အခန်း (၁၈၉+၁၉၀)
Vol. 19 Ch. 189+190
အပိုင်း ၁၈၉ + ၁၉၀
နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Yue
True Immortal Team
စင်အောက်ရှိ လူတိုင်းမှာ အိပ်မက်မက်နေသည့်အလား လုံးဝကို မှင်တက်သွားကြရသည်။
ကွေ့ချင်းရှောင်းအား အမြဲလိုလို မုန်းတီးတတ်သည့် အထက်တန်းလွှာ အမျိုးသမီးများပင်လျှင် မျက်လုံးများ ဝေဝါးကာ ဖမ်းစားခံလိုက်ကြရ၏။
ဓားသိုင်းပညာသည် အနုပညာတစ်ခုကဲ့သို့ လှပနိုင်မည်ဟု သူတို့ တစ်ခါမှ မတွေးခဲ့ဖူးကြချေ။ လူအုပ်ကြီးမှာ လုံးဝကို အံ့ဩမှင်တက်သွားကြရသည်။
ယခင်က သူတို့မှာ ကွေ့ချင်းရှောင်း၏ အလှတရားကိုသာ ဂရုစိုက်ခဲ့ကြ၏။ သူမ၏ ဓားသိုင်းမှာ ဤမျှလောက် ထက်မြက်ပြီး အံ့မခန်းဖြစ်နေလိမ့်မည်ဟု ဘယ်တုန်းကမှ မထင်မှတ်ထားခဲ့ကြပေ။
သို့သော်... ကပ်ဘေးကိုးသွယ်ဓားသိုင်းကို အသုံးပြုပြီး ဆယ်ရက်အတွင်း ကွေ့ချင်းရှောင်းအား အနိုင်ယူမည်ဟု ကြွေးကြော်ထားသည့် ဆိုလွန်ကမူ ဘယ်ရောက်နေသနည်း။
သူ လုံးဝ အံ့အားသင့်နေပုံရ၏။ သူ မလှုပ်မယှက် ရပ်နေဆဲပင်။ သူ တန်ပြန်တိုက်ခိုက်မှု တစ်ချက်လေးမှ မလုပ်သလို ဓားကိုလည်း တစ်ကြိမ်မှ မဝှေ့ယမ်းချေ။
ယခုအချိန်၌ ဆိုလွန်အား အားပေးသည့် အမျိုးသမီးများပင် ဆက်မကြည့်ရက်နိုင်တော့ချေ။ ကြည့်ရှုနေသူ အားလုံးအတွက်မူ ဆိုလွန်မှာ ပြန်လည်တိုက်ခိုက်ခြင်းပင် မရှိဘဲ ရှုံးနိမ့်တော့မည့်ပုံ ပေါ်နေသည်။ အစမှအဆုံးတိုင် သူ ဓားကို မဆွဲထုတ်ဘဲ ငြိမ်သက်စွာ ရပ်နေ၏။
ကပ်ဘေး တတိယဓား။
ကပ်ဘေး စတုတ္ထဓား။
ကပ်ဘေး ပဉ္စမဓား။
ကပ်ဘေး ဆဋ္ဌမဓား။
ကပ်ဘေး သတ္တမဓား။
ကွေ့ချင်းရှောင်းမှာ ရှိနေသူအားလုံး၏ မျက်လုံးများကို ဖမ်းစားထားကာ သူမ၏ ခမ်းနားလှသည့် ပြသမှုကို ဆက်လက် လုပ်ဆောင်နေသည်။
ဆိုလွန်ကမူ လုံးဝ မှင်တက်နေဆဲပင်။ သူ မလှုပ်မယှက် ရပ်နေဆဲဖြစ်ကာ ကွေ့ချင်းရှောင်း၏ လှပသည့် ခန္ဓာကိုယ်လေးအား မျက်တောင်မခတ်တမ်း စိုက်ကြည့်နေ၏။
တစ်ချိန်တည်းမှာပင် ကွေ့ချင်းရှောင်း ကန်လိုက်သော ပုလင်းထဲမှ တောက်ပသည့် ဝိုင်နီများမှာလည်း လုံးဝ ခန်းခြောက်လုနီးပါး ဖြစ်နေလေပြီ။ အချိန်မှာ နောက်ဆုံး၌ ကုန်ဆုံးတော့မည် ဖြစ်သည်။
