← Chapters

အခန်း (၁၈၅+၁၈၆)

Vol. 19 Ch. 185+186

အခန်း (၁၈၅+၁၈၆)

Vol. 19 Ch. 185+186

အပိုင်း ၁၈၅ + ၁၈၆

နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Yue

True Immortal Team

တောင်နှစ်လုံးမှာ မြင့်မားမတ်စောက်နေပြီး ခြောက်သွေ့ကာ လုံးဝကို တိတ်ဆိတ်နေ၏။ ထိုတောင်နှစ်လုံးကြားရှိ တောင်ကြားလမ်းကို ဖြတ်၍ ပင်မလမ်းမကြီး တစ်ခု ဖောက်လုပ်ထားသည်။

​“ဒုန်းးး ဒုန်းးး” ပြင်းထန်လှသည့် မြင်းခွာသံများက တောင်ကြား၏ တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သည်။

​ထိုစဉ် ရုတ်တရက်... ဆိုလွန်နှင့် ရဲ့ကျင်းယွီတို့ နှစ်​ယောက်လုံး မြင်းဇက်ကြိုးကို အားကုန်ဆွဲလိုက်ကာ ဒုန်းစိုင်းပြေးနေသည့် သူတို့၏ စစ်မြင်းများကို ရုတ်တရက် ရပ်တန့်လိုက်ရသည်။

​သူတို့၏ အရှေ့ဘက်ရှိ လမ်းကို ပိတ်ရပ်နေသူမှာ မြင်းပေါ်မှ လူငယ်တစ်ဦးဖြစ်ပြီး ခြိမ်းခြောက်နိုင်စွမ်းရှိသော အရှိန်အဝါနှင့် သူရဲကောင်းဆန်သည့် အငွေ့အသက်တို့ကို ထုတ်လွှတ်နေ၏။

​ဆိုလွန် ထိုသူကို ရင်းနှီးနေသလို ခံစားလိုက်ရသည်။

ထိုသူမှာ တော်ဝင်အကယ်ဒမီ၏ ထိပ်တန်း လက်ရွေးစင် ၊ တိုင်းပြည်၏ အနာဂတ် စစ်သေနာပတိနှင့် ကွေ့ချင်းရှောင်း၏ တစ်ဦးတည်းသော ရင်းနှီးသည့် ယောကျ်ားလေးသူငယ်ချင်းဖြစ်သူ လင်းအောင်းပင်။

​မထင်မှတ်ထားစွာပင် သူက ဆိုလွန်၏ လမ်းကို လာပိတ်ရပ်နေခြင်း ဖြစ်၏။

​လင်းအောင်းက မဲ့ပြုံးပြုံးလိုက်သည်။ “ဟမ့်... ဆိုလွန်... ကွေ့ချင်းရှောင်းရဲ့ နာမည်ကိုတောင် မဟဖို့ မင်းကို ငါသတိပေးဖူးတယ်။ ဘာလို့လဲဆိုတော့ သူက ငါ့အပိုင်မလို့ပဲ။ ဒါကိုတောင် လွန်ခဲ့တဲ့ ရက်အနည်းငယ်က သူ့ကို တစ်နေ့ ရှစ်ခါ အိပ်ချင်တယ်လို့ မင်းက ပြောရဲသေးတယ်လား။”

​ဆိုလွန်က ပခုံးတွန့်လိုက်၏။ “အင်း... ဟုတ်တယ်။ နေသာရင် ရှစ်ခါ ၊ မိုးရွာရင် ကိုးခါပေါ့။”

​လင်းအောင်း အေးစက်စွာ ပြောလိုက်သည်။ “သေချင်နေတဲ့ လူမိုက်တစ်ယောက်ကို ဘယ်သူမှ တားလို့မရဘူး။”

​သူက စစ်မြင်းပေါ်မှ ခုန်ဆင်းလိုက်ပြီး ဆိုလွန်ဆီသို့ တစ်လှမ်းချင်း လျှောက်လာ၏။

​ထိုသည်ကို မြင်သောအခါ ရဲ့ကျင်းယွီက သူမ၏ တံစဉ်းဓားကောက်ကို အကြမ်းပတမ်း ဆွဲထုတ်လိုက်ပြီး မြင်းပေါ်မှ ခုန်ဆင်းကာ လင်းအောင်းဆီသို့ ပြေးဝင်သွားသည်။

