အခန်း ၁၉၃
Vol. 20 Ch. 193
အပိုင်း ၁၉၃
နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Yue
True Immortal Team
အိမ်ရှေ့မင်းသား ကျိလီ၏ အစစ်အမှန် အာဏာအခြေခံမှာ အထက်တန်းလွှာ လူတန်းစား တစ်ခုလုံး၏ ထောက်ခံမှု ဖြစ်၏။
ထို့အပြင် လင်းအောင်းမှာ ခြေနင်းခုံတစ်ခုသက်သက် မဟုတ်ချေ။ လင်ဟိုင် မြို့စားကြီး၏ သမက် ဖြစ်လာခြင်းဖြင့် သူသည် အိမ်ရှေ့မင်းသား ကျိလီနှင့် ပဒေသရာဇ် မြို့စားများကြားရှိ တံတားတစ်စင်း ဖြစ်လာပေလိမ့်မည်။
ထို့အတွက်ကြောင့် လင်းအောင်းကဲ့သို့သော ကံကောင်းသည့်ကောင်မှာ စစ်တုရင်ခုံပေါ်ရှိ အရေးအကြီးဆုံး နယ်ရုပ်များထဲမှ တစ်ခု ဖြစ်လာခဲ့လေပြီ။
ကွေ့ရှင်းဖူက အေးစက်စွာ ပြောလိုက်၏။ "ဒါကြောင့် ကွေ့ချင်းရှောင်းက လင်းအောင်းကို ကျိန်းသေပေါက် လက်ထပ်ရလိမ့်မယ်။ ဒါက သူတို့ရဲ့ ကိုယ်ပိုင်ခံစားချက်တွေအပေါ် အခြေခံပြီး ဆုံးဖြတ်ထားတာ မဟုတ်ဘူး။ တိုင်းပြည်ရဲ့ အလုံးစုံ အခြေအနေတွေအပေါ် အခြေခံပြီး ဆုံးဖြတ်ထားတဲ့ ဆုံးဖြတ်ချက်တစ်ခုပဲ။"
လင်းအောင်းမှာ တကယ်ကို အလွန်အမင်း ကံကောင်းလှ၏။ ကွေ့ချင်းရှောင်းနှင့် လင်းအောင်းတို့၏ မင်္ဂလာပွဲမှာ တစ်နည်းအားဖြင့် တော်ဝင်မိသားစု ၊ သာမန်အရပ်သား လက်ရွေးစင်များနှင့် ပဒေသရာဇ် မြို့စားများဆိုသည့် အုပ်စုသုံးစုအား ပေါင်းစည်းပေးမည့် နိုင်ငံရေး မင်္ဂလာပွဲတစ်ခုပင်။
သူ၏ အမြင်ကျဉ်းမြောင်းလှသော်လည်းပဲ လက်ရှိအချိန်၌ ဆိုလွန် ရှင်းလင်းစွာ ခံစားမိသွား၏။ အိမ်ရှေ့မင်းသား ကျိလီ၏ နောက်ကွယ်၌ မည်သို့သော ကြောက်မက်ဖွယ်ကောင်းသည့် အင်အားကြီး ရှိနေသည်နည်း။
သူ၏ မဟာဗျူဟာမှာ အထက်တန်းလွှာ လူတန်းစားအပေါ် မှီခိုထားပြီး ပဒေသရာဇ် မြို့စားများကို ဆွဲဆောင်ကာ သာမန်အရပ်သား လက်ရွေးစင်များကို လှည့်စားထားခြင်းပင်။ ထိုအုပ်စုသုံးစုလုံးအား သူ၏ ကိုယ်ပိုင်အကျိုးအမြတ်အတွက် အသုံးပြုနေခြင်း ဖြစ်၏။
