အခန်း ၁၉၂
Vol. 20 Ch. 192
အပိုင်း ၁၉၂
နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Yue
True Immortal Team
"သတ်ရင်သတ်... မသတ်ရင် ကောင်းကင်နဲ့ မြေကြီးကို ဦးညွှတ်ပြီး လက်ထပ်ပေးလိုက်တော့။"
ထိုစကားများကို ကြားလိုက်ရသောအခါ ကွေ့ရှင်းဖူ၏ လက်မောင်းမှာ ပြင်းထန်စွာ တုန်ယင်သွား၏။ ဆိုလွန်အား သူ၏ လက်ဝါးရိုက်ချက် တစ်ချက်တည်းဖြင့်ပင် ရိုက်သတ်ပစ်ချင်စိတ်များ တကယ်ကို ပေါက်လာတော့သည်။
သို့သော်လည်း သူသာ သတ်နိုင်မည်ဆိုပါက ယခုအချိန်ထိတောင် စောင့်နေမည် မဟုတ်ဘဲ အစောကြီးကတည်းက သတ်ပစ်ပြီး ဖြစ်နေလောက်ပြီ။
သူ မသတ်နိုင်သည်သာမက ဆိုလွန်အား သူ၏ လင်ဟိုင်မြို့ နယ်မြေအတွင်း၌လည်း အသေခံ၍ မဖြစ်ချေ။ အကျိုးဆက်များကို သူ လုံးဝ ဖြေရှင်းနိုင်စွမ်း ရှိမည် မဟုတ်ပေ။
ကွေ့ရှင်းဖူက အသက်ကို ပြင်းပြင်းရှူလိုက်ပြီး ပြောလိုက်သည်။ "ဆိုလွန်... ငါတို့ ပွင့်ပွင့်လင်းလင်းပဲ ပြောကြတာပေါ့။ ကွေ့ချင်းရှောင်းနဲ့ မင်းကို လက်ထပ်ပေးလို့ မရဘူး။"
"ဘာဖြစ်လို့လဲ။ ကျွန်တော်က ကွေ့ချင်းရှောင်းနဲ့ မထိုက်တန်လို့လား။" ဆိုလွန်က မျက်နှာသေဖြင့် မေးလိုက်၏။
ကွေ့ရှင်းဖူက အေးစက်စွာ ပြန်ဖြေသည်။ "မင်းက သိသိကြီးနဲ့ ဘာလို့ မေးနေရတာလဲ။ လက်ရှိအချိန်မှာ မင်းက ကံဆိုးမိုးမှောင်ကျနေတဲ့ ကြယ်တစ်ပွင့်လိုပဲ။ ဘယ်သူမှ မင်းအနားကို မကပ်ချင်သလို မင်းနဲ့လည်း မပတ်သက်ချင်ကြဘူး။ မင်းက တော်ဝင်မိသားစုရဲ့ ရန်သူဖြစ်နေပြီ။ အကယ်၍ ငါ့သမီးသာ မင်းကို လက်ထပ်လိုက်မယ်ဆိုရင် ငါ့ရဲ့ ကွေ့မိသားစု ပျက်စီးဖို့အတွက်လည်း သိပ်ဝေးတော့မှာ မဟုတ်ဘူး။"
ဆိုလွန်က မျက်နှာသေဖြင့် ဆက်ပြောလိုက်၏။ "ကျွန်တော့် ဆိုမိသားစုက ခင်ဗျားကို ကူညီပေးခဲ့တဲ့ ကျေးဇူးတရားကရော ဘယ်လိုလုပ်မလဲ။ ပြီးတော့ အတိတ်က မင်္ဂလာစာချုပ်ကရော ဘယ်လိုလုပ်မလဲ။ ခင်ဗျားက ဒါတွေအကုန်လုံးကို လျစ်လျူရှုထားတော့မလို့လား။"
ကွေ့ရှင်းဖူက အေးစက်စွာ ပြောလာသည်။ "မိသားစုတစ်စုရဲ့ အသက်ရှင်ခြင်းနဲ့ သေဆုံးခြင်းထက် ဘာက ပိုအရေးကြီးလို့လဲ။ မင်း သေချင်ရင် သွားသေလိုက်... တခြားလူတွေကိုတော့ လာမပတ်သက်နဲ့။ ငါ့ရဲ့ ကွေ့မိသားစုကို ဆွဲမချနဲ့။"