​လင်းအောင်းကမူ ခြေလှမ်းအရှိန်ကို မလျှော့ဘဲ ဆက်လက်လျှောက်လာ၏။ ရဲ့ကျင်းယွီ အနားသို့ ရောက်လာချိန်၌ သူ၏ ဓားကို အပြင်းအထန် ခုတ်ချလိုက်သည်။

​တစ်ချိန်တည်းမှာပင် ရဲ့ကျင်းယွီကလည်း သူမ၏ ဓားကောက်ဖြင့် လင်းအောင်း၏ ခေါင်းတည့်တည့်ဆီသို့ ချိန်ရွယ်ကာ အညှာအတာကင်းမဲ့စွာ ခုတ်ချလိုက်၏။

​“ဘန်းးး”

​ကျယ်လောင်သည့် အသံကြီးတစ်သံ ထွက်ပေါ်လာသည်။

​ရဲ့ကျင်းယွီ၏ ဓားကောက်မှာ လင်းအောင်း၏ ဓားရိုးနှင့် ပြင်းထန်စွာ ရိုက်ခတ်မိသွား၏။ ချက်ချင်းပင် သူမ၏ သွယ်လျလှပသော ခန္ဓာကိုယ်လေးမှာ အနောက်သို့ လွင့်ထွက်သွားရသည်။ ပေအတော်အဝေးသို့ လွင့်စင်သွားကာ မြေပြင်ပေါ်သို့ ပြုတ်ကျသွားပြီး မတ်တပ်ရပ်နိုင်ရန်ပင် ရုန်းကန်နေရ၏။

​သို့သော် လင်းအောင်းကမူ အနည်းငယ်သာ တုန်ခါသွားပြီး နောက်သို့ တစ်လှမ်းပင် ဆုတ်မသွားချေ။

​လင်းအောင်းက မောက်မာစွာ ပြောလိုက်သည်။ “မင်းရဲ့ အမြန်နှုန်းက ကောင်းပါတယ်။ ဒါပေမဲ့ မင်းရဲ့ နဂါးစွမ်းအားက အရမ်း အားနည်းနေတယ်။”

​

​“ရွှီးးး” လျှပ်စီးလက်သကဲ့သို့ပင် လင်းအောင်းတစ်ယောက် ဆိုလွန်၏ အရှေ့တည့်တည့်သို့ ရောက်လာ၏။ သူက အံ့မခန်း အမြန်နှုန်းဖြင့် ဓားကို အပြင်းအထန် ခုတ်ချလိုက်သည်။

​ဆိုလွန်သည်လည်း သူ၏ အားကောင်းလှသော စိတ်ဝိညာဉ်စွမ်းအားကို ထုတ်လွှတ်လိုက်ကာ ဝင်ရောက်လာသည့် လင်းအောင်း၏ တိုက်ကွက်ကို သော့ခတ်ထားလိုက်၏။

ချက်ချင်းဆိုသလိုပင် လင်းအောင်း၏ ဓားအပါအဝင် သူ၏ ပတ်ဝန်းကျင်ရှိ အရာအားလုံးက အနှေးပြကွက်တစ်ခုကဲ့သို့ ဖြစ်သွားသည်။

​ထို့နောက် ထိုတိုက်ကွက်ကို ကာကွယ်ရန် သူ၏ ညာဘက်လက်ရှိ ဓားကို အလျင်အမြန် မြှောက်လိုက်သည်။

​“ထန်းးး”

​နားကွဲမတတ် ကျယ်လောင်သည့် အသံကြီး ထွက်ပေါ်လာ၏။

​ဆိုလွန် စီးနင်းထားသော စစ်မြင်းကြီးထံမှ နာကျင်စွာ အော်ဟစ်သံကြီး ထွက်ပေါ်လာသည်။ မြင်းကြီး၏ ခြေထောက်များမှာ ခွေကျသွားကာ ပါးစပ်နှင့် နှာခေါင်းတို့မှ သွေးများပန်းထွက်လာပြီး မြေပြင်ပေါ်သို့ လဲကျသေဆုံးသွားရ၏။

