← Chapters

အခန်း ၁၈၀

Vol. 18 Ch. 180

အခန်း ၁၈၀

Vol. 18 Ch. 180

အပိုင်း ၁၈၀

နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Yue

True Immortal Team

ဓားသခင် ပိုင်ရှောင်းက လူမဆန်သည်အထိ လျင်မြန်လှသော်လည်း ဆူနာမီလှိုင်းကြီးဘေးမှ လွတ်မြောက်နိုင်စွမ်းတော့ မရှိနေချေ။

မျက်စိတစ်မှိတ်အတွင်းမှာပင် ဧရာမ လှိုင်းလုံးကြီးများက ဓားသခင် ၊ ဆိုလွန်နှင့် သူတို့၏ လှေအား ဝါးမျိုသွားတော့၏။

“ဝုန်းးး” ဟူသော ကျယ်လောင်သည့် အသံကြီးနှင့်အတူ ခိုင်ခံ့လှသော သစ်သားလှေကြီးမှာ စက္ကူတစ်ရွက်ကဲ့သို့ ဆုတ်ဖြဲခံလိုက်ရကာ ပျက်စီးသွားရသည်။

ဧရာမလှိုင်းလုံးကြီးများက ဆိုလွန်နှင့် ဓားသခင်အား ပင်လယ်အောက်ခြေ နက်ရှိုင်းသည့် နေရာဆီသို့ ရိုက်ချလိုက်သည်။ ရေထုကြီးက ပေါင်ထောင်ချီထက်ပင် ပို၍လေးလံလှသော အံ့မခန်း ဖိအားဖြင့် သူတို့အပေါ်သို့ ဖိချလာ၏။

အကယ်၍ ဆိုလွန်၌ သူ့ကိုယ်သူကာကွယ်ရန် ကိုယ်ပိုင်အင်အားနှင့် ခန္ဓာကိုယ်သာ မရှိပါက အစအနမကျန်အောင် ကြေမွသွားပြီး ပွဲချင်းပြီး သေဆုံးသွားပေလိမ့်မည်။

သူ၏ ခန္ဓာကိုယ်ထဲ၌ အသူရာမိစ္ဆာကြယ် ရှိနေလျှင်ပင် အသက်ရှင်ကျန်ရစ်နိုင်မည် မဟုတ်ချေ။

ဓားသခင် ပိုင်ရှောင်းတစ်ယောက် တစ်စက္ကန့်ခန့် တုံ့ဆိုင်းသွားမိ၏။ ထို့နောက် အလွန်အမင်း အစွမ်းထက်လှသည့် နဂါးစွမ်းအားများကို အသုံးပြုကာ ဆိုလွန်အား အပြည့်အဝ ကာကွယ်ပေးလိုက်သည်။

ဆိုလွန် တစ်ယောက်တည်းသာ ဖြေနိုင်မည့် မေးခွန်းများစွာ သူ့ထံ၌ ရှိနေသေးသောကြောင့် ဤသို့ ကာကွယ်ပေးလိုက်ခြင်းပင်။

“ဝုန်းးး”

ဧရာမလှိုင်းလုံးကြီးများက သူတို့၏ ခန္ဓာကိုယ်များကို ခပ်ကြမ်းကြမ်း ဝင်တိုက်သွား၏။ နဂါးစွမ်းအားများက ကာကွယ်ပေးထားသော်လည်း ကြောက်မက်ဖွယ်ကောင်းလှသည့် တိုက်ခိုက်မှုကြောင့် ဆိုလွန် ထိခိုက်ဒဏ်ရာ ရသွားဆဲပင်။

ရုတ်တရက်ဆိုသလိုပင် လောကကြီးတစ်ခုလုံး ပြောင်းပြန်လှန်သွားသကဲ့သို့ ဖြစ်သွား၏။ သူ၏ အမြင်အာရုံများ မှောင်မိုက်သွားပြီး လုံးဝ သတိလစ်သွားတော့သည်။

**--**--**--**--**--**--**--**

ဆိုလွန် မျက်လုံး ပြန်ဖွင့်လာသည့်အချိန်၌ ပိုင်ရှောင်း၏ လျှို့ဝှက်ဂူထဲရှိ နက်ရှိုင်းသော နေရာတစ်ခုသို့ ရောက်ရှိနေလေပြီ။