ထို့နောက် ကွေ့ရှင်းဖူ၏ မျက်နှာအမူအရာမှာ အနည်းငယ် နူးညံ့သွား၏။ "တူတော်မောင်... မင်းရဲ့ ပါရမီနဲ့ ဉာဏ်ပညာတွေက တောက်ပပြီးတော့ ယှဉ်နိုင်သူ မရှိလောက်အောင်ပါပဲ။ ဘာလို့ တော်ဝင်မိသားစုကို ဆန့်ကျင်နေရတာလဲ။"
"နောက်တစ်လှမ်းလောက် ဆုတ်လိုက်မယ်ဆိုရင် မင်းရဲ့ အနာဂတ်က အကန့်အသတ်မဲ့ သွားလိမ့်မယ်။ မင်း နည်းနည်းလောက် အလျှော့ပေးလိုက်တာနဲ့ မင်းသမီး ကျိနင်ရဲ့ ခင်ပွန်းဖြစ်လာနိုင်ပြီး အနာဂတ် ဝန်ကြီးချုပ် ဖြစ်လာနိုင်တယ်။ ဒါကိုတောင် မင်းက ဘာဖြစ်လို့ ဒီလောက်တောင် ခေါင်းမာနေရတာလဲ။"
ဆိုလွန်က တည်ငြိမ်စွာ်ပင် မေးလိုက်သည်။ "ကျွန်တော် မြို့စားကြီးကို မေးပါရစေ။ အကယ်၍ တစ်ယောက်ယောက်က ခင်ဗျားကို ဘုရင်ကျိပိုင်ရဲ့ ညီမလေးနဲ့ အတင်းအကျပ် လက်ထပ်ခိုင်းပြီး ဝန်ကြီးချုပ် ဖြစ်လာအောင် လုပ်ပေးမယ်။ ဒါပေမဲ့ အဲဒီအတွက် ပေးဆပ်ရမယ့် တန်ဖိုးက ခင်ဗျားရဲ့ မိုင်ရာပေါင်းများစွာ ကျယ်ဝန်းတဲ့ လင်ဟိုင်မြို့နယ်မြေကို လွှဲပြောင်းပေးရမယ်ဆိုရင်... ခင်ဗျား အဲဒီလို လုပ်မှာလား။"
ကွေ့ရှင်းဖူ၏ မျက်နှာမှာ တွန့်လိမ်သွားတော့၏။ သူက ပြောလိုက်သည်။ "ငါ အဲဒီလို မလုပ်ဘူးဆိုတာ သေချာတာပေါ့။ ဝန်ကြီးချုပ်ဆိုတာ အင်အားကြီးပြီး ဂုဏ်သတင်း ကြီးမားတယ်လို့ ထင်ရပေမယ့် သူတို့က အလွန်ဆုံး ဆယ်နှစ်လောက်ပဲ အာဏာရှိတာ။"
"ဒါပေမဲ့ မိုင်ရာပေါင်းများစွာ ကျယ်ဝန်းပြီး လက်အောက်ခံပြည်သူ သိန်းပေါင်းများစွာရှိတဲ့ နယ်မြေကတော့ မျိုးဆက်ပေါင်းများစွာ လက်ဆင့်ကမ်း သွားနိုင်တယ်။ တိုင်းပြည်တွင်းက သာမန် အထက်တန်းလွှာတွေက ကြီးကျယ်ခမ်းနားပုံ ပေါက်နေပေမယ့် သူတို့က ငါတို့တွေလို ပဒေသရာဇ် မြို့စားတွေနဲ့ ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ။"
"ဘုရင်က နတ်ဘုရားတစ်ပါးလို လေးစားရတဲ့ မြို့စားကြီး ထူလင်းထော်တောင်မှ အကောင်းဆုံးဆိုရင် တော်ဝင်မိသားစုရဲ့ အစေခံတစ်ယောက်လောက်ပဲ ရှိတာ။ ဒါပေမဲ့ ငါတို့ ပဒေသရာဇ် မြို့စားတွေကတော့ တိုင်းပြည်ရဲ့ အစစ်အမှန် မိတ်ဖက်တွေပဲ။"