​တစ်ချိန်တည်းမှာပင် အလွန်အမင်း အားကောင်းလှသည့် နဂါးစွမ်းအားများက လင်းအောင်း၏ ဓားမှတစ်ဆင့် ဆိုလွန်၏ လက်မောင်းအတွင်းသို့ စီးဝင်လာကာ သူ၏ သွေးကြောများကို အကြမ်းပတမ်း ဆွဲဖြဲဖျက်ဆီးလိုက်သည်။

​သူ၏ လက်မောင်းတစ်ခုလုံး ထုံကျဉ်မသွားမီ ဆိုလွန်တစ်ယောက် သည်းမခံနိုင်လောက်အောင် ပြင်းထန်လှသော နာကျင်မှုကို ခံစားလိုက်ရ၏။

ထိတ်လန့်ဖွယ်ကောင်းလှသည့် နဂါးစွမ်းအားက သူ၏ ညာဘက်လက်မောင်းရှိ သွေးကြောများအားလုံးကို မျက်စိတစ်မှိတ်အတွင်းမှာပင် ဆွဲဖြဲပစ်လိုက်သည်။

​လင်းအောင်းသည်လည်း ဆိုလွန်၏ ဓားကိုကြည့်ကာ အံ့အားသင့်သွားရသည်။ ဆိုလွန်က သူ၏ တိုက်ကွက်ကို အမှန်တကယ် ကာကွယ်နိုင်လိမ့်မည်ဟု သူ မထင်မှတ်ထားချေ။ သူ၏ ဓားက အလွန်မြန်ဆန်လှသော်ငြား ဆိုလွန်က တားဆီးနိုင်လိုက်သေးသည်။

​သို့သော်လည်း ထိုသို့ ကာကွယ်နိုင်ခြင်းမှာ အဓိပ္ပာယ်မရှိချေ။ ဆိုလွန်၏ နဂါးစွမ်းအား ကျင့်ကြံခြင်းမှာ အလွန်အမင်း အားနည်းလွန်းသည်။

သူ၏ နဂါးစွမ်းအားက ဆိုလွန်၏ လက်မောင်းတစ်ဖက်လုံးရှိ သွေးကြောများအားလုံးကို ဖျက်ဆီးပစ်ရန် လုံလောက်စွာ အားကောင်းးနေ၏။

​ထိုအချိန်၌မှာပင် ရဲ့ကျင်းယွီက အနောက်မှနေ၍ အရူးအမူး ပြေးဝင်လာသည်။ သူမက အသက်စွန့်ရမည့် ရုတ်တရက် တိုက်ကွက်တစ်ခုအတွက် သူမ၏ နဂါးစွမ်းအားများအားလုံးကို ကုန်စင်အောင် အသုံးပြုကာ လင်းအောင်း၏ ကျောပြင်ဆီသို့ ဓားကောက်ဖြင့် ခုတ်ချလိုက်၏။

​လင်းအောင်းကမူ အနောက်သို့ပင် လှည့်မကြည့်ဘဲ သူ၏ နဂါးစွမ်းအားများကို ထုတ်လွှတ်ကာ ဓားဖြင့် အနောက်သို့ ပြန်လည်ခုတ်ချလိုက်သည်။

​“ထန်းးး”

​ရဲ့ကျင်းယွီတစ်ယောက် နောက်တစ်ကြိမ် လွင့်ထွက်သွားရပြန်ပြီး သွေးတစ်ပွက်ကို အန်ချလိုက်ရပြန်၏။

​သူမသည် အဆင့်မြင့်ဓားကိုင်စစ်သည် တစ်ဦးဖြစ်ပြီး လင်းအောင်းသည်လည်း ထိုနည်းတူပင်။

သို့သော်လည်း သူတို့နှစ်ဦးကြားရှိ စွမ်းအားကွာဟချက်မှာ အလွန်ကြီးမားလွန်းလှသည်။ ရဲ့ကျင်းယွီမှာ လျင်မြန်မှုနှင့် စိတ်ဝိညာဉ်ပိုင်း၌သာ ကျွမ်းကျင်သောကြောင့် သူမ၏ နဂါးစွမ်းအားမှာ သဘာဝအလျောက် အားနည်းလှ၏။