လက်ရှိအချိန်သည် အသက်ရှင်ခြင်းနှင့် သေဆုံးခြင်းကြားမှ အချိန်ကာလပင်။ ဤသည်က သူ၏ ဉာဏ်ပညာနှင့် ခိုင်မာသည့် စိတ်ဆန္ဒအပေါ် စမ်းသပ်မှုတစ်ခုလည်း ဖြစ်၏။

ဓားသခင် ပိုင်ရှောင်းကမူ အနီးအနား၌ တင်ပျဉ်ခွေထိုင်လျက် ရှိနေသည်။ အသက်ရှူနှုန်းကို ထိန်းညှိရန် မျက်လုံးများကိုမှိတ်ကာ တရားထိုင်နေ၏။

သူ၏ အိုမင်းနေသည့် မျက်နှာမှာ အားနည်းနေပြီး ပင်ပန်းနွမ်းနယ်နေပုံပေါ်သည်။ ဆူနာမီလှိုင်းထဲမှ ဆိုလွန်အား ကယ်တင်ရခြင်းကြောင့် ပြင်းထန်လှသည့် အတွင်းဒဏ်ရာများ ရသွားသည်မှာ သိသာလှ၏။

ဆိုလွန် သတိရလာသည်နှင့် တစ်ပြိုင်နက် ဓားသခင် ပိုင်ရှောင်းက မျက်လုံးများကို ဖွင့်လိုက်၏။ သူက တည်ငြိမ်စွာ မေးလာသည်။ “ငါ မေးဖို့ လိုသေးလား။”

ဆိုလွန်က ခေါင်းရမ်းလိုက်သည်။ “ပထမဆုံး ခင်ဗျား သိချင်တာက ကျွန်တော် ဘာလို့ အသက်ရှင်နေသေးလဲ ဆိုတာမလား။”

ဓားသခင် ပိုင်ရှောင်းက ခေါင်းညိတ်လိုက်၏။

သူ ခေါင်းရမ်းလိုက်သည်။ “ကျွန်တော်လည်း သေချာ မသိဘူး။ နံရံတွေ ၊ အဆုံးသတ်တွေ မရှိတဲ့ လစ်ဟာနေတဲ့ ထူးဆန်းတဲ့ နေရာတစ်ခုထဲမှာ ကျွန်တော် ရှိနေတာ။ ကျွန်တော် ဆက်တိုက် ပြေးနေပေမဲ့ ဘယ်တော့မှ အဆုံးမသတ်ဘူး။ တခြားဘယ်သူ့ကိုမှလည်း မမြင်ရဘူး။ ကျွန်တော်ကလွဲပြီး ဘာမှ မရှိဘူး။”

ဓားသခင် ပိုင်ရှောင်းက ထောက်ပြလိုက်သည်။ “အဲ့ဒါက ငါ မင်းကို ကောင်းကင်သင်္ချိုင်း ခေါင်းတလားထဲ ထည့်လိုက်လို့ပဲ။ မင်းမြင်ရတဲ့ လစ်ဟာနေတဲ့ လောကကြီးက မင်းရဲ့ ကိုယ်ပိုင် စိတ်ဝိညာဉ်လောကပဲ။”

ဆိုလွန် ခေါင်းညိတ်လိုက်၏။ “ဖြစ်နိုင်ပါတယ်။”

ဓားသခင် ပိုင်ရှောင်းက မျက်မှောင်ကြုတ်လိုက်သည်။ “ကောင်းကင်သင်္ချိုင်းက မင်းကို အသက်ပြန်ရှင်လာစေတာလို့ မင်း ဆိုလိုချင်တာလား။”

ဆိုလွန် ခေါင်းညိတ်လိုက်သည်။ “ကျွန်တော် လုံးဝ သေသွားတာ မဟုတ်လောက်ဘူး။ ကျွန်တော့် ခန္ဓာကိုယ်က သေသွားပေမဲ့ စိတ်ဝိညာဉ်ကတော့ မသေဘူးလေ။ ကောင်းကင်သင်္ချိုင်းထဲကို ဝင်သွားပြီးတဲ့နောက်မှာ တခြားပုံစံတစ်မျိုးနဲ့ ထာဝရအသက်ကို ကျွန်တော် ရလာတာ ဖြစ်နိုင်တယ်။”

