အခန်း ၁၇၉
Vol. 18 Ch. 179
အပိုင်း ၁၇၉
နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Yue
True Immortal Team
သို့သော် လက်ရှိအချိန်၌ ထိုကိစ္စများကို တွေးတောနေရန် အချိန်မဟုတ်ချေ။ ယခု သူ လုပ်ရမည့်အရာမှာ ဓားသိုင်းကို လေ့ကျင့်ရန်ပင်။
ကောင်းကင်သင်္ချိုင်းထဲရှိ လောကသည် ဓားသိုင်းလေ့ကျင့်ရန်အတွက် အလွန်ပင် သင့်တော်လှ၏။ အမှန်တကယ်၌ ဤနေရာသည် နက်ရှိုင်းစွာ တွေးတောဆင်ခြင်ရန်အတွက် အကောင်းဆုံးနေရာပင်။
ဤနေရာ၌ အချိန်များ ရပ်တန့်နေသကဲ့သို့ပင် ဖြစ်နေ၏။ ထို့အပြင် သူ၏ ခန္ဓာကိုယ် သွေးကြောများ ၊ စွမ်းအင် ၊ အရှိန်အဝါနှင့် အသိစိတ်တို့၏ ထက်မြက်မှုကလည်း အပြင်လောကနှင့် တစ်ထပ်တည်းကျနေသေးသည်။ သမာဓိအလင်းကမ္ဘာနှင့် လုံးဝကို ကွာခြားလှ၏။
**--**--**--**--**--**--**--**
ထို့အတွက်ကြောင့် ဆိုလွန် သူ၏ ဓားသိုင်းလေ့ကျင့်မှုအတွက် အလွန်တရာ ခြောက်ကပ်ပြီး နာကျင်ရသည့် ပတ်ဝန်းကျင်ထဲသို့ တစ်ဖန် ပြန်လည်ဝင်ရောက်သွား၏။
ကပ်ဘေးကိုးသွယ်ဓားသိုင်း၏ ဆဋ္ဌမမြောက် လှုပ်ရှားမှု... ဆိုလွန် နက်ရှိုင်းသည့် ဝမ်းနည်းပူဆွေးမှု ခံစားချက်ကို တစ်ဖန်ပြန်၍ ခံစားလိုက်ရ၏။ မရေမတွက်နိုင်သည့် အမှားများကြားမှ မှန်ကန်သည့် ခံစားချက်ကို သူ ရှာဖွေသည်။
ဆဋ္ဌမမြောက် လှုပ်ရှားမှု၏ ပထမအပြောင်းအလဲကို ဆုပ်ကိုင်နိုင်ရန်အတွက် အကြိမ်ထောင်သောင်းမက ဓားဝှေ့ယမ်း လေ့ကျင့်ရသည်။ ထို့နောက် ဒုတိယအပြောင်းအလဲကို ဆုပ်ကိုင်နိုင်ရန် အခြားအကြိမ်သောင်းချီ၍ လေ့ကျင့်ရပြန်၏။
သို့သော် လေ့ကျင့်ရန် ဓားဝှေ့ယမ်းလိုက်သည့် အကြိမ်တိုင်းက သူ၏ တစ်ကိုယ်လုံးရှိ သွေးကြောများထံသို့ နာကျင်မှု ဝေဒနာများကို ယူဆောင်လာပေးသည်။
သူ၏ ခန္ဓာကိုယ်တွင်းရှိ စွမ်းအားစက်ကွင်းကို ပြီးပြည့်စုံစွာ မျှတအောင် ထိန်းသိမ်းရန်နှင့် သူ၏ ဓားရည်ရွယ်ချက်ကို ရပ်တည်ဟန်နှင့် ပေါင်းစပ်ရန်မှာ အလွန်တရာ ခက်ခဲလွန်းလှ၏။
သို့သော်လည်း ၈.၇ သို့ တက်သွားသည့် သူ၏ စိတ်ဝိညာဉ်ပါရမီက အမှန်တကယ်ကို ကောင်းကင်ဘုံကိုပင် အာခံနိုင်လောက်အောင် စွမ်းကြောင်းကို ဆိုလွန် နက်ရှိုင်းစွာ ခံစားလိုက်ရသည်။