ကွေ့ရှင်းဖူ၏ စကားများက အမှန်တရားကို ပြောဆိုနေခြင်းပင်။
လင်ဟိုင်မြို့နှင့် ထျန်းရွှေမြို့တို့မှာ တိုင်းပြည်၏ အဓိက ပဒေသရာဇ် မြို့စားများထဲတွင် ပါဝင်ကြလေပြီး တစ်ဦးလျှင် မိုင် ၅၀၀ ခန့်ရှိသည့် နယ်မြေကို အသီးသီး ထိန်းချုပ်ထားကြ၏။
ထိုနယ်မြေက ကြီးမားသလော။ ပြည်နယ်တစ်ခုလုံး၏ ငါးပုံတစ်ပုံ သို့မဟုတ် တိုင်းပြည်တစ်ခုလုံး နယ်မြေ၏ ခုနစ်ဆယ်ပုံ တစ်ပုံနှင့် ညီမျှသည်။
ထိုသည်က အလွန် ဧရာမ ကြီးမားလှသည့် နယ်မြေတစ်ခုပင်။ အခြားသော သာမန် အထက်တန်းလွှာများမှာ သူတို့၏ ဂုဏ်ကျက်သရေရှိလှသည့် ဘွဲ့နာမည်များကို ဆယ်စုနှစ် အနည်းငယ်မျှသာ ပိုင်ဆိုင်ကြရ၏။
သူတို့တွင် ဘွဲ့နာမည် အလွတ်များသာ ရှိနိုင်ပြီး အလွန်ဆုံးမှ မိုင်ဒါဇင် အနည်းငယ်မျှသာ ရှိသည့် ဆုချီးမြှင့်ခံရသော နယ်မြေငယ်လေးကိုသာ ထိန်းချုပ်ထားနိုင်ကြသည်။
သို့သော် ပဒေသရာဇ် မြို့စားတစ်ဦး၌မူ မိုင်ရာပေါင်းများစွာ ကျယ်ဝန်းသည့် နယ်မြေ ၊ ရာပေါင်းများစွာသော လက်အောက်ခံ ပြည်သူများနှင့် သောင်းနှင့်ချီသည့် စစ်တပ်တစ်ခု ရှိ၏။ သူတို့၏ မိသားစုများမှာ တိုင်းပြည်တည်ရှိနေသရွေ့ ဆက်လက် တည်ရှိနေနိုင်ကြသည်။
ထို့အတွက်ကြောင့် ပဒေသရာဇ် မြို့စားများက ဘုရင့်မြို့တော်၌ အမြင့်ဆုံး ဘွဲ့နာမည်များ သို့မဟုတ် အမြင့်ဆုံး အဆင့်အတန်းများ မရှိကြသော်ငြား တိုင်းပြည်တွင်းရှိ အခြား အထက်တန်းလွှာတို့ကမူ လျှို့ဝှက်စွာဖြင့် သေမတတ် မနာလို ဖြစ်နေကြခြင်းပင်။
ဆိုလွန်က အေးစက်စွာ ပြောလိုက်၏။ "ကိုယ့်ကို သူများ မလုပ်စေချင်တဲ့ အရာကို သူများအပေါ်မှာလည်း မလုပ်ပါနဲ့။ ဝန်ကြီးချုပ် ဖြစ်လာတာနဲ့ မင်းသမီးတစ်ပါးကို လက်ထပ်တာက ပဒေသရာဇ် မြို့စားတစ်ယောက်ရဲ့ နေရာကို အစားမထိုးနိုင်ဘူးဆိုတာ မြို့စားကြီး သေချာသိပါတယ်။ ဒါဆို ဘာဖြစ်လို့ ကျွန်တော့်ကို အလျှော့ပေးဖို့ တိုက်တွန်းနေရတာလဲ။"
ကွေ့ရှင်းဖူက ခပ်ပြတ်ပြတ် ပြောသည်။ "ဘာဖြစ်လို့လဲဆိုတော့ မင်းက လမ်းဆုံးကို ရောက်နေပြီလေ။ မင်းရဲ့ ထျန်းရွှေမြို့က ရန်သူ့လက်ထဲ ကျရောက်သွားပြီ။ မင်းမှာ လောကကြီးထဲ ဘာမှ မကျန်တော့သလို ရွေးချယ်စရာ လမ်းလည်း မရှိတော့ဘူး။"