ဆိုလွန် ရုတ်တရက် သက်ပြင်းချလိုက်သည်။ "ဘုရင်ကျိပိုင်က ရည်မှန်းချက် အရမ်းကြီးမားပြီး ဘယ်သူမှ သူ့ကို မယှဉ်နိုင်ခဲ့ဘူး။ သူ့မှာ သားသမီးမရှိတာကတော့ နှမြောစရာပဲ။"
ကွေ့ရှင်းဖူက အေးစက်စွာ ပြောလိုက်၏။ "ယောက်ျားတစ်ယောက်မှာ သားသမီးမရှိဘူးဆိုတာ ဒီလောကကြီးထဲ ဘာမှချန်မထားခဲ့နိုင်ဘူးလို့ ဆိုလိုတာပဲ။ ဆိုလွန်... မင်းကရော မင်းရဲ့ မျိုးဆက်ကို မင်းနဲ့တင် အဆုံးသတ်သွားအောင် လုပ်တော့မလို့လား။"
ဆိုလွန်က ပြုံး၍ တုန့်ပြန်လိုက်သည်။ "သေချာပေါက် မလုပ်ပါဘူး။ ဒါကြောင့်မလို့ ကွေ့ချင်းရှောင်းကို လက်ထပ်ရမှာပေါ့။"
ထိုစကားကို ကြားသောအခါ ကွေ့ရှင်းဖူ၏ မျက်နှာအမူအရာမှာ ပြောင်းလဲသွားတော့၏။
သူ ဤမျှလောက်အထိ များပြားစွာ ပြောဆိုခဲ့ပြီး တိုင်းပြည်၏ အနက်ရှိုင်းဆုံး လျှို့ဝှက်ချက်များကိုပင် ဖွင့်ချပြခဲ့သည်မှာ ဆိုလွန်အနေဖြင့် လက်ရှိအခြေအနေများကို ရှင်းလင်းစွာ နားလည်သွားပြီး ကွေ့ချင်းရှောင်းအား လက်ထပ်မည့် စိတ်ကူးယဉ်မှုများကို စွန့်လွှတ်လိုက်စေရန် အတွက်ပင်။
သို့သော် ဆိုလွန်က ဤမျှလောက်အထိ ခေါင်းမာနေလိမ့်မည်ဟု သူ လုံးဝ မျှော်လင့်မထားခဲ့ချေ။
ထို့နောက် ဆိုလွန်က ဆက်ပြောလာ၏။ "အိမ်ရှေ့မင်းသား ကျိလီက ကျွန်တော့်ရဲ့ ထျန်းရွှေမြို့ကို အတင်းအကျပ် သိမ်းယူသွားတယ်။ ခင်ဗျားတို့ ပဒေသရာဇ် မြို့စားတွေက အန္တရာယ်ကို မခံစားရဘူးလား။ သူက ဒီနေ့ ကျွန်တော့်ရဲ့ နယ်မြေကို ယူနိုင်တယ်ဆိုရင် မနက်ဖြန် ခင်ဗျားတို့ရဲ့ နယ်မြေတွေကိုရော မယူနိုင်ဘူးလား။"
ကွေ့ရှင်းဖူက ပြန်ပြောသည်။ "တိုင်းပြည်ရဲ့ စစ်တပ်က လူရိုင်းလွင်ပြင်ထဲ ဝင်ရောက်သွားပြီး မြို့သစ်တစ်ခု တည်ဆောက်ပြီးတဲ့နောက် အချိန်တန်ရင် ထျန်းရွှေမြို့က ဆိုမိသားစုဆီ ပြန်ရောက်လာလိမ့်မယ်။ ဒါပေမဲ့ မင်းရဲ့ ဆိုမိသားစုဆီ ရောက်လာမှာ မဟုတ်ဘဲ ဆိုဟန်ရီရဲ့ ဆိုမိသားစုဆီ ရောက်သွားမှာ။ မင်းက ကြည့်ရတာ ဉာဏ်ကောင်းပုံပေါ်ပေမယ့် တကယ့်တကယ်တော့ မိုက်မဲလွန်းပြီး အခြေအနေကို မမြင်တဲ့ လူပဲ။"