ကွေ့ချင်းရှောင်း အေးစက်စွာ ပြောလိုက်သည်။ “ပြပွဲ ပြီးပြီ။ အခုက သတ်ရမဲ့အချိန်ပဲ။ ဆိုလွန်... ငါ့ကို စော်ကားတဲ့ တန်ဖိုးကို ပြမယ်။ ကပ်ဘေးကိုးသွယ်ဓားသိုင်းဆိုတာ ဘယ်သူမဆို သင်ယူလို့ရတဲ့အရာ မဟုတ်ဘူးဆိုတာ ပြရသေးတာပေါ့။”
ထို့နောက် အခမ်းနားဆုံး မြင်ကွင်းက ထွက်ပေါ်လာ၏။
ကွေ့ချင်းရှောင်းက သူမ၏ ဓားဖြင့် မြေပြင်ကို ထောက်လိုက်သည်။ ခွန်အားများကို စုစည်းကာ လေပေါ်သို့ ပေါ့ပါးစွာ ခုန်တက်သွား၏။
သူမ၏ ဓားထိပ်ဖျားဖြင့် မြေပြင်ကို သုံးပေခြားတစ်ခါ ထောက်လိုက်ပြီး ထိုအသေးစား တွန်းကန်အားကို အသုံးပြုကာ သူမ၏ ခန္ဓာကိုယ် တစ်ခုလုံးကို လေထဲ၌ လွင့်မျောနေလိုက်သည်။
သူမသည် နဂါးစွမ်းအားကို တစ်စက်လေးမျှ အသုံးမပြုဘဲ ဆိုလွန်ရှိရာဆီသို့ တည့်တည့် ပျံသန်းလာ၏။
ထိုအရာကို မြင်သောအခါ လူအုပ်ကြီးက မတ်တပ်ရပ်သွားကြပြီး အံ့အားသင့်စွာဖြင့် အော်ဟစ်လိုက်ကြ၏။ ဤအံ့မခန်း မြင်ကွင်းကို သူတို့ မယုံကြည်နိုင်ကြချေ။
သူမ အမှန်တကယ်ပင် လေထဲ၌ လျှောတိုက် ပျံသန်းနေခြင်း ဖြစ်သည်။
ဤသည်က ကပ်ဘေးကိုးသွယ်ဓားသိုင်း၏ အဋ္ဌမမြောက် တိုက်ကွက်ပင်။ ယုံကြည်နိုင်စရာ မရှိလောက်အောင် တုန်လှုပ်ဖွယ်ကောင်းကာ ပြိုင်ဘက်ကင်းလှ၏။ မျက်စိတစ်မှိတ်အတွင်းမှာပင် ကောင်းကင်ဘုံမှ ပျံသန်းလာသည့် နတ်သမီးလေးတစ်ပါး အလား ကွေ့ချင်းရှောင်းသည် ဆိုလွန်၏ အရှေ့တည့်တည့်သို့ လျှောတိုက် ရောက်ရှိလာသည်။
ကွေ့ချင်းရှောင်း မဲ့ပြုံး ပြုံးလိုက်သည်။ “နင့် ခြေထောက်တွေကို နှုတ်ဆက်လိုက်တော့။ အများကြီး နာလိမ့်မယ်။”
သူမ၏ လှပသည့် မျက်လုံးများက အေးစက်သွားပြီး သစ်သားဓားကို စက်ဝိုင်းပြည့် တစ်ပတ် ဝှေ့ယမ်းလိုက်၏။
ဤသည်မှာ ကပ်ဘေးကိုးသွယ်ဓားသိုင်း ၊ အဋ္ဌမမြောက် တိုက်ကွက်၏ ဆဋ္ဌမမြောက် အပြောင်းအလဲပင်။
ကွေ့ချင်းရှောင်း တစ်ခါမှ ဤတိုက်ကွက်အား အောင်မြင်စွာ အသုံးမပြုနိုင်ခဲ့ဖူးချေ။ သို့သော် ယနေ့၌မူ သူမ အတင်းအကျပ် ဖော်ထုတ်လိုက်သည်။ ဤတိုက်ကွက်ဖြင့် တိုက်ပွဲကို အဆုံးသတ်ကာ ဆိုလွန်၏ ခြေထောက်များကို ဖြတ်ပစ်ချင်နေ၏။
သူမ၏ အခမ်းနားဆုံး ပြသမှု အထွတ်အထိပ်၌ တိုက်ပွဲကို အဆုံးသတ်ခြင်းမှာ သူမအတွက်တော့ အကောင်းဆုံးသော အဆုံးသတ်ပင်။
သို့သော် ဤသည်ကလည်း ဆိုလွန် အတိအကျ စောင့်ဆိုင်းနေသည့် အချိန်ပင် ဖြစ်သည်။
