← Chapters

အခန်း (၁၈၁+၁၈၂)

Vol. 19 Ch. 181+182

အခန်း (၁၈၁+၁၈၂)

Vol. 19 Ch. 181+182

အပိုင်း ၁၈၁ + ၁၈၂

နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Yue

True Immortal Team

"ယဇ်ပုရောဟိတ်ချုပ်ကို သတ်ပြီးတော့ ကပ်ဘေးကိုးသွယ်ဓားသိုင်းရဲ့ နောက်ဆုံး လေးကွက်ကို ကျွန်တော် ကျင့်ကြံ​ခဲ့တယ်။ ဒါပေမဲ့ ကိုးကွက်မြောက်ကို ကျင့်ကြံနေချိန် ကောင်းကင်သင်္ချိုင်းက ရုတ်တရက် တုန်ခါလာပြီး လုံးဝ ပျက်စီးသွားတာပဲ။"

ဓားသခင် ပိုင်ရှောင်းက ခေါင်းညိတ်ထောက်ခံလိုက်၏။ ကောင်းကင်သင်္ချိုင်းထဲရှိသူ သေဆုံးသွားသည့်အတွက် ထိုသင်္ချိုင်းက သူ့ဘာသာ ဖျက်ဆီးပစ်လိုက်ခြင်းမှာ အဓိပ္ပာယ်ရှိလှသည်။

ဆက်လက်ပြီး ဆိုလွန်က အဖြစ်အပျက်များကို ရှင်းပြ၏။ "အဲ့ဒီနောက် အိပ်မက်ရှည်ကြီးကနေ နိုးလာသလို လက်တွေ့ကမ္ဘာကို ပြန်ရောက်လာတယ်။ မျက်လုံးဖွင့်ကြည့်တော့ အဝတ်အစားမပါတဲ့ အမျိုးသမီးတစ်ယောက်ကို တွေ့လိုက်ရတယ်။ သူက ကောင်းကင်သင်္ချိုင်းရဲ့ ယဇ်ပုရောဟိတ်ချုပ် ထင်တယ်။"

"သူ့ခန္ဓာကိုယ်ကလည်း ပြာအဖြစ် ပြောင်းလဲသွားပြီး ပျောက်ကွယ်သွားတယ်။ အဲ့ဒီနောက် သင်္ချိုင်းထဲက လွတ်အောင် အစွမ်းကုန် ကြိုးစားပြီး ထွက်ပြေးလာခဲ့တာပဲ။ ပြီးတော့ ခင်ဗျားကို တွေ့တာ။ ကျန်တာကတော့ ခင်ဗျား သိတဲ့အတိုင်းပဲ။"

သူပြောခဲ့သမျှ၏ ကိုးဆယ့်ကိုးရာခိုင်နှုန်းခန့်မှာ အမှန်ပင်။ လိမ်လည်ပြောဆိုခြင်း မရှိချေ။ သို့သော် ဇာတ်လမ်း၏ အလွန်သေးငယ်သည့် အစိတ်အပိုင်းတစ်ခုကိုမူ ဖုံးကွယ်ထားသည်။

ဥပမာအားဖြင့် အသူရာမိစ္ဆာကြယ် အကြောင်းနှင့် ယဇ်ပုရောဟိတ်ချုပ်၏ အံ့မခန်း အစွမ်းထက်လှသော စိတ်ဝိညာဉ်စွမ်းအားများကို သူ မည်သို့ စုပ်ယူခဲ့သည်ဆိုသည့် အကြောင်းများကိုပင်။

ဓားသခင်က မျက်မှောင်ကြုတ်လိုက်သည်။ "အဲ့ဒီ ယဇ်ပုရောဟိတ်ချုပ်က မင်းကို မြင့်မြတ်နတ်နဂါးကျောင်းတော်ရဲ့ လျှို့ဝှက်ချက် တစ်ခုခုများ ပြောပြသေးလား။"

ဆိုလွန်က ချက်ချင်း ခေါင်းရမ်းလိုက်သည်။ "ဟင့်အင်း... ကျွန်တော်တို့ စကားတောင် မပြောဖြစ်ဘူး။ ကျွန်တော် ဘယ်သူလဲ ၊ ဘာတွေးနေလဲ ဆိုတာ သူ မသိဘူး။ သူက ကျွန်တော့် စိတ်ထဲမှာ ကြောက်ရွံ့မှု ၊ တပ်မက်မှုနဲ့ ဂနာမငြိမ်ဖြစ်စေတဲ့ စိတ်လှည့်စားမှုတွေ ဖန်တီးဖို့ စိတ်ဝိညာဉ်တိုက်ခိုက်မှုတွေပဲ စေလွှတ်ခဲ့တာ။ သူက ကျွန်တော့် စိတ်ဝိညာဉ်ကို လုံးဝ ဖျက်ဆီးပစ်ချင်နေတာ။"