ဆိုလွန်က အထင်အမြင်သေးစွာဖြင့် ပြုံးလိုက်ရုံသာ ပြုံးနေ၏။
ကွေ့ရှင်းဖူက စကားလုံးတိုင်းကို ဖိ၍ ပြောလိုက်သည်။ "ဆိုလွန်... လက်ရှိအချိန်မှာ တစ်လောကလုံးက ဘယ်သူမှ မင်းကို မကယ်နိုင်တော့ဘူး။ ဘုရင်ကျိပိုင်တောင်မှ မကယ်နိုင်ဘူး။ ဒါကြောင့်မလို့ မင်းရဲ့ စိတ်ကူးယဉ်မှုတွေကို စွန့်လွှတ်လိုက်တော့။"
ထိုစကားများမှာ ဖျက်ဆီးအားပြင်းထန်လှသည့် စိတ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုတစ်ခုပင်။ ထိုသည်က ဆိုလွန်၏ စိတ်ဓာတ်ကိုသာမက ဘုရင်ကျိပိုင်အပေါ် ထားရှိသည့် သူ၏ ယုံကြည်မှုကိုပါ ချိုးဖျက်ပစ်ရန် ရည်ရွယ်ထားခြင်း ဖြစ်၏။
ကွေ့ရှင်းဖူက အေးစက်စွာ ဆက်ပြောသည်။ "အကယ်၍ ကွေ့ချင်းရှောင်းကသာ မင်းကို လက်ထပ်လိုက်မယ်ဆိုရင် အိမ်ရှေ့မင်းသား ကျိလီနဲ့ အထက်တန်းလွှာ လူတန်းစား တစ်ခုလုံးရဲ့ ရန်သူဖြစ်လာဖို့ ရွေးချယ်လိုက်တာပဲ။ ငါက အဲဒီလို တန်ဖိုးမျိုးကို မပေးဆပ်နိုင်ဘူး။ အဲဒီလို မဖြစ်လာအောင် တားဆီးဖို့အတွက် ငါက ဘယ်လိုတန်ဖိုးမျိုးကိုမဆို ပေးဆပ်ဖို့ ဆန္ဒရှိသလို ဘာမဆို လုပ်ဖို့ ဝန်လေးမှာ မဟုတ်ဘူး။"
သူ၏ နောက်ဆုံးစကားများမှာ ဗြောင်ကျကျ ခြိမ်းခြောက်လိုက်ခြင်းပင်။
ကွေ့ရှင်းဖူက ပြတ်သားစွာ ဆက်ပြောလိုက်၏။ "ရွှေဒင်္ဂါး သုံးသောင်းနဲ့ စစ်သည် သုံးထောင်။ မင်း စေ့စပ်ထားတာကို ဖျက်သိမ်းပြီး လင်ဟိုင်မြို့ကနေ ထွက်သွားဖို့အတွက် အလဲအလှယ်အနေနဲ့ ငါ ဒါတွေကို ပေးမယ်။ မင်း ဝေးဝေးသွားနိုင်လေ ပိုကောင်းလေပဲ။ မင်းက တခြားသူတွေကို ဒုက္ခပေးရုံပဲရှိတာ။ ဒီနေရာမှာ မင်းကို ကြိုဆိုမနေဘူး။"
ရွှေဒင်္ဂါး သုံးသောင်းနှင့် စစ်သည် သုံးထောင်။ ကွေ့ရှင်းဖူက ဧရာမ တန်ဖိုးကြီးတစ်ခုကို ပေးဆပ်နေခြင်းပင်။
သို့သော် ဤသည်က ဆိုလွန် အလိုရှိသည့် အရာ မဟုတ်နေချေ။