သူ၏ လက်မောင်းရှိ သွေးကြောများ ပျက်စီးနေသဖြင့် ကပ်ဘေးကိုးသွယ်ဓားသိုင်းအား လွယ်ကူစွာ အသုံးမပြုနိုင်ချေ။ ထို့အတွက်ကြောင့် ကွေ့ချင်းရှောင်းဘက်မှ အားနည်းချက် ပြလာမည့် အချိန်ကို စောင့်ဆိုင်းရမည် ဖြစ်၏။
သူမသည် မောက်မာလွန်းလှသဖြင့် အဋ္ဌမမြောက် တိုက်ကွက်၏ ဆဋ္ဌမမြောက် အပြောင်းအလဲအား ကျိန်းသေပေါက် အသုံးပြုလိမ့်မည်ဟု သူ မှန်းဆထားသည်။
မကျွမ်းကျင်သေးသည့် တိုက်ကွက်ကို အတင်းအကျပ် အသုံးပြုခြင်းက အားနည်းချက်ကို ဖြစ်ပေါ်စေလိမ့်မည်။ ထိုအားနည်းချက် ပေါ်လာချိန်မှာ သူ၏ တန်ပြန်တိုက်ခိုက်မှုအတွက် အခွင့်အရေးပင်။
ကွေ့ချင်းရှောင်း၏ သစ်သားဓားက ဆိုလွန်၏ ခြေထောက်များဆီသို့ လပြည့်ဝန်း တစ်ခုကဲ့သို့ ဦးတည်လာသည်။ လျှပ်စီးကဲ့သို့ မြန်ဆန်လွန်းလှကာ ရှောင်တိမ်းရန် မဖြစ်နိုင်ချေ။
ချက်ချင်းပင် အလွန်တရာ အားကောင်းလှသည့် စိတ်ဝိညာဉ်စွမ်းအား တစ်ခုက ဆိုလွန်၏ စိတ်ထဲ၌ ပေါက်ကွဲထွက်လာ၏။ သူ၏ မျက်လုံးထဲ၌ ကွေ့ချင်းရှောင်း၏ လှုပ်ရှားမှု အားလုံးမှာ ရုတ်တရက် အလွန် နှေးကွေးသွားသည်။
ထိုအခိုက်၌မှာပင် ဆိုလွန်သည်လည်း သူ၏ ဓားကို ဆွဲထုတ်လိုက်ကာ ကပ်ဘေးကိုးသွယ်ဓားသိုင်း ၊ နဝမမြောက် တိုက်ကွက်၏ ပထမဆုံး အပြောင်းအလဲအား အသုံးပြုလိုက်သည်။
ဤတိုက်ကွက်ကို သူ ယခင်က လေ့ကျင့်ခဲ့ဖူးသော်လည်း တစ်ခါမှ မအောင်မြင်ခဲ့ချေ။
အမှန်တကယ်၌ သူမအား အနိုင်ယူရန် ဤတိုက်ကွက်ကို အသုံးပြုရန်ပင် မလိုအပ်နေပေ။ သို့သော် ကွေ့ချင်းရှောင်း မောက်မာသကဲ့သို့ သူသည်လည်း မောက်မာသူ ဖြစ်၏။ သူမကို အမှိုက်ကဲ့သို့ ချေမှုန်းပစ်ချင်ကာ အရှုံးကို ဝန်ခံလာအောင် လုပ်ပစ်ချင်သည်။
ရွှီးးးး
ဆိုလွန်က ဓားကို အပြင်းအထန် ထိုးသွင်းလိုက်၏။ သူ၏ ဓားထိပ်ဖျားက ကွေ့ချင်းရှောင်း၏ ဓားထိပ်ဖျားဆီသို့ တည့်မတ်စွာ ဝင်ရောက်သွားသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ဓားနှစ်လက် ထိပ်တိုက် တွေ့သွားကြ၏။
ရိုက်ခတ်သွားသည့် အရှိန်ကို အသုံးချကာ ဆိုလွန် လေပေါ်သို့ ပေအနည်းငယ်ခန့် ခုန်တက်သွားသည်။ သူ၏ ခုန်ပေါက်မှု အထွတ်အထိပ်သို့ ရောက်ချိန်၌ ဓားကို တင်းကြပ်စွာ ဆုပ်ကိုင်လိုက်ပြီး အပေါ်စီးမှနေ၍ အပြင်းအထန် ခုတ်ချလိုက်၏။
ရလာဒ်အနေဖြင့် ကွေ့ချင်းရှောင်း အတင်းအကျပ် ဖော်ထုတ်ထားသည့် တိုက်ကွက်မှာ ပျက်စီးသွားရသည်။ သူမ ဟန်ချက်ပျက်သွား၏။ သူမ ခန္ဓာကိုယ်၏ သွေးကြောများမှာ အဆုံးစွန်ထိ တွန်းပို့ခံလိုက်ရပြီး ပြတ်တောက်တော့မည့် အခြေအနေသို့ ရောက်သွားသည်။