လင်းအောင်းကမူ နဂါးစွမ်းအား ၊ လျင်မြန်မှုနှင့် စိတ်ဝိညာဉ် စွမ်းရည် သုံးခုစလုံးမှာ အလွန်အမင်း မြင့်မားနေသည်။

​လင်းအောင်းက ရဲ့ကျင်းယွီကို လှည့်၍ပင် မကြည့်ချေ။ သူက ဆိုလွန်ဆီသို့ လျှောက်သွားကာ စိုက်ကြည့်လိုက်သည်။ “မင်း ကြွားရဲတယ်ပေါ့။ နောက်ထပ် ဘယ်မိန်းမနဲ့မှ မတွေ့နိုင်အောင် မင်းကို ငါ ဖျက်ဆီးပစ်မယ်။”

​ထို့နောက် လင်းအောင်းက ဆိုလွန်၏ ပေါင်ကြားဆီသို့ ဓားဖြင့် အပြင်းအထန် ထိုးချလိုက်၏။

​ဆိုလွန် အလျင်အမြန်ပင် အနောက်သို့ ခုန်ဆုတ်လိုက်ရသည်။ သူ၏ ဘယ်ဘက်လက်ဖြင့် ဓားကို ဆုပ်ကိုင်လိုက်ကာ ကျန်ရှိနေသေးသော သူ၏ နဂါးစွမ်းအားနှင့် စိတ်ဝိညာဉ်စွမ်းအား အားလုံးကို ထုတ်ယူသုံးစွဲပြီး သေစေနိုင်သည့် တိုက်ကွက်ကို ခုခံလိုက်၏။

အကယ်၍ ယောကျ်ားတစ်ယောက်၏ အမှတ်အသားသာ ဖျက်ဆီးခံလိုက်ရပြီး မိန်းမလျာတစ်ယောက် ဖြစ်သွားလျှင် အသက်ရှင်နေရခြင်းက အဓိပ္ပာယ်ရှိမည် မဟုတ်ချေ။

​“လင်းအောင်း... တန်ရုံပဲ လုပ်။”

​ရုတ်တရက် ရင်းနှီးနေသည့် အသံတစ်ခုက ကောင်းကင်ယံမှ ထွက်ပေါ်လာ၏။ ထိုသူမှာ ဓားသခင် ပိုင်ရှောင်းပင်။

​ချက်ချင်းဆိုသလိုပင် ဆိုလွန်နှင့် လင်းအောင်းတို့ နှစ်ဦးစလုံး၏ ခန္ဓာကိုယ်များမှာ အားကောင်းလှသည့် စွမ်းအင်တစ်ခု၏ အေးခဲထားခြင်းကို ခံလိုက်ရသကဲ့သို့ ဖြစ်သွားသည်။

​လင်းအောင်း အံ့အားသင့်သွားရ၏။ သူ၏ မျက်ခုံးများ တွန့်ချိုးသွားပြီး ထက်မြက်လှသည့် ဓားကို ပြန်ရုပ်သိမ်းလိုက်သည်။ သူက ဒူးနှစ်ဖက်စလုံးဖြင့် ထောက်ကာ ခေါင်းငုံ့လိုက်၏။ “ဟုတ်ကဲ့ပါ ဆရာ... လင်းအောင်းက ဆရာ့ကို ဂါရဝပြုပါတယ်။”

​ဓားသခင် ပိုင်ရှောင်းက လေးနက်စွာ ပြောလိုက်သည်။ “မင်း သူ့ရဲ့ သွေးကြောတွေကို ဖျက်ဆီးပြီးပြီပဲ။ မင်း အောင်မြင်ပြီလို့ ပြန်သတင်းပို့လို့ ရပြီ။ တော်ရုံပဲ လုပ်။”

​လင်းအောင်း၏ ထက်မြက်လှသော မျက်ခုံးများမှာ ပြင်းပြင်းထန်ထန် ပင့်တက်သွားကာ နက်ရှိုင်းလှသည့် မကျေနပ်မှုနှင့် ခေါင်းမာမှုတို့ကို ပြသနေ၏။ သို့သော်လည်း သူက ခေါင်းညိတ်လိုက်သည်။ “ဟုတ်ကဲ့ပါ ဆရာ။”