ဤသည်မှာ သူ လိမ်ပြောနေခြင်း မဟုတ်ချေ။ ယဇ်ပုရောဟိတ်ချုပ်က မြင့်မြတ်နတ်နဂါးကျောင်းတော်၏ လျှို့ဝှက်ချက်များကို သူ့အား မပြောပြခဲ့သလို သူတို့နှစ်ဦးကြား၌ အမှန်တကယ် ဆက်သွယ်မှုလည်း မရှိခဲ့ပေ။

သူ ပြောရန်လိုအပ်သည်များ အားလုံးကို ပြောပြပြီးဖြစ်၏။

လက်ရှိအချိန်မှာ ဆိုလွန်၏ ကံကြမ္မာအား ဓားသခင် ဆုံးဖြတ်ရမည့် အချိန်သို့ ရောက်လာလေပြီ။ သူ့အား သတ်ပစ်မည်လော။

ကောင်းကင်သင်္ချိုင်းမှာ လုံးဝ ပျက်စီးသွားပြီ ဖြစ်သည့်အတွက် လျှို့ဝှက်ချက်ကို ထိန်းသိမ်းရန် မျက်မြင်သက်သေအား နှုတ်ပိတ်ရန် မလိုအပ်တော့ချေ။

ထိုသို့တိုင် လက်ရှိအချိန်၌ ဓားသခင်အနေဖြင့် ဆိုလွန်အား သတ်ပစ်ရန် တစ်ခုတည်းသော အကြောင်းပြချက်မှာ ကောင်းကင်သင်္ချိုင်း ပျက်စီးသွားမှု၌ သူ သွယ်ဝိုက်၍ ပါဝင်ပတ်သက်နေခြင်းကြောင့်ပင်။

အကယ်၍ မြင့်မြတ်နတ်နဂါးကျောင်းတော်ကသာ ထိုကိစ္စကို သိသွားပါက ဓားသခင်သည်လည်း ကျိန်းသေပေါက် သေဆုံးရမည်သည။

ဤကိစ္စကို သိရှိသူမှာလည်း ဆိုလွန် တစ်ယောက်တည်းသာ ရှိသည်။ ထိုအချက်တစ်ခုတည်းကြောင့်ပင် ဓားသခင်အနေဖြင့် ဆိုလွန်အား မဖြစ်မနေ သတ်ပစ်ရန် လိုအပ်နေ၏။

ဓားသခင်က အေးစက်ခက်ထန်စွာ ပြောလိုက်သည်။ "အသေးအဖွဲ အကြောင်းပြချက်လေး တစ်ခုကတောင် မင်းကို သတ်ဖို့ လုံလောက်နေပြီ။ ဒါပေမဲ့ ငါ့ကို တားဆီးနေတဲ့ တစ်ခုတည်းသော အရာက မင်းကို တစ်ကြိမ် သတ်ခဲ့ပြီးပြီ ဆိုတာပဲ။ ဒုတိယအကြိမ် ထပ်သတ်ရမယ် ဆိုရင် ငါ အပြစ်ရှိသလို ခံစားရလိမ့်မယ်။"

ဓားသခင်က သူ၏ သစ်သားဓားအား ထပ်မံ မြှောက်လိုက်သည်။ "ဒါပေမဲ့ ငါ ဘာအန္တရာယ်မှ အဖြစ်မခံနိုင်ဘူး။ ငါ ကောင်းကင်သင်္ချိုင်းကို ရှာဖွေနေခဲ့တာပဲဖြစ်ဖြစ် ၊ သွယ်ဝိုက်ပြီး ဖျက်ဆီးပစ်ခဲ့တယ် ဆိုတာပဲဖြစ်ဖြစ် မြင့်မြတ်နတ်နဂါးကျောင်းတော်က သိသွားရင် ငါ သေချာပေါက် အသတ်ခံရမှာပဲ။"

