံးဝ ပြိုလဲသွားစေနိုင်သည့် မုန်တိုင်းကို ဖြစ်ပေါ်စေနိုင်သည်။

**--**--**--**--**--**--**--**

အသူရာမိစ္ဆာကြယ်၏ ဝါးမျိုမှု နိယာမအရ ဆိုလွန် သတ်ဖြတ်လိုက်သူတိုင်း၏ စွမ်းအင်များကို သူ စုပ်ယူနိုင်၏။

လက်ရှိအချိန်၌ ပျက်စီးသွားသည့် ယဇ်ပုရောဟိတ်ချုပ်၏ ပင်လယ်ကြီးကဲ့သို့ စိတ်ဝိညာဉ်စွမ်းအားများက ရူးသွပ်စွာဖြင့် စီးဝင်လာသည်။

အသူရာမိစ္ဆာကြယ်သည် အလွန်မြန်ဆန်စွာ လည်ပတ်နေသည့် ကြောက်မက်ဖွယ် အနက်ရောင်တွင်းနက်ကြီးအဖြစ် လုံးဝ ပြောင်းလဲသွားကာ ဆိုလွန်အတွက် ရှေးဟောင်းကာလမှ အားကောင်းလှသည့် စိတ်ဝိညာဉ်စွမ်းအားများကို ရူးသွပ်စွာ ဝါးမျိုပေးလိုက်သည်။

ဤစိတ်ဝိညာဉ်စွမ်းအားမှာ အရိပ်ပင့်ကူဘုရင်မထက် အဆပေါင်းများစွာ ပိုမိုများပြားလှ၏။ အဘယ်ကြောင့်ဆိုသော် သူမသည် လွန်ခဲ့သည့် နှစ်တစ်ထောင်ကျော်က မြင့်မြတ်နတ်နဂါးကျောင်းတော်၏ သူတော်စင် ယဇ်ပုရောဟိတ်ချုပ် ဖြစ်သောကြောင့်ပင်။ အသူရာကြယ်သည် ရူးသွပ်စွာ ဝါးမျိုနေ၏။

**--**--**--**--**--**--**--**

ယဇ်ပုရောဟိတ်ချုပ်၏ စိတ်ဝိညာဉ်စွမ်းအားမှာ အမှန်တကယ်ပင် အားကောင်းလွန်းလှ၏။ ဆိုလွန်၏ ဦးနှောက်က ထိုမျှလောက် ပြင်းထန်သည့် စွမ်းအင်မျိုးကို အပြည့်အဝ မခံနိုင်သောကြောင့် သူ၏ အသိစိတ်မှာ အလွန်လျှို့ဝှက်ဆန်းကြယ်သည့် စိတ်လှည့်စားမှု အခြေအနေသို့ ရောက်သွားသည်။

ပတ်ဝန်းကျင် လောကမှာ လစ်ဟာနေပြီး ယခင်ကကဲ့သို့ မှောင်မိုက်မနေတော့ပေ။ အစားထိုးအနေဖြင့် ရာသီဥတု ပြောင်းလဲခြင်းနှင့် အချိန်နှင့် နေရာထုထည် အပြောင်းအလဲများကို သူ မြင်တွေ့နေရသည်။ မကြာမီပင် ဆိုလွန်နှင့် မသက်ဆိုင်သည့် မှတ်ဉာဏ်ပုံရိပ်များ လျင်မြန်စွာ ပေါ်ထွက်လာ၏။

သိသာလှစွာပင် ဤသည်တို့မှာ မြင့်မြတ်နတ်နဂါးကျောင်းတော် ယဇ်ပုရောဟိတ်ချုပ်၏ မှတ်ဉာဏ်အပိုင်းအစများဖြစ်ကြသည်။

