← Chapters

အခန်း ၁၉၁

Vol. 20 Ch. 191

အခန်း ၁၉၁

Vol. 20 Ch. 191

အပိုင်း ၁၉၁

နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Yue

True Immortal Team

ထို့အပြင် ထိုခွေးမသား၏ ဓားက ညစ်ပတ်လွန်းလှ၏။ သူမ၏ ရင်ဘတ်ကို တမင်သက်သက် ရည်ရွယ်တိုက်ခိုက်လိုက်ခြင်းပင်။ မတော်တဆ ဖြစ်သွားခြင်းမျိုး လုံးဝမဟုတ်ချေ။

သို့သော် ကွေ့ချင်းရှောင်းမှာ အကြီးအကျယ် ထိတ်လန့်နေလေရာ လက်ရှိအချိန်၌ ထိုကိစ္စကိုပင် ဂရုမစိုက်နိုင်တော့ချေ။

သူမအား အံ့ဩမှင်တက်သွားစေဆုံးနှင့် လုံးဝ မယုံနိုင်အောင် ဖြစ်စေခဲ့သည့်အရာမှာ ဆိုလွန်က ကပ်ဘေးကိုးသွယ်ဓားသိုင်း နဝမမြောက်တိုက်ကွက်၏ ပထမဆုံး အပြောင်းအလဲကို အသုံးပြုကာ သူမ၏တိုက်ကွက်အား ဖြတ်တောက်အနိုင်ယူသွားခြင်းပင်။

အကယ်၍ ဆိုလွန်က သူမတိုက်ကွက်၏ အားနည်းချက်ကို အသုံးချကာ အနိုင်ယူသွားခဲ့မည်ဆိုလျှင် သူ လှည့်ကွက်သုံးသွားသည်ဟုသာ သူမ ထင်မှတ်မိပေလိမ့်မည်။

ရှုံးနိမ့်ခြင်းကို ဝန်ခံမည်ဖြစ်သော်လည်း ကျေနပ်မည်တော့ မဟုတ်ဘဲ ဆိုလွန်ကို ဆက်လက် အထင်သေးနေဦးမည်သာ။

အဘယ်ကြောင့်ဆိုသော် ထိုသို့သာဆိုလျှင် သူ၏ ဓားသိုင်းစွမ်းရည်ကြောင့် မဟုတ်ဘဲ သူမ၏ မောက်မာမှုနှင့် သူ၏ ညစ်ပတ်သော လှည့်ကွက်များကြောင့်သာ ရှုံးနိမ့်သွားရခြင်း ဖြစ်သောကြောင့်ပင်။

သို့သော် အံ့အားသင့်ဖွယ်ကောင်းစွာပင် ဆိုလွန်က သူမကိုယ်တိုင်ပင် ကျွမ်းကျင်အောင် မလေ့ကျင့်နိုင်သေးသည့် နဝမမြောက်တိုက်ကွက်၏ ပထမဆုံး အပြောင်းအလဲကို အသုံးပြုသွားခဲ့၏။

ထိုအချက်က သူမအား လုံးဝ မှင်တက်သွားစေပြီး အလွန်အမင်း အံ့အားသင့် တုန်လှုပ်သွားစေသည်။

ဤသည်က မည်သို့ဖြစ်နိုင်မည်နည်း။ ကပ်ဘေးကိုးသွယ်ဓားသိုင်းက ယုံကြည်နိုင်စရာ မရှိလောက်အောင် ခက်ခဲလွန်းလှ၏။ သူ့မှာ အချိန်ဆယ်ရက်သာ ရခဲ့သည်။ နဝမမြောက် တိုက်ကွက်ကို သူ မည်သို့လုပ် သင်ယူနိုင်ခဲ့မည်နည်း။