ဆိုလွန်က အလျင်အမြန် ပြောလိုက်သည်။ "ကျွန်တော် ဘယ်သူ့ကိုမှ မပြောဘူး။ ဘာလို့လဲဆိုတော့ ကောင်းကင်သင်္ချိုင်းကို တိုက်ရိုက် ဖျက်ဆီးခဲ့တာ ကျွန်တော် ဖြစ်နေလို့ပဲ။"

ဓားသခင်က သက်ပြင်းချလိုက်သည်။ "မှန်တယ်။ မင်းဘာသာမင်း ဘယ်သူ့ကိုမှ ပြောမှာ မဟုတ်ဘူး။ ဒါပေမဲ့ မြင့်မြတ်နတ်နဂါးကျောင်းတော်ရဲ့ လက်ထဲကို မင်း ကျရောက်သွားရင် ဘယ်လို လျှို့ဝှက်ချက်ကိုမှ ဆက်သိမ်းထားနိုင်မှာ မဟုတ်ဘူး။ ဖြစ်နိုင်ချေ အနည်းငယ်လေး ရှိနေရင်တောင် ဒီပြဿနာကို ငါ အမြစ်ဖြတ်ရလိမ့်မယ်။"

ထို့နောက် ဓားသခင်က သူ၏ သစ်သားဓားကို ဆိုလွန်၏ ဇက်ပိုးထက်၌ တင်လိုက်၏။

ဓားသခင်က ရက်စက်စွာ ပြောလိုက်သည်။ "ပြီးခဲ့တဲ့အကြိမ်တုန်းက ငါ မင်းကို သတ်ခဲ့ပေမဲ့ ဘာကြောင့် မသေသွားလဲ ငါမသိဘူး။ ဒါပေမဲ့ မင်းရဲ့ ခေါင်းကို တိုက်ရိုက် ခုတ်ဖြတ်လိုက်ရင်တော့ ထပ်ပြီး အသက်ရှင်လာစရာ အကြောင်းမရှိတော့ဘူး။"

ဆိုလွန်၏ ရင်ထဲ၌ တုန်လှုပ်သွားရသည်။

အကယ်၍ သူ၏ ခေါင်းသာ ပြတ်သွားပါက အသူရာမိစ္ဆာကြယ် ဖြစ်စေ၊ နတ်ဘုရားများဖြစ်စေ သူ့အား ကယ်တင်နိုင်လိမ့်မည် မဟုတ်ချေ။

ထိုစဉ် လှိုဏ်ဂူအပြင်ဘက်မှ ရဲ့ကျင်းယွီက စိုးရိမ်တကြီး အော်ခေါ်လိုက်သည်။ "သခင်... အထဲမှာ ရှိနေတာလား။ ကွေ့ချင်းရှောင်းနဲ့ ယှဉ်ပြိုင်ဖို့ တစ်ရက်ပဲ လိုတော့တယ်နော်။"

ရဲ့ကျင်းယွီက အထဲသို့ ဝင်လာရန် ကြိုးစားသော်လည်း မျက်စိဖြင့် မမြင်နိုင်သည့် စွမ်းအားတစ်ခုက သူမအား တားဆီးထား၏။ သူမ ရှေ့သို့ ဆက်သွား၍ မရတော့ချေ။

ဆိုလွန် ပြန်မဖြေပေ။ သူ မျက်လုံးများကို မှိတ်ထားလိုက်ကာ ဓားသခင်၏ ဆုံးဖြတ်ချက်ကိုသာ စောင့်ဆိုင်းနေလိုက်သည်။ အသက်ရှင်မည်လော ၊ သို့မဟုတ် သေရမည်လော။

လက်ရှိအချိန်၌ သူ့ကိုယ်သူ ကယ်တင်ရန်အတွက် တစ်စုံတစ်ရာကို လွယ်ကူစွာပင် ဆင်ခြေပေး ပြောဆိုနိုင်စွမ်း ရှိနေ၏။

ဥပမာအားဖြင့် သူ၏ စိတ်ထဲ၌ ယဇ်ပုရောဟိတ်ချုပ်၏ မှတ်ဉာဏ်အပိုင်းအစများ ရှိနေကြောင်းနှင့် ထိုအထဲ၌ နဂါးဧကရာဇ်နှင့် ပတ်သက်သည့် အချက်အလက်များ ပါဝင်နိုင်ကြောင်းပင်။ ထိုမှတ်ဉာဏ်များ အသားကျရန်အတွက် အချိန်တစ်ခုသာ လိုအပ်၏။