ဆိုလွန်၏ အပြောကြောင့် ဓားသခင် ပိုင်ရှောင်းတစ်ယောက် ခဏတာမျှ စဉ်းစားခန်း ဝင်သွား၏။ သူ ဆိုလွန်အား ယုံကြည်သည် သို့မဟုတ် မယုံကြည်သည်ကိုမူ မပြောချေ။

ဓားသခင် ပိုင်ရှောင်းက ဆက်မေးလိုက်သည်။ “ဒုတိယကိစ္စ... မင်းက ဘာလို့ ကောင်းကင်သင်္ချိုင်းထဲကနေ ပြန်ထွက်လာနိုင်ရတာလဲ။ ဒီလောကကြီး တစ်ခုလုံးမှာ အဲ့ဒီထဲကနေ ဘယ်သူမှ ပြန်မထွက်လာနိုင်ဖူးဘူး။”

ဆိုလွန်က ရှင်းပြလိုက်သည်။ “ကောင်းကင်သင်္ချိုင်းထဲကို ဝင်သွားပြီးတာနဲ့ ချက်ချင်းပဲ အရမ်း အစွမ်းထက်တဲ့ စိတ်ဝိညာဉ်စွမ်းအားတွေ ရှိနေတဲ့ အမျိုးသမီးတစ်ယောက်က ကျွန်တော့်ကို တိုက်ခိုက်တယ်။”

“သူက လှုပ်လည်း မလှုပ်ရှားနိုင်သလို ကျွန်တော့်ရဲ့ စိတ်ဝိညာဉ်လောကထဲကိုလည်း မဝင်နိုင်ဘူး။ ဒါပေမဲ့ သူ့ရဲ့ စိတ်ဝိညာဉ်စွမ်းအားက အံ့မခန်းပဲ။ ကျွန်တော့်ရဲ့ စိတ်အာရုံကို အပြင်ဘက်ကနေ လှမ်းတိုက်ခိုက်တာ။”

“ခေါင်းတွေ နောက်သွားစေပြီး ဦးနှောက်ထဲကို စိတ်လှည့်စားမှု မြင်ကွင်းတွေနဲ့ ပြည့်နှက်သွားစေတယ်... ကြောက်မက်ဖွယ်ကောင်းတဲ့ အိပ်မက်ဆိုးတွေ ၊ ကျွန်တော့်ကို သွေးဆောင်ဖြားယောင်းဖို့ လှပတဲ့ မိန်းမပျိုတွေ ၊ နောက်ပြီး ကြောက်မက်ဖွယ်ကောင်းတဲ့ အသံတွေပေါ့။”

ဓားသခင် ပိုင်ရှောင်းက လေးနက်စွာ ဆိုလိုက်သည်။ “အဲ့ဒါ မြင့်မြတ်နတ်နဂါးကျောင်းတော်က ယဇ်ပုရောဟိတ်ချုပ်ပဲ။ သူက မင်းကို သတ်ချင်နေတာ။ ကောင်းကင်သင်္ချိုင်းက မြင့်မြတ်နတ်နဂါးကျောင်းတော်ရဲ့ အကြီးမားဆုံး လျှို့ဝှက်ချက်ပဲလေ။ ခွင့်ပြုချက်မရှိဘဲ ဝင်လာတဲ့သူတိုင်း သေရမယ်။”

ဆိုလွန်က ဆက်ပြော၏။ “သူက ကျွန်တော့်ကို အရူးတစ်ယောက်လို အကြိမ်ထောင်ချီ တိုက်ခိုက်တာ။ ကျွန်တော့်ရဲ့ စိတ်ဝိညာဉ်တောင် ပြိုကွဲတော့မလို့ပဲ။ ကျွန်တော့် စိတ်အာရုံကို လုံးဝ ဖျက်ဆီးပစ်ဖို့ နောက်ဆုံးအနေနဲ့ တစ်ကြိမ် ထပ်တိုက်ခိုက်ချင်တာ။”

ဓားသခင် ပိုင်ရှောင်းက စိတ်ဝင်တစား မေးလိုက်သည်။ “သူ့ရဲ့ သေမင်းတမန်တိုက်ခိုက်မှုအတွက် ဘယ်လို မြင်ကွင်းမျိုးကို အသုံးပြုတာလဲ။”