ယခင် သမာဓိအလင်းကမ္ဘာထဲ၌ ပဉ္စမမြောက် လှုပ်ရှားမှုကို ဆုပ်ကိုင်နိုင်ရန် သူ ခုနစ်လရှစ်လခန့် အချိန်ယူရသည်။ သို့သော် ယခုတစ်ကြိမ် ဆဋ္ဌမမြောက် လှုပ်ရှားမှုကို ဆုပ်ကိုင်နိုင်ရန်အတွက်မူ သုံးလပင် မပြည့်လိုက်ချေ။
သိသာလှစွာပင် ဤသည်မှာ ကောင်းကင်သင်္ချိုင်းထဲမှ သုံးလသာ ဖြစ်၏။ အပြင်လောက၌ အချိန်မည်မျှ ကုန်ဆုံးသွားသည်ကို သူ မသိပေ။
သတ္တမမြောက် လှုပ်ရှားမှု၏ ခက်ခဲမှုမှာ အဆပေါင်းများစွာ ပိုတိုးလာသည်။
ငါးလတိတိ ကြာပြီးနောက် ဆိုလွန် ကပ်ဘေးကိုးသွယ်ဓားသိုင်း၏ သတ္တမမြောက် လှုပ်ရှားမှုကို လုံးဝ ဆုပ်ကိုင်နိုင်သွားလေပြီ။ လက်ရှိအချိန်၌ ဆိုလွန်သည် အနည်းဆုံးတော့ ကပ်ဘေး ဓားသိုင်းနှင့် ပတ်သက်လာလျှင် လောကရှိ ဓားသမား ရှစ်ဆယ်ရာခိုင်နှုန်းကို ကျော်လွန်သွားလေပြီ။
ကွေ့ချင်းရှောင်း၏ အဆင့်မှာ အဋ္ဌမမြောက် လှုပ်ရှားမှု၏ ပဉ္စမမြောက် အပြောင်းအလဲ၌ ရှိနေသည်။ ကွေ့ချင်းရှောင်းအား အနိုင်ယူရန်အတွက် ဆိုလွန်သည် အဋ္ဌမမြောက် လှုပ်ရှားမှု တစ်ခုလုံးကို လုံးဝ ကျွမ်းကျင်ပိုင်နိုင်ရန် လိုအပ်၏။
သို့သော် အဋ္ဌမမြောက် လှုပ်ရှားမှု၏ ခက်ခဲမှုက သူ့ကို စိတ်ပျက်အားငယ်စွာဖြင့် သွေးတက်သွားစေရန် လုံလောက်လှသည်။
ယခင်က အမှား ရာဂဏန်းလောက် လုပ်မိပြီးတိုင်း မှန်ကန်သည့် မျှတမှုကို အနည်းဆုံး တစ်ကြိမ်တော့ သူ ရှာတွေ့နိုင်၏။ သို့သော် အဋ္ဌမမြောက် လှုပ်ရှားမှုကို လေ့ကျင့်နေစဉ်၌မူ အမှား ထောင်ဂဏန်းလောက် လုပ်မိပြီးသည့်တိုင် မှန်ကန်သည့် ခံစားချက်ကို မရှာတွေ့သေးချေ။
မျှတသည့် စွမ်းအားစက်ကွင်းနှင့် ဓားရည်ရွယ်ချက်ကို ပြီးပြည့်စုံစွာ ပေါင်းစပ်နိုင်ရန်ဆိုသည်မှာ ပြောစရာပင် မလိုတော့ပေ။
တစ်နှစ်တိတိ ကုန်လွန်သွားလေပြီ။ ကြိုးစားအားထုတ်မှု ၊ အာရုံခံမှုနှင့် လေ့လာမှု အကြိမ်ရေ သိန်းဂဏန်းပေါင်း မည်မျှ လုပ်ရသည်ကို သူ မသိတော့ချေ။
သူ လုံးဝ ပြိုလဲကျတော့မည့် အချိန်လေးမှာပင် ဆိုလွန်တစ်ယောက် ကပ်ဘေးကိုးသွယ်ဓားသိုင်း၏ အဋ္ဌမမြောက် ဓားလှုပ်ရှားမှု လေ့ကျင့်ခြင်းကို နောက်ဆုံး၌ အဆုံးသတ်လိုက်နိုင်သည်။