လောက၌ အခက်ခဲဆုံး ဓားသိုင်းအဖြစ် လူသိများရခြင်းမှာ အပိုပြောနေခြင်း လုံးဝမဟုတ်ချေ။ နဝမမြောက် တိုက်ကွက်၏ ပထမဆုံး အပြောင်းအလဲကို ဖော်ထုတ်နိုင်ရန်အတွက် ယခင် တိုက်ကွက်ရှစ်ခုလုံးကို အပြည့်အဝ ကျွမ်းကျင်ထားရန် လိုအပ်၏။

သို့မဟုတ်ပါက ခန္ဓာကိုယ်က နဝမမြောက် တိုက်ကွက်၏ အစပျိုးပုံစံကို ခံနိုင်ရည်ရှိလိမ့်မည် မဟုတ်ချေ။

ဤသည်မှာ ဆိုလွန်တစ်ယောက် ကပ်ဘေးကိုးသွယ်ဓားသိုင်း၏ ပထမ တိုက်ကွက်ရှစ်ခုလုံးကို အပြည့်အဝ ကျွမ်းကျင်ထားပြီး ဖြစ်သည်ဟု ဆိုလိုနေခြင်းပင်။

ဤသည်က မည်သို့ ဖြစ်နိုင်မည်နည်း။

အထွတ်အထိပ် ပါရမီရှင် တစ်ယောက်အတွက်ပင် လုံးဝ မဖြစ်နိုင်ချေ။ လက်ရှိအချိန်၌ ကွေ့ချင်းရှောင်း တစ်ယောက် သူမ၏ ဆရာဖြစ်သူ ဓားသခင် ပိုင်ရှောင်းကို ချက်ချင်း သွားရှာကာ ဤအရာက မည်သို့ဖြစ်နိုင်မည်နည်း ဆိုသည်ကို သွားရောက် မေးမြန်းချင်စိတ်များ ပေါက်လာတော့၏။

ကွေ့ချင်းရှောင်းက မျက်လုံးများ ပြူးကျယ်လျက် မေးလိုက်သည်။ "အဲဒါက နဝမမြောက် ကပ်ဘေးတိုက်ကွက်ရဲ့ ပထမဆုံး အပြောင်းအလဲလား။"

ဓားစင်မြင့်ပေါ်မှ ဆင်းလာရင်း ဆိုလွန်က ပြောလိုက်၏။ "တခြား ဘာဖြစ်နိုင်ဦးမယ် ထင်လို့လဲ။"

ထို့နောက် သူက ကွေ့ချင်းရှောင်း အနားသို့ လျှောက်လာကာ ထပ်ပြောလိုက်သေးသည်။ "မြန်မြန်ထတော့။ မြေကြီးက အေးတယ်။"

'ခွေးမသား... လူယုတ်မာ... လူရမ်းကား... အမှိုက်ကောင်...'

သူမ၏ ဒေါသများ ပေါက်ကွဲထွက်တော့မည့် ဆဲဆဲမှာပင် ဆိုလွန်၏ လက်မောင်းနှစ်ဖက်လုံး အားအင်ကင်းမဲ့စွာ တွဲလောင်းကျနေသည်ကို သတိပြုမိသွား၏။ ထို့ကြောင့် သူမ မနေနိုင်ဘဲ မေးလိုက်၏။ "နင့် လက်မောင်းတွေ ဘာဖြစ်သွားတာလဲ။"

ဆိုလွန်က တည်ငြိမ်စွာပင် ပြန်ဖြေလိုက်သည်။ "နဝမမြောက် တိုက်ကွက်ရဲ့ ပထမဆုံး အပြောင်းအလဲကို ငါ အတင်းအကျပ် သုံးလိုက်တော့ သွေးကြောတွေ ပေါက်ထွက်မတတ် ဖြစ်သွားပြီး ဘယ်ဘက်လက်ကိုတောင် မလို့ မရတော့ဘူး။ အဲဒီတော့... မင်းဘာသာမင်းပဲ ထတော့။ ငါ မင်းကို မထူပေးနိုင်သေးဘူး။"