ဆိုလွန်က လေးတွဲစွာ ပြောလိုက်သည်။ “ကျွန်တော့်ရဲ့ အနက်ရှိုင်းဆုံး ၊ အကြောက်မက်ဖွယ်အကောင်းဆုံး အိပ်မက်ဆိုးပဲ... ကျွန်တော့် အစ်မဖြစ်သူက မျက်စိရှေ့မှာတင် ကိုယ့်ကိုယ်ကိုယ် သတ်သေသွားတဲ့ မြင်ကွင်းပေါ့။”

ဓားသခင် ပိုင်ရှောင်းက ခဏတာမျှ တိတ်ဆိတ်သွား၏။ ထို့နောက် ဆိုလွန်အား တုံ့ဆိုင်းစွာ မေးလိုက်သည်။ “မင်းမှာ... မင်းရဲ့ အစ်မအပေါ် တားမြစ်ထားတဲ့ ခံစားချက်တွေ ရှိနေတာလား။”

ထိုသို့ ဆိုလိုသည့် ‘အစ်မ’ ဆိုသည်မှာ ဆိုနင်ပင်းကို ပြောခြင်းပင်။

ဆိုလွန်က ဝမ်းနည်းနာကျင်နေသည့် မျက်နှာအမူအရာဖြင့် ခေါင်းညိတ်လိုက်၏။ သိသာလှစွာပင် သူသည် ဆိုလွန်အဖြစ် ဟန်ဆောင်နေခြင်းသာ ဖြစ်သောကြောင့် ဆိုနင်ပင်းနှင့် မည်သည့် သွေးသားတော်စပ်မှုမျှ မရှိဆိုသော အမှန်တရားကိုမူ ဓားသခင်အား ဖွင့်ပြောပြလိမ့်မည် မဟုတ်ချေ။

ဤအမှောင်ကျနေသည့် လျှို့ဝှက်ချက်အား တမင်သက်သက် မျှဝေလိုက်ခြင်းအားဖြင့် အဘိုးအို၏ ယုံကြည်မှုကို ရရှိရန် ပိုမိုလွယ်ကူသွားမည်ဖြစ်ကြောင်း သူ သိထား၏။

သို့သော်... အံ့အားသင့်ဖွယ်ရာ ကိစ္စတစ်ခု ဖြစ်ပျက်သွား၏။ ဓားသခင်၏ မျက်နှာထက်၌ ကြီးမားလှသော နာကျင်မှုနှင့် ဝမ်းနည်းမှုများက ရုတ်တရက် ပြည့်နှက်သွားသည်။

နာကျင်မှုနှင့် ပျော်ရွှင်မှုတို့ ရောယှက်နေသည့် အမှတ်တရများက အိုမင်းနေသော မျက်လုံးများထဲ၌ လျှင်မြန်စွာ ဖြတ်သန်းသွား၏။

ဆိုလွန် ရင်ထဲ၌ တုန်လှုပ်သွားရသည်။ မသိသင့်သော လျှို့ဝှက်ချက်တစ်ခုကို ယခုလေးတင် သိလိုက်ရသကဲ့သို့ ခံစားလိုက်ရ၏။

ဓားသခင်က အဘယ်ကြောင့် မိသားစုပိုင် နယ်မြေကို စွန့်လွှတ်ရန် ဆန္ဒရှိခဲ့ရသနည်း။ သူ့ထံ၌လည်း တားမြစ်ထားသည့် ချစ်ခြင်းမေတ္တာမျိုး ရှိနေခဲ့သောကြောင့်လော။

တော်ဝင်မိသားစုက ထိုလျှို့ဝှက်ချက်ကို သိသွားခဲ့သည်လား။ အကယ်၍ သူသာ မြင့်မြတ်ဟန်ဆောင်ကာ နယ်မြေကို မစွန့်လွှတ်ခဲ့ပါက သူနှင့် ချစ်သူတို့ လုံးဝ ဖျက်ဆီးခံလိုက်ရမည် ဖြစ်သောကြောင့်လော။

ဤသည်က ပိုင်ရှောင်း နယ်မြေကို စွန့်လွှတ်ခဲ့ရခြင်း၏ နောက်ကွယ်မှ အစစ်အမှန် လျှို့ဝှက်ချက်များ ဖြစ်နေနိုင်မည်လော။