သူ ယခုချက်ချင်း ထွက်သွားသင့်လား။ သို့မဟုတ် ဆက်နေပြီး နဝမမြောက် ဓားလှုပ်ရှားမှုကို လေ့ကျင့်သင့်လား။
ဆိုလွန် တုံ့ဆိုင်းနေမိ၏။ ဤကဲ့သို့ သူ့ကိုယ်သူ ညှဉ်းပန်းနှိပ်စက်ခြင်းမျိုးက အလွန် ကြောက်မက်ဖွယ်ကောင်းလွန်းလှပြီး သူ့ကို စိတ်ဒဏ်ရာ အကြီးအကျယ် ရသွားစေသည်။
ယခင်က ယဇ်ပုရောဟိတ်ချုပ်၏ ရူးသွပ်လှသည့် ညှဉ်းပန်းနှိပ်စက်မှုကို သူ၏ စိတ်ဝိညာဉ်က မခံစားရဘူးလျှင် အဋ္ဌမမြောက် ဓားလှုပ်ရှားမှုကို လေ့လာနေစဉ်အတွင်းမှာပင် သူ လုံးဝ ပြိုလဲသွားလောက်ပြီဟု ရဲရဲကြီး ပြောနိုင်၏။
**--**--**--**--**--**--**--**
နောက်ဆုံး၌ ဆိုလွန် ဆက်လက်လေ့ကျင့်ရန် ဆုံးဖြတ်လိုက်သည်။ နဝမမြောက် လှုပ်ရှားမှု၏ ပထမဆုံး အပြောင်းအလဲကိုသာ ဆုပ်ကိုင်နိုင်လျှင်ပင် ဤသည်က အောင်မြင်မှုကြီး တစ်ခု ဖြစ်၏။
ဆိုလွန် အံကြိတ်လိုက်ပြီး နဝမမြောက် လှုပ်ရှားမှုကို စတင် လေ့လာလိုက်သည်။
သို့သော် သူ၏ ပင်ပန်းခံစားရမှုကို ကောင်းကင်ဘုံကပင် ဆက်၍ မကြည့်ရက်တော့သည့်အလား ရုတ်တရက် လောကကြီးက လည်ပတ်လှုပ်ခါလာ၏။
ကောင်းကင်သင်္ချိုင်းအတွင်းရှိ လစ်ဟာသည့် လောကကြီးမှာ ကြမ်းတမ်းစွာ ပြောင်းလဲလာသည်။ ထို့နောက် ကြောက်မက်ဖွယ်ကောင်းလောက်အောင် စူးရှသည့် အလင်းတန်းကြီးတစ်ခုက ကောင်းကင်သင်္ချိုင်းအား ရက်စက်စွာ ဆွဲဖြဲလိုက်၏။
“ဝုန်းးးးး”
လောကကြီးမှာ အပိုင်းပိုင်းအစစ ကွဲအက်သွားပြီး လေထဲ၌ လုံးဝ ပျောက်ကွယ်သွားသည်။ စူးရှသည့် အလင်းတန်းကြီးက လစ်ဟာသောလောကကို ဆွဲဖြဲပစ်ပြီးနောက် ဆိုလွန်၏ မျက်လုံးများနှင့် စိတ်ဝိညာဉ်လောကထဲသို့ ပြင်းထန်စွာ ထိုးဖောက်ဝင်ရောက်လာ၏။
သူ၏ အသိစိတ်များ တဖြည်းဖြည်း ပြန်လည်နိုးကြားလာသည်။ အနက်ရှိုင်းဆုံး အိပ်မက်တစ်ခုထဲမှ တစ်လွှာပြီးတစ်လွှာ ပြန်လည်နိုးထလာရသကဲ့သို့ ခံစားလိုက်ရ၏။
တစ်ချိန်တည်းမှာပင် လက်တွေ့လောက၌ ကောင်းကင်သင်္ချိုင်း၏ စွမ်းအင်ခေါင်းတလားကြီးမှာ တဖြည်းဖြည်း ပျောက်ကွယ်သွားနေလေပြီ။ မျက်စိတစ်မှိတ်အတွင်းမှာပင် လစ်ဟာမှု စိတ်လှည့်စားမှု တစ်ခုလုံး ပြိုလဲသွားကာ လုံးဝ ပျက်စီးသွားတော့သည်။
