← Chapters

အခန်း(၁၈၃+၁၈၄)

Vol. 19 Ch. 183+184

အခန်း(၁၈၃+၁၈၄)

Vol. 19 Ch. 183+184

အပိုင်း ၁၈၃ + ၁၈၄

နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Yue

True Immortal Team

ဆိုလွန်နှင့် ပတ်သက်ပြီး လင်းအောင်း၏ အမြင်ကို စကားတစ်ခွန်းတည်းဖြင့် ပြောရလျှင် လူမိုက်ဟူ၍သာ ဖြစ်၏။

တော်ဝင်မြို့တော်၌ ဆိုလွန်၏ စွမ်းဆောင်ရည်မှာ လူတိုင်းကို မျက်စိကျိန်းစေလောက်အောင် ပြောင်မြောက်ခဲ့ပြီး နာမည်ကောင်း အများအပြား ရရှိခဲ့သည်မှာ အမှန်ပင်။

ကံကြမ္မာသီချင်းကို အသုံးပြုကာ မြင့်မြတ်နတ်နဂါးကျောင်းတော်မှ မဟာကျင့်ကြံသူ၏ စိတ်ကို အနိုင်ယူခဲ့သည်ဖြစ်စေ ၊ မျက်လုံးပိတ်လျက် မြားပစ်ရာ၌ ပစ်မှတ်ကို ကွက်တိထိမှန်ခဲ့သည်ဖြစ်စေ ထိုလုပ်ရပ်များမှာ အံ့မခန်းပင်။

ထို့အပြင် မင်းသမီးကျိနင်၏ တစ်သောင်းသော စစ်သည်များထံမှလည်း လွတ်မြောက်နိုင်ခဲ့၏။ ဆိုလွန်၏ လုပ်ရပ်များအားလုံးက သူ၏ အံ့မခန်းပါရမီကို သက်သေပြနေသည်။

ထိုသို့တိုင်အောင်းအောင်း၏ မျက်လုံးထဲ၌မူ ဆိုလွန်က လူမိုက်တစ်ယောက်သာ ဖြစ်နေဆဲပင်။ စစ်မှန်သည့် အင်အားကြီးမားသူတစ်ယောက် ဖြစ်လာရန် အလှမ်းဝေးနေဆဲ ဖြစ်၏။

စစ်မှန်သည့် အင်အားကြီးမားသူဆိုသည်မှာ အဘယ်နည်း။ ထိုသူသည် ခိုင်မာတောင့်တင်းသည့် စစ်ရေးအင်အား ၊ စည်းစိမ်ဥစ္စာနှင့် အားကောင်းလှသည့် နိုင်ငံရေးအာဏာတို့ကို လက်တွင်း၌ ဆုပ်ကိုင်ထားနိုင်သူပင်။

ထိုအရာများ မရှိပါက ကျန်သည့်အရာ အားလုံးမှာ အဓိပ္ပာယ်မဲ့နေရမည်သာ။

ဆိုလွန် ဆိုသည့်အကောင်သည့် မိသားစုသွေးသားဆိုသည့် အရာတစ်ခုတည်းအတွက် တစ်ပြည်လုံးရှိ တော်ဝင်မိသားစု တစ်ခုလုံးကို ရန်သူအဖြစ် သတ်မှတ်ရန် ရွေးချယ်ခဲ့သည်။

သူ၏ လုပ်ရပ်များမှာ ရဲရင့်ပြီး သူရဲကောင်းဆန်သည်ဟု ထင်ရသော်လည်း အမှန်တကယ်၌မူ သေလမ်းဆီသို့ လျှောက်လှမ်းနေခြင်းသာ ဖြစ်၏။

ထို့ကြောင့် လင်းအောင်းအတွက်မူ ဆိုလွန်ဆိုသည်မှာ အသုံးမကျသည့် လူမိုက်တစ်ယောက်ထက် မပိုချေ။

သို့သော် လက်ရှိအချိန်၌ ရောက်ရှိနေကြသူ အားလုံးမှာ ထိုလူမိုက်၏ အလာကို စောင့်မျှော်နေကြသည်။ ဆိုလွန်အပေါ် လှောင်ပြောင်နေကြသည့် ၊ သို့မဟုတ် သနားနေကြသည့် လူအုပ်ကြီး၏ စကားများကို နားထောင်ရင်း လင်းအောင်း ရင်ထဲ၌ လှောင်ပြောင်ရယ်မောလိုက်၏။