ကွေ့ချင်းရှောင်းက ဒေါသတကြီးဖြင့် အော်လိုက်၏။ "သွားစမ်းပါ။ နင့်ဟာနင် အဖြစ်ဆိုးနဲ့ ကြုံရတာ တန်တယ်။"

ဆိုလွန်က ရောက်ရှိနေကြသည့် ဧည့်သည်များ အားလုံးကို ဦးညွှတ်ကာ ပြောလိုက်သည်။ "ဒီကိုလာပြီး သက်သေလုပ်ပေးကြတဲ့ အားလုံးကို ကျေးဇူးတင်ပါတယ်။ ဒီနေ့ရဲ့ ဓားသိုင်းပြိုင်ပွဲကတော့ ပြီးဆုံးသွားပါပြီ။"

ထိုအခါမှသာ ဧည့်သည်များအားလုံး လက်တွေ့ဘဝသို့ ပြန်လည် သတိဝင်လာကြ၏။

'ဆိုလွန် နိုင်သွားတာလား... ဒီလိုကြီးပဲလား...'

ဤသည်က တကယ့်အစစ်အမှန်နှင့် လုံးဝ မတူနေချေ။ အိပ်မက်မက်နေကြသည့်အလား လူတိုင်းအား မယုံရဲဖြစ်သွားစေသည်။

သူတို့ထဲမှ မည်သူကမှ ဤကသို့ ရလဒ်မျိုး ထွက်ပေါ်လာမည်ဟု မျှော်လင့်မထားခဲ့ကြသကဲ့သို့ ဤအခြေအနေအတွက်လည်း လုံးဝ ပြင်ဆင်ထားခဲ့ခြင်း မရှိကြချေ။

သို့သော် ယခုတော့ ဤအရာက အမှန်တကယ်ပင် ဖြစ်ပျက်သွားခဲ့လေပြီ။ အလွန်ကို တုန်လှုပ်ဖွယ် ကောင်းလွန်းလှ၏။

တစ်ချိန်တည်းမှာပင် ဧည့်သည်များ၏ ရင်ထဲ၌မူ စိတ်လှုပ်ရှားလာကြသည်။ သူတို့၏ မျက်လုံးများထဲ၌ အတင်းအဖျင်း ပြောလိုစိတ်များ ပြင်းထန်စွာ တောက်ပနေကြ၏။

အကယ်၍ ဆိုလွန်သာ ရှုံးနိမ့်သွားခဲ့မည်ဆိုပါက ဤနေရာတွင်ပင် အားလုံး အဆုံးသတ်သွားမည် ဖြစ်၏။ သူ လာခဲ့သည့် နေရာဆီသို့သာ အရှက်တကွဲဖြင့် ပြန်သွားရလိမ့်မည်။

လောက၌ သူ ပိုင်ဆိုင်သည့်အရာ ဘာတစ်ခုမှ ကျန်တော့မည် မဟုတ်ဘဲ အိမ်ခြေရာမဲ့ ဖြစ်သွားရမည်သာ။

တစ်ချိန်တည်းမှာပင် ကွေ့ချင်းရှောင်းကလည်း စေ့စပ်ထားမှုကို အောင်မြင်စွာ ဖျက်သိမ်းနိုင်မည်ဖြစ်ကာ လွတ်လပ်ခွင့်ကို ပြန်လည်ရရှိပြီး သူမ လိုချင်သည့် မည်သူ့ကိုမဆို လက်ထပ်နိုင်တော့မည် ဖြစ်သည်။

သို့သော် ယခု ဆိုလွန် အနိုင်ရသွားသောအခါ၌မူ အရာအားလုံးက ပိုမို စိတ်ဝင်စားဖွယ် ကောင်းလာပြီး ယုံကြည်နိုင်စရာ မရှိလောက်အောင်ပင် စိတ်လှုပ်ရှားဖွယ် ဖြစ်လာလေပြီ။