​ထို့နောက် သူ မတ်တပ်ရပ်လိုက်ပြီး မြင်းပေါ်တက်ကာ စီးနှင်ထွက်ခွာသွားတော့၏။

​“လူမိုက်... နောက်တစ်ကြိမ်ကျရင် မင်း ဒီလောက် ကံကောင်းမှာ မဟုတ်ဘူး။” လင်းအောင်း ထွက်ခွာသွားစဉ် သူ၏ အသံက ဆိုလွန်၏ နားထဲသို့ လွင့်ပျံလာသည်။

​**--**--**--**--**--**--**--**

​ဓားသခင် ပိုင်ရှောင်း၏ အသံက တစ်ဖန် ပြန်ထွက်ပေါ်လာ၏။ “ဒီကလေးက ငါ့ရဲ့ တပည့်တွေထဲက တစ်ယောက်ပဲ။ သူက အံ့မခန်း ပါရမီရှိပေမဲ့ အလွန်အမင်း ခေါင်းမာပြီး မောက်မာတယ်။ ကွေ့ချင်းရှောင်းရဲ့ အာရုံစိုက်မှုကို ရသွားတာကလည်း သူ့ရဲ့ ဒီလိုမောက်မာမှုကြောင့်ပဲ။ သူတို့နှစ်ယောက်က တူညီကြတယ်။ တခြားလူတွေကိုဆိုရင် အထင်သေးကြတာပဲ။”

​ဆိုလွန်က သူ၏ ဒေါသကို ထုတ်မပြချေ။ ထိုအစား ရဲ့ကျင်းယွီအား ထူပေးရန် လျှောက်သွားလိုက်ပြီး သူမ၏ နှုတ်ခမ်းထောင့်ရှိ သွေးများကို ညင်သာစွာ သုတ်ပေးလိုက်၏။

​“ဆိုလွန်... မင်းရဲ့ ခန့်မှန်းချက်အရဆိုရင် သူ့ကို ဘယ်တော့လောက် သတ်နိုင်မလဲ။” ဓားသခင် ပိုင်ရှောင်းက မေးမြန်းလာသည်။

​ဆိုလွန်က မျက်စိစုံမှိတ်လိုက်၏။ “နောက်နှစ်လောက် ဖြစ်မယ်။ သူ့မှာ မိသားစုဝင်တွေ ၊ ချစ်သူ ဒါမှမဟုတ် သူဂရုစိုက်တဲ့သူ ရှိလား။”

​ဓားသခင် ပိုင်ရှောင်းက ဖြည်းညှင်းစွာ ပြောသည်။ “မရှိဘူး။ သူ ဂရုစိုက်တာ တစ်ယောက်ပဲ ရှိတယ်။ အဲ့ဒါ ကွေ့ချင်းရှောင်းပဲ။ ပြီးတော့ သူ အခြားဂရုစိုက်တဲ့ အရာတစ်ခုက အာဏာနဲ့ ရာထူးပဲ။”

​ဆိုလွန် ခေါင်းညိတ်လိုက်၏။ “အင်း... ကျွန်တော် နားလည်ပြီ။”

​ဓားသခင် ပိုင်ရှောင်းက ဆက်၍ မေးလာသည်။ “အခု မင်းရဲ့ ညာဘက်လက် သွေးကြောတွေ ပျက်စီးသွားပြီဆိုတော့ ဓားသုံးလို့ မရတော့ဘူး။ မင်း ဘာဆက်လုပ်မလဲ။ ပြီးတော့ လူတိုင်းက မင်းရဲ့ လက်မောင်းသွေးကြောတွေ ပြတ်သွားတာကို တိုက်ပွဲမှာ ပျက်စီးတာ မဟုတ်ဘဲ ကပ်ဘေးကိုးသွယ်ဓားသိုင်းကို အတင်းအကျပ် ကျင့်ရင်း ပျက်စီးသွားတာလို့ပဲ မြင်ကြလိမ့်မယ်။”