သူမ သေဆုံးသွားပြီးနောက်၌ပင် သူမ၏ မှတ်ဉာဏ်အချို့မှာ ပျောက်ကွယ်မသွားဘဲ ဆိုလွန်၏ ဝါးမျိုခြင်းကို ခံလိုက်ရသည်။ သဘာဝကျစွာပင် ဤမှတ်ဉာဏ်အပိုင်းအစများမှာ အလွန်ရှုပ်ထွေးနေသဖြင့် ပြီးပြည့်စုံသည့် ရုပ်ပုံတစ်ခုအဖြစ် ပေါင်းစပ်ရန်မှာ ခက်ခဲလှ၏။

သို့သော် အကြိမ်အများဆုံး ပေါ်လာသည့် မြင်ကွင်းမှာ သွေးအိုင်ထဲ၌ သေဆုံးသွားသည့် လူငယ်တစ်ဦးနှင့် အမျိုးသမီးတစ်ဦးပင်။

နတ်သမီးကဲ့သို့ လှပသည့် အမျိုးသမီးတစ်ဦးက သုံးနှစ်အရွယ် မိန်းကလေးငယ်တစ်ဦးကို ပွေ့ဖက်ထားပြီး သွေးများကြားမှ ဖြတ်သန်းကာ ထွက်ခွာသွား၏။ အချိန်များ ကုန်လွန်သွားသည်နှင့်အမျှ မှတ်ဉာဏ်အပိုင်းအစများမှာ ပိုမိုများပြားလာပြီး ပိုမိုရှုပ်ထွေးလာသည်။

နောက်ဆုံး၌ စီးဆင်းနေသည့် စိတ်ဝိညာဉ်စွမ်းအားများက ဆိုလွန် တောင့်ခံနိုင်သည့် အတိုင်းအတာကို ကျော်လွန်သွားသည်။

သူ၏ စိတ်ဝိညာဉ်နယ်မြေထဲ၌ ဆိုလွန်တစ်ယောက် အလင်းတန်းများ အကြိမ်ကြိမ် ဖြတ်သန်းသွားသည်ကို ခံစားရပြီး နောက်ဆုံး၌ စူးရှတောက်ပသည့် အဖြူရောင်အလင်းတန်းအဖြစ် ပြောင်းလဲသွား၏။

ထိုမျှလောက် များပြားလှသည့် စိတ်ဝိညာဉ်စွမ်းအားကို မတောင့်ခံနိုင်သောကြောင့် သူ၏ ဦးနှောက်က အလုပ်မလုပ်တော့ဘဲ ချက်ချင်းဆိုသလိုပင် သတိလစ်သွားတော့သည်။

ယခင်က ယဇ်ပုရောဟိတ်ချုပ်က စိတ်လှည့်စားမှုများဖြင့် ရူးသွပ်စွာ တိုက်ခိုက်ချိန်၌ သူသည် သတိလစ်သွားရန် အစွမ်းကုန် ကြိုးစားသော်လည်း မရခဲ့ပေ။ သို့သော် ယခုတစ်ကြိမ်၌မူ စိတ်ဝိညာဉ်စွမ်းအားများကို အလွန်အမင်း ဝါးမျိုလိုက်မိသောကြောင့် သူ ချက်ချင်းပင် သတိလစ်သွား၏။

**--**--**--**--**--**--**--**

ဆိုလွန်၏ စိတ်ဝိညာဉ် ပြန်လည်နိုးထလာချိန်၌ မည်မျှ ကြာမြင့်သွားပြီလဲဆိုသည်ကို သူ မသိပေ။ ပတ်ဝန်းကျင်မှာ ယခင်ကကဲ့သို့ပင် မှောင်မိုက်နေသည့် လစ်ဟာသော နေရာတစ်ခုသာ ဖြစ်နေဆဲပင်။

ဆိုလွန် ခေါင်းမော့လိုက်သည်။ "အသူရာမိစ္ဆာကြယ်... အကုန် ဝါးမျိုပြီးပြီလား။"