ထျန်းရွှေမြို့အား ပြန်လည်သိမ်းပိုက်ရန်အတွက် သူ့ထံ၌ ရွှေဒင်္ဂါး တစ်သိန်းခွဲနှင့် စစ်သည် နှစ်သောင်းခန့် အနည်းဆုံး လိုအပ်သည်။ ကွေ့ရှင်းဖူအနေဖြင့် ထိုမျှလောက် များပြားလှသည့် ငွေကြေး သို့မဟုတ် စစ်တပ်အား ထောက်ပံ့ပေးနိုင်မည် မဟုတ်ချေ။
ကွေ့ရှင်းဖူက အေးစက်စွာ ပြောလိုက်၏။ "မင်း ရွှေဒင်္ဂါး သုံးသောင်းနဲ့ စစ်သည် သုံးထောင်ကို ယူပြီး ထွက်သွားမလား။ ဒါမှမဟုတ် ငါ့ကို အစွန်းရောက်တဲ့ နည်းလမ်းတွေ သုံးလာအောင် ဖိအားပေးမလား။ ငါ့ရဲ့ ဂုဏ်သတင်းကတော့ ကျိန်းသေပေါက် ပျက်စီးသွားလိမ့်မယ်။ ဒါပေမဲ့ ငါ့မိသားစု ရှင်သန်နိုင်ဖို့အတွက် ငါက နည်းနည်းလေးမှ တုံ့ဆိုင်းနေမှာ မဟုတ်ဘူး။"
ဆိုလွန်၏ မျက်လုံးတို့က ကျဉ်းမြောင်းသွားသည်။ "မြို့စားကြီးကွေ့... နဂိုမူလတုန်းက ကျွန်တော် ကွေ့ချင်းရှောင်းကို လက်ထပ်ဖို့အထိ လုပ်မှာမဟုတ်ဘူး။ ကျွန်တော် လိုချင်တာရသွားတာနဲ့ စေ့စပ်ထားတာကို သဘောဆန္ဒအလျောက် ဖျက်သိမ်းပေးမှာ။"
"ဒါပေမဲ့ လင်းအောင်းကို ကျွန်တော့် လက်မောင်းထဲက သွေးကြောတွေကို ဖျက်ဆီးခိုင်းတဲ့အထိ ခင်ဗျားက အရမ်း ယုတ်မာလွန်းတယ်။ ဒါကြောင့်မလို့ ဒီမင်္ဂလာပွဲကို မဖြစ်မနေ လုပ်ရမယ်။"
ကွေ့ရှင်းဖူက ဒေါသတကြီး မေးလိုက်၏။ "ဒီကနေ မင်းက ဘာကို လိုချင်နေတာလဲ။ မင်း ဒီမင်္ဂလာပွဲကို ဆက်လုပ်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ အဲဒီလို ဖြစ်လာခွင့်ပေးမယ့် အစား ငါသေလိုက်ဖို့ကိုပဲ ရွေးချယ်မယ်။"
ဆိုလွန်က ပြန်ဖြေလိုက်သည်။ "ကွေ့ချင်းရှောင်းနဲ့ လက်ထပ်ပြီးသွားတာနဲ့ ခင်ဗျားကို သဘာဝကျကျပဲ ပြောပြပါမယ်။"
ထို့နောက် သူက သက်သေအထောက်အထားတစ်ခုကို ထုတ်ယူလိုက်ပြီး ကွေ့ရှင်းဖူ၏ ရှေ့၌ ကိုင်ထားကာ ပြောလိုက်၏။ "ဒီမင်္ဂလာပွဲက ဖြစ်ကို ဖြစ်ရမယ်။ ကျွန်တော့်ကို အရှက်ခွဲခဲ့တဲ့ သူတိုင်း သူတို့ လုပ်ရပ်အတွက် ပြန်ပြီး ပေးဆပ်ရတာကို ကျွန်တော် မြင်ချင်တယ်။"