​ကပ်ဘေးကိုးသွယ်ဓားသိုင်း၏ အဓိကအချက်မှာ သွေးကြောစွမ်းအားနယ်ပယ်၏ မျှတမှုဖြစ်ပြီး သွေးကြောများနှင့် ဓားသိုင်းဆန္ဒတို့အကြား ပြီးပြည့်စုံသော ပူးပေါင်းဆောင်ရွက်မှု လိုအပ်၏။

သွေးကြောများ ဖျက်ဆီးခံလိုက်ရသည်နှင့်တစ်ပြိုင်နက် ထိုအရာအားလုံးမှာ မဖြစ်နိုင်ချေ။ သူအနေဖြင့် ဓားကို ဝှေ့ယမ်းရန်မပြောနှင့် ၊ ဓားကို ဆုပ်ကိုင်နိုင်စွမ်းပင် ရှိတော့မည် မဟုတ်ချေ။

​ဆိုလွန်က ဓားသခင်ကို ပြန်မဖြေချေ။ ထိုအစား သူက ရဲ့ကျင်းယွီအား မြင်းပေါ်သို့ တင်ပေးလိုက်ပြီး သူကိုယ်တိုင်လည်း မြင်းပေါ်တက်ကာ လင်ဟိုင်မြို့ဆီသို့ အရှိန်ပြင်းပြင်းဖြင့် စီးနှင်ထွက်ခွာသွားလိုက်၏။

​**--**--**--**--**--**--**--**

​မြင်းစီးလာစဉ်အတွင်း ဆိုလွန်က သူ၏ လက်ကို ရဲ့ကျင်းယွီ၏ ရင်ဘတ်ပေါ်သို့ ဖိကပ်ထားလိုက်ကာ သူမ၏ ခန္ဓာကိုယ်အတွင်းရှိ ကမောက်ကမဖြစ်နေသော သွေးများနှင့် စွမ်းအင်များကို ပြန်လည်တည်ငြိမ်သွားစေရန် ကူညီပေးနေ၏။

​ရဲ့ကျင်းယွီက မျက်ရည်ဝဲသွားသည်။ “သခင်လေး... လက်မောင်း ဘယ်လိုနေသေးလဲ။”

​သာမန်လူတစ်ယောက်အတွက် ဆိုလျှင် ယခုအချိန်၌ သူတို့၏ သွေးကြောများမှာ ထာဝရ ပျက်စီးသွားလောက်လေပြီ။

သို့သော် ဆိုလွန်၌မူ အသူရာမိစ္ဆာကြယ် ရှိနေသောကြောင့် ပြင်းပြင်းထန်ထန် ပျက်စီးသွားသည့် သွေးကြောများပင်လျှင် အချိန်ကြာလာသည်နှင့်အမျှ တဖြည်းဖြည်း ပြန်လည်ကောင်းမွန်လာနိုင်သည်။

​သို့သော် အနည်းဆုံး လအနည်းငယ်ကြာသည်အထိတော့ ဓားကိုင်မည့် အတွေးကို သူ လက်လျှော့ထားရပေလိမ့်မည်။ သူ၏ ညာဘက်လက်ကို မြှောက်ပင် မြှောက်နိုင်လိမ့်မည် မဟုတ်ချေ။

​ဆိုလွန် ခေါင်းရမ်းလိုက်၏။ “ညာဘက်လက်က လအနည်းငယ်လောက် ဘာမှ လုပ်လို့ရမှာ မဟုတ်ဘူး။”

​ရဲ့ကျင်းယွီ နှုတ်ခမ်းကိုက်လိုက်သည်။ “သခင်လေးမှာ သေချာပေါက် နောက်ထပ် အစီအစဉ် ရှိတယ်မလား။”

​ဆိုလွန်က နှုတ်ခမ်းတွန့်ရုံ ပြုံးလိုက်၏။ “အစ်မကို ကျွန်တော် မပြောရသေးတဲ့ လျှို့ဝှက်ချက်တစ်ခု ရှိတယ်။ တကယ်တော့ ကျွန်တော်က ဘယ်သန်ပဲ။”

​ထိုသည်က အမှန်ပင်။ သူသည် ငယ်စဉ်ကတည်းက ဘယ်သန်ဖြစ်၏။ သို့သော် သူ၏ မွေးစားမိဘများက ထိုသည်ကို မကောင်းဟုဆိုကာ အတင်းအကျပ် ပြင်ဆင်ခိုင်းခဲ့ကြသည်။