လက်ရှိအချိန်၌ ဆိုလွန်က ကွေ့ချင်းရှောင်း၏ ခေါင်းမာပြီး လှပသည့် မျက်နှာလေးကို ကြည့်ကာ ပြောလိုက်သည်။ "အခု ငါ နိုင်သွားပြီဆိုတော့... လွန်ခဲ့တဲ့ ဆယ်ရက်က တို့တွေ လုပ်ခဲ့တဲ့ စာချုပ်ကို မင်း မှတ်မိသေးရဲ့လား။"

ကွေ့ချင်းရှောင်း၏ မျက်နှာအမူအရာမှာ အကြီးအကျယ် ပြောင်းလဲသွားလေပြီး သူမ၏ လှပသည့် ပါးပြင်ထက်မှ သွေးရောင်များ ချက်ချင်း ဆုတ်ယုတ်သွားတော့၏။

စာချုပ် လက်မှတ်မထိုးမီက သူမ ရှုံးနိမ့်လိမ့်မည်ဟု တစ်ခါမျှ မတွေးခဲ့ဖူးချေ။ နေမင်းကြီး အနောက်ဘက်မှ ထွက်လာမည်ဆိုလျှင်ပင် သူမ ရှုံးနိမ့်ဦးမည် မဟုတ်ပေ။

သို့သော် မဖြစ်နိုင်သည့် အရာများကို ကျော်လွန်ကာ သူမ အမှန်တကယ် ရှုံးနိမ့်သွားခဲ့လေပြီ။

ထိုသို့ဆိုလျှင် ယခု သူမ ဘာလုပ်ရမည်နည်း။ ရင်ထဲ၌မူ ထိုခွေးမသား ၊ ထိုအမှိုက်ကောင် ၊ ထိုလူယုတ်မာကို သူမ လုံးဝ လက်မထပ်ချင်ချေ။

သူမ၏ ဘဝတစ်လျှောက်လုံး၌ သူ့လောက် မုန်းတီးရသည့် အမျိုးသားမျိုး တစ်ခါမှ မရှိခဲ့ဖူးပေ။

ယခုအချိန်၌ သူ၏ အရေခွံကို ဆုတ်ပြီး အသားကိုပင် ကိုက်စားပစ်ချင်နေမိ၏။ သူမက သဘောတူပြီး ဆိုလွန်ကို လက်ထပ်ရမည်လော။ ဤကိစ္စက လုံးဝကို မဖြစ်နိုင်သည့် ကိစ္စပင်။

သို့သော်လည်း လွန်ခဲ့သည့် ဆယ်ရက်က သူမ စာချုပ်ကို လက်မှတ်ရေးထိုးခဲ့ပြီး လေးနက်သည့် ကတိသစ္စာ ပြုထားခဲ့သည်။

အကယ်၍ သူမ ကတိဖျက်ခဲ့မည်ဆိုလျှင် ကွေ့မိသားစုမှာ ဘယ်တော့မှ နလန်ထနိုင်တော့မည် မဟုတ်ချေ။ ထို့အပြင် စာချုပ် လက်မှတ်ရေးထိုးခြင်းကို အခင်းဖြစ်ပွားရာ နေရာရှိ လူပေါင်းတစ်ရာကျော်က မျက်မြင်သက်သေအဖြစ် ရှိနေခဲ့ကြသည်။

သူမသာ နောက်ထပ်တစ်ကြိမ် ကတိဖျက်ခဲ့မည်ဆိုပါက ကွေ့မိသားစု၏ ဂုဏ်သတင်းမှာ လုံးဝ ပျက်စီးသွားရတော့လေမည်။

သူမ မည်သည်ကို ဆက်လုပ်သင့်သနည်း။ သူမ ဘာများ လုပ်နိုင်ဦးမည်နည်း။ ကွေ့ချင်းရှောင်း တစ်ယောက် ချက်ချင်းဆိုသလို တွေဝေသွားရလေပြီး ဘာပြောရမှန်းပင် မသိအောင် ဖြစ်သွားရသည်။

"ဟားဟားဟားဟား..."