ဆိုလွန် ကိုင်ထားသည့် အရာအား ကွေ့ရှင်းဖူ မြင်လိုက်ရသောအခါ သူ၏ မျက်နှာမှာ ချက်ချင်းပင် အရောင်ပြောင်းသွားလေပြီး ပါးပြင်ရှိ ကြွက်သားများက တုန်ယင်လာတော့သည်။ သူ အံကြိတ်ပြီး ပြောလိုက်၏။ "ဆိုလွန်... မင်းကို ငါ မသတ်ရဲဘူးလို့ တကယ် ထင်နေတာလား။"
ဆိုလွန်က စာကြည့်ခန်းထောင့်ရှိ လက်နက်စင်ဆီသို့ လျှောက်သွားလိုက်ပြီး ခပ်ပြင်းပြင်း တစ်ချက် ကန်ချလိုက်သည်။ တန်ဖိုးကြီး ဓားတစ်လက်က ကွေ့ရှင်းဖူ၏ ရှေ့တည့်တည့်သို့ ကျလာလေပြီး ဓားသွားမှာ ကြည်လင်နေသည့် ရေပြင်ကဲ့သို့ တောက်ပနေ၏။
ဆိုလွန်က စကားလုံးတစ်လုံးချင်းစီကို ပီပီသသ ပြောလိုက်သည်။ "ကွေ့ချင်းရှောင်းနဲ့ ကျွန်တော့်ကို ကောင်းကင်နဲ့ မြေကြီးကို ဦးညွှတ်ပြီး လက်ထပ်ပေးမလား။ ဒါမှမဟုတ် အခု ဒီနေရာမှာ ကျွန်တော့်ကို သတ်မလား။"
ကွေ့ရှင်းဖူ၏ တစ်ကိုယ်လုံး ပြင်းထန်စွာ တုန်ယင်သွား၏။ သူ မြေပြင်ပေါ်ရှိ ဓားကို ခပ်ကြမ်းကြမ်း ကောက်ယူလိုက်ပြီး အမြင့်သို့ မြှောက်ကာ ဆိုလွန်အား ထက်ပိုင်းပိုင်းချရန် အသင့်ပြင်လိုက်သည်။
သို့သော် သူက ဓားကို ထိုအတိုင်း အချိန်အတော်ကြာအောင် ကိုင်ထားခဲ့သော်လည်း ခုတ်မချလိုက်ချေ။
ဆိုလွန် အေးစက်စွာ ပြောလိုက်၏။ "ခင်ဗျား မရဲပါဘူး။ အကယ်၍ ခင်ဗျားသာ ရဲမယ်ဆိုရင် ကျွန်တော့်ကို သတ်ပစ်တာ ကြာလှပေါ့။ ဘာလို့ အခုချိန်ထိ စောင့်နေဦးမှာလဲ။"
သူပြောသည်မှာ မှန်ကန်လှ၏။ ကွေ့ရှင်းဖူ အမှန်တကယ်ပင် မရဲခဲ့ချေ။ သို့သော် သူ တုံ့ဆိုင်းနေရခြင်းမှာ သူ၏ ဂုဏ်သတင်းကို ဂရုစိုက်နေခြင်းကြောင့် မဟုတ်လေဘဲ အခြားသော ကြောက်မက်ဖွယ်ကောင်းသည့် အကြောင်းအရင်း တစ်ခုကြောင့်ပင်။
မင်းသမီး ကျိနင်က ယခင်တုန်းက သူမ ဆိုလွန်အား သတ်နိုင်ခဲ့သော်လည်း မသတ်ခဲ့ကြောင်း ပြောခဲ့ဖူးသည်။ လက်ရှိအချိန်၌မူ သူမကိုယ်တိုင်ပင် ဆိုလွန်အား မသတ်နိုင်တော့ချေ။