အိပ်မက်ဆိုးထဲမှ နိုးထလာသကဲ့သို့ ဆိုလွန် မျက်လုံးကို ခပ်ကြမ်းကြမ်း ဖွင့်လိုက်သည်။ သူ ထိုင်လိုက်ပြီးနောက် လက်တွေ့လောကသို့ နောက်ဆုံး၌ ပြန်လည်ရောက်ရှိလာလေပြီ။
ဆိုလွန် မျက်လုံးပြူးသွားသည်။ “ဟင်... ဘာဖြစ်တာလဲ။ ဘာတွေ ဖြစ်ကုန်တာလဲ။”
လက်ရှိအချိန်၌ ကောင်းကင်သင်္ချိုင်းထဲရှိ စွမ်းအင်ခေါင်းတလားကြီးမှာ လုံးဝ ပျက်စီးသွားပြီ ဖြစ်၏။ သူ၏ အောက်၌ လှပသည့် ယဇ်ပုရောဟိတ်ချုပ်မှာ မျောလွင့်နေ၏။
သူမ၏ မျက်နှာမှာ အံ့မခန်း လှပလွန်းသော်လည်း ဆံပင်တို့ကမူ လုံးဝ ဖြူစွတ်နေသည်။ သူမသည် လုံးဝ ကိုယ်လုံးတီးဖြစ်နေပြီး နတ်သမီးကဲ့သို့ သူမ၏ ခန္ဓာကိုယ်မှာ ပြီးပြည့်စုံစွာ မြင့်မြတ်နေပုံပေါ်၏။
ဤသည်မှာ မြင့်မြတ်နတ်နဂါးကျောင်းတော်၏ ထိပ်တန်းလျှို့ဝှက်ချက်အား အမွေဆက်ခံသူ ကောင်းကင်သင်္ချိုင်း ယဇ်ပုရောဟိတ်ချုပ်ပင်။
စိတ်ဝိညာဉ်လောကထဲ၌ ဆိုလွန်၏ အသေအလဲ တန်ပြန်တိုက်ခိုက်မှုကြောင့် သေဆုံးသွားရခြင်း ဖြစ်၏။
သို့သော် ဆိုလွန် သူမအပေါ်၌ မည်သည့်အမုန်းတရားမျှ မခံစားရချေ။ ဤသည်က သူမ၏ ကောင်းကင်သင်္ချိုင်း ဖြစ်ပြီး မြင့်မြတ်နတ်နဂါးကျောင်းတော်၏ ထိပ်တန်းလျှို့ဝှက်ချက် အမွေဆက်ခံရာ အမြင့်ဆုံးနေရာ ဖြစ်သည်။
ကောင်းကင်သင်္ချိုင်း ယဇ်ပုရောဟိတ်ချုပ် တစ်ယောက်အနေဖြင့် ကျောင်းတော်၏ လျှို့ဝှက်ချက်များကို ကာကွယ်ရန် ကျူးကျော်လာသူတိုင်းကို တိုက်ခိုက်ခြင်းမှာ သူမ၏ တာဝန်သာ ဖြစ်၏။
မရေမတွက်နိုင်သည့် ပြင်းထန်သော တိုက်ပွဲများအပြီး၌ သူမ မည်သို့ ရုပ်ဆင်းသွင်ပြင်ရှိသည်ကို ဆိုလွန် နောက်ဆုံး၌ မြင်တွေ့လိုက်ရသည်။ သို့သော် သူ ခဏတာမျှသာ ကြည့်ခွင့်ရလိုက်၏။
မကြာမီမှာပင် လှပလှသည့် ယဇ်ပုရောဟိတ်ချုပ်၏ ခန္ဓာကိုယ်မှာ စတင် ကွဲအက်လာသည်။ သူမသည် တစ်လက်မချင်းစီ ပြာအဖြစ် ပြောင်းလဲသွားကာ လေထဲ၌ လွင့်စဉ်သွားပြီး လုံးဝ ပျောက်ကွယ်သွားတော့သည်။
ဆိုလွန် မျက်မှောင်ကျုံ့လိုက်သည်။ “အသူရာမိစ္ဆာကြယ်... ဘာတွေ ဖြစ်နေတာလဲ။”