ထိုအခိုက်မှာပင် ရင်ထဲမှ လှိုက်လှိုက်လှဲလှဲ ရယ်မောသံကြီးတစ်ခု ထွက်ပေါ်လာ၏။ လူပင် မပေါ်လာသေးခင် သူ၏အသံကို အရင် ကြားလိုက်ရသည်။

ထို့နောက် လင်ဟိုင်မြို့စား ကွေ့ရှင်းဖူက ခြေလှမ်းကျဲကြီးများဖြင့် အရှေ့သို့ ထွက်ပေါ်လာ၏။

**--**--**--**--**--**--**--**

ဓားသိုင်းပြိုင်ပွဲ တစ်ခုလုံးအတွင်း၌ ကွေ့ရှင်းဖူ လုံးဝ ထွက်မလာခဲ့ချေ။ အဘယ်ကြောင့်ဆိုသော် ဤပွဲကို ကြည့်ရသည်မှာ အလွန် အရှက်ရစရာ ကောင်းလှသည်ဟု သူ ထင်မှတ်ထားသောကြောင့်ပင်။

မူလကတည်းက ဆိုလွန် ရှုံးနိမ့်မည်မှာ သံသယဝင်စရာပင် မလိုချေ။ ထို့အပြင် သူ၏ လက်မောင်းသွေးကြောများမှာလည်း အစောပိုင်းက လင်းအောင်း၏ ဖျက်ဆီးခြင်းကို ခံထားရသေးသည်။

ထိုသို့ဆိုလျှင် ဤဓားသိုင်းပြိုင်ပွဲ၌ ဘာများ ရင်ခုန်စရာ ကျန်တော့မည်နည်း။

ထို့အပြင် သူသာ ပြိုင်ပွဲ၌ ရှိနေမည်ဆိုပါက သူ၏ အနေအထားမှာ အလွန် အခက်တွေ့စရာ ဖြစ်နေမည် မဟုတ်လား။ သမီးဖြစ်သူဘက်မှ ရပ်တည်ရမည်လော။ သို့မဟုတ် ဆိုလွန်ဘက်မှ ရပ်တည်ရမည်လော။

ထို့အတွက်ကြောင့် မင်းသမီး ကျိနင်နှင့် လင်းအောင်းတို့ လင်ဟိုင်မြို့မှ ထွက်ခွာသွားပြီးနောက် သူက စာကြည့်ခန်းထဲ၌သာ တစ်ယောက်တည်းနေပြီး စဉ်းစားနေခဲ့ခြင်း ဖြစ်၏။

ဓားသိုင်းပြိုင်ပွဲ မစတင်မီနှင့် ဆိုလွန် မပေါ်လာခင် အချိန်လေးမှာပင် ကျိနင်မှာ ထွက်ခွာသွားခဲ့လေပြီ။ တော်ဝင်မြို့တော်သို့ ပြန်လာရန် အရေးပေါ် သတင်းစကားတစ်ခုကို သူမ လက်ခံရရှိခဲ့၏။

မင်းသမီး ကျိယန်က ကျစ်တူး မြင့်မြတ်နတ်နဂါးကျောင်းတော်ရှိ သူမ၏ တာဝန်များကို တရားဝင် စတင်ထမ်းဆောင်ခဲ့လေပြီ။

ဘုရင်မင်းမြတ်က ကြီးကျယ်ခမ်းနားလှသည့် စားပွဲသဘင်တစ်ခုကို ကျင်းပနေလေရာ တော်ဝင်မိသားစုဝင်များအားလုံး ကျောင်းတော်သို့ သွားရောက်ကြရမည် ဖြစ်၏။

ထို့အတွက်ကြောင့် ကျိနင်အနေဖြင့် ဆိုလွန်တစ်ယောက် ခြေထောက်များကျိုးကာ သနားစရာကောင်းလှသည့် အခြေအနေသို့ ရောက်သွားသည်ကို အလွန်အမင်း မြင်ချင်နေခဲ့သော်လည်း တော်ဝင်မြို့တော်သို့ အမြန်ဆုံး အပြေးပြန်ခဲ့ရသည်။

