အခန်း ၁၉၄
Vol. 20 Ch. 194
အပိုင်း ၁၉၄
နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Yue
True Immortal Team
ယနေ့တွင် ကွေ့ချင်းရှောင်းတစ်ယောက် အလွန်ခမ်းနားလှသည့် ဝတ်စုံကို ဝတ်ဆင်ထား၏။ ရွှေချည်ငွေချည်တို့ဖြင့် ယက်လုပ်ထားသည့် မယုံနိုင်လောက်အောင် ခမ်းနားလှသော စကတ်နီကြီးကို ဝတ်ဆင်ထားလေပြီး တောက်ပနေသည့် ပုလဲနှင့် ရွှေသရဖူကိုလည်း ဆောင်းထားသည်။
သူမ၏ မျက်နှာလေးမှာ နဂိုကတည်းက ပြိုင်ဘက်ကင်းလောက်အောင် လှပပြီးဖြစ်သော်လည်း သတို့သမီးမိတ်ကပ်ကြောင့် ပို၍ပင် လှပနေကာ လူအများ တည့်ပင် မကြည့်ရဲလောက်အောင်ကို ရင်သပ်ရှုမောဖွယ် ကောင်းနေ၏။
သူမ ခန်းမဆောင်အတွင်းသို့ ဝင်ရောက်လာသောအခါ လူအုပ်ကြီးတစ်ခုလုံး တိတ်ဆိတ်သွားပြီးနောက် တစ်ခဲနက် အားပေးသံများ ထွက်ပေါ်လာတော့သည်။
သူမ၏ မျက်နှာထက်၌ အပြုံးများ ပြည့်နှက်နေသော်ငြား သူမ၏ မျက်ဝန်းများထဲ၌မူ လူများကို ကြောက်လန့်သွားစေသည့် ရေခဲတမျှ အေးစက်လှသော အကြည့်များက ပြည့်နှက်နေ၏။
မူလက ဧည့်သည်များအားလုံးသည်လည်း ပြုံးရွှင်နေခဲ့ကြသည်။
သို့သော် ကွေ့ချင်းရှောင်း၏ ရေခဲတမျှ အေးစက်နေသည့် အမူအရာကို မြင်လိုက်ရသောအခါ သူတို့၏ အပြုံးများ ချက်ချင်းပင် ပျောက်ကွယ်သွားတော့ကာ တစ်ယောက်နှင့်တစ်ယောက် စိုးရိမ်တကြီး ကြည့်လိုက်ကြ၏။
ပျော်ရွှင်မြူးထူးနေသည့် အသံများမှာလည်း ရုတ်တရက် ရပ်တန့်သွားကြသည်။
ကွေ့ချင်းရှောင်းက ဆိုလွန်၏ အရှေ့သို့ ရောက်လာသောအခါ ပြုံး၍ ပြောလိုက်သည်။ "သွားကြရအောင် ဆိုလွန်။ ရှင် လိုချင်တာ ရပြီဆိုတော့ ကောင်းကင်နဲ့ မြေကြီးကို ဦးညွှတ်ကြတာပေါ့။"
ဆိုလွန်က သူမ၏ လက်ကို ကိုင်ရန်အတွက် ဒဏ်ရာအနည်းငယ် ရထားသည့် သူ၏ ဘယ်ဘက်လက်ကို ဆန္ဒမပါစွာဖြင့် လှမ်းပေးလိုက်၏။
ကွေ့ချင်းရှောင်းက အပြုံးဖြင့် ပြောသည်။ "မလိုဘူး။ ရှင့်ကြောင့် ကျွန်မ လက်တွေ မညစ်ပတ်ချင်ဘူး။"
သူမ၏ မျက်နှာထက်၌ အပြုံးများ ပြည့်နှက်နေဆဲဖြစ်သော်လည်း မျက်လုံးများကမူ ယခင်အတိုင်း အေးစက်နေဆဲပင်။