"ဟုတ်ကဲ့ သခင်။"

"ဒီယဇ်ပုရောဟိတ်ချုပ်ရဲ့ စိတ်ဝိညာဉ်စွမ်းအားက အရိပ်ပင့်ကူဘုရင်မနဲ့ ယှဉ်ရင် ဘယ်လိုလဲ။"

"အရိပ်ပင့်ကူဘုရင်မထက် ၇.၉ ဆ ပိုများပါတယ်။"

ဆိုလွန် အံ့ဩသွားရသည်။ သူမ၏ စိတ်ဝိညာဉ်စွမ်းအားမှာ အံ့ဩစရာကောင်းလောက်အောင် များပြားလိမ့်မည်ဟု သိထားသော်လည်း ဤမျှလောက် ကြောက်ခမန်းလိလိ ဖြစ်လိမ့်မည်ဟု သူ မထင်ထားမိခဲ့ချေ။

အသူရာမိစ္ဆာကြယ်က လေးနက်စွာ ပြောသည်။ "ဒါ့အပြင် သခင့်ကို လုံးဝ ဖျက်ဆီးပစ်ဖို့ သူ့ရဲ့ စိတ်ဝိညာဉ်စွမ်းအားတွေကို အများကြီး သုံးလိုက်သေးတယ်။ ကျွန်တော်တို့ ဝါးမျိုလိုက်တာက ကျန်နေတဲ့ အပိုင်းအစတွေပဲ ဖြစ်ပြီး အဲဒါက အရိပ်ပင့်ကူဘုရင်မ ရှစ်ကောင်စာလောက် ရှိသေးတယ်။"

ယခု၌ ဤနှိုင်းယှဉ်မရအောင် အားကောင်းလှသည့် စိတ်ဝိညာဉ်စွမ်းအားများကို ဆိုလွန် ဝါးမျိုလိုက်ပြီ ဖြစ်၏။

သူ သက်ပြင်းချလိုက်သည်။ "ဟူး...။ သူ့နာမည်ကိုတောင် ငါတို့ မသိလိုက်ရဘူး။"

"သူက မြင့်မြတ်နတ်နဂါးကျောင်းတော်ရဲ့ လှည့်ဖြားတာကို ခံထားရပြီး ဦးနှောက်ဆေးကြောခံထားရတဲ့ သနားစရာ မိန်းမသားတစ်ယောက်ပါပဲ။ တစ်ချိန်က အသန့်စင်ဆုံး သူတော်စင်မလေး၊ အကြင်နာဆုံးနဲ့ အရိုးသားဆုံး စိတ်ဝိညာဉ် ယဇ်ပုရောဟိတ်ချုပ် ဖြစ်ခဲ့ဖူးတယ်။"

"မဟုတ်ရင် သူက ကောင်းကင်သင်္ချိုင်းထဲ ဝင်ဖို့နဲ့ မြင့်မြတ်နတ်နဂါးကျောင်းတော်ရဲ့ အမြင့်ဆုံး လျှို့ဝှက်ချက်ကို ဆက်ခံဖို့ ဘယ်လိုလုပ် အရည်အချင်း ပြည့်မီပါ့မလဲ။"

အသူရာမိစ္ဆာကြယ်က သူမအား ဦးနှောက်ဆေးကြောခံထားရသည့် သနားစရာလူဟု ခေါ်ဆိုရခြင်းမှာ မြင့်မြတ်နတ်နဂါးကျောင်းတော်က သူမအား လှည့်ဖြားထားသောကြောင့် ဖြစ်သည်။

သူမ အလေးစားဆုံး ဆရာဖြစ်သူက သူမ၏ မိဘများကို သတ်ဖြတ်ပြီးနောက် သူမအား ဆက်ခံသူအဖြစ် ပျိုးထောင်ခဲ့ခြင်းဖြစ်၏။ ထိုအချိန်က သူမသည် သုံးနှစ်သာ ရှိသေးပြီး ဆရာဖြစ်သူက မိဘများကို သတ်ဖြတ်တာကို ကိုယ်တိုင် မျက်မြင်တွေ့ခဲ့ရသည်။