အခြား တော်ဝင်မိသားစုဝင် တစ်ဦးဖြစ်သည့် ကျိယိုးကမူ လွန်ခဲ့သည့် ရက်အနည်းငယ်ကတည်းက တော်ဝင်မြို့တော်သို့ အလျင်စလို ပြန်သွားခဲ့လေပြီ။

ကွေ့ချင်းရှောင်းနှင့် ဆိုလွန်တို့ ဓားသိုင်းပြိုင်ပွဲ၌ ရှိနေချိန်အတွင်း ကွေ့ရှင်းဖူကမူ သူ၏ စာကြည့်ခန်းထဲ၌ မျက်လုံးများမှိတ်ထိုင်ကာ အရေးကြီးသည့် သတင်းအချက်အလက် တစ်စုံတစ်ရာများ လွတ်သွားခဲ့လေသလားဟု တွေးတောနေခဲ့၏။

ဓားသိုင်းပြိုင်ပွဲနှင့် ပတ်သက်၍ သူ အနည်းငယ်မျှပင် ဂရုမစိုက်ခဲ့ချေ။ အဘယ်ကြောင့်ဆိုသော် မည်သည့် အံ့အားသင့်စရာမှ ထွက်ပေါ်လာမည် မဟုတ်ကြောင်း သူ ယုံကြည်ထားသောကြောင့်ပင်။

ထိုစဉ် သူ၏ ယုံကြည်ရသော လက်ထောက်တစ်ယောက်က စာကြည့်ခန်း အပြင်သို့ ရောက်လာပြီး သတင်းပို့လာသည်။ "မြို့စားကြီး... ဓားသိုင်းပြိုင်ပွဲ ပြီးသွားပါပြီ။ ဆိုလွန် နိုင်သွားပါတယ်။"

ထိုစကားများကို ကြားလိုက်ရသောအခါ သူ နားကို ခပ်ကြမ်းကြမ်း ပွတ်သပ်လိုက်သည်။ အကြားအာရုံများ ချို့ယွင်းနေပြီလော။ သူ အိုနေပြီလော။

ထို့နောက် အပြင်ဘက်ရှိ ယုံကြည်ရသော လက်ထောက်က ထပ်ပြောလိုက်။ "မြို့စားကြီး... ဓားသိုင်းပြိုင်ပွဲ ပြီးသွားပါပြီ။ ဆိုလွန် နိုင်သွားပြီး သခင်မလေး ရှုံးသွားပါတယ်။"

ထိုအခိုက်အတန့်၌ ကွေ့ရှင်းဖူ တစ်ယောက် ကုလားထိုင်ပေါ်၌ လုံးဝ အေးခဲသွားရတော့၏။

ဤသည်က မည်သို့ ဖြစ်နိုင်မည်နည်း။

သမီးဖြစ်သူ ကွေ့ချင်းရှောင်းက ကပ်ဘေးကိုးသွယ်ဓားသိုင်းအား ဆယ်နှစ်တိုင်တိုင် ကျင့်ကြံခဲ့သည်ဆိုသည့် အချက်ကို ဘေးဖယ်ထားဦး... ဆိုလွန်ဆိုသည့်အကောင်မှာ... ကြက်တစ်ကောင်ကို ကြိုးချည်ရန်ပင် အားမရှိလောက်အောင် အားနည်းလွန်းသူ ဖြစ်၏။

အရေးအကြီးဆုံး အချက်မှာ ဆိုလွန်၏ လက်မောင်းသွေးကြောများကို လင်းအောင်းက ဖျက်ဆီးထားခဲ့ခြင်းပင်။ သူက မည်သို့လုပ် ဓားသိုင်းပြိုင်ပွဲကို ဝင်ပြိုင်နိုင်ရမည်နည်း။