"ကျွန်တော့်ရဲ့ ထျန်းရွှေမြို့က ရန်သူ့လက်ထဲ ကျရောက်သွားတာ ဖြစ်နိုင်ပေမယ့် ကျွန်တော် ပြန်ယူနိုင်ပါတယ်။" ဆိုလွန်က တည်ငြိမ်စွာ တုန့်ပြန်သည်။
"ဟားဟားဟားဟား..." ကွေ့ရှင်းဖူက လှောင်ပြောင်သရော်သည့်ဟန်ဖြင့် ရယ်မောလိုက်၏။ "အဲဒါက ဖြစ်နိုင်သေးလို့လား။ လက်ရှိအချိန် ထျန်းရွှေမြို့ထဲမှာ စစ်တပ် ဘယ်လောက်ရှိနေလဲဆိုတာ မင်းသိလား။ အဲဒီမှာ နူဒန်ရဲ့ စစ်တပ်ရှိတယ်။ ဆိုဟန်ရီရဲ့ စစ်တပ်ရှိတယ်။"
"ပြီးတော့ တော်ဝင်မိသားစုရဲ့ စစ်တပ်လည်း ရှိတယ်။ အားလုံးပေါင်းလိုက်ရင် စစ်သည် သုံးသောင်းကနေ လေးသောင်းကျော်တယ်။ ဒါပေမဲ့ မင်းကရော... မင်းရဲ့ လက်အောက်မှာ လူတစ်ရာကျော်လေးပဲ ရှိတာလေ။ လက်ရှိအချိန် ထျန်းရွှေမြို့ထဲမှာ ဘာတွေ ဖြစ်ပျက်နေလဲဆိုတာကိုရော မင်း သိရဲ့လား။"
ဆိုလွန်က တည်ငြိမ်စွာပင် ဖြေလိုက်၏။ "သူတို့က ကျွန်တော့်ကို လုံးဝ သိက္ခာချနေတယ်။ ကျွန်တော့်ရဲ့ ဂုဏ်သတင်းကို ဖျက်ဆီးနေကြတယ်။ ပြီးတော့ ထျန်းရွှေမြို့က ဆိုမိသားစုရဲ့ အဆင့်အတန်းကိုလည်း ဖျက်ဆီးနေကြတယ်။"
"မင်းကို သိက္ခာချတာထက် အများကြီး ပိုပါတယ်။" ကွေ့ရှင်းဖူက ပြောလိုက်၏။ "သူတို့က မင်းနဲ့ ဆိုနင်ပင်းကြားက မသင့်တော်တဲ့ ဆက်ဆံရေးအကြောင်း ကောလာဟလတွေကို အရူးအမူး ဖြန့်နေကြတာ။ ပြီးတော့ ဆိုလုံဆီကနေ သေတမ်းစာ အတုတစ်ခုကိုလည်း လုပ်ထားပြီးတော့ ဆိုဟန်ရီကို မြို့စားနေရာ ဆက်ခံခွင့်ပေးဖို့ ပြင်ဆင်နေကြတယ်။"
ဆိုလွန်ကမူ ယခင်ကအတိုင်းပင် တည်ငြိမ်နေဆဲပင်။ သူ ဤအရာများကို မျှော်လင့်ထားပြီး ဖြစ်သည်။
ကွေ့ရှင်းဖူက ထပ်မေးလိုက်သည်။ "ထျန်းရွှေမြို့က စစ်တပ်အနေနဲ့ သူတို့ ဘယ်သူ့ကို ထောက်ခံမယ်လို့ မင်းထင်လဲ။ မင်းကိုလား။ ဒါမှမဟုတ် ဆိုဟန်ရီကိုလား။"
သဘာဝကျစွာပင် ဆိုဟန်ရီသာ ဖြစ်၏။ သူက ထျန်းရွှေမြို့ စစ်တပ်ကို ဦးဆောင်ခဲ့သူ ဖြစ်သည်။ အတွင်းရှိ စစ်သည်တိုင်းက ဆိုဟန်ရီကိုသာ သိကြပြီး ဆိုလွန်ကို မသိကြချေ။