ဆိုလွန် မည်သည့်နေရာသို့သွားသွား လူတိုင်း၏ အာရုံစိုက်မှုကို အမြဲတမ်း ရရှိနေတတ်သည်။ အမြဲတမ်း စင်မြင့်၏ အလယ်ဗဟို၌ ရပ်တည်နေတတ်၏။

အခြားသူများက အာရုံစိုက်ခံရခြင်းကို နှစ်သက်ကောင်း နှစ်သက်နိုင်သော်လည်း လင်းအောင်းအတွက်မူ ဤသို့ ဟန်ရေးပြနေခြင်းမှာ လူရွှင်တော်တစ်ယောက်နှင့် ဘာမှမကွာခြားဟု ခံစားရသည်။

စစ်မှန်သည့် အင်အားကြီးမားသူတစ်ဦးသည် လူအများကို ကြောက်ရွံ့သွားစေရမည်ဖြစ်ပြီး ဖျော်ဖြေရေးတစ်ခုအဖြစ် ကြည့်ရှုခံနေရမည် မဟုတ်ချေ။ စစ်မှန်သည့် အင်အားကြီးမားသူဆိုသည်မှာ အမြဲတမ်း သိုသိုသိပ်သိပ် နေထိုင်တတ်၏။

**--**--**--**--**--**--**--**

အချိန်များ တစ်မိနစ်ပြီးတစ်မိနစ် ၊ တစ်စက္ကန့်ပြီးတစ်စက္ကန့် ကုန်ဆုံးသွားသော်လည်း ကွေ့ချင်းရှောင်းမှာ ယှဉ်ပြိုင်မည့် စင်မြင့်ထက်၌ တည်တည်ငြိမ်ငြိမ်ပင် ထိုင်နေဆဲဖြစ်၏။

နေမင်းကြီးမှာ ကောင်းကင်ယံသို့ ပို၍ မြင့်တက်လာသည်။ လက်ရှိအချိန်မှာ မွန်းတည့်ချိန်ဖြစ်လေပြီး နွေနှောင်းပိုင်း ဖြစ်သည့်အတွက် ရာသီဥတုမှာ ပူပြင်းလောင်ကျွမ်းနေ၏။

ယှဉ်ပြိုင်မှုကို ကြည့်ရှုရန် အချိန်အကြာကြီး စောင့်ဆိုင်းနေရသည့် ဧည့်သည်များမှာလည်း တဖြည်းဖြည်းနှင့် သည်းခံနိုင်စွမ်း ကုန်ဆုံးလာကြလေပြီ။

ဧည့်သည်တစ်ယောက်က မေးလိုက်၏။ “ဆိုလွန် မလာတော့ဘူးလား... တိုက်ရမှာ ကြောက်နေတာလား။”

အခြားတစ်ယောက်က ထောက်ခံလိုက်သည်။ “ယောကျ်ားစကားက ပစ်လွှတ်လိုက်တဲ့မြားလိုပဲ ၊ ပြန်ရုပ်သိမ်းလို့မရဘူး။ သူ့ခြေထောက်နှစ်ဖက်လုံး ကျိုးနေရင်တောင် ဒီနေ့ သူ လာသင့်တယ်။”

နောက်တစ်ယောက်ကလည်း လှောင်ပြောင်လိုက်၏။ “သူ သေချာပေါက် မလာတော့ဘူး။ အဲ့ဒီနေ့က ဟန်ရေးပြသွားတာပဲ။ ရှုံးမယ်မှန်း သေချာသိနေမှတော့ ဘာကိစ္စ လာရတော့မှာလဲ။”

ပတ်ဝန်းကျင်မှ တီးတိုးပြောဆိုသံများ ထွက်ပေါ်နေသော်လည်း ကွေ့ချင်းရှောင်းကမူ မျက်လုံးများကို မှိတ်ထားဆဲပင်။

သူမ၏ ဓားကို ကိုင်ဆောင်ထားလျက် စင်မြင့်ထက်၌ စိတ်ရှည်လက်ရှည် ထိုင်ကာ စောင့်ဆိုင်းနေ၏။ သို့သော် ရာသီဥတုက အလွန်တရာ ပူပြင်းလွန်းလှသဖြင့် အစေခံအချို့က သူမအား အေးမြစေရန် ထီးကြီးတစ်လက် လာမိုးပေးထားကြပြီး အနီးနား၌ ရေခဲအင်တုံတစ်ခုကိုလည်း လာချပေးထားကြသည်။

