← Chapters

အခန်း (၁၈၇+၁၈၈)

Vol. 19 Ch. 187+188

အခန်း (၁၈၇+၁၈၈)

Vol. 19 Ch. 187+188

အပိုင်း ၁၈၇ + ၁၈၈

နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Yue

True Immortal Team

နေမင်းကြီးမှာ အနောက်ဘက်သို့ ဝင်လုနီးပါး ဖြစ်နေလေပြီ။ နေမဝင်မီ ဆိုလွန် ရောက်မလာပါက အရှုံးပေးသည်ဟု သတ်မှတ်ရမည်သာ။ ဧည့်သည်တစ်ဝက်ခန့်မှာလည်း ပြန်သွားကြပြီ ဖြစ်သည်။

“ဒီခွေးမသား ဆိုလွန်က ထွက်မလာရဲတော့ဘူး။ သူ ထွက်ပြေးသွားတာ သေချာတယ်။”

“ဒီအမှိုက်ကောင်က​တော့ ငါ့အချိန်တွေကို တစ်နေကုန်လုံး ဖြုန်းတီးပစ်တာပဲ။”

“ဒီရုပ်ချောတဲ့ကောင်က အပြောပဲရှိတာ။ သူ့ပိုင်နက် ဆုံးရှုံးသွားတာနဲ့ တန်ပါတယ်။”

တစ်ချိန်တည်းမှာပင် ကွေ့ချင်းရှောင်းသည်လည်း ဓားစင်မြင့်ထက်၌ ထိုင်နေပြီး သူမ၏ ရင်ထဲ၌ အဆုံးမဲ့သည့် ဒေါသနှင့် စိုးရိမ်ပူပန်မှုတို့ ပြည့်နှက်နေ၏။

ဆိုလွန်ကို နင်းချေပြီး သူ၏ ခြေထောက်နှစ်ဖက်စလုံးကို ချိုးပစ်ရန် ဤအခိုက်အတန့်အတွက် သူမ ဆယ်ရက်တိတိ စောင့်ဆိုင်းခဲ့ရသည်။

ဤခွေးမသား... ဤလူယုတ်မာ... သူက ဘယ်လိုတောင် ဂရုမစိုက်ဘဲ သူမကို အရှက်ခွဲရဲရသနည်း။

ငယ်စဉ်ကတည်းက မည်သည့်ယောက်ျားကမျှ သူမရှေ့၌ ကျယ်လောင်စွာ စကားမပြောရဲသလို ၊ သူမ၏ အလှတရားက သူတို့၏ မျက်လုံးများကို ကန်းသွားစေမည်ကို ကြောက်ရွံ့ကြသဖြင့် သူမ၏ မျက်လုံးများကိုပင် တိုက်ရိုက် မကြည့်ရဲကြချေ။

သို့သော် ဆိုလွန်ကမူ အမှန်တကယ်ပင် ပေါ့ပေါ့တန်တန်နှင့် သူမအား နောက်ပြောင်ရဲသည်။

ဆိုးရွားသည်မှာ လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း မနာလိုဖြစ်နေကြသည့် အထက်တန်းလွှာ အမျိုးသမီးများက ဆိုလွန်ကဲ့သို့ အနုပညာဆန်သူတစ်ဦးနှင့် သူမ လိုက်ဖက်မှု မရှိကြောင်း ပြောဆိုကာ သူမကသာ မှားယွင်းနေကြောင်း တီးတိုး ဝေဖန်နေကြခြင်းပင်။

ထိုအရာက သူမကို အလွန်အမင်း ဒေါသထွက်စေ၏။ ကွေ့ချင်းရှောင်းသည် အနုပညာပိုင်း၌ ညံ့ဖျင်းပြီး ထိုအရာများကို အနှစ်သာရမရှိ အသုံးမကျဟု ရှုမြင်ကာ ရွံရှာမုန်းတီးသည်။

သိုင်းစွမ်းအားကသာ စစ်မှန်သည့် အင်အားဖြစ်သည်ဟု သူမ ယုံကြည်၏။ ထို့အတွက်ကြောင့်ပင် အရည်အချင်း အလွန်မြင့်မားပြီး အလွန်အမင်း မောက်မာလှသည့် လင်းအောင်းကို သူမ အလွန်ပင် အားကျသည်။