ထို့အတွက်ကြောင့် ဆိုလွန် နဂိုကတည်းက ထျန်းရွှေမြို့မှ အရာရှိများအပေါ် မည်သည့် မျှော်လင့်ချက်မှ မထားခဲ့ခြင်း ဖြစ်သည်။ သူ ကိုယ်တိုင် စုဆောင်းကာ လေ့ကျင့်ပေးထားခဲ့သည့် လူများသာလျှင် သူ၏ အစစ်အမှန် လူများ ဖြစ်ကြ၏။
ကွေ့ရှင်းဖူက ဆက်ပြောလိုက်သည်။ "သုံးလမပြည့်ခင် အချိန်အတွင်းမှာပဲ ထျန်းရွှေမြို့ထဲ မင်းရဲ့ နာမည်က လုံးဝ ပျက်စီးသွားတော့မှာ။ အဲဒီအချိန်ကျရင် ဆိုဟန်ရီက သူပုန်စစ်တပ်နဲ့ စေ့စပ်ဆွေးနွေးလိမ့်မယ်။"
"နူဒန်က အရှုံးပေးပြီးတော့ ဆိုဟန်ရီဆီ သစ္စာခံလိမ့်မယ်။ အဲဒီနောက်မှာတော့ ဆိုဟန်ရီက တရားမျှတစွာနဲ့ပဲ ထျန်းရွှေမြို့ရဲ့ ယာယီမြို့စား ဖြစ်လာလိမ့်မယ်။ နောက်ဆုံးမှာတော့ တော်ဝင်မိသားစုရဲ့ စစ်တပ်က မြို့ထဲကို ဝင်လာလိမ့်မယ်။"
ထိုသည်များကို ပြောပြီးနောက် ကွေ့ရှင်းဖူက သက်ပြင်းချလိုက်ပြီး ထပ်ပြောလိုက်၏။ "တူတော်မောင်... ဒီလောကကြီးမှာ အစစ်အမှန် တရားမျှတမှုဆိုတာ မရှိတော့ဘူး။ အင်အားကသာ အစစ်အမှန် တရားမျှတမှုပဲ။ စောင့်ကြည့်နေလိုက်။"
"နောက်လအနည်းငယ် အတွင်းမှာ ဆိုဟန်ရီက အရှက်မရှိတဲ့ သူပုန်တစ်ယောက် ဖြစ်နေပေမယ့်လည်း တော်ဝင်မိသားစုက သူ့ရဲ့ အဆင့်အတန်းကို မြှင့်တင်ပေးဖို့အတွက် လုပ်နိုင်သမျှ အရာအားလုံးကို လုပ်လိမ့်မယ်။"
"ဒါပေမဲ့ ထျန်းရွှေမြို့က လူထုရဲ့ မျက်လုံးထဲမှာတော့ သူက လောကမှာ အတောက်ပဆုံး ၊ အတရားမျှတဆုံးနဲ့ အသစ္စာအရှိဆုံး လူတစ်ယောက် ဖြစ်လာလိမ့်မယ်။ သူ ယာယီမြို့စား ဖြစ်လာတဲ့အခါ ပြည်သူတွေက အရမ်းကို ဝမ်းသာပျော်ရွှင်ကြလိမ့်မယ်။"
ဆိုလွန်၏ မျက်နှာကမူ ယခင်ကကဲ့သို့ပင် ခံစားချက် ကင်းမဲ့နေဆဲပင်။
ကွေ့ရှင်းဖူက ဆက်ပြောလိုက်၏။ "အိမ်ရှေ့မင်းသား ကျိလီက သူ့ရဲ့ အစီအစဉ်တွေကို ဘယ်သူ့ကိုမှ ဝင်နှောင့်ယှက်ခွင့် ပြုမှာမဟုတ်ဘူး။ မင်းက သူ့ရဲ့ မဟာဗျူဟာမှာ အနှောင့်အယှက် တစ်ခုဖြစ်နေပြီး တစ်ခုတည်းသော ရလဒ်က မင်း အချေမှုန်းခံရမှာပဲ။ အိမ်ရှေ့မင်းသား ကျိလီရဲ့ ကြီးမားလှတဲ့ အင်အားက မင်းရဲ့ စိတ်ကူးနိုင်တာထက် အများကြီး ပိုများတယ်။"
ရုတ်တရက် ဆိုလွန်က မေးလိုက်သည်။ "ဒါဆို ဘုရင်မင်းမြတ်ကရော။"