တစ်ချိန်တည်းမှာပင် ကွေ့ရှင်းဖူက ပေါ်မလာသေးချေ။ သူ မြို့စားအိမ်တော်အတွင်း၌ အလွန် အရေးကြီးသည့် ဧည့်သည်တစ်ဦးကို ဧည့်ခံနေ၏။

ထိုသူမှာ မင်းသမီး ကျိနင်ပင်။

မင်းသမီး ကျိနင်က လျှို့ဝှက်စွာ ရောက်ရှိလာခြင်း ဖြစ်သည်။ ပထမအချက်အနေဖြင့် အင်အားကြီးမားသည့် မြို့စားတစ်ဦးဖြစ်သည့် ကွေ့ရှင်းဖူအနေဖြင့် တော်ဝင်မိသားစုဝင် တစ်ဦးနှင့် အလွန်အမင်း ရင်းနှီးနေသည်ကို အများမြင်၍ မဖြစ်ချေ။

ဒုတိယအချက်မှာ ကျိနင်အနေဖြင့် သူမ၏ လှုပ်ရှားမှုများကို ဆိုလွန် မသိရှိစေရန် ဖုံးကွယ်ထားရန် လိုအပ်သည့်အတွက်ပင်။

လက်ရှိအချိန်၌ ကျိနင်မှာ သိသိသာသာ ပိန်ကျသွားလေပြီး သူမ၏ လှပသည့် မျက်နှာလေးမှာလည်း အလွန် ဖြူရော်နေဆဲဖြစ်၏။

ဆိုလွန်နှင့် ရန်သူများ ဖြစ်သွားခဲ့ချိန်မှစ၍ သူမမှာ အလွန်အမင်း ဒေါသထွက်ကာ စိတ်ဖိစီးလွန်းလှသဖြင့် သွေးအန်ခဲ့သည်မှာ သုံးကြိမ်တိုင်တိုင် ရှိနေလေပြီ။

ရုတ်တရက် အခန်းအပြင်ဘက်မှ သက်တော်စောင့်တစ်ဦး၏ အသံ ထွက်ပေါ်လာ၏။ “မြို့စားမင်း... လျှို့ဝှက် သတင်း ရှိပါတယ်။”

ကွေ့ရှင်းဖူက မင်းသမီး ကျိနင်အား မည်သူ့ကိုမှ ပေးမမြင်နိုင်သည့်အတွက် အသံကိုနှိမ့်၍ ပြောလိုက်သည်။ “အပြင်ကနေပဲ ပြော။”

သက်တော်စောင့်က အလျင်အမြန် သတင်းပို့လိုက်၏။ “ဆိုလွန် သင်္ဘောပေါ်ကဆင်းပြီး ကုန်းပေါ် ရောက်နေပါပြီ။ အခု လင်ဟိုင်မြို့ဆီ ဦးတည်လာနေပါတယ်။ နောက်ထပ် လေးနာရီ မပြည့်ခင် မြို့စားအိမ်တော်ကို ရောက်လာပါလိမ့်မယ်။”

ကွေ့ရှင်းဖူက အေးဆေးစွာ ပြောလိုက်သည်။ “သိပြီ။”

ကျိနင်က ကွေ့ရှင်းဖူအား ကြည့်ကာ စူးစမ်းလိုဟန်ဖြင့် မေးလိုက်သည်။ “မြို့စားမင်းက ဒီယှဉ်ပြိုင်မှုကို သိပ်ဂရုစိုက်ပုံမပေါ်ဘူး။ ဆိုလွန်က ကွေ့ချင်းရှောင်းရဲ့ ပြိုင်ဘက် လုံးဝမဟုတ်ဘူးလို့ တွေးနေတာလား။”

ကွေ့ရှင်းဖူက ခေါင်းညိတ်လိုက်သည်။ “ဖြစ်နိုင်တဲ့ ရလဒ်ပေါင်းများစွာကို ကျွန်တော် တွေးကြည့်ပြီးပြီ။ ဒါပေမဲ့ ဆိုလွန် နိုင်မယ့်နည်းလမ်း လုံးဝမရှိဘူး။”