ထို့နောက် [ပျော်ရွှင်နေသည့်] မောင်နှံနှစ်ဦးမှာ သူတို့၏ မိဘများဆီသို့ ယှဉ်တွဲ၍ ဖြည်းညင်းစွာ လျှောက်သွားလိုက်ကြ၏။
နဂါးဧကရာဇ် ဤလောကကို ကူးပြောင်းလာခဲ့စဉ်က အသိပညာနှင့် ယဉ်ကျေးမှုများကိုသာမက တရုတ်နှင့် အနောက်တိုင်းပုံစံ နှစ်မျိုးလုံး ပါဝင်သည့် ကမ္ဘာမြေ၏ မင်္ဂလာဆောင် ဓလေ့ထုံးတမ်းများကိုပါ ယူဆောင်လာခဲ့သည်။
သူတို့၏ မင်္ဂလာပွဲအတွက်မူ ဆိုလွန်နှင့် ကွေ့ချင်းရှောင်းတို့က တရုတ်ပုံစံကို ရွေးချယ်ခဲ့ကြ၏။
ကွေ့ရှင်းဖူနှင့် သခင်မ ထူလင်းစီတို့က သတို့သမီး၏ အုပ်ထိန်းသူများအဖြစ် ထိုင်နေကြပြီး ဆိုနင်ပင်းကမူ သတို့သား၏ အုပ်ထိန်းသူအဖြစ် ထိုင်နေလျက် ရှိသည်။
သူတို့က ထိပ်ဆုံးခုံ၌ နေရာယူထားကြ၏။
ဓားသခင် ပိုင်ရှောင်း၏ တပည့်ကြီးဖြစ်သူ ချင်းချန်ဇီက ယနေ့ပွဲ၏ အခမ်းအနားမှူးအဖြစ် တာဝန်ယူထားသည်။
သူတို့၏ အောက်ဘက် ခန်းမဆောင်အတွင်း၌မူ မင်္ဂလာမောင်နှံတို့က ကောင်းကင်နှင့် မြေကြီးကို ဦးညွှတ်သည်ကို ကြည့်ရှုရန် ဧည့်သည် ရာပေါင်းများစွာ စုရုံးနေကြ၏။
**--**--**--**--**--**--**--**
ချင်းချန်ဇီက အော်ပြောလိုက်သည်။ "ပထမဦးဆုံး ကောင်းကင်နဲ့ မြေကြီးကို ဦးညွှတ်။"
ဆိုလွန်နှင့် ကွေ့ချင်းရှောင်းတို့ အတူတကွ ဒူးထောက်လိုက်ကြပြီး အပြင်ဘက် လောကကြီးဆီသို့ ဦးညွှတ်လိုက်ကြ၏။
"ဒုတိယအကြိမ် မိဘတွေကို ဦးညွှတ်။"
ဆိုလွန်နှင့် ကွေ့ချင်းရှောင်းတို့က သက်ဆိုင်ရာ အုပ်ထိန်းသူများကို ဦးညွှတ်လိုက်ကြသည်။
ကွေ့ရှင်းဖူကမူ ပျော်ရွှင်နေသည့် အမူအရာကို ဖော်ပြနေကာ သာမန် မင်္ဂလာမောင်နှံတစ်စုံ၏ ဦးညွှတ်မှုကို အမှန်တကယ် လက်ခံနေသည့်အလား သရုပ်ဆောင်နေ၏။
ဆိုနင်ပင်းကမူ အတင်းအကျပ် ပြုံးနိုင်ရန် အစွမ်းကုန် ကြိုးစားနေရသည်။
သို့သော် မြို့စားကြီး အိမ်တော်မှ အမျိုးသမီးတစ်ဦးဖြစ်သည့် သခင်မ ထူလင်းစီကမူ သရုပ်ဆောင်ရန်ပင် စိတ်ကူးမရှိချေ။ သူမ၏ မျက်နှာမှာ ရေခဲတမျှ အေးစက်နေ၏။