သူမ၏ အမြင်၌ ထိုအမှိုက်ကောင် ဆိုလွန်သည် မိန်းမရှုပ်ခြင်း ၊ ဂီတတီးခတ်ခြင်းနှင့် ပန်းချီဆွဲခြင်းတို့၌သာ တော်သည်။ သူ၌ စစ်မှန်သည့် အရည်အချင်း မရှိချေ။

ထိုသို့တိုင်အောင် ထိုရုပ်ဆိုးသည့် မိန်းမများက သူမသည် ဆိုလွန်နှင့် မထိုက်တန်ဟု ပြောရဲကြသည်လော။ ယနေ့ သိုင်းပြိုင်ပွဲအတွင်း ဤဆိုးရွားလှသည့် စော်ကားမှုကို ဆေးကြောပစ်မည်ဟု သူမ ကျိန်ဆိုထား၏။

သို့သော် အံ့သြဖွယ်ကောင်းလှစွာပင် ပြိုင်ပွဲမစတင်မီမှာပင် ထိုသတ္တိကြောင်သည့် ဆိုလွန်က အမှန်တကယ်ပင် နောက်ဆုတ်သွားလေပြီ။

ထိုအကောင်သာ ရောက်မလာလျှင် သူမ၏ ဒေါသများအား မည်သို့ဖြေရတော့မည်နည်း။

ကွေ့ချင်းရှောင်းတစ်ယောက် ငြိမ်သက်စွာ ထိုင်နေသော်လည်း သူမ ရင်ထဲရှိ ဒေါသများကမူ ပေါက်ကွဲထွက်တော့မည့် အလားပင်။

ရုတ်တရက် လူအုပ်ထဲမှ ဆူညံသံများ ထွက်ပေါ်လာ၏။

“သူ ရောက်လာပြီ။ သူ ရောက်လာပြီ။ ဆိုလွန် ရောက်လာပြီဟေ့။”

လူတိုင်းက မြင်းကို အရှိန်ပြင်းပြင်းဖြင့် စီးနှင်လာသည့် ဆိုလွန်ကို မြင်လိုက်ရသည်။ သို့သော် မြင်းပေါ်၌ ဒဏ်ရာရထားသည့် အမျိုးသမီးတစ်ဦးကိုလည်း သူ ခေါ်ဆောင်လာ၏။

အနီးအနားရှိ အခန်းတစ်ခန်းအတွင်း၌မူ ဆိုနင်ပင်းတစ်ယောက် ဒူးထောက်ကာ ဆုတောင်းနေသည်။ အပြင်ဘက်မှ ဆူညံသံများကို ကြားသည့်အခါ သူမ သက်ပြင်းရှည်ကြီးတစ်ခုကို ချလိုက်ပြီး အပြင်သို့ အလျင်အမြန် ပြေးထွက််လာလိုက်၏။

**--**--**--**--**--**--**--**

ဆယ့်ငါးမိနစ်ခန့် ကြာပြီးနောက် လူတိုင်း၏ အကြည့်အောက်၌ ဆိုလွန်သည် ဓားစင်မြင့်ပေါ်သို့ ဖြည်းညှင်းစွာ လျှောက်သွားလိုက်သည်။ သူက ဓားကို ဘယ်ဘက်လက်ဖြင့် ကိုင်ထားပြီး သူ၏ ညာဘက်လက်မောင်းမှာမူ ဘေး၌ ခွေယိုင်စွာ ကျနေ၏။

နေမင်းကြီးမှာ လုံးဝ ဝင်လုနီးပါး ဖြစ်နေလေပြီ။ ကောင်းကင်ယံ၌ အနီရောင်အလင်းတန်း လေးပုံတစ်ပုံခန့်သာ ကျန်ရှိသည်။

စင်မြင့်ကို လူရာပေါင်းများစွာက ဝန်းရံထားကြ၏။ ညနေပိုင်း ဧည့်သည်များအားလုံး ရှိနေရုံသာမက အခြားသူများစွာလည်း စုရုံးရောက်ရှိနေကြသည်။