အိမ်ရှေ့မင်းသား ကျိလီနှင့် မင်းသမီး ကျိနင်တို့ပင် သူ့အား မသတ်နိုင်ခဲ့ပါလျှင် ကွေ့ရှင်းဖူက မည်သို့လုပ်၍ သတ်နိုင်ပါမည်နည်း။
ဆိုလွန်က အေးစက်စွာ ပြောလိုက်သည်။ "ခင်ဗျားက ကျွန်တော့်ကို မသတ်ရဲမှတော့ မင်္ဂလာပွဲအတွက်သာ ပြင်ဆင်လိုက်တော့။ ပိုမြန်လေ ပိုကောင်းလေပဲ။"
ကွေ့ရှင်းဖူ၏ မျက်နှာအမူအရာမှာ အကြိမ်အနည်းငယ် ပြောင်းလဲသွားပြီးနောက် အံကြိတ်ကာ မေးလိုက်၏။ "ငါတို့ဆီကနေ မင်း ဘာကို လိုချင်နေတာလဲ။"
ဆိုလွန်က အေးစက်စွာ ပြန်ဖြေလိုက်သည်။ "ကောင်းကင်နဲ့ မြေကြီးကို ဦးညွှတ်ပြီး လက်ထပ်ပြီးသွားတဲ့အခါ ကျွန်တော် ဘာလိုချင်လဲဆိုတာ ခင်ဗျား သိလာလိမ့်မယ်။"
ကွေ့ရှင်းဖူ၏ အကြည့်တို့က အမှောင်ကျသွားကာ အေးစက်သွား၏။ "ဒီလိုလုပ်တာက မင်းကိုယ်မင်း လုံးဝကို စက်ဆုပ်ရွံရှာဖွယ် ဖြစ်အောင် လုပ်နေရုံတင်မကဘဲ ငါ့ကိုပါ အဆုံးစွန်အထိ စော်ကားလိုက်တာပဲ ဆိုတာ မင်း သိတယ်မလား။"
ဆိုလွန်က ခပ်ပေါ့ပေါ့ပင် ပြောလိုက်သည်။ "မြို့စားကြီးကွေ့လို လူမျိုးကို စော်ကားလိုက်တာက ကျွန်တော့်အတွက်တော့ ကြီးမားတဲ့ ကိစ္စတစ်ခု မဟုတ်ပါဘူး။ ခင်ဗျားလို အရမ်း အကျိုးအကြောင်း ဆင်ခြင်လွန်းပြီး ခင်ဗျားရဲ့ ကိုယ်ပိုင် အကျိုးအမြတ်ကိုပဲ ဦးစားပေးလွန်းတယ် လူတစ်ယောက်ကို ကျွန်တော် ကြောက်မယ် ထင်နေတာလား။"
ကွေ့ရှင်းဖူက ဒေါသတကြီး ဖြစ်သွားတော့၏။ "ကောင်းပြီ... ကောင်းပြီ... ကောင်းပြီ... မင်္ဂလာပွဲ ဖြစ်စေရမယ်။ မင်းရဲ့ မင်္ဂလာပွဲကို ခံစားဖို့အတွက် မင်း အသက်ရှည်ရှည် နေရဖို့ကိုပဲ ငါ မျှော်လင့်ပါတယ်။"
ထို့နောက် ကွေ့ရှင်းဖူက အပြင်ဘက်ရှိ အစေခံများကို ဒေါသတကြီးဖြင့် အော်ဟစ်လိုက်သည်။ "ပြင်ဆင်စရာရှိတာ ပြင်ဆင်ကြစမ်း။ ဒီည ဆိုလွန်နဲ့ ငါ့သမီး ကောင်းကင်နဲ့ မြေကြီးကို ဦးညွှတ်ပြီး လက်ထပ်ကြမယ်။"
တစ်နာရီခန့် ကြာပြီးနောက် လင်ဟိုင်မြို့စားအိမ်တော် တစ်ခုလုံး ဆူညံပွက်လောရိုက်သွားတော့၏။