"လင်နဲ့မယား အချင်းချင်း ဦးညွှတ်။"
ဆိုလွန်နှင့် ကွေ့ချင်းရှောင်းတို့ တစ်ယောက်ကိုတစ်ယောက် မျက်နှာချင်းဆိုင်လိုက်ကြပြီး အနက်ရှိုင်းဆုံး ဦးညွှတ်လိုက်ကြသည်။
ထိုသို့ ဦးညွှတ်နေစဉ်အတွင်း ကွေ့ချင်းရှောင်း၏ လှပပြီး အေးစက်နေသည့် မျက်လုံးများက ပြင်းထန်စွာ တုန်ယင်သွားကာ အလွန်အမင်း ရှုပ်ထွေးလှသည့် ခံစားချက်များက ဖြတ်ပြေးသွား၏။
ဤသည်မှာ သူမအနေဖြင့် ဆိုလွန်အား အနီးကပ်နှင့် အသေအချာဆုံး ပထမဆုံးအကြိမ် ကြည့်မိခြင်းပင်။
အလွန် ဆွဲဆောင်မှုရှိကာ ကျက်သရေရှိလှ၏။ အမျိုးသမီး အများစုကို ရူးသွပ်သွားစေနိုင်သည့် မျက်နှာမျိုးပင်။
ထက်မြက်လှပြီး လူတိုင်းကို အံ့အားသင့်သွားစေလောက်အောင် တောက်ပလွန်းလှသည်။
သူသည် ခွေးသူခိုးတစ်ယောက် ဖြစ်၏။ အမျိုးသမီးများ အရိုးထဲထိ စွဲနေအောင် မုန်းတီးရသည့် ခွေးသူခိုးမျိုးပင်။ သို့သော် အမျိုးသမီးများ အသည်းနှလုံးထဲထိ ချစ်မြတ်နိုးရသည့် ခွေးသူခိုးမျိုးလည်း ဖြစ်နေပြန်သည်။
အခမ်းအနား တစ်ခုလုံး ပြီးဆုံးသည်အထိ သူမ၏ ပြုံးနေသည့် မျက်နှာကို ထိန်းသိမ်းထားနိုင်ပြီး မျက်လုံးများကို အေးစက်နေစေကာ ရင်ထဲရှိ သတ်ဖြတ်လိုစိတ်များကို ထိန်းချုပ်ထားနိုင်လိမ့်မည်ဟု ကွေ့ချင်းရှောင်း ထင်မှတ်ထားခဲ့သည်။
သို့သော် အချင်းချင်း ဦးညွှတ်လိုက်သည့် တိုတောင်းလှသော အချိန်လေးအတွင်းမှာပင် သူမ၏ ရင်ခုန်သံများ ကမောက်ကမ ဖြစ်သွားခဲ့ရ၏။
သူမ အရှေ့ရှိ အမျိုးသားမှာ အကြီးမားဆုံးသော ကံကြမ္မာဆိုးကြီးကို ခံစားနေရခြင်းပင်။ သူသည် ဖခင်ဖြစ်သူကိုရော သူ၏ ပိုင်နက်နယ်မြေကိုပါ ဆုံးရှုံးထားခဲ့ရလေပြီ။ အိမ်မရှိသည့် လေလွင့်ခွေးတစ်ကောင်နှင့် ဘာမှ မကွာချေ။
ထို့အပြင် အဆုံးမရှိသည့် ရန်သူများကို ရင်ဆိုင်နေရပြီး မခန့်မှန်းနိုင်လောက်အောင် ကြီးမားသည့် ဖိအားများနှင့် တာဝန်ဝတ္တရားများကို ထမ်းပိုးထားရသည်။