ယခုအခါ ဝင်ပြိုင်သည့် အပြင်ကိုမှ အနိုင်ရရှိသွားသည်လော။ သောက်ကျိုးနည်းလှသည်။

ရင်ထဲ၌ ကွေ့ရှင်းဖူ တစ်ယောက် မယုံကြည်နိုင်မှုများဖြင့် တုန်ယင်နေမိ၏။

သို့သော်လည်း သူက ကွေ့ရှင်းဖူ ဖြစ်နေသည်။ တုန်လှုပ်နေ၍ မရချေ။ မြန်ဆန်စွာပင် စိတ်ကို အတင်းအကျပ် တည်ငြိမ်စေလိုက်ပြီး ခံစားချက်ကို ချိန်ညှိကာ အပြင်သို့ လျှောက်ထွက်လာလိုက်သည်။

သူ မယုံနိုင်စွာဖြင့် ရေရွတ်လိုက်မိသည်။ "ဒီခွေးမသားလေး... ဒီသူခိုးလေးက တကယ်ကြီး နိုင်သွားတာပဲ။"

သူ၏ ရင်ထဲ၌ အံ​ကြိတ်နေရသော်လည်း မျက်နှာထက်၌မူ တောက်ပသည့် အပြုံးတစ်ခုက အသင့် ဖြစ်ပေါ်နေလေပြီ။

ထို့နောက် လူအများရှေ့သို့ ကွေ့ရှင်းဖူ မရောက်လာခင် အချိန်လေးမှာပင် ပြိုင်ဘက်ကင်းလောက်အောင် လှိုက်လှိုက်လှဲလှဲ ရှိလှသည့် ထိုရယ်မောသံကြီးကို သူ ထုတ်လွှတ်လိုက်ခြင်းပင်။

**--**--**--**--**--**--**--**

လူအုပ်ကြီးရှေ့သို့ ထပ်မံ ရောက်ရှိလာသောအခါ ကွေ့ရှင်းဖူက သူ၏ ပုံမှန် ကောက်ကျစ်လှည့်စားတတ်သည့် အမူအရာအတိုင်း ဆိုလွန်အား နွေးထွေးစွာ ဖက်လှဲတကင်း လုပ်လိုက်၏။

"တူတော်မောင်... မင်းကတော့ ဝက်ယောင်ဆောင်ပြီး ကျားကို စားရတဲ့ ကစားကွက်ကို တကယ်စွဲလမ်းနေပြီပဲ။"

လက်ရှိအချိန်၌ ကွေ့ချင်းရှောင်း၏ စွမ်းအင်များမှာ တဖြည်းဖြည်း ပြန်လည် ပြည့်လာပြီ ဖြစ်သည်။

သူမ၏ လှပသည့် ခန္ဓာကိုယ်လေးက မြေပြင်ပေါ်မှ ညင်သာစွာ ထလာ၏။ သူမက ဆိုလွန်အား ခါးသီးစွာ စိုက်ကြည့်လိုက်ပြီးနောက် ထွက်သွားရန် လှည့်ထွက်လိုက်သည်။

ဖခင်ဖြစ်သူ ရောက်လာပြီဖြစ်သောကြောင့် နောက်ထပ် ကြုံတွေ့ရမည့် ခက်ခဲသော ပြဿနာများကို သူ့ထံသာ လွှဲထားခဲ့လိုက်တော့လေမည်။

အချုပ်အားဖြင့် ပြောရလျှင် သူမအနေဖြင့် ဆိုလွန်အား လုံးဝ လုံးဝ လုံးဝ လက်ထပ်မည် မဟုတ်ချေ။ ဤအရှက်မရှိသည့် ခွေးမသားအား လက်ထပ်ရန် သူမ လုံးဝ ငြင်းဆန်သည်။

ထို့နောက် ကွေ့ရှင်းဖူက ဧည့်သည်များ အားလုံးကို ပြောလိုက်၏။ "အားလုံးပဲ... ကျေးဇူးပြုပြီး အနားယူဖို့ အခန်းတွေကို အရင် ပြန်ကြပါဦး။ ကျွန်တော်တို့ ညစာစားပွဲကို ပြင်ဆင်ထားပါမယ်။ ဒီညတော့ အားလုံး မူးမေ့သွားတဲ့အထိ သောက်ကြတာပေါ့ဗျာ။"