ထို့အပြင် ကပ်ဘေးကိုးသွယ်ဓားသိုင်းထဲ၌ ရေးသားထားသော လင်းဆိုသည့် အက္ခရာက သူ့အား ရည်ညွှန်းနေခြင်း ဖြစ်ကြောင်းကိုလည်း ပြောပြနိုင်၏။

သို့မဟုတ် နဂါးဧကရာဇ်သည် အခြားကမ္ဘာမှ လာသည်ဟု ဆိုကြသော်လည်း သူနှင့် နဂါးဧကရာဇ်မှာ ကမ္ဘာတစ်ခုတည်းမှ လာခဲ့ခြင်း ဖြစ်ကြောင်းကိုလည်း ထုတ်ပြောနိုင်၏။

သူသည် မြင့်မြတ်နတ်နဂါးကျောင်းတော်က လောကကြီးကို ဖျက်ဆီးလိမ့်မည်ဟု ယုံကြည်ထားသည့် အသူရာမိစ္ဆာကြယ် ဖြစ်ကြောင်းကိုပင် ပြော၍ရသေးသည်။

သို့သော် သူ မည်သည့်စကားကိုမျှ မပြောချေ။ ဆိုလွန်သည် လူမိုက် တစ်ယောက် မဟုတ်ပေ။

သူနှင့် ဓားသခင်တို့ အချင်းချင်း တိတ်ဆိတ်စွာ စိုက်ကြည့်နေကြ၏။

ဓားသခင်၏ လက်ထဲရှိ သစ်သားဓားမှာ ဖြည်းညင်းစွာ နိမ့်ဆင်းလာပြီး ဆိုလွန်၏ ခေါင်းကို ခုတ်ဖြတ်ကာ အပြီးတိုင် သတ်ပစ်ရန် အသင့်ဖြစ်နေလေပြီ။

အပြင်ဘက်ရှိ ရဲ့ကျင်းယွီ၏ အသံမှာ ပို၍ပို၍ စိုးရိမ်လာပုံရကာ အထဲသို့ ဝင်ရောက်နိုင်ရန် အသည်းအသန် ကြိုးစားနေ၏။

ဆိုလွန်က မျက်လုံးများကို မှိတ်ထားဆဲပင်။ မည်သည့်စကားမျှ မဟသလို မည်သည့်အရာကိုမျှလည်း မလုပ်ဆောင်ချေ။

ထို့နောက်... အချိန် မည်မျှ ကြာသွားသည်ကို သူ မသိပေ။ သို့သော် မျက်လုံး ဖွင့်ကြည့်လိုက်ချိန်၌ သစ်သားဓားမှာ သူ၏ ဇက်ပိုးထက်၌ ရှိနေဆဲပင် ဖြစ်သော်လည်း ဓားသခင်မှာမူ ပျောက်ကွယ်သွားလေပြီ။

လှိုဏ်ဂူထဲ၌ သူ တစ်ယောက်တည်းသာ ကျန်ရစ်၏။

ရုတ်တရက် လှပသည့် အမျိုးသမီးတစ်ဦး ပြေးဝင်လာကာ ဆိုလွန်အား ဖမ်းကိုင်လိုက်သည်။ "သခင်လေး... ဘာတွေဖြစ်သွားတာလဲ။ အဆင်ပြေရဲ့လား။"

ရဲ့ကျင်းယွီ၏ စိုးရိမ်နေသည့် မျက်နှာကို မြင်လိုက်ရသဖြင့် ဆိုလွန်က ခေါင်းရမ်းလိုက်၏။ "ကျွန်တော် အဆင်ပြေပါတယ်။"

သူ ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်သော်လည်း ဓားသခင်ကို မည်သည့်နေရာမှာမှ မတွေ့ရတော့ချေ။

လွန်ခဲ့သည့် အခိုက်အတန့်က သူနှင့် ဓားသခင်တို့ကြားမှ ဉာဏ်ပညာနှင့် စိတ်ဆန္ဒတို့၏ အားပြိုင်မှု တစ်ခုပင် ဖြစ်ခဲ့၏။