တုန်လှုပ်သွားသည့် အမူအရာတစ်ခုက ဆိုလွန်၏ မျက်နှာထက်၌ ဖြတ်သန်းသွားသော်လည်း လျှင်မြန်စွာ ဖုံးကွယ်လိုက်၏။ ဘာမှ မသိလိုက်သကဲ့သို့သာ ဟန်ဆောင်နေလိုက်သည်။

ဓားသခင် ပိုင်ရှောင်းကလည်း သူ၏ ခံစားချက်များကို လျှင်မြန်စွာ ဖုံးကွယ်လိုက်၏။ “ပြီးတော့ကော။”

ဆိုလွန်က ဆက်ဖြေသည်။ “ပြီးတော့ ယဇ်ပုရောဟိတ်ချုပ်က သူ့ရဲ့ သေမင်းတမန်တိုက်ခိုက်မှုကို ပြုလုပ်လာချိန်မှာ ကျွန်တော် တန်ပြန်တိုက်ခိုက်ပြီး သတ်လိုက်တာပဲ။”

ဓားသခင်က ခေါင်းရမ်းလိုက်သည်။ “မဖြစ်နိုင်ဘူး။ မြင့်မြတ်နတ်နဂါးကျောင်းတော်က ယဇ်ပုရောဟိတ်ချုပ်တစ်ယောက်ရဲ့ စိတ်ဝိညာဉ်စွမ်းအားက မင်းထက် အဆပေါင်းထောင်ချီ ပိုပြီးအားကောင်းတယ်။ သူတို့ရဲ့ ယုံကြည်ချက်က စင်ကြယ်ပြီး စိတ်ဆန္ဒကလည်း တုန်လှုပ်လို့ မရဘူး။ မင်းက တန်ပြန်တိုက်ခိုက်နိုင်စရာ အကြောင်းကို မရှိတာ။”

ဆိုလွန်က အေးအေးလူလူ ဆိုလိုက်၏။ “ခင်ဗျား မှန်ပါတယ်။ ဒါပေမဲ့ သူ့ရဲ့ အားအကောင်းဆုံး အချိန်က အားအနည်းဆုံး အချိန်လည်း ဖြစ်နေတာပဲ။ ကျွန်တော့်ကို သေမင်းတမန်တိုက်ခိုက်မှု လုပ်လာတဲ့အချိန်မှာ ကာကွယ်မှုတွေ အကုန်လုံးကို ချထားတယ်။”

ဓားသခင်က ခေါင်းညိတ်သည်။ “ဒါကတော့ ဟုတ်နိုင်တယ်။ ဒါပေမဲ့ ဒီလိုဆိုရင်တောင်မှ မင်းရဲ့ စိတ်ဝိညာဉ်စွမ်းအားက သူ့ရဲ့ စိတ်ဝိညာဉ်လောကကို ကမောက်ကမဖြစ်အောင် လုပ်နိုင်ဖို့ အထိ အရမ်းအားနည်းလွန်းနေသေးတယ်။”

ဆိုလွန်က ပြုံးလိုက်သည်။ “ဟုတ်ပါတယ်။ ဒါပေမဲ့ သူ့ရဲ့ ကိုယ်ပိုင်အင်အားကို သူ့အပေါ် ပြန်အသုံးချလိုက်မယ်ဆိုရင်ကော။ ဧရာမအင်အားကြီးကို ဆွဲထုတ်ဖို့အတွက် သေးငယ်တဲ့ စိတ်ဝိညာဉ်တိုက်ခိုက်မှုလေးတစ်ခုကို ကျွန်တော် အသုံးပြုလိုက်တာ။”

“ကျွန်တော့်ကို တိုက်ခိုက်တဲ့အချိန်မှာ သူ ထုတ်လွှတ်လိုက်တဲ့ ဧရာမအင်အားကြီးက မတည်ငြိမ်ဘူးလေ။ ကျွန်တော်အနေနဲ့ မှန်ကန်တဲ့ စွမ်းအင်စီးဆင်းမှုကို ရှာတွေ့ထားသရွေ့ သူ့ရဲ့ ကိုယ်ပိုင်အင်အားက သူ့အပေါ်ကို ပြန်လည်သက်ရောက်သွားအောင် လုပ်ဖို့ လွယ်ကူပါတယ်။”

ဓားသခင် ပိုင်ရှောင်းသည် စိတ်ဝိညာဉ်လောကနှင့် ပတ်သက်၍ ဓားပညာလောက်တော့ ကျွမ်းကျင်စွာ မသိထားချေ။