အသူရာမိစ္ဆာကြယ်က လေးနက်စွာ ပြောလိုက်၏။ “သခင်... ကောင်းကင်သင်္ချိုင်း ယဇ်ပုရောဟိတ်ချုပ်ရဲ့ စိတ်ဝိညာဉ် ပျက်စီးသွားပြီ။ ဒါကြောင့် ကောင်းကင်သင်္ချိုင်းက သူ့ဘာသာ ဖျက်ဆီးတဲ့ အစီအစဉ်ကို စတင်လိုက်တာပဲ။ သူ တည်ရှိတဲ့ အစအန အားလုံးကို ဖျက်ပစ်ရလိမ့်မယ်။”
ရုတ်တရက် အသူရာမိစ္ဆာကြယ်က ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။ “သခင်... သခင် မြန်မြန် ထွက်သွားဖို့ လိုပြီ။ ဒီနေရာ ပြိုကျပြီးတော့ ပျက်စီးတော့မယ်။”
အမှန်တကယ်ပင် သူ၏ ပတ်ဝန်းကျင်ရှိ စွမ်းအင်စက်ကွင်းမှာ အလွန်အမင်း ကမောက်ကမ ဖြစ်သွားသည်ကို ဆိုလွန် ခံစားလိုက်ရ၏။ သူ ချက်ချင်းပင် အပေါ်သို့ အစွမ်းကုန် အပြေးအလွှား တက်သွားလိုက်သည်။
ကောင်းကင်သင်္ချိုင်း ဂူလမ်းကြောင်းတစ်လျှောက် သူ၏ ကိုယ်ကို အပေါ်သို့ ပို၍ ပို၍ တွန်းတင်လိုက်သည်။
ပင်လယ်ကြမ်းပြင်တစ်ခုလုံး ယိမ်းထိုးနေပြီး ကွဲအက်လာသည်။
“မြန်မြန်... မြန်မြန်... မြန်မြန်...”
ဆိုလွန် ရူးသွပ်စွာ အပေါ်သို့ ရေကူးတက်သွားသည်။ မိနစ်အနည်းငယ် ကြာပြီးနောက် ပေသုံးသောင်းကျော် နက်ရှိုင်းသည့် ဂူထဲမှ သူ နောက်ဆုံး၌ လွတ်မြောက်သွားလေပြီ။
သင်္ချိုင်းတွင်းကို ဖုံးအုပ်ထားသည့် ဧရာမ ကျောက်တုံးကြီးများကို ဖြတ်ကျော်ကာ ဆိုလွန် ပင်လယ်ရေပြင်ထဲသို့ တိုးထွက်သွားလိုက်၏။
“ဝုန်းးး ဝုန်းးး”
ကျယ်လောင်သည့် အသံကြီးနှင့်အတူ ပင်လယ်ကြမ်းပြင်ကြီးမှာ ကြမ်းတမ်းစွာ ကွဲအက်သွားသည်။ ကြောက်မက်ဖွယ်ကောင်းသည့် ရေအောက်ငလျင်ကြီးတစ်ခု ဖြစ်ပေါ်လာပြီး ကောင်းကင်သင်္ချိုင်း၏ အစအနများကို လုံးဝ ဖျက်ဆီးပစ်ရန် ရည်ရွယ်ပုံရ၏။
ဆိုလွန် ရှိသမျှ အင်အားအကုန်ကိုသုံး၍ အပေါ်သို့ ကူးတက်သွားလိုက်သည်။ ဤကဲ့သို့ ငလျင်မျိုးက ဆူနာမီလှိုင်းကို သေချာပေါက် ဖြစ်ပေါ်စေပေလိမ့်မည်။ သူ ဤကပ်ဘေးမှ မဖြစ်မနေ အသက်ရှင်ကျန်ရစ်ရမည်။
ကောင်းကင်ကိုပင် တုန်လှုပ်သွားစေနိုင်သည့် ထိုမိစ္ဆာလှိုင်းတံပိုးကြီးများထက် သူ မြန်အောင် ပြေးနိုင်ရပေလိမ့်မည်။
ဆိုလွန် အရူးတစ်ယောက်ကဲ့သို့ အပေါ်သို့ ကူးတက်သွား၏။ နှစ်မိနစ် ၊ သုံးမိနစ်ခန့် ကြာပြီးနောက်... ဆိုလွန် ပင်လယ်ရေပြင်ကို ကြမ်းတမ်းစွာ ထိုးဖောက်ထွက်လာသည်။