ဆိုလွန်၌ အလွန် အရေးကြီးသည့် လျှို့ဝှက်ချက်တစ်ခုကို ဖုံးကွယ်ထားကြောင်း ဓားသခင် သိနေ၏။ ထို့အတွက်ကြောင့် သေမင်းနှင့် ခြိမ်းခြောက်ကာ ဆိုလွန်အား အတင်းအကျပ် ဖွင့်ဟပြောဆိုလာစေရန် ကြိုးစားခဲ့ခြင်းပင်။

သို့သော် ဆိုလွန်မှာ ခေါင်းမာလွန်းလှပြီး စကားတစ်ခွန်းမျှ မဟလာချေ။

ထို့ကြောင့် ဓားသခင်က သူ့အား ခြောက်လှန့်ရန် ကြိုးစားခြင်းကို လက်လျှော့လိုက်၏။ ဆိုလွန် မျက်လုံးဖွင့်လာချိန်၌ အနေရခက်မည့် အခြေအနေကို ရှောင်လွှဲရန် တိတ်ဆိတ်စွာပင် ထွက်ခွာသွားခြင်း ဖြစ်သည်။

သို့သော် ယခုမှစ၍ တစ်စုံတစ်ယောက်က ဆိုလွန်အား အနီးကပ် စောင့်ကြည့်နေတော့မည်မှာ သံသယဖြစ်ဖွယ် မရှိချေ။

ဓားသခင်က သူ၏ လှုပ်ရှားမှုတိုင်းကို ကျိန်းသေပေါက် စောင့်ကြည့်နေပေလိမ့်မည်။ အကယ်၍ နဂါးဧကရာဇ် ၊ သို့မဟုတ် ကောင်းကင်သင်္ချိုင်းနှင့် ပတ်သက်သည့် အချက်အလက် တစ်စုံတစ်ရာ ထွက်ပေါ်လာပါက ဓားသခင်တစ်ယောက် ဆိုလွန်၏ ရှေ့မှောက်၌ ကျိန်းသေပေါက် ပေါ်လာပေလိမ့်မည်။

ဆိုလွန်က လေးနက်စွာ ပြောသည်။ "ယှဉ်ပြိုင်ဖို့ တောင်ပေါ်ကဆင်းပြီး လင်ဟိုင်မြို့ကို ပြန်ကြရအောင်။"

သူတို့နှစ်ဦး ဝင်္ကပါတောင်မှ ထွက်ခွာကြပြီး ကမ်းခြေသို့ သွားကာ လှေတစ်စင်းဖြင့် လင်ဟိုင်မြို့ဆီသို့ ပြန်လည် ဦးတည်လိုက်ကြသည်။

နာရီအနည်းငယ် ကြာပြီးနောက် သူတို့၏ အရှေ့ဘက်၌ ကုန်းမြေကို ဝေဝါးစွာ မြင်တွေ့လာရ၏။

ဆိုလွန်က ပြုံးလျက် ပြောသည်။ "ကွေ့ချင်းရှောင်းက ကျွန်တော် ပေါ်လာတာကို မျှော်လင့်နေမလား ၊ မပေါ်လာတာကို မျှော်လင့်နေမလား ဆိုတာ သိချင်မိသားပဲ။"

**--**--**--**--**--**--**--**

လက်ရှိအချိန်တွင် ကွေ့ရှင်းဖူ၏ မြို့စားအိမ်တော်၌ ယှဉ်ပြိုင်မှုအတွက် မြင့်မားသည့် စင်မြင့်တစ်ခုကို ပြင်ဆင်ထားပြီး ဖြစ်၏။

ဧည့်သည်များ အားလုံးတို့ကလည်း နေရာယူထားပြီးကြလေပြီ။ ဤယှဉ်ပြိုင်မှု မည်သို့ အဆုံးသတ်မည်ကို အားလုံး သိထားကြသည်မှာ သေချာလှ၏။ ရလဒ်မှာ ကြိုတင် ဆုံးဖြတ်ပြီးသားပင်။

သို့သော် သူတို့က မျှော်လင့်တကြီး စောင့်စားနေကြဆဲ ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ စိတ်ဝင်စားစရာတော့ ကောင်းနေမည် မဟုတ်လော။

လွန်ခဲ့သည့် ဆယ်ရက်က ဆိုလွန်၏ ကြိုဆိုပွဲ ညစာစားပွဲသို့ တက်ရောက်ခဲ့ကြသူ အားလုံးမှာ ယခုအခါ စင်မြင့်ပတ်လည်၌ စုရုံးရောက်ရှိနေကြပြီး ထူးဆန်းကာ မမျှတလှသည့် ဤတိုက်ပွဲကို စောင့်ဆိုင်းနေကြ၏။