သို့သော် လူတစ်ယောက်အနေဖြင့် ငါးနှစ် သို့မဟုတ် ခြောက်နှစ် မတိုင်ခင်က အမှတ်တရများကို မမှတ်မိနိုင်ကြသည်မှာ သဘာဝပင်။ သုံးနှစ်အရွယ် ဆိုလျှင် ပို၍ပင် မမှတ်မိနိုင်ပေ။

ထို့ကြောင့် ဤမှတ်ဉာဏ်မှာ သူမ၏ စိတ်ထဲ အနက်ရှိုင်းဆုံးနေရာ၌ မြှုပ်နှံထားခြင်း ခံရပြီး လုံးဝ ပြန်မဖော်ထုတ်နိုင်ခဲ့ချေ။

တိုက်ဆိုင်မှု တစ်ခုကြောင့်သာ သူမ၏ အနက်ရှိုင်းဆုံး အိပ်မက်ဆိုးထဲ၌ အပိုင်းအစအချို့ ပေါ်ထွက်လာခြင်းဖြစ်သည်။

သို့သော် ဆိုလွန်၏ နောက်ဆုံးအထိ ရုန်းကန်တိုက်ခိုက်မှုက သူမ၏ မှတ်ဉာဏ်ကို လှုံ့ဆော်လိုက်ပြီး သူမ၏ အနက်ရှိုင်းဆုံး အိပ်မက်ဆိုးကို ဆွဲထုတ်လိုက်ခြင်းဖြစ်၏။ ထိုအခါ သူမ၏ ယုံကြည်ချက်များနှင့် စိတ်ဝိညာဉ်မှာ ချက်ချင်းပင် လုံးဝ ပြိုလဲပျက်စီးသွားရတော့သည်။

ဆိုလွန်အား ကောင်းကင်ဘုံက စောင့်ရှောက်နေသကဲ့သို့ပင် ထိုအကြောက်မက်ဖွယ် အိပ်မက်ဆိုးကို ယဇ်ပုရောဟိတ်ချုပ်၏ ဦးနှောက်ထဲ၌ ထည့်သွင်းပေးထားခြင်း ဖြစ်သည်။

မဟုတ်ပါက ဆိုလွန်၏ တန်ပြန်တိုက်ခိုက်မှု အောင်မြင်လျှင်ပင် သူမ၏ စိတ်ဝိညာဉ်ကို သူ ဖျက်ဆီးနိုင်မည် မဟုတ်ချေ။ သို့သော် ဤယဇ်ပုရောဟိတ်ချုပ်၏ ဘဝမှာ မည်မျှပင် ဝမ်းနည်းစရာကောင်းပါစေ သူမသည် လွန်ခဲ့သည့် နှစ်တစ်ထောင်ကျော်က ပုဂ္ဂိုလ်တစ်ယောက်ပင် ဖြစ်၏။ ဆိုလွန်မှာ သက်ပြင်းတစ်ချက်သာ ချလိုက်သည်။

**--**--**--**--**--**--**--**

ဆိုလွန် မျက်လုံးတို့က အရောင်တောက်လာသည်။ "ငါ့ရဲ့ စိတ်ဝိညာဉ်ပါရမီ ပြောင်းလဲသွားပြီလား။"

"ပြီးသွားပြီ။ သခင်ရဲ့ စိတ်ဝိညာဉ်ပါရမီက ဒီတစ်ခါ ဘယ်အဆင့်ထိ ရောက်သွားလဲ ခန့်မှန်းကြည့်ပါဦး။"

ဆိုလွန် မျက်ခုံးပင့်လိုက်သည်။ "၈.၆ လား။"