ထိုအချိန်လေးမှာပင် ပင်လယ်ကြမ်းပြင်ရှိ ကြောက်မက်ဖွယ် ငလျင်ကြီးမှာ နောက်ဆုံး၌ အပြည့်အဝ ပေါက်ကွဲထွက်လာသည်။
“ဝုန်းးးးး”
**--**--**--**--**--**--**--**
သို့သော် ဆိုလွန် ရေပြင်ထက်သို့ ရောက်လာချိန်၌ သူ၏ ရှေ့မှောက်ရှိ မြင်ကွင်းကြောင့် လုံးဝ အံ့အားသင့်သွားကာ ရုတ်တရက် ကျောက်ရုပ်အလား တောင့်တင်းသွား၏။
ထိုနေရာ၌ လှေတစ်စင်း ရှိနေသည်။ ဓားသခင် ပိုင်ရှောင်းက ထိုလှေပေါ်၌ ရှိနေပြီး လှော်ခတ်နေ၏။ သူသည် ဆိုလွန်နှင့် ပေသုံးရာပင် မဝေးသေးချေ။
ဆိုလွန် ရေထဲမှ ထွက်ပေါ်လာသည်ကို ဓားသခင် ပိုင်ရှောင်း မြင်လိုက်ရချိန်၌ အကြီအကျယ် တုန်လှုပ်သွားရသည်။
လူနှစ်ယောက် ပင်လယ်ရေပြင်ထက်၌ တစ်ယောက်ကိုတစ်ယောက် စိုက်ကြည့်နေစဉ် သေမင်းတမန်ကဲ့သို့ တိတ်ဆိတ်မှုကြီးက သူတို့အပေါ် ကျဆင်းလာသည်။
ဆိုလွန် သူ့အား စိုက်ကြည့်လိုက်သည်။ “အဆွေတော် ဓားသခင်... ခင်ဗျား မထွက်သွားသေးဘူးလား။”
ဓားသခင် ပိုင်ရှောင်း တံတွေးမြိုချလိုက်သည်။ “ငါ... ငါ မထွက်သွားရသေးဘူး။”
သူ အမှန်တကယ်ပင် မထွက်သွားရသေးချေ။ ဆိုလွန် ကောင်းကင်သင်္ချိုင်း ခေါင်းတလားထဲ ဝင်သွားပြီးနောက် မည်သည့် တုံ့ပြန်မှုမျှ မရှိသည်ကို ဓားသခင် မြင်ရသည်။
သူ အလွန်အမင်း မကျေမနပ် ဖြစ်နေကာ ကျွန်းဆီသို့ ပြန်ရန် သူ၏ လှေကို ယခုလေးတင် စတင်လှော်ခတ်ခြင်းသာ ဖြစ်၏။
သို့သော် လှော်ခတ်နေသည်မှာ မိနစ်အနည်းငယ်ပင် မပြည့်သေးချိန်မှာပင် ဆိုလွန်က ရေထဲမှ ရုတ်တရက် ထွက်ပေါ်လာသည်။
ကောင်းကင်သင်္ချိုင်းထဲ၌ ယဇ်ပုရောဟိတ်ချုပ်နှင့် အချိန်မည်မျှကြာအောင် သူ တိုက်ခိုက်ရသည် ၊ ကပ်ဘေးကိုးသွယ်ဓားသိုင်းကို လေ့ကျင့်ရန် အချိန်မည်မျှ ယူရသည်ကို ဆိုလွန် မသိချေ။ နှစ်ပေါင်းများစွာ ကုန်လွန်သွားသကဲ့သို့ သူ ခံစားရသည်။
သို့သော် လက်တွေ့၌မူ ဤသည်က တစ်ခဏတာမျှသာ ဖြစ်ပြီး စက္ကန့်ဝက်ပင် မရှိလောက်ချေ။ ကောင်းကင်သင်္ချိုင်း၏ လောကထဲ၌ နေရာနှင့် အချိန်အပါအဝင် အရာအားလုံး ရပ်တန့်ကာ အေးခဲနေသည်။
အရာအားလုံးက အမှန်တကယ်ပင် လျှို့ဝှက်ဆန်းကြယ်လွန်းပြီး ထူးဆန်းလွန်းလှ၏။