ကွေ့ချင်းရှောင်းကမူ သူမ၏ အံ့မခန်း ခန္ဓာကိုယ် ကောက်ကြောင်းများကို ပေါ်လွင်စေသည့် ကြပ်ထုပ်နေသော ဓားသမားဝတ်စုံကို ဝတ်ဆင်ထား၏။

သူမက မျက်လုံးများကို မှိတ်ထားလျက် စင်မြင့်ထက်၌ ထိုင်နေပြီး သူမ၏ ဘေး၌မူ သစ်သားဓားတစ်လက်ကို ချထားသည်။

သူမ၏ ခန္ဓာကိုယ်မှာ အလွန်တရာ ဆွဲဆောင်မှု ရှိလွန်းလှပြီး အထူးသဖြင့် ခါးနှင့် တင်ပါး အချိုးအစားက အံ့မခန်းပင်။

သူမက တင်ပျဉ်ခွေ ထိုင်နေသည့်အတွက် သွယ်လျသော ခါးလေးမှာ ကြပ်သိပ်နေပြီး ပြည့်ဖြိုးသည့် တင်ပါးများမှာလည်း ဝတ်စုံထဲ၌ပင် မဆန့်မပြဲ ဖြစ်နေပုံရ၏။

ဤမျှ မြင့်မားသည့် သိုင်းပညာက်ု ပိုင်ဆိုင်ထားသော ဤကဲ့သို့ လှပသည့် မိန်းမပျိုလေးကို မည်ကဲ့သို့သော အမျိုးသားမျိုးက ပိုင်ဆိုင်ရလောက်အောင် ကံကောင်းမည်နည်းဟု လူတိုင်းက တွေးတောနေမိကြ၏။

စင်မြင့်အောက်ရှိ အမျိုးသား အားလုံးနီးပါးမှာ သူမ၏ လှပသည့် ခန္ဓာကိုယ်အား စိုက်ကြည့်နေကြ၏။

သို့သော် အမျိုးသား တစ်ယောက်တည်း၏ အကြည့်များကသာ သူမ၏ မျက်နှာထက်၌ အမြစ်တွယ်နေပြီး ထိုအကြည့်များထဲ၌ သူမအား ပိုင်ဆိုင်လိုသည့် တပ်မက်မှုများ ပြည့်နှက်နေသည်။

အခြားသူမဟုတ်... မင်းသားကျိလီ၏ လက်ထောက် ၊ ဘုရင့်နိုင်ငံ၏ အနာဂတ် ထိပ်တန်း တပ်မှူးကြီးနှင့် နုလန်ဘုရင့်နိုင်ငံ၏ အထူးချွန်ဆုံးသော လူငယ်ပါရမီရှင်... လင်းအောင်းပင်။

အခြား အမျိုးသားများအားလုံး၏ ရူးသွပ်ကာ စိတ်ပြင်းပြနေသည့် အကြည့်များကို မြင်လိုက်ရသောအခါ လင်းအောင်း၏ ရင်ထဲ၌ မထီမဲ့မြင် ပြုလိုမှုနှင့် ဂုဏ်ယူမှုတို့ ရောယှက်သွား၏။

လင်းအောင်းက စိတ်ထဲမှ ကြုံးဝါးလိုက်သည်။ "ယောကျ်ားတွေ အကုန်လုံးကို ရူးသွပ်သွားစေနိုင်တဲ့ ဒီမိန်းမ... ကွေ့ချင်းရှောင်းက ငါ့အပိုင်ပဲ။ ဒီလို လှပပြီး ထူးချွန်တဲ့ ၊ လေးစားအားကျရတဲ့ မိန်းမတစ်ယောက်နဲ့ ထိုက်တန်တာ ငါ တစ်ယောက်တည်းပဲ။" ဤသည်မှာ လင်းအောင်း၏ စိတ်ထဲ၌ ရှိနေသည့် တစ်ခုတည်းသော အတွေးပင်။

ဆိုလွန်နှင့် ပတ်သက်၍မူ... ထိုအကောင်မှာ သေရန် ကံဖန်လာသည့် လူမိုက် တစ်ယောက်မျှသာ ဖြစ်၏။

အပိုင်း ၁၈၁ + ၁၈၂ ပြီး။

နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Yue

True Immortal Team

All Chapters