ကွေ့ရှင်းဖူ အနည်းငယ် တွေဝေသွား၏။ ထို့နောက် သူ၏ မျက်နှာထက်၌ ထူးဆန်းသည့် အပြုံးတစ်ခု ဖြစ်ပေါ်လာကာ ပြောလိုက်သည်။ "ဘုရင်ကျိပိုင် ထီးနန်းတက်လာတုန်းက လူဘယ်လောက်များများကို စော်ကားခဲ့မိလဲဆိုတာ မင်းသိလား။ သူ လူဘယ်လောက်များများကို သတ်ခဲ့လဲ။"
"ဘုရင်က သာမန်အရပ်သား လက်ရွေးစင်တွေကို အားတက်သရော မြှင့်တင်ပေးနေတာက အကြံအိုက်နေတဲ့ လုပ်ရပ်တစ်ခုဆိုတာ မင်းသိလား။ လောကမှာရှိတဲ့ အထက်တန်းလွှာ အားလုံးနဲ့ ပဒေသရာဇ် မြို့စားတွေ အားလုံးကပါ ကွယ်လွန်သွားပြီဖြစ်တဲ့ မင်းသားကျိလန်ကို လွမ်းဆွတ်နေကြတယ်ဆိုတာ မင်းသိလား။"
ကွေ့ရှင်းဖူ၏ စကားများက ကိစ္စရပ်၏ အဓိက အချက်ကို တိုက်ရိုက် ထိမှန်သွား၏။
သူက လက်ရှိ နုလန်နိုင်ငံ တစ်ခွင်၌ ပျံ့နှံ့နေသည့် အန္တရာယ် အများဆုံးနှင့် ကြောက်မက်ဖွယ် အကောင်းဆုံး အခြေအနေကို အကျဉ်းချုံး ပြောပြလိုက်ခြင်းပင်။
ဘုရင်ကျိပိုင်၏ သာမန်အရပ်သား လက်ရွေးစင်များကို မြှင့်တင်ပေးသည့် ပြုပြင်ပြောင်းလဲမှုများက အထက်တန်းလွှာ လူတန်းစားများ၏ အကျိုးစီးပွားကို ဆိုးရွားစွာ ထိခိုက်စေခဲ့သည်။ အထက်တန်းလွှာ အားလုံးက အပေါ်ယံ၌ အလွန် လေးစားသည့်ပုံ ပေါက်နေသော်ငြား ရင်ထဲ၌မူ ဘုရင်ကို သူတို့၏ မဟာရန်သူ အဖြစ်သာ ရှုမြင်ထားကြ၏။
သဘာဝကျစွာပင် ဘုရင်ကျိပိုင်၌ သားတစ်ယောက်သာ ရှိမည်ဆိုပါက သူကသာ နောက်ဆုံး အနိုင်ရရှိသူ ဖြစ်လာလိမ့်မည်။
သို့သော် သူ့၌ သားမရှိချေ။ သားရနိုင်စွမ်း မရှိခဲ့ပေ။
လက်ရှိ၌ တစ်နိုင်ငံလုံးရှိ အထက်တန်းလွှာတိုင်းနှင့် ပဒေသရာဇ် မြို့စားတိုင်းက အိမ်ရှေ့မင်းသား ကျိလီ ထီးနန်းတက်နိုင်ရန်အတွက် ဘုရင်ကျိပိုင် သေဆုံးမည့်အချိန်ကိုသာ စောင့်ဆိုင်းနေကြခြင်း ဖြစ်သည်။
အမှန်တကယ်၌ အိမ်ရှေ့မင်းသား ကျိလီမှာ ဘုရင်ကျိပိုင်နှင့် အထက်တန်းလွှာ လူတန်းစားတို့ ကြားရှိ အကာအကွယ် တစ်ခု ဖြစ်လာခဲ့လေပြီ။