သူမ ကိုယ်သူမ လုံးဝ ထိန်းချုပ်နိုင်စွမ်း ကင်းမဲ့သွားလေပြီ။
လေပေါ်မှနေ၍ ဆိုလွန်၏ သစ်သားဓားက ဉာဏ်ပါပါနှင့် သိမ်မွေ့လှသည့် စွမ်းအားတစ်ခုကို အသုံးပြုကာ သူမ၏ ရင်ဘတ်အလယ်တည့်တည့်အား ညင်သာစွာ ခေါက်လိုက်၏။
ဝုန်းးးး
ချက်ချင်းပင် ကွေ့ချင်းရှောင်း၏ နုနယ်သည့် ခန္ဓာကိုယ်လေးမှာ ပေအနည်းငယ်ခန့် အနောက်သို့ လွင့်ထွက်သွားပြီး ဓားစင်မြင့်ပေါ်မှ လုံးဝ ပြုတ်ကျသွားရသည်။
မြေပြင်ပေါ်သို့ အသံအကျယ်ကြီး မြည်ဟည်းလျက် ပြင်းထန်စွာ ရိုက်ခတ်သွား၏။
တစ်ချိန်တည်းမှာပင် ဆိုလွန်က လေထဲ၌ ဒီဂရီ ၁၈၀ ခန့် လှည့်ပတ်လိုက်ပြီး သစ်သားဓားကို ကိုင်ဆောင်လျက် သူ၏ ခြေထောက်နှစ်ဖက်ဖြင့် ညင်သာတည်ငြိမ်စွာ ဆင်းသက်လာလိုက်သည်။
မလှမ်းမကမ်း၌မူ ပုလင်းထဲမှ ဝိုင်နီ၏ နောက်ဆုံး အစက်လေး ကျဆင်းသွား၏။
တိုက်ပွဲ ပြီးဆုံးသွားလေပြီ။ သူမ၏ အခမ်းနားဆုံး ပြသမှု အချိန်လေး၌ပင် ကွေ့ချင်းရှောင်းတစ်ယောက် စက္ကန့်ပိုင်းအတွင်း အရေးနိမ့်သွားရသည်။
**--**--**--**--**--**--**--**
အရာအားလုံးက အလွန်မြန်ဆန်လွန်းလှ၏။ တိုက်ပွဲ ပြီးဆုံးသွားချိန်၌ နေမင်းကြီးပင် လုံးဝ မဝင်သေးချေ။ အစမှအဆုံးတိုင် တိုက်ပွဲသည် သွေးကဲ့သို့ နီရဲနေသည့် ဝိုင်ပုလင်း ခန်းခြောက်သွားသော အချိန် အတိအကျသာ ကြာမြင့်လိုက်ခြင်း ဖြစ်သည်။
လူအုပ်ကြီးမှာ ကွေ့ချင်းရှောင်း၏ လှပသည့် ပြသမှုကြောင့် အံ့အားသင့်မှုထဲ၌ နစ်မြုပ်နေဆဲပင်။ ထို့နောက်... လုံးဝ မလှုပ်ရှားသည့် ဆိုလွန်က ရုတ်တရက် တိုက်ခိုက်လာ၏။
မျက်စိတစ်မှိတ်အတွင်းမှာပင် တုန်လှုပ်ဖွယ် ကောင်းလှသည့် ထက်မြက်သော ဓားချက်တစ်ချက်ကို ဖော်ထုတ်လိုက်သည်။
ကွေ့ချင်းရှောင်း ရှုံးနိမ့်သွားလေပြီ။
သူမ၏ ခမ်းနားလှသည့် ပြသမှုကို အဆုံးသတ်ကာ ဆိုလွန်၏ ခြေထောက်များကို ဖြတ်တော့မည့် အချိန်လေးမှာပင် သူမ ရှုံးနိမ့်သွားခြင်း ဖြစ်၏။
လူအုပ်ကြီးမှာ တုံ့ပြန်ရန်ပင် အချိန်မရလိုက်ချေ။ သူမ၏ လှပသည့် ခန္ဓာကိုယ်လေး မြေပြင်နှင့် ရိုက်မိသွားချိန်၌ မယုံကြည်နိုင်စွာဖြင့် သူတို့၏ မျက်လုံးများ ပြူးကျယ်သွားကြသည်။