ထို့နောက် သူက ဆိုလွန်၏ ပခုံးကို ဖက်ကာ အိမ်ထဲသို့ လျှောက်သွားရင်း ပြောလိုက်သည်။ "လာ... လာ... လာ။ တူတော်မောင်... ငါတို့ အေးအေးဆေးဆေး စကားပြောကြတာပေါ့။"

**--**--**--**--**--**--**--**

ဆိုလွန်အား စာကြည့်ခန်းထဲသို့ ခေါ်လာပြီးနောက် ကွေ့ရှင်းဖူ၏ မျက်နှာပေါ်ရှိ အပြုံးများအားလုံး လုံးဝ ပျောက်ကွယ်သွားတော့၏။ ထိုအပြုံးများအစား အေးစက်ကာ ဂရုမစိုက်သည့် အမူအရာတစ်ခု ဝင်ရောက်လာသည်။

သူ ဟန်ဆောင်နေရန် မလိုအပ်တော့ချေ။ ဆိုလွန်ကဲ့သို့ မြေခွေးငယ်တစ်ကောင်ကို ရင်ဆိုင်ရာ၌ ဟန်ဆောင်မှုရန် လိုအပ်မည် မဟုတ်ပေ။

ကွေ့ရှင်းဖူက အေးစက်စွာ ပြောလာသည်။ "ဆိုလွန်... မင်း အောင်မြင်သွားပြီပဲ။ ပြောစမ်း... မင်း ဘာလိုချင်လဲ။ စေ့စပ်ထားတာကို ဖျက်သိမ်းဖို့အတွက် မင်းရဲ့ တောင်းဆိုချက်တွေက ဘာတွေလဲ။"

ဆိုလွန်ကမူ ခေါင်းယမ်းကာ ပြောလိုက်၏။ "မဟုတ်ဘူး။ ကျွန်တော့်မှာ ဘာတောင်းဆိုချက်မှ မရှိဘူး။ ကျွန်တော် လိုချင်တာ အကုန်လုံးက ခင်ဗျားတို့ စေ့စပ်ထားတာကို ဖြည့်ဆည်းပေးဖို့ပဲ။ စောလေ ပိုကောင်းလေပဲ။ တကယ်တော့ ဒီညဆိုရင် ပိုတောင် အဆင်ပြေသေးတယ်။ ကျွန်တော်တို့ ကောင်းကင်နဲ့ မြေကြီးကို ဦးညွှတ်ပြီး အခု ချက်ချင်း လက်ထပ်လိုက်လို့ ရတယ်။"

ဤသည်ကို ကြားသောအခါ ကွေ့ရှင်းဖူ၏ မျက်နှာအမူအရာမှာ အကြီးအကျယ် ပြောင်းလဲသွား၏။ သူက အေးစက်စွာ ပြောလိုက်သည်။ "ဆိုလွန်... ငါ့ကို လာပြီး ခြိမ်းခြောက်ဖို့ မကြိုးစားနဲ့။"

သို့သော် ဆိုလွန်က ပြတ်ပြတ်သားသားပင် ပြောလိုက်သည်။ "ကျွန်တော် ထပ်ပြောမယ်။ ဒီအလောင်းအစားမှာ ခင်ဗျား ရှုံးနိမ့်သွားတာကို လက်ခံရမယ်။ ခင်ဗျား ကျွန်တော့်ကို သတ်ရင်သတ်... မသတ်ရင် ကောင်းကင်နဲ့ မြေကြီးကို ဦးညွှတ်ပြီး လက်ထပ်ဖို့ ပြင်ဆင်ထားလိုက်တော့။"

အပိုင်း ၁၉၁ ပြီး။

နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Yue

True Immortal Team

All Chapters