ဤလောကကြီးထဲ၌ သူ့အတွက် ဘာဆိုဘာမှ မကျန်တော့သလောက်ပင်။ ထိုသို့တိုင်အောင် ခုခံတွန်းလှန်ပြီး တိုက်ပွဲဝင်နေဆဲ ဖြစ်၏။ အကြိမ်ကြိမ်အခါခါ အံ့ဖွယ်ကိစ္စများကိုပင် ဖန်တီးခဲ့သေးသည်။
သို့သော် အရာအားလုံးက အချည်းနှီး အားထုတ်မှုများသာ ဖြစ်ကြ၏။ ပျက်စီးရမည့် ကံကြမ္မာမှာ လုံးဝကို သတ်မှတ်ခံထားရပြီး ဖြစ်သည်။
သူ မွေးဖွားလာခြင်းကပင် အဖြစ်ဆိုးတစ်ခု ဖြစ်ကောင်းဖြစ်နိုင်ပေသည်။
ယခုအချိန်၌ သူမက သူ၏ အဖြစ်ဆိုးအပေါ်သို့ နောက်ထပ် ရက်စက်လှသည့် အမာရွတ်တစ်ခုကို အမှန်တကယ်ပင် ထပ်မံဖြည့်ဆည်းပေးရတော့မည်လော။
သူ၏ ဒဏ်ရာများကို အကြမ်းပတမ်း ဆွဲဖြဲပြီး သွေးထွက်သံယိုဖြစ်နေသည်များကို လူတိုင်းမြင်အောင် ပြသရတော့မည်လော။
အလွန်အမင်း မာနကြီးပြီး အကြင်နာကင်းကာ စွမ်းအားကြီးမားလှသည့် ကွေ့ချင်းရှောင်းတစ်ယောက် ပထမဆုံးအကြိမ်အဖြစ် တွေဝေမှုနှင့် အားနည်းမှုကို ခံစားလိုက်ရ၏။ အမှန်တကယ်ပင် သူမ လုံလောက်အောင် မရက်စက်နိုင်သေးချေ။
ချင်းချန်ဇီက တည်ငြိမ်စွာ ကြေညာလိုက်သည်။ "အခမ်းအနား ပြီးဆုံးပါပြီ။ မင်္ဂလာညစာစားပွဲကို စတင်လိုက်ကြရအောင်။"
ဤထူးဆန်းလှသည့် ဦးညွှတ်ခြင်း အခမ်းအနားကို သူ စိတ်မရှည်စွာဖြင့်ပင် အဆုံးသတ်လိုက်၏။
ထို့နောက် ဧည့်သည်များအားလုံး လက်ခုပ်စတင်တီးလိုက်ကြသည်။ နွေးထွေးမှု မရှိသော်လည်းပဲ အလွန် ညီညာလှ၏။
အရသာရှိလှသည့် အစားအသောက်များက ရေစီးကြောင်းတစ်ခုအလား စီးဆင်းလာတော့သည်။
ပျော်ရွှင်ဖွယ် တေးဂီတသံများ စတင်ထွက်ပေါ်လာလေရာ သာမန်မင်္ဂလာပွဲတစ်ခုနှင့်ပင် တူသွားသေး၏။
ကွေ့ရှင်းဖူက ခပ်ဖွဖွ ချောင်းဟန့်လိုက်ပြီးနောက် သောက်ရန်အတွက် သူ၏ ဝိုင်ခွက်ကို မြှောက်လိုက်သည်။ "အဟမ်း။"
ဤသည်မှာ အချက်ပြမှုတစ်ခုပင်။ ကွေ့ချင်းရှောင်း လှုပ်ရှားရမည့်အချိန် ရောက်လာလေပြီ။
သူမ၏ လှပသည့် မျက်လုံးများထဲ၌ နောက်ဆုံး ရုန်းကန်မှုတစ်ခုက ဖြတ်သန်းသွား၏။ သူမ အံကြိတ်လိုက်ပြီး ခံစားချက်များကို ထိန်းချုပ်ရန်အတွက် မျက်လုံးများကို ခဏတာ မှိတ်ထားလိုက်သည်။