ကျိနင်က သတိပေးသည့်လေသံဖြင့် ပြောလိုက်သည်။ “ဆိုလွန် နိုင်မှာ မဟုတ်ဘူးလို့ ကျွန်မလည်း ယုံတယ်။ ဒါပေမဲ့ လုံးဝ စိတ်ချရအောင် လုပ်ထားရမယ်။ သူက အရမ်း လိမ္မာပါးနပ်ပြီး ကောက်ကျစ်တယ်။ ရှင် တွေးထားတာထက် အများကြီး ပိုစဉ်းလဲတယ်။”

ကွေ့ရှင်းဖူက မျက်မှောင်အနည်းငယ် ကြုတ်လိုက်သည်။ “မင်းသမီးက ဘာလုပ်စေချင်လို့လဲ။”

ကျိနင်က အေးစက်စက် ပြုံးလိုက်။ “ကပ်ဘေးကိုးသွယ်ဓားသိုင်းက လက်မောင်းထဲက သွေးကြောတွေအပေါ် အများကြီး မှီခိုရတာ။ သူ့လက်မောင်းသွေးကြောတွေသာ ပြတ်သွားရင် အဲ့ဒီဓားသိုင်းက လုံးဝ အသုံးမဝင်တော့ဘူး။”

ကွေ့ရှင်းဖူ မျက်မှောင်ကြုတ်သွားသည်။ “ဒီလောက် သိသာတဲ့ကိစ္စမျိုးကို လုပ်ရင် ကျွန်တော့်ဂုဏ်သတင်း ကျဆင်းသွားလိမ့်မယ်။”

ကျိနင်က မဲ့ပြုံး ပြုံးလိုက်၏။ “သူ့လက်မောင်းသွေးကြောတွေကို ဖျက်ဆီးဖို့ လျှို့ဝှက်အတွင်းအားကို သုံးလေ။ လူအုပ်ကြီး သိမှာမဟုတ်ဘူး။ တစ်ခုခု မှားနေမှန်း သတိထားမိရင်တောင် ဆိုလွန်က ကပ်ဘေးကိုးသွယ်ဓားသိုင်းကို အတင်းအကျပ် ကျင့်ကြံရင်း မတော်တဆ သွေးကြောပြတ်သွားတယ်လို့ပဲ ထင်ကြမှာ။”

ကွေ့ရှင်းဖူက နားလည်ဟန်ဖြင့် ခေါင်းညိတ်လိုက်သည်။ “ဒါဆိုရင် ဘယ်သူ့ကို လွှတ်ရမလဲ။”

ကျိနင်က တိုတိုတုတ်တုတ်ပင် ဖြေ၏။

“လင်းအောင်း။”

ကွေ့ရှင်းဖူ အံ့အားသင့်သွားရ၏။ ဘာကြောင့် လင်းအောင်းကို လွှတ်ရမည်နည်း။ မည်သည့် အဆင့်မြင့်စစ်သည်ကို မဆို စေခိုင်း၍ ရနိုင်သည် မဟုတ်ပါလော။

လင်းအောင်း၏ အနာဂတ်မှာ တောက်ပနေဆဲဖြစ်ရာ ဤကဲ့သို့ ညစ်ပတ်သည့် အကွက်များကို အသုံးပြုခိုင်းပြီး သူ၏ ဂုဏ်သတင်းကို အဘယ်ကြောင့် အညစ်အကြေး ပေကျံစေရမည်နည်း။

သို့သော် မင်းသမီး ကျိနင်ထံမှ တိုက်ရိုက် အမိန့်ဖြစ်နေသည့်အတွက် ကွေ့ရှင်းဖူမှာ ခေါင်းညိတ်ရုံသာ တတ်နိုင်တော့သည်။ “ကောင်းပါပြီ။ လင်းအောင်းကိုပဲ လွှတ်လိုက်မယ်။”

တစ်ခဏမျှ တုံ့ဆိုင်းနေပြီးနောက် ကွေ့ရှင်းဖူက မေးလိုက်သည်။ “မင်းသမီး... သူ့ကို ဘာလို့ တိုက်ရိုက် မသတ်ပစ်တာလဲ။ အခွင့်အရေးတွေ အများကြီး ရှိခဲ့မှာပဲ။ သူ့ကို သတ်ဖို့ နဂါးစစ်သည်တော် တစ်ယောက်ကို အလွယ်လေး လွှတ်လိုက်လို့ ရတာကို။”