ချက်ချင်းဆိုသလိုပင် အရေးကြီးသည့် ပြဿနာတစ်ခုကို ဆိုလွန် တွေးမိသွားသည်။ ဓားသခင် ပိုင်ရှောင်းက သတင်းပေါက်ကြားမှုကို ပိတ်ပင်ရန်အတွက် သူ့ကို သတ်ရန် တစ်ဖန် ပြန်ကြိုးစားဦးမည်လော။
ဆိုလွန် မျက်နှာမဲ့လိုက်သည်။ “အဆွေတော် ဓားသခင်... ခင်ဗျား ကျွန်တော့်ကို ထပ်သတ်ဦးမှာလား။”
ဓားသခင်က သူ၏ လက်ထဲရှိ သစ်သားဓားကို ကိုင်မြှောက်ကာ ခေါင်းရမ်းလိုက်သည်။ “မဟုတ်ဘူး... ငါ... ငါ မသိဘူး။”
“ဝုန်းးးးး”
ထိုအချိန်လေးမှာပင် ကမ္ဘာပျက်မတတ် လောကကြီးကို ဖျက်ဆီးပစ်နိုင်သည့် စွမ်းအင်ကြီးတစ်ခုက ပင်လယ်ကြမ်းပြင်အောက်မှ တက်လာသည်။
ရေအောက်ငလျင်ကြီးက ကောင်းကင်သင်္ချိုင်း၏ အစအနများကို လုံးဝ ဖျက်ဆီးပစ်လိုက်ပြီး မြေကမ္ဘာကိုပင် တုန်လှုပ်စေနိုင်သည့် ဆူနာမီလှိုင်းကို ဖြစ်ပေါ်လာစေ၏။ မိုးအထိ အမြင့်ရှိသော ကြမ်းတမ်းသည့် လှိုင်းတံပိုးကြီးများက ကောင်းကင်ယံဆီသို့ ရက်စက်စွာ ထိုးတက်လာသည်။
ဓားသခင် ပိုင်ရှောင်း လန့်ဖျပ်သွားရသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် သူ လက်လှမ်းလိုက်ပြီး ဆိုလွန်အား လှေပေါ်သို့ ခပ်ကြမ်းကြမ်း ဆွဲတင်လိုက်၏။
ထို့နောက် သူ၏ ခန္ဓာကိုယ်ထဲရှိ နဂါးစွမ်းအားများက ရူးသွပ်စွာ ပေါက်ကွဲထွက်ပေါ်လာသည်။ ဆူနာမီလှိုင်း၏ လမ်းကြောင်းမှ လွတ်ကင်းရန်အတွက် လှေအား အမြန်ဆုံးနှုန်းဖြင့် ရှေ့သို့ တွန်းပို့လိုက်သည်။
“ရွှီးးး ရွှီးးး ရွှီးးး”
ဓားသခင်၏ မောင်းနှင်မှုကြောင့် လှေမှာ တစ်စက္ကန့်လျှင် ပေရာချီ အမြန်နှုန်းဖြင့် ရှေ့သို့ ထိုးထွက်သွား၏။
သူတို့၏ အနောက်တည့်တည့်၌မူ ဆူနာမီကြီးက ပင်လယ်ရေပြင်ကို ဖြတ်သန်းတက်လာပြီး ပေထောင်ချီမြင့်သည့် ကြောက်မက်ဖွယ် လှိုင်းလုံးကြီးများကို ဖြစ်ပေါ်စေလာသည်။
မိစ္ဆာတစ်ကောင်၏ ဧရာမ ပါးစပ်ကြီးကဲ့သို့ ထိုလှိုင်းလုံးကြီးများက သူတို့ဆီသို့ လွှမ်းခြုံလာကာ လှေ ၊ ဓားသခင်နှင့် ဆိုလွန်တို့အား လုံးဝ ဝါးမျိုပစ်ရန် ဦးတည်လာနေ၏။
အပိုင်း ၁၇၉ ပြီး။
နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Yue
True Immortal Team