ဆိုလွန်က တော်ဝင်နန်းတော်ထဲရှိ သူ၏အချိန်များကို ချက်ချင်း သတိရသွား၏။ သူ၏ မြို့စားဘွဲ့နာမည် ချီးမြှင့်ခံရချိန်၌ အိမ်ရှေ့မင်းသား ကျိလီက လေးစားမှုရှိခဲ့ပြီး လုံးဝ တိတ်ဆိတ်နေခဲ့သည်။ သို့သော် အစိုးရအဖွဲ့ တစ်ခုလုံးနှင့် စစ်သေနာပတိချုပ်ရုံး တစ်ခုလုံးကမူ သူ၏ ကိုယ်စား စကားပြောပေးခဲ့ကြ၏။
အိမ်ရှေ့မင်းသား ကျိလီက အလိုအလျောက် အိမ်ရှေ့မင်းသား ဖြစ်လာခဲ့ခြင်းမှာ အမှန်တကယ်၌ ဘုရင်ကျိပိုင်က အထက်တန်းလွှာ လူတန်းစား တစ်ခုလုံးနှင့် အလျှော့ပေး လိုက်လျောမှု ပြုလုပ်လိုက်သည့် သင်္ကေတတစ်ခုပင်။
အကယ်၍ ဤအကာအကွယ်သာ ပျက်စီးသွားခဲ့မည်ဆိုပါက တစ်ခုတည်းသော ရလဒ်မှာ အထက်တန်းလွှာ လူတန်းစားနှင့် ဘုရင်တို့အကြား အပြည့်အဝ ပဋိပက္ခ ဖြစ်ပွားလာမည်သာ ဖြစ်၏။ သူတို့၏ ဖုံးကွယ်ထားသည့် ပဋိပက္ခများက ပွင့်ထွက်လာတော့မည် ဖြစ်သည်။
"လင်းအောင်းဆိုတဲ့ ဒီလူက ဘာကို ကိုယ်စားပြုလဲဆိုတာ မင်းသိလား။ သူက ဘယ်လောက် အရေးပါလဲဆိုတာ မင်းသိလား။" ထို့နောက် ကွေ့ရှင်းဖူက ထပ်မေးလိုက်၏။
ကွေ့ရှင်းဖူ၏ စကားကို ကြားသောအခါ ဆိုလွန် ချက်ချင်း နားလည်သွားသည်။
အိမ်ရှေ့မင်းသား ကျိလီမှာ သာမန်အရပ်သား လက်ရွေးစင်များကို တန်ဖိုးထားသည်ဟု လူသိများသော်လည်း သူ အမှန်တကယ် လုပ်ဆောင်ခဲ့သည့် တစ်ခုတည်းသော လုပ်ရပ်မှာ လင်းအောင်းကို သူ၏ ကိုယ်ပိုင် လက်ထောက်အဖြစ် ခန့်အပ်ရန်အတွက် အတိုက်အခံများကို ဆန့်ကျင်တိုက်ခိုက်ခဲ့ခြင်းပင်။
လင်းအောင်းက သာမန်အရပ်သား လက်ရွေးစင် တစ်ဦး ဖြစ်၏။ သူ့အား လက်ထောက်အဖြစ် ရွေးချယ်ခြင်းဖြင့် အိမ်ရှေ့မင်းသား ကျိလီက သူ့အား တိုင်းပြည်၏ အနာဂတ် စစ်တပ် တပ်မှူးကြီးများထဲမှ တစ်ဦး ဖြစ်လာစေရန် ပြင်ဆင်ပေးနေခြင်း ဖြစ်သည်။
ဤသည်က သာမန်အရပ်သား လက်ရွေးစင်များထံသို့ သူတို့အား အရေးကြီးသည့် တာဝန်များကို ဆက်လက် ပေးအပ်သွားမည်ဖြစ်ကြောင်း ပြသလိုက်သည့် သင်္ကေတတစ်ခုပင်။
သို့သော် အမှန်တကယ်၌မူ ဤသည်က မဟာဗျူဟာမြောက် လှည့်ကွက်တစ်ခုမျှသာ ဖြစ်၏။ လင်းအောင်းက သူတို့၏ သစ္စာခံမှုကို ဝယ်ယူရန်အတွက် သင်္ကေတပြ ပြကွက်တစ်ခုထက် မပိုနေချေ။
အပိုင်း ၁၉၂ ပြီး။
နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Yue
True Immortal Team