ကွေ့ချင်းရှောင်းက စိတ်ထဲမှ တွေးလိုက်၏။ "တောင်းပန်ပါတယ်။ ငါ ဒီလိုလုပ်မှကို ရမှာ။ ဆိုလွန်... ရှင်ကိုယ်တိုင်က ဒီအခြေအနေကို ဆွဲခေါ်လာခဲ့တာပဲ။"
ထို့နောက် သူမ မျက်လုံးများကို ဖွင့်လိုက်ပြီး သူမ၏ ခမ်းနားလှသည့် အနီနှင့်အဝါရောင် သတို့သမီးစကတ်ကို အကြမ်းပတမ်း ဆွဲဆုတ်လိုက်လေရာ အောက်ဘက်ရှိ အခြားစကတ်တစ်ခု ထွက်ပေါ်လာသည်။
လူအုပ်ကြီးမှာ ချက်ချင်းပင် ဆူညံပွက်လောရိုက်သွားကြ၏။
သူမ၏ အနီရောင် မင်္ဂလာစကတ်အောက်၌ ကြမ်းတမ်းသည့် မီးခိုးဖြူရောင် ဝါဂွမ်းဖြင့် ပြုလုပ်ထားသော အဖြူရောင် ဝတ်စုံတစ်ခု ရှိနေသည်။ ထိုအရာက ဖြူဖျော့ပြီး မှုန်မှိုင်းနေပုံပေါ်၏။
ထို့နောက် သူမ၏ ဖီးနစ်သရဖူကို ချွတ်လိုက်သည်။ လှပပြီး မည်းနက်နေသည့် ဆံပင်များထဲသို့ အဖြူရောင် စက္ကူပန်းတစ်ပွင့်နှင့် အတူ အနက်တစ်စ အဖြူတစ်စဖြစ်သည့် အဝတ်စနှစ်ခုကိုလည်း ထိုးစိုက်လိုက်သေး၏။
ထိုသည်က ဝမ်းနည်းပူဆွေးခြင်း အထိမ်းအမှတ် ဝတ်စုံပင်။ မုဆိုးမတစ်ယောက်၏ ဝတ်စုံဖြစ်ပြီး သူမ၏ ခင်ပွန်းသေဆုံးသွားကြောင်းကို ကိုယ်စားပြုနေ၏။
ချက်ချင်းဆိုသလိုပင် တေးဂီတသံများအားလုံး ရုတ်တရက် ရပ်တန့်သွားကြသည်။ လူအုပ်ကြီးမှာ အံ့ဩတုန်လှုပ်စွာဖြင့် တိတ်ဆိတ်သွားကြ၏။
သနားစာနာသည့် အကြည့်များက ဆိုလွန်ထံသို့ ကျရောက်လာကြသည်။
ဆိုနင်ပင်ဆိုလျှင် ကွေ့ချင်းရှောင်းအား မယုံနိုင်စွာဖြင့် စိုက်ကြည့်နေမိသည်။ ထို့နောက် သူမ၏ ခန္ဓာကိုယ်လေးက ယိမ်းယိုင်သွားရကာ သတိလစ်သွားလေပြီး သူမ၏ ခုံပေါ်သို့ ပြိုကျသွားတော့၏။
ကွေ့ချင်းရှောင်းသည် ဆိုလွန်နှင့် ဓားတိုက်ပွဲ၌ ရှုံးနိမ့်ခဲ့သောကြောင့် သဘောတူညီချက်ကို ဖြည့်ဆည်းရန် ကောင်းကင်နှင့် မြေကြီးကို ဦးညွှတ်ကာ သူ့အား လက်ထပ်ခဲ့ရခြင်း ဖြစ်သည်။
သို့သော် သူမသည် ပြင်ပလောကနှင့် တော်ဝင်မိသားစုထံသို့ ဆိုလွန်နှင့် ပတ်သက်မှုအားလုံးကို လုံးဝ ဖြတ်တောက်လိုက်ပြီ ဖြစ်ကြောင်း အချက်ပြမှုတစ်ခုကိုလည်း ပေးပို့ရန် လိုအပ်နေ၏။