ထို့အတွက်ကြောင့် သူအနေဖြင့် အချိန်အများစု၌ ထမင်းစားရန်နှင့် စာရေးရန်အတွက် ညာဘက်လက်ကိုသာ အသုံးပြုခဲ့ရသည်။

​သို့သော် အနား၌ မည်သူမှ မရှိသည့် အချိန်တိုင်းတွင်မူ သူ၏ ဘယ်ဘက်လက်ကိုသာ တိတ်တဆိတ် အသုံးပြုလေ့ရှိ၏။

နောက်ပိုင်း၌ သူ၏ အစ်မဖြစ်သူက ဘယ်သန်ကလေးများမှာ ထူးဆန်းသည်မဟုတ်ဘဲ အထူးတလည် ဉာဏ်ကောင်းကြသည်ဟု ပြောဖူးသည်။ သို့သော်လည်း သူက အကဲဆတ်သူဖြစ်ရာ အခြားသူများနှင့် ကွဲပြားနေသည်ဟု အထင်မခံချင်သောကြောင့် လူရှေ့သူရှေ့၌ ညာဘက်လက်ကိုသာ ဆက်လက်အသုံးပြုခဲ့၏။

​ရဲ့ကျင်းယွီမှာတော့ ချက်ချင်းပင် အလွန်အမင်း ဝမ်းသာသွားကာ မျက်ရည်ပင် ကျမတတ် ဖြစ်သွားရသည်။

​သို့သော် ဘယ်ဘက်လက်ကို အသုံးပြုနိုင်လျှင်ပင် ကပ်ဘေးကိုးသွယ်ဓားသိုင်းကို သုံး၍မရနိုင်တော့ကြောင်းကိုမူ ဆိုလွန် သူမအား မပြောပြလိုက်ချေ။

​ကပ်ဘေးကိုးသွယ်ဓားသိုင်းက ခန္ဓာကိုယ်တစ်ခုလုံး၏ အကြွင်းမဲ့ ပြီးပြည့်စုံမှုကို လိုအပ်၏။ ခန္ဓာကိုယ်၏ သွေးကြောများအတွင်း၌ ပြီးပြည့်စုံစွာ မျှတနေသော စွမ်းအားနယ်ပယ်နှင့် ဓားသိုင်းဆန္ဒတို့၏ အပြစ်အနာအဆာကင်းသည့် ပူးပေါင်းဆောင်ရွက်မှုတို့ လိုအပ်သည်။

​လက်ရှိအချိန်၌ သူ၏ ညာဘက်လက်ရှိ သွေးကြောများ လုံးဝ ပျက်စီးသွားပြီဖြစ်ရာ သူ၏ ခန္ဓာကိုယ်တွင်းရှိ သွေးကြောစွမ်းအားနယ်ပယ်၏ မျှတမှုမှာလည်း လုံးဝ ပျက်စီးသွားပြီဖြစ်သည်။

ထို့အတွက်ကြောင့် သူ၏ ဘယ်ဘက်လက်တစ်ဖက်တည်းဖြင့် ကပ်ဘေးကိုးသွယ်ဓားသိုင်းကို အသုံးပြုရန်မှာ မဖြစ်နိုင်ချေ။ သိုင်းကွက်တစ်ကွက်ကိုပင် ဖော်ထုတ်နိုင်မည် မဟုတ်ပေ။

ကပ်ဘေးကိုးသွယ်ဓားသိုင်းကို သင်ယူရန်အတွက် ရေတွက်၍ မရနိုင်လောက်အောင် များပြားလှသော ကြိုးပမ်းအားထုတ်မှုများနှင့် အသက်ကိုပင် စတေးကာ ရင်းနှီးခဲ့သော်လည်း ယခုအခါ၌ ထိုသိုင်းကို အသုံးပြု၍ မရနိုင်တော့ချေ။ ကံကြမ္မာက ကျီစယ်လွန်းလှသည်။

အပိုင်း ၁၈၅ + ၁၈၆ ပြီး။

နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Yue

True Immortal Team

All Chapters