ကျိနင်က ခေါင်းရမ်းလိုက်သည်။ “ငါ သူ့ကို အရင်က သတ်နိုင်ပေမဲ့ မသတ်ခဲ့ဘူး။ အခုတော့ သူ့ကို ဗြောင်ကျကျ သတ်ဖို့ နောက်ကျသွားပြီ။ ဆိုဟန်ရီ တစ်ယောက်တည်းပဲ သူ့ကို သတ်ဖို့ အခွင့်အရေး ရှိခဲ့တာ။ ဒါပေမဲ့ သူက လက်လွှတ်ခံလိုက်တယ်။”

ကွေ့ရှင်းဖူ၏ ခန္ဓာကိုယ် အနည်းငယ် တုန်ယင်သွား၏။ သူသည် အလွန် ဉာဏ်ကောင်းသူ တစ်ဦးဖြစ်ရာ သူ မသိသင့်သည့် လျှို့ဝှက်ချက်များကို မေးမြန်းနေမိကြောင်း သဘောပေါက်သွားသည်။ ထို့ကြောင့် ဉာဏ်ပညာရှိစွာဖြင့်ပင် နောက်ထပ် မည်သည့်မေးခွန်းမျှ မမေးရန် ဆုံးဖြတ်လိုက်၏။

**--**--**--**--**--**--**--**

မိန်းမစိုး လီကျူးသည် အလွန် သာမန်ကျသည့် အသွင်အပြင် ရှိ၏။ သူ မည်သို့ပင် ဝတ်ဆင်ထားစေကာမူ မည်သည့် အာရုံစိုက်မှုကိုမှ မရရှိခဲ့ချေ။

လက်ရှိအချိန်၌ သူသည် မြို့စားအိမ်တော်မှ သာမန် အစေခံတစ်ဦးအဖြစ် ရုပ်ဖျက်ထားလျက် ရှိသည်။ သူက လင်းအောင်း၏ အနောက်သို့ တိတ်တဆိတ် လျှောက်သွားလိုက်၏။ အမြဲတမ်းလိုလိုပင် မည်သူကမှ သူ့ကို သတိမထားမိကြချေ။

ထို့နောက် သူ၏ အသံအား လင်းအောင်း တစ်ယောက်တည်းသာ ကြားနိုင်စေရန် မှော်ပညာကို အသုံးပြုလိုက်သည်။

“ဆိုလွန် ကုန်းပေါ် ရောက်နေပြီ။ သူ့ကို ကြားဖြတ်တားဆီးပြီး သူ့လက်မောင်းသွေးကြောတွေကို ဖျက်ဆီးဖို့ အတွင်းအားကို သုံးပါ။ အရေပြားပေါ်မှာ ဘာအမှတ်အသားမှ မကျန်စေနဲ့။ ပြီးတော့ ဘယ်သူမှ မမြင်အောင် သေချာလုပ်။”

လင်းအောင်း တုန်လှုပ်သွားရသည်။ အဘယ့်ကြောင့် သူ့အား ရွေးချယ်ရသည်နည်း။

သူတို့အနေဖြင့် သာမန် အဆင့်မြင့်စစ်သည် တစ်ဦးကို အလွယ်တကူ စေလွှတ်၍ ရနိုင်သည် မဟုတ်ပါလော။ သူ ဆိုလွန်ကို အမှန်တကယ် သတ်ချင်နေသည် ဆိုသော်ငြား ယှဉ်ပြိုင်မှု မတိုင်မီ ဤကဲ့သို့ ညစ်ပတ်သည့် အကွက်များကိုမူ မသုံးချင်ပေ။

သို့သော်လည်း လီကျူးမှာ မင်းသမီး ကျိနင်၏ ယုံကြည်ရဆုံး အစေခံဖြစ်ကြောင်း သူ သိထား၏။ ထို့အတွက်ကြောင့် ဤအမိန့်သည် မင်းသမီးထံမှ တိုက်ရိုက် လာခြင်းဖြစ်ပေလိမ့်မည်။

လင်းအောင်းက ခေါင်းတစ်ချက်သာ ငြိမ့်ပြလိုက်ပြီး စကားတစ်ခွန်းမျှ မဟချေ။ သူ လှည့်ကာ ထွက်ခွာသွား၏။

ယှဉ်ပြိုင်မည့် စင်မြင့်ထက်၌ ကွေ့ချင်းရှောင်း တစ်ယောက် လင်းအောင်း ထွက်သွားသည်ကို သတိထားမိသွား၏။ သူမ အံ့သြသွားကာ သူ့ကို ချက်ချင်း လှမ်းခေါ်လိုက်သည်။