"၈.၇ ပါ။ သခင်ရဲ့ လက်ရှိ စိတ်ဝိညာဉ်ပါရမီက တကယ်ကို တစ်သန်းမှာ တစ်ယောက်နှုန်းပါပဲ။ သခင် တကယ် ကံကောင်းတာပါ။ အကယ်၍ သခင်သာ လက်တွေ့လောကထဲမှာ စိတ်ဝိညာဉ်ပါရမီကို ပြောင်းလဲမယ်ဆိုရင် အဲဒီဖြစ်စဉ်အတွင်းမှာ စိတ်ဝိညာဉ်စွမ်းအား အများကြီး ဆုံးရှုံးသွားမှာပါ။ ဒါပေမဲ့ ဒီကောင်းကင်သင်္ချိုင်းထဲမှာတော့ စိတ်ဝိညာဉ်စွမ်းအား ဆုံးရှုံးမှု မရှိသလောက် နည်းပါးတာကြောင့် မြှင့်တင်မှု အာနိသင်က ထင်ထားတာထက် ပိုကောင်းပါတယ်။"

စိတ်ဝိညာဉ်ပါရမီ ၈.၇ ဆိုသည်မှာ ဓားသိုင်းပညာကို နားလည်သဘောပေါက်ချိန် ၊ စိတ်ဝိညာဉ် တိုက်ခိုက်မှုများ ပြုလုပ်ချိန် သို့မဟုတ် စိတ်ဝိညာဉ်စွမ်းအားဖြင့် ပိတ်ဆို့ချိန်တို့၌ ကြိုးစားအားထုတ်မှု တစ်ဝက်ဖြင့် ရလဒ်နှစ်ဆ ရရှိနိုင်မည်ဟု ဆိုလို၏။ ယခင် စိတ်ဝိညာဉ်ပါရမီ ၈.၁ နှင့် နှိုင်းယှဉ်လျှင် ဤသည်မှာ အဆပေါင်းများစွာ မြှင့်တင်လိုက်ခြင်းပင် ဖြစ်သည်။

ဆိုလွန် ရုတ်တရက် အလွန်အရေးကြီးသည့် ကိစ္စတစ်ခုကို သတိရသွားသည်။ အချိန်ဖြစ်၏။

ဆိုလွန် မျက်မှောင်ကျုံ့လိုက်သည်။ "အသူရာမိစ္ဆာကြယ်... ငါတို့ ကောင်းကင်သင်္ချိုင်းထဲ ဝင်လာတာ ဘယ်လောက်ကြာသွားပြီလဲ။ ကွေ့ချင်းရှောင်းနဲ့ သိုင်းပြိုင်ပွဲအတွက် နောက်ဆုံးအချိန် ကျော်သွားပြီလား။"

အသူရာမိစ္ဆာကြယ်က ရှင်းပြသည်။ "ကျွန်တော် မသိဘူး။ ဖြစ်နိုင်တာကတော့ မကျော်သေးပါဘူး။ ကောင်းကင်သင်္ချိုင်းဆိုတာ အခြားကမ္ဘာတစ်ခုနဲ့ ဆင်တူတဲ့ လုံးဝ ပိတ်လှောင်ထားတဲ့ စွမ်းအင်နယ်မြေတစ်ခုပါ။ ဒါကြောင့် အထဲနဲ့ အပြင်က အချိန်တွေက လုံးဝ မတူညီပါဘူး။ ကောင်းကင်သင်္ချိုင်းထဲမှာ အချိန်ဆိုတဲ့ သဘောတရားတောင် မရှိလောက်ပါဘူး။"

ထိုအချက်မှာ မှန်၏။ ကောင်းကင်သင်္ချိုင်း၏ လောကမှာ စိတ်ဝိညာဉ်နယ်မြေသက်သက် ဖြစ်သည်။ ဤနေရာ၌ နေရာ သို့မဟုတ် အချိန်ဟူ၍ မရှိပေ။