သို့သော် လောက၏ အကောင်းဆုံး ဓားသမားတစ်ယောက်အနေဖြင့် သိုင်းပညာများက နောက်ဆုံး၌ စိတ်ဝိညာဉ်လောကဆီသို့ ရောက်ရှိသွားသည်။ ထို့အတွက်ကြောင့် စိတ်ဝိညာဉ်နှင့် ပတ်သက်၍ များစွာ သိထားဆဲပင်။

မျက်လုံးများကို မှိတ်ကာ ထိုကိစ္စအား တွေးတောလိုက်၏။ ဆိုလွန်၏ အဖြေက အမှန်တကယ်ပင် ဖြစ်နိုင်ချေရှိကြောင်းကို ဓားသခင် သဘောပေါက်သွားသည်။

ဓားသခင်က သံသယဖြင့် မေးလိုက်သည်။ “ဒီလိုဆိုရင်တောင် သူ့ရဲ့ စိတ်ဆန္ဒက ခိုင်မာတယ်။ ဘယ်လိုလုပ် အလွယ်တကူ ပြိုလဲသွားနိုင်မှာလဲ။ မြင့်မြတ်နတ်နဂါးကျောင်းတော်ရဲ့ ယဇ်ပုရောဟိတ်ချုပ်တစ်ယောက်ရဲ့ ယုံကြည်ချက်က အံ့မခန်း စင်ကြယ်ပြီး ခိုင်မာတယ်လေ။”

ဆိုလွန်က ပြုံး၍ ပြောလိုက်သည်။ “ဘာလို့လဲဆိုတော့ သူ့ရဲ့ ကိုယ်ပိုင်အမှတ်တရတွေထဲကနေ ကျွန်တော် ဆွဲထုတ်လိုက်တဲ့ အိပ်မက်ဆိုးက သူ့ရဲ့ ယုံကြည်ချက်ကို လုံးဝ ဖျက်ဆီးပစ်လိုက်လို့ပဲ။”

ဓားသခင်က တအံ့တဩဖြင့် မေးသည်။ “ဘယ်လို အိပ်မက်ဆိုးလဲ။”

ဆိုလွန်က လေးနက်စွာ ပြောလိုက်၏။ “အသက် သုံးနှစ်အရွယ်တုန်းက မိဘတွေ အသတ်ခံခဲ့ရတယ်။ ပြီးတော့ အဲ့ဒီလူသတ်သမားက သူ့အချစ်ရဆုံး ဆရာသခင်ပဲ။ တစ်သက်တာလုံး သူ့ရဲ့ စံပြသူရဲကောင်း ဖြစ်ခဲ့တဲ့... မြင့်မြတ်နတ်နဂါးကျောင်းတော်ရဲ့ မဟာကျင့်ကြံသူလေ။”

“ဪ...” ဤအမှန်တရားက မည်သူ့၏ ယုံကြည်ချက်နှင့် လောကအမြင်ကိုမဆို သေချာပေါက် ဖျက်ဆီးပစ်ပေလိမ့်မည်။

ထို့အပြင် မြင့်မြတ်နတ်နဂါးကျောင်းတော်၏ ယဇ်ပုရောဟိတ်ချုပ်တစ်ယောက်အနေဖြင့် ယုံကြည်ချက် ဆုံးရှုံးသွားသည်နှင့် တစ်ပြိုင်နက် စိတ်ဝိညာဉ်လောကသည်လည်း လုံးဝ ပြိုကျသွားရမည် ဖြစ်၏။

အဘယ်ကြောင့်ဆိုသော် သူမ၏ ယုံကြည်ချက်က အရာရာဖြစ်နေသောကြောင့်ပင်။

ဓားသခင်၏ စူးရှသည့် အကြည့်များက နောက်ဆုံး၌ ပြေလျော့လာ၏။

ထို့နောက် ဓားသခင်က ဆက်မေးသည်။ “မင်း ကောင်းကင်သင်္ချိုင်းထဲကနေ ဘယ်လို ထွက်လာတာလဲ။ ဒီလောကမှာ ဘယ်သူမှ ပြန်မထွက်လာနိုင်ဘူးလေ။”

အပိုင်း ၁၈၀ ပြီး။

နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Yue

True Immortal Team

All Chapters