ဆိုလွန်နှင့် ကွေ့ချင်းရှောင်းတို့၏ မင်္ဂလာပွဲကို ယနေ့ညတွင် ကျင်းပမည် ဆိုသည့် သတင်းက ဧည့်သည်များ ကြားထဲ၌ ပေါက်ကွဲထွက်သွားတော့သည်။
သူတို့ နှစ်ယောက်က အမှန်တကယ်ပင် ကောင်းကင်နှင့် မြေကြီးကို ဦးညွှတ်ပြီး လက်ထပ်ကြတော့မည်လော။
လူတိုင်း အလွန်အမင်း အံ့ဩတုန်လှုပ်သွားကြရ၏။ ကွေ့မိသားစုက အမှန်တကယ်ပင် သဘောတူညီချက်ကို လိုက်နာတော့မည် ဖြစ်သည်။
လင်ဟိုင်မြို့ရှိ ဤဇာတ်လမ်းကြီးမှာ မယုံနိုင်လောက်အောင်ပင် အလွန် စိတ်ဝင်စားဖွယ် ကောင်းလာလေပြီ။
**--**--**--**--**--**--**--**
သူမ ဖခင်ဖြစ်သူ၏ ဆုံးဖြတ်ချက်အား ကွေ့ချင်းရှောင်း ကြားလိုက်ရသောအခါ လုံးဝ ဆွံ့အသွားရ၏။
သူမ တုန်ယင်နေသည့် အသံဖြင့် မေးလိုက်သည်။ "အဖေ... အဖေက သမီးကို အဲဒီ အမှိုက်ကောင်နဲ့ တကယ်ကြီး လက်ထပ်ခိုင်းတော့မလို့လား။"
ကွေ့ရှင်းဖူက ခပ်ပြတ်ပြတ် ခေါင်းညိတ်လိုက်၏။ "ဟုတ်တယ်။ ဒီည သမီးက ကောင်းကင်နဲ့ မြေကြီးကို ဦးညွှတ်ပြီး လက်ထပ်ရမယ်။"
ကွေ့ချင်းရှောင်းက စူးရှစွာ အော်ဟစ်လိုက်သည်။ "ဟင့်အင်း... မလုပ်ဘူး။ သူ့ကို လက်ထပ်ရမယ့်အစား သေလိုက်ဖို့ကိုပဲ ရွေးချယ်မယ်။"
သခင်မ ထူလင်းစီက အေးစက်စွာ ပြောလာ၏။ "ယောကျ်ား... ကျွန်မတို့ သမီးလေးက ဆိုလွန်ကို လက်ထပ်ရမယ်ဆိုတာ ဘာကိုဆိုလိုလဲဆိုတာ ရှင်သိသင့်တယ်။ အဲဒါက ကျွန်မတို့တွေ အထက်တန်းလွှာ လူတန်းစား တစ်ခုလုံးရဲ့ ရန်သူဖြစ်လာမယ့် အပြင် အိမ်ရှေ့မင်းသား ကျိလီရဲ့ ရန်သူပါ ဖြစ်လာလိမ့်မယ်ဆိုတဲ့ သဘောပဲ။"
ကွေ့ရှင်းဖူက သက်ပျင်းချလိုက်သည်။ "ကိုယ် သေချာပေါက် သိတာပေါ့။ ဒါပေမဲ့ အဲဒီ ခွေးသူခိုးလေး ဆိုလွန်က သူ့အသက်ကို ပေးရမယ်ဆိုရင်တောင်မှ နောက်ဆုတ်ဖို့ကို ငြင်းဆန်နေတယ်။ သူက သူ့ရဲ့ ဂုဏ်သိက္ခာအတွက် တိုက်ပွဲဝင်ဖို့ ဆုံးဖြတ်ထားပြီးသားပဲ။"
သခင်မ ထူလင်းစီက မျက်မှောာင်ကြုတ်သွား၏။ "ရှင် ဘာကို ဆိုလိုတာလဲ။"
ကွေ့ရှင်းဖူက ခပ်ပြတ်ပြတ် ပြန်ဖြေလိုက်သည်။ "ဒီည မင်္ဂလာပွဲ ပြီးသွားတဲ့အခါ မင်း သိလာလိမ့်မယ်။"