လူအုပ်ကြီး၏ မနာလိုဖြစ်နေသည့် အကြည့်များအောက်တွင် လင်းအောင်းက စင်မြင့်ထက်သို့ တက်သွားပြီး ကွေ့ချင်းရှောင်း၏ အနားသို့ လျှောက်သွားလိုက်၏။

ကွေ့ချင်းရှောင်းက မကျေမနပ် မေးလိုက်သည်။ “ကျွန်မရဲ့ ယှဉ်ပြိုင်မှုတောင် မစသေးဘူး။ ရှင် သွားတော့မလို့လား။”

သူမ၏ အသံမှာ ရင်းနှီးကျွမ်းဝင်မှု ရှိသော်လည်း အထက်စီးဆန်ကာ အမိန့်ပေးသည့် လေသံလည်း ပါဝင်နေ၏။

ထူးချွန်လှသည့် ပါရမီနှင့် ရုပ်ရည်ချောမောမှုတို့ကြောင့် လင်းအောင်းမှာ အသက်ဆယ်နှစ် အရွယ်ကတည်းက မြို့စားအိမ်တော်၌ နေထိုင်ကာ ကွေ့ရှင်းဖူထံမှ ကိုယ်ပိုင်လေ့ကျင့်သင်ကြားမှုများကို ခံယူခဲ့ရသည်။

ရလဒ်အနေဖြင့် လင်းအောင်းနှင့် ကွေ့ချင်းရှောင်းတို့မှာ အတူတကွ ကြီးပြင်းလာခဲ့ကြ၏။ အသက် ဆယ့်သုံးနှစ်အရွယ်သို့ ရောက်သောအခါ လင်းအောင်းနှင့် ကွေ့ချင်းရှောင်းတို့ နှစ်ဦးစလုံးမှာ ဓားသခင်၏ တပည့်များ ဖြစ်လာခဲ့ပြသည်။

ထို့နောက် သူတို့နှစ်ဦးစလုံး တော်ဝင်အကယ်ဒမီသို့ အတူတကွ ဝင်ရောက်ခဲ့ကြ၏။

သူမမှာ အလွန်တရာ လှပလွန်းပြီး အလွန်အမင်း မောက်မာကာ အင်မတန် ခက်ထန်သည့် ကိုယ်ရည်ကိုယ်သွေး ရှိနေသည့်အတွက် ကွေ့ချင်းရှောင်း၏ အခြားသူများနှင့် ဆက်ဆံရေးမှာ အမှန်တကယ်ပင် အတော်လေး ဆိုးရွားလှသည်။

မိန်းကလေးများက သူမ၏ အလှကို မနာလိုဖြစ်ကြပြီး ယောကျ်ားလေးများကမူ သူမ၏ ရှေ့မှောက်၌ သိမ်ငယ်သလို ခံစားရတတ်၏။ ထို့ကြောင့်ပင် ကွေ့ချင်းရှောင်း၌ သူငယ်ချင်း များများစားစား မရှိခဲ့ချေ။

သူမ ကြီးပြင်းလာခဲ့သည့် နှစ်များတစ်လျှောက်လုံး၌ လင်းအောင်းသည်သာ သူမနှင့် အရင်းနှီးဆုံး သူမ၏ ရွယ်တူတစ်ယောက် ဖြစ်ခဲ့သည်။

လင်းအောင်းက လေးလေးနက်နက် ပြောလိုက်သည်။ “အစ်ကို ဖြေရှင်းစရာ အရေးကြီးကိစ္စလေး တစ်ခုရှိနေလို့။ သွားရတော့မယ်။”

ကွေ့ချင်းရှောင်းက အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။ “ဟမ့်...”