သူတို့အားလံက ခြေဖျားထောက်ကာ မျက်လုံးများကို ပြူးကျယ်ထားပြီး အလွန်အမင်း အင်အားကွာလှသည့် တိုက်ပွဲစတင်မည်ကို စောင့်ဆိုင်းနေကြ၏။

ကွေ့ချင်းရှောင်းက မျက်မှောင်ကျုံ့သွားသည်။ “ဆိုလွန်... နင့်ရဲ့ ညာဘက်လက်က ဘာဖြစ်သွားတာလဲ။”

သူက ဘယ်ဘက်လက်ဖြင့် ဓားကို ကိုင်ထားပြီး ညာဘက်လက်မောင်းမှာ ခွေယိုင်စွာ ကျနေသည်ကို မြင်သည့်အခါ သူမ အနေဖြင့် စပ်စုချင်စိတ်ကို မထိန်းနိုင်ချေ။

ဆိုလွန်ကမူ နှုတ်ခမ်းတွန့်ရုံ ပြုံးလိုက်၏။ “ဘာမှမဖြစ်ပါဘူး။ ငါ့မှာ ထူးဆန်းတဲ့ အကျင့်တစ်ခု ရှိလို့ပါ။ မိန်းမတွေကို ရိုက်ဖို့ ဘယ်ဘက်လက်ကို သုံးပြီး ယောက်ျားတွေကို ရိုက်ဖို့ ညာဘက်လက်ကို သုံးတယ်။”

လင်းအောင်းက သူ့ကို ချုံခိုတိုက်ခိုက်ခဲ့ကြောင်း သူ ထုတ်မပြောချေ။ လင်းအောင်းက သူ၏ ညာဘက်လက်ရှိ သွေးကြောများကို ဖျက်ဆီးပစ်ခဲ့ကာ လှုပ်မရအောင် လုပ်ခဲ့ကြောင်းကိုလည်း သူ မပြောပေ။

ယခင်က လေးပစ်စာမေးပွဲ၌ ကျိနင်က သူ၏ မျက်လုံးကို ကန်းအောင် လုပ်ခဲ့စဉ်က မျက်လုံးကို ပိတ်ထားလျှင်ပင် အပြစ်အနာအဆာကင်းစွာ ပစ်ခတ်နိုင်သေးကြောင်း သူ ကျယ်လောင်စွာ ကြေညာခဲ့သည်။ သို့သော် ယခုအခါ လင်းအောင်းနှင့် ပတ်သက်၍ သူ စကားတစ်ခွန်းမျှ မဟပေ။

လင်းအောင်းသည် ယောက်ျားတစ်ယောက် ဖြစ်ပြီး သူ၏ အချစ်ပြိုင်ဘက်လည်း ဖြစ်၏။ ထို့အပြင် သူ အမှန်တိုင်း ပြောလျှင်ပင် အခြားသူများက လင်းအောင်းကို သူက အကွက်ဆင်သည်ဟုသာ ထင်ကြပေလိမ့်မည်။

ကပ်ဘေးကိုးသွယ်ဓားသိုင်းကို အတင်းအကျပ် ကျင့်ကြံရန် ကြိုးစားခြင်းကြောင့်သာ သူ၏ သွေးကြောများ ပျက်စီးသွားသည်ဟု လူများက ယူဆကြပေလိမ့်မည်။

အရေးအကြီးဆုံးမှာ ဤအမုန်းတရားကို သူတစ်ယောက်တည်းသာ သိမ်းဆည်းထားချင်ခြင်းပင်။

ညည်းညူခြင်း သို့မဟုတ် ဒေါသတကြီး ငိုယိုခြင်းတို့သည် အားနည်းချက်၏ လက္ခဏာတစ်ခု ဖြစ်၏။ သူသည် အသေးအဖွဲ ကိစ္စလေးများအတွက်ပင် ကလဲ့စားချေတတ်သည့် ယောက်ျားတစ်ယောက် ဖြစ်သည်။