သခင်မ ထူလင်းစီက ဆက်ပြော၏။ "ဒီကောင်လေးက လွန်လွန်းနေပြီ။ ဘာလို့ သူ့ကို ဒီတိုင်း မသတ်ပစ်လိုက်ရတာလဲ။ လက်ရှိအချိန်မှာ သူက လေလွင့်ခွေးတစ်ကောင်နဲ့ ဘာမှမကွာဘူး။ အကယ်၍ ရှင်သာ သူ့ကို သတ်လိုက်မယ်ဆိုရင် ဘယ်သူကမှ ဂရုစိုက်နေမှာ မဟုတ်ဘူး။"
ကွေ့ရှင်းဖူက ဒေါသတကြီးဖြင့် ဟောက်လိုက်သည်။ "မင်းက ဘာသိလို့လဲ။ သူ့ကို သတ်ရတာ အဲဒီလောက်သာ လွယ်နေရင် ဆိုလွန်က အကြိမ်တစ်ရာလောက် သေပြီးနေလောက်ပြီ။ ကိုယ် သတ်ဖို့အထိ သူက ဘာလို့များ အသက်ရှင်နေနိုင်ဦးမှာလဲ။"
ကွေ့ချင်းရှောင်းက ဓားတစ်လက်ကို ခပ်ကြမ်းကြမ်း ဆွဲထုတ်လိုက်ပြီး သူမ၏ လည်ပင်း၌ တေ့ထားလိုက်၏။ "သမီးက ဒီမင်္ဂလာပွဲကို လုပ်ရမယ့်အစား သေလိုက်ဖို့ကိုပဲ ရွေးချယ်မယ်။ အကယ်၍ ဒါကြီး ဖြစ်လာဖို့ဆိုရင် သမီး အသေကောင် အပေါ်ကနေ ကျော်သွားမှပဲ ရလိမ့်မယ်။"
ကွေ့ရှင်းဖူက သူမအား ကြည့်လိုက်ပြီးနောက် လှည့်ကာ အတွင်းခန်းဘက်သို့ လျှောက်သွားလိုက်သည်။ "သမီး... ဒီကိုလာခဲ့။ အဖေ သမီးကို ပြောစရာ ရှိတယ်။"
**--**--**--**--**--**--**--**
တစ်နာရီခန့် ကြာပြီးနောက် ဆိုလွန်နှင့် ကွေ့ချင်းရှောင်းတို့၏ မင်္ဂလာပွဲကို တရားဝင် စတင်လိုက်၏။
လူအများ၏ စိတ်ဝင်တစား အာရုံစိုက်မှုအောက်၌မှာပင် သတို့သားဖြစ်သည့် ဆိုလွန်မှာ ခန့်ညားလှသည့် မင်္ဂလာဝတ်စုံကို ဝတ်ဆင်ကာ လူအုပ်ကြီးရှေ့သို့ ထွက်ပေါ်လာသည်။
တစ်ချိန်တည်းမှာပင် သတို့သမီးဖြစ်သူ ကွေ့ချင်းရှောင်းမှာလည်း အဓိကခန်းမဆောင် အတွင်းသို့ ဖြည်းညင်းစွာ လျှောက်လှမ်းလာ၏။
သူမ၏ လှပလှသည့် မျက်နှာထက်၌ မယုံနိုင်လောက်အောင်ပင် ရင်ခုန်ယစ်မူးဖွယ်ကောင်းသည့် အပြုံးတစ်ခုက ရှိနေလေပြီး ဤမင်္ဂလာပွဲအတွက် သူမက နည်းနည်းလေးမျှပင် စိတ်မပျော်မရွှင် ဖြစ်မနေသည့်ပုံပင်။
အပိုင်း ၁၉၃ ပြီး။
နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Yue
True Immortal Team