သူမက ခန္ဓာကိုယ်ကို လှည့်ကာ ကျောခိုင်းလိုက်လေရာ အလွန်တရာ မောက်မာလှသော်လည်း အံ့မခန်း လှပနေဆဲပင်။

သူမ ကျောခိုင်းသွားစဉ် အပြစ်အနာအဆာကင်းသည့် သူမ၏ မျက်နှာလေးနှင့် ဆွဲဆောင်မှုရှိသည့် ခါးအချိုးအစားကို ကြည့်ကာ လင်းအောင်း၏ ရင်ထဲ၌ နှလုံးက ပြင်းထန်စွာ ခုန်ပေါက်သွားရ၏။

သူ ကွေ့ချင်းရှောင်း၏ အလှတရားကို ဆယ်နှစ်နီးပါးခန့် ကြည့်ရှုခဲ့ပြီး ဖြစ်သော်လည်း ကြည့်လိုက်ရသည့် အကြိမ်တိုင်း၌ သူ၏ စိတ်ဝိညာဉ်ကို လှုပ်ခတ်သွားစေဆဲပင်။

ဤကဲ့သို့ သူမအား ကြည့်လိုက်ရတိုင်း သူမကို ပိုင်ဆိုင်လိုသည့် ပြင်းထန်လှသော ဆန္ဒတစ်ခုက လင်းအောင်း၏ ရင်ထဲ၌ လောင်ကျွမ်းစွာ ထွက်ပေါ်လာတတ်သည်။

လင်းအောင်း စိတ်ထဲမှ ကြုံးဝါးလိုက်၏။ “ဒီမိန်းမက ငါ့အပိုင်ပဲ။ သူ့ရဲ့ နေရာတိုင်းက ငါနဲ့ပဲ သက်ဆိုင်တယ်။ ဘယ်သူမဆို သူ့ကို လက်တစ်ချောင်းနဲ့များ လာထိရဲရင် မိသားစု တစ်ခုလုံးကို သတ်ပစ်မယ်။”

“ဆိုလွန်... မင်းက သူ့ရဲ့ လက်တစ်ချောင်းကိုတောင် မထိဖူးဘဲ စကားလုံးတွေနဲ့ စော်ကားပြီး အခွင့်အရေးယူရဲတယ်။ ဒါကြောင့် မင်းဘဝကတော့ အဆုံးသတ်သွားပြီပဲ။”

ထိုအမှောင်ဖုံးနေသည့် အတွေးများနှင့်အတူ လင်းအောင်းက လှည့်ကာ ထွက်ခွာသွား၏။

**--**--**--**--**--**--**--**

တစ်ချိန်တည်းမှာပင် သင်္ဘောပေါ်မှ ဆင်းကာ ကုန်းပေါ်သို့ ရောက်ပြီးနောက် ဆိုလွန်နှင့် ရဲ့ကျင်းယွီတို့သည် လင်ဟိုင်မြို့စားအိမ်တော်ဆီသို့ မြင်းများကို အစွမ်းကုန် ဒုန်းစိုင်းစီးနှင်လာကြသည်။

အကယ်၍ နေဝင်သွားချိန်ထိ ဆိုလွန်သာ ယှဉ်ပြိုင်မည့် စင်မြင့်ပေါ်သို့ ရောက်မလာပါက သူ အလိုအလျောက် ရှုံးနိမ့်သွားပြီဟု သတ်မှတ်ခံရပေလိမ့်မည်။

ကမ်းခြေမှ လင်ဟိုင်မြို့အထိ အကွာအဝေးမှာ မိုင်သုံးရာခန့် ရှိ၏။ မြင်းများကို အဆက်မပြတ် ပြောင်းစီးကာ အမြင့်ဆုံး အမြန်နှုန်းဖြင့် စီးနှင်သွားပါက ထိုခရီးစဉ်ကို လေးနာရီ မပြည့်ခင်မှာပင် ရောက်ရှိနိုင်သည်။

လက်ရှိအချိန်၌ နေမဝင်မီ ခြောက်နာရီခန့် အချိန်ကျန်နေသေး၏။ သူတို့၌ အချိန်အလုံအလောက် ရှိနေသည်။

သူတို့က အရူးအမူး စီးနှင်သွားကြကာ ကျေးရွာများနှင့် မြို့ငယ်များကို ဖြတ်သန်းသွားကြပြီး အဆင့်မြင့်စစ်သည် တစ်ဦး၏ ပိုင်နက်ကိုပင် ဖြတ်ကျော်လာခဲ့ကြသည်။

အရှေ့ဘက်ရှိ တောင်ကြားကိုသာ ဖြတ်ကျော်လိုက်ပါက နောက်ဆုံး၌ လင်ဟိုင်မြို့ကို မြင်တွေ့ရတော့လေမည်။

အပိုင်း ၁၈၃ + ၁၈၄ ပြီး။

နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Yue

True Immortal Team

All Chapters