ဆိုလွန်အတွက် အချိန်ကုန်ဆုံးနေသည်ဟု ခံစားရစေသည့် တစ်ခုတည်းသောအရာမှာ မြင့်မြတ်နတ်နဂါးကျောင်းတော် ယဇ်ပုရောဟိတ်ချုပ်၏ ရူးသွပ်လှသည့် စိတ်ဝိညာဉ် တိုက်ခိုက်မှုများပင်။

စိတ်ဝိညာဉ် ညှဉ်းပန်းနှိပ်စက်မှု တစ်ကြိမ် ခံစားရတိုင်း နာရီပေါင်းများစွာ ကြာမြင့်သွားသကဲ့သို့ ခံစားရ၏။

ဤအတောအတွင်း ဆိုလွန် ညှဉ်းပန်းနှိပ်စက်မှုကို ရာဂဏန်း ထောင်ဂဏန်းအထိ ခံစားခဲ့ရသည်။ ထို့ကြောင့် ဆိုလွန်မှာ ကောင်းကင်သင်္ချိုင်းထဲ၌ တစ်နှစ် သို့မဟုတ် နှစ်နှစ်လောက် ရှိနေသကဲ့သို့ ခံစား​ခဲ့ရ၏။

အသူရာမိစ္ဆာကြယ်က ဆက်ပြောသည်။ "သခင်ရဲ့ နှလုံးခုန်နှုန်းကပါ လုံးဝ ရပ်တန့်သွားတာကြောင့် အကိုးအကား ပြစရာ မရှိတော့ဘဲ လက်တွေ့မှာ အချိန်ဘယ်လောက်ကုန်သွားလဲ ကျွန်တော် မသိတော့ဘူး။ ဒါပေမဲ့ ဘယ်လောက်ပဲ ကြာသွားပါစေ ၊ သခင် အခု လုပ်ရမှာက ကပ်ဘေးကိုးသွယ်ဓားသိုင်းရဲ့ နောက်ထပ် လှုပ်ရှားမှု လေးခုကို လေ့လာဖို့ပဲ။"

အသူရာမိစ္ဆာကြယ်၏ ပြောစကားမှာ ကျိုးကြောင်းဆီလျော်၏။ အကယ်၍ လက်တွေ့မှာ အချိန်အတော်ကြာ ကုန်ဆုံးသွားပြီး ကွေ့ချင်းရှောင်းနှင့် သိုင်းပြိုင်ပွဲကို လွဲချော်သွားလျှင် ဆိုလွန် အခု အလျင်စလို ပြန်သွားလည်း အကျိုးမထူးတော့ပေ။

တစ်ဖက်၌လည်း အကယ်၍ အချိန်ကျန်နေသေးပါက သူသည် ကွေ့ချင်းရှောင်းအား သိုင်းပြိုင်ပွဲ၌ အနိုင်ယူနိုင်ရန် ကပ်ဘေးကိုးသွယ်ဓားသိုင်း၏ နောက်ထပ် လှုပ်ရှားမှုများကို ကျွမ်းကျင်အောင် လုပ်ရမည်ဖြစ်သည်။

သဘာဝကျစွာပင် ပိုမိုအရေးကြီးသည့် ပြဿနာတစ်ခုမှာ သူသည် ကောင်းကင်သင်္ချိုင်းမှ မည်သို့ ထွက်ခွာမည်နည်း။ အဘယ်ကြောင့်ဆိုသော် မည်သူကမှ ကောင်းကင်သင်္ချိုင်းမှ ထွက်မသွားနိုင်ခဲ့သောကြောင့်ပင်။

ထိပ်သီးသိုင်းပညာရှင်များပင် မတတ်နိုင်ခဲ့ချေ။

အပိုင်း ၁၇၈ ပြီး။

နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Yue

True Immortal Team

All Chapters