ကွေ့ချင်းရှောင်း ရှုံးနိမ့်သွားသည်လော။ ဤသည်က မည်သို့ ဖြစ်နိုင်မည်နည်း။
အစောက ကွေ့ချင်းရှောင်းကို အနိုင်ယူရန် ဆိုလွန် အသုံးပြုခဲ့သည့် ဓားချက်... ထိုအရာကရော ကပ်ဘေးကိုးသွယ်ဓားသိုင်းလော။
ဟုတ်၏။ ကျိန်းသေပေါက် ထိုဓားသိုင်းပင် ဖြစ်သည်။ ကွေ့ချင်းရှောင်း အသုံးပြုသည့် ဓားသိုင်းနှင့် တူညီနေကာ ပြုတ်ကျလာသည့် ဥက္ကာပျံတစ်ခုကဲ့သို့ တုန်လှုပ်ဖွယ် ကောင်းလွန်းလှ၏။
သို့သော်... မည်သို့လုပ်ပြီး ဖြစ်နိုင်မည်နည်း။
ကွေ့ချင်းရှောင်း၏ ပြသမှုအတွင်း ဆိုလွန်က လုံးဝ မှင်တက်နေကာ အနည်းငယ်မျှပင် ပြန်လည် တိုက်ခိုက်ခြင်း မရှိချေ။ သူက မည်သို့လုပ် ရုတ်တရက် အဆုံးသတ် ဓားချက်ကို ဖော်ထုတ်လိုက်နိုင်ရသနည်း။
သူတို့ အိပ်မက် မက်နေကြသည်လော။
နောက်တစ်ကြိမ် ဓားစင်မြင့် တစ်ခုလုံး၌ အကြွင်းမဲ့ တိတ်ဆိတ်ခြင်းများ ကြီးစိုးသွားပြန်သည်။ လူအုပ်ကြီးမှာ လုံးဝ ဆွံ့အကာ စိုက်ကြည့်နေကြရုံသာ တတ်နိုင်ကြ၏။
**--**--**--**--**--**--**--**
အထိတ်လန့်ဆုံးသူမှာ ကွေ့ချင်းရှောင်းပင်။ အဋ္ဌမမြောက် တိုက်ကွက်၏ ဆဋ္ဌမမြောက် အပြောင်းအလဲအား အတင်းအကျပ် ဖော်ထုတ်လိုက်သဖြင့် သူမ၏ ကိုယ်ပိုင် သွေးကြောများကို ဆိုးရွားစွာ ဒဏ်ရာရသွားစေသည်။
ထိုအပေါ်သို့ ဆိုလွန်၏ ရုတ်တရက် အသေအလဲ တန်ပြန်တိုက်ခိုက်မှု ထပ်ပေါင်းလိုက်သည့်အခါ သူမ၏ တိုက်ကွက်မှာ ချက်ချင်းဆိုသလို ပျက်စီးသွားရ၏။
သူမ ခန္ဓာကိုယ် တစ်ခုလုံးရှိ သွေးကြောများ အပြင်းအထန် ပျက်စီးသွားပြီး ပြတ်တောက်လုနီးပါး အခြေအနေသို့ ရောက်ရှိသွားသည်။
ထို့နောက် ထိုခွေးမသား ဆိုလွန်၏ ဓားက ဉာဏ်ပါပါဖြင့် သူမ ရင်ဘတ်၏ အထိခိုက်မခံဆုံး နေရာကို ရိုက်ခတ်သွားသေး၏။
သူမ... ပြိုင်ဘက်ကင်း အလှပိုင်ရှင် ကွေ့ချင်းရှောင်းသည် အရှက်ရဖွယ်အကောင်းဆုံး နည်းလမ်းဖြင့် လေထဲသို့ ပေအနည်းငယ်ခန့် လွင့်ထွက်သွားကာ မြေပြင်ပေါ်သို့ ပြုတ်ကျရလေပြီ။
သွေးကြောများ အားလုံး ပျက်စီးနေသဖြင့် သူမ ကိုယ်သူမ ကာကွယ်ရန် နဂါးစွမ်းအားကိုပင် အသုံးမပြုနိုင်တော့ချေ။ ထိုကဲ့သို့ မာကျောသည့် မြေပြင်နှင့် အပြင်းအထန် ရိုက်မိခြင်းက... အမှန်တကယ်ကို အလွန်အမင်း နာကျင်လှ၏။
အပိုင်း ၁၈၉ + ၁၉၀ ပြီး။
နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Yue
True Immortal Team