သူ၏ ကလဲ့စားချေမှုက လင်းအောင်းကို ပြင်းထန်လှသည့် နာကျင်မှုများဆီသို့ တွန်းပို့ကာ သေချင်စိတ်ပေါက်သွားသည်အထိ လုပ်ပစ်ရမည် ဖြစ်၏။

မူလက ဆိုလွန်သည် ကွေ့ချင်းရှောင်းကို အသုံးချပြီးနောက် ဖြတ်သွားဖြတ်လာ သူစိမ်းတစ်ယောက်ကဲ့သို့ သဘောထားကာ ထွက်သွားချင်ရုံသာ ဖြစ်၏။

သို့သော် ယခုအခါ ဤမိန်းမကို လုံးဝ အပိုင်သိမ်းရန် သူ ဆုံးဖြတ်လိုက်လေပြီ။ သူမ၏ ခန္ဓာကိုယ်သာမက သူမ၏ စိတ်ကိုပါ အပိုင်သိမ်းမည် ဖြစ်သည်။

ကမ္ဘာမြေပေါ်၌ စကားပုံတစ်ခု ရှိသည်။

“မင်းလိုချင်တပ်မက်နေတဲ့ နတ်သမီးလေးတိုင်းရဲ့ အနောက်မှာ သူ့ကို ငြီးငွေ့နေတဲ့ ယောက်ျားတစ်ယောက် ရှိတယ်တဲ့။”

ဆိုလွန်က ထိုကဲ့သို့ ယောက်ျားမျိုး ဖြစ်ချင်နေခြင်းပင်။

ယောက်ျားတစ်ယောက်ကို ဖျက်ဆီးပစ်ရန်အတွက် အရက်စက်ဆုံးနည်းလမ်းမှာ သူ၏ အိပ်မက်ထဲမှ မိန်းကလေးကို ခိုးယူပြီး သူ၏ ရူးသွပ်မုန်းတီးနေသည့် မျက်လုံးများရှေ့၌ပင် ထိုမိန်းကလေးအပေါ် စိတ်ကြိုက် ဆက်ဆံပစ်ရန် ဖြစ်၏။

ထို့နောက် သူ၏ အနာဂတ်နှင့် သူ၏ အလုပ်အကိုင်ကိုပါ ဖျက်ဆီးပစ်ပြီး အလားအလာရှိသည့် ကြယ်ပွင့်လေးတစ်ပွင့်ကို အသုံးမကျသည့် အမှိုက်တစ်ခုအဖြစ် ပြောင်းလဲပစ်ရပေမည်။

နောက်ဆုံး၌ သူ၏ သိုင်းပညာကို လုံးဝ ဖျက်ဆီးပစ်ပြီး ဘာတစ်ခုမှ မကျန်ရှိတော့အောင် လုပ်ပစ်ရပေမည်။ လင်းအောင်းတစ်ယောက် သူတောင်းစားများကြား၌ သနားစရာကောင်းအောင် ပုန်းအောင်းနေပြီး သူ၏ ဘုန်းအာဏာကို မော်ကြည့်နေရသည်ကို ဆိုလွန် မြင်ချင်သည်။

အကုန်လုံးပြီးမှသာ လင်းအောင်းကို နောက်ဆုံးတွင် သူ သေခွင့်ပေးမည် ဖြစ်၏။

**--**--**--**--**--**--**--**

မိန်းမတွေကို ရိုက်ဖို့ ဘယ်ဘက်လက်... ယောက်ျားတွေကို ရိုက်ဖို့ ညာဘက်လက်...။

ထိုစကားများက ကွေ့ချင်းရှောင်းကို နောက်တစ်ကြိမ် ဒေါသထွက်သွားစေပြန်သည်။ သူမ အံကြိတ်လိုက်၏။ “ကျစ်...။ ဆိုလွန်... နင် သေချင်နေတာပဲ။ ဝိုင်တစ်ပုလင်း ယူခဲ့စမ်း။”

လူအုပ်ကြီး အလန့်တကြား ဖြစ်သွားရသည်။ သူမ အရက်သောက်ပြီး တိုက်ခိုက်မည်လော။

အစေခံတစ်ဦးက တောက်ပသည့် ဝိုင်နီများ ဖြည့်ထားသည့် အလွန်တန်ဖိုးကြီးပြီး ခမ်းနားသော ကြွေပုလင်းတစ်ပုလင်းကို အလျင်အမြန် ယူဆောင်လာ၏။

မထင်မှတ်ထားစွာပင် ကွေ့ချင်းရှောင်းက ထိုပုလင်းကို ကန်လိုက်သည်။ ခွမ်းးး။ ပုလင်းမှာ မြေပြင်ပေါ်၌ ကွဲကြေသွားပြီး ဝိုင်နီများမှာ သွေးများကဲ့သို့ ဖိတ်စင်ထွက်ကျလာ၏။

ကွေ့ချင်းရှောင်းက အေးစက်စွာ ပြောလိုက်သည်။ “ဆိုလွန်... ဒီဝိုင်တွေ အကုန်မခန်းခင်မှာ တိုက်ပွဲက ပြီးသွားလိမ့်မယ်။ ပြီးတော့ နင့်ရဲ့ ခြေထောက်တွေကို ငါ ချိုးပစ်မယ်။ မှတ်ထား... အများကြီး နာကျင်ရလိမ့်မယ်။ တောင့်ခံထားလိုက်။”

သူမ သစ်သားဓားကို ဆွဲထုတ်လိုက်ပြီး ဆိုလွန်ကို ချိန်ရွယ်လိုက်၏။ “အခု ကပ်ဘေးကိုးသွယ်ဓားသိုင်း ဆိုတာ ဘာလဲဆိုတာ နင့်ကို ပြမယ်။ ဒီလောကမှာ အခမ်းနားဆုံးနဲ့ အဆန်းကြယ်ဆုံး ဓားသိုင်းကို ပြမယ်။ ဒါက ဘယ်သူမဆို သင်ယူနိုင်တဲ့ အရာမဟုတ်ဘူး။ နင့်ရဲ့ ပျက်စီးသွားတဲ့ လက်မောင်းသွေးကြောတွေက အကောင်းဆုံး သက်သေပဲ။”

“……”

ရုတ်တရက် ကွေ့ချင်းရှောင်း သူမ၏ ဓားကို အရှေ့သို့ အပြင်းအထန် ထိုးသွင်းလိုက်၏။

မျက်စိတစ်မှိတ်အတွင်းမှာပင် သူမ၏ မိစ္ဆာဆန်ဆန် လှပလှသည့် ခန္ဓာကိုယ်လေးမှာ စစ်မှန်သည့် နတ်သမီးတစ်ပါးအဖြစ် ပြောင်းလဲသွားသကဲ့သို့ပင်။

သူမ ဖော်ထုတ်လိုက်သည့် ပထမဆုံး တိုက်ကွက်မှာ ယုံကြည်နိုင်စရာမရှိအောင်ပင် အံ့ဖွယ်ကောင်းလှသည်။

မြေပြင်ကို ခြေဖျားလေးနှင့်သာ ထောက်ထားပြီး ညာဘက်လက်ဖြင့် ဓားကို ကိုင်ထားကာ မျက်တောင်တစ်ခတ်အတွင်း ဆိုလွန်၏ အရှေ့တည့်တည့်သို့ သူမ လျှောတိုက် ဝင်ရောက်လာ၏။

သူမ၏ ခန္ဓာကိုယ်မှာ လှုပ်ရှားခြင်း မရှိချေ။ ခြေချောင်းတစ်ချောင်းတည်းဖြင့်သာ ရှေ့သို့ လျှောတိုက်လာခြင်း ဖြစ်သည်။

ယုံကြည်နိုင်စရာမရှိအောင်ပင် လှပလွန်းပြီး နက်နဲဆန်းကြယ်လွန်းလှ၏။

ပွဲကြည့်ပရိသတ်ထဲမှ လူအများအပြား အံ့သြမှင်တက်သွားကြသည်။ ထိုသည်က မည်သို့ ဖြစ်နိုင်မည်နည်း။

ယုတ္တိမတန်လှချေ။ နဂါးစွမ်းအားကို အသုံးမပြုဘဲ သူမ၏ ခန္ဓာကိုယ်တစ်ခုလုံး ခြေလှမ်းလှမ်းရန်မလိုဘဲ အပြစ်အနာအဆာကင်းစွာ မည်သို့ လျှောတိုက်သွားနိုင်မည်နည်း။

ဤသည်က ကပ်ဘေးကိုးသွယ်ဓားသိုင်းပင်။

ထိုသိုင်းသည် ခန္ဓာကိုယ်တစ်ခုလုံးကို အရှေ့သို့ ဆွဲငင်ရန်အတွက် ဓား၏ ကနဦးအရှိန်အဟုန်အပေါ်၌သာ လုံးလုံးလျားလျား မူတည်သည်။ အမှားအယွင်း တစ်ချက်လေးက တိုက်ကွက်ကို ပျက်စီးစေရုံသာမက သုံးစွဲသူ၏ သွေးကြောများကိုပါ ပြတ်တောက်ပျက်စီးသွားစေပေလိမ့်မည်။

သို့သော် မှန်ကန်စွာ လုပ်ဆောင်နိုင်ပါက ထိုတိုက်ကွက်မှာ ရင်သပ်ရှုမောဖွယ် ကောင်းလောက်အောင် လှပပြီး ကြည့်ရှုနေသူ မည်သူကိုမဆို ချက်ချင်း ဖမ်းစားနိုင်စွမ်း ရှိသည်။

လျှပ်တပြက်အတွင်းမှာပင် ကွေ့ချင်းရှောင်း၏ ဓားက ဆိုလွန်၏ အရှေ့တည့်တည့်၌ ချိန်ရွယ်ထားလျက်သား ဖြစ်နေ၏။ သူမ လှောင်ပြုံး ပြုံးလိုက်သည်။ “ဟက်... ဘယ်လိုလဲ။”

ဆိုလွန် ရိုးသားစွာ ခေါင်းညိတ်လိုက်၏။ “အင်း... ရင်သပ်ရှုမောဖွယ် ကောင်းလောက်အောင်ကို လှပတယ်။ အမြင့်မားဆုံး ချီးကျူးမှုနဲ့ ထိုက်တန်ပါတယ်။”

သူ လိမ်ပြောနေခြင်း မဟုတ်ချေ။ ကွေ့ချင်းရှောင်း ဖော်ထုတ်လိုက်သည့် ကပ်ဘေးကိုးသွယ်ဓားသိုင်းက ဤလောကရှိ မည်သည့်ယောက်ျား၏ မျက်လုံးကိုမဆို ကျိန်းသေပေါက် ဖမ်းစားနိုင်စွမ်း ရှိနေသည်။

ကွေ့ချင်းရှောင်းက အေးစက်စွာ ပြောလိုက်၏။ “အခုမှ သိတာ နောက်ကျသွားပြီ။ ကပ်ဘေး ဒုတိယဓား။”

ရွှီးးး ရွှီးးး ရွှီးးး

နောက်ထပ် ဖြစ်ပေါ်လာသည်မှာ ကွေ့ချင်းရှောင်း၏ အံ့မခန်းဖွယ်ရာ စွမ်းဆောင်ရည်ပင်။ ဓားစင်မြင့် တစ်ခုလုံးမှာ သူမ၏ ခမ်းနားလှသည့် ပြဇာတ်ရုံအဖြစ် ပြောင်းလဲသွား၏။

ကွေ့ချင်းရှောင်းသည် ပြိုင်ဘက်ကင်း အလှပိုင်ရှင်လေး တစ်ဦးမှ ဓားကိုင် မိစ္ဆာမလေး တစ်ဦးအဖြစ်သို့ ပြောင်းလဲသွားလေပြီ။

ဓားသိုင်းပညာ၏ ဆန်းကြယ်မှုနှင့် သူမ၏ အမျိုးသမီးဆန်သည့် ခန္ဓာကိုယ် အလှတရားတို့မှာလည်း အကြွင်းမဲ့ အထွတ်အထိပ်သို့ ရောက်ရှိလာ၏။

အပိုင်း ၁၈၇ + ၁၈၈ ပြီး။

နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Yue

True Immortal Team

All Chapters