ထို့အတွက်ကြောင့် သူမက ဤကဲ့သို့ အလွန်တရာ ရက်စက်လှသည့် ငြင်းပယ်ခြင်း နည်းလမ်းကို ရွေးချယ်ခဲ့ခြင်းပင်။
အထက်တန်းလွှာများနှင့် အဆင့်မြင့် ပဒေသရာဇ် မြို့စားများသည် ဇာတ်လမ်းကောင်း တစ်ပုဒ်ကို ကြည့်ရှုရန် မျှော်လင့်ချက်ဖြင့် ဤမင်္ဂလာပွဲသို့ တက်ရောက်လာခဲ့ကြခြင်း ဖြစ်၏။
သို့သော် ထိုဇာတ်လမ်း အမှန်တကယ် ထွက်ပေါ်လာသောအခါ သူတို့၏ စိတ်များ ပြင်းထန်စွာ တုန်ယင်သွားကြရသည်။
ရက်စက်လွန်းလှ၏...။ ယုတ်မာလွန်းပြီး အရှက်မရှိလွန်းရာပင် ကျနေလေပြီ...။
ဆိုမိသားစုက ကွေ့မိသားစုကို ကယ်တင်ပေးခဲ့ဖူး၏။
ဆိုမိသားစုအပေါ် ကြီးမားနက်ရှိုင်းလှသည့် ကျေးဇူးကြွေးကို တင်နေသည်။ ယခုအခါ၌မူ ကွေ့ရှင်းဖူသည် တရားမျှတပြီး လူသားဆန်သည်ဟု ဂုဏ်သတင်း ကျော်စောသော်လည်းပဲ ဤသို့ဖြင့် ဆိုမိသားစု၏ ကြင်နာမှုကို ပြန်လည်ပေးဆပ်လိုက်၏။
ကွေ့ချင်းရှောင်း၏ လှပသည့် ပါးပြင်များ အနည်းငယ် တုန်ယင်သွားပြီးနောက် သူမက ပြောလိုက်သည်။ "ဆိုလွန်... ရှင် ဂုဏ်သိက္ခာရှိရှိ ထွက်သွားလို့ရပါပြီ။ ရှင်ကိုယ်တိုင်က ကျွန်မကို ဒီလိုလုပ်ဖို့ ဖိအားပေးခဲ့တာပဲ။"
ဆိုလွန်က သူမ၏ လှပသည့် မျက်နှာလေးကို ခဏတာ စိုက်ကြည့်နေလိုက်၏။ သူ သက်ပြင်းတစ်ချက် ချလိုက်သော်လည်း နောက်တစ်စက္ကန့်မှာပင် သူ၏ မျက်နှာထက်၌ အပြုံးတစ်ခု ထွက်ပေါ်လာသည်။
အစ်မဖြစ်သူ ဆိုနင်ပင်းထံသို့ ဦးစွာ သွားလိုက်ပြီး သူမ သတိပြန်ရလာစေရန် နားထင်များကို ညင်သာစွာ နှိပ်နယ်ပေးလိုက်၏။ ထို့နောက် ကွေ့ချင်းရှောင်းအား ပြုံးကာ ပြောလိုက်သည်။
"ကျွန်တော် မင်္ဂလာခန်းမ နှစ်ခုမှာ ဦးညွှတ်ခဲ့ဖူးတယ်။ ပထမတစ်ကြိမ်က တောင်တစ်သောင်း တောင်တန်းက မြွေပွေးမျိုးနွယ်ရဲ့ သေမင်းတမန်ဟွာနဲ့ပေါ့။ ဒုတိယအကြိမ်ကလည်း မုဆိုးမတစ်ယောက်နဲ့ ဖြစ်လာလိမ့်မယ်လို့ တစ်ခါမှ မတွေးဖူးခဲ့ဘူး။"
ထိုသည်က ဟာသတစ်ခု ဖြစ်သော်လည်းပဲ ရှိနေသူများထဲမှ မည်သူတစ်ဦးတစ်ယောက်မှ မရယ်မောခဲ့ကြချေ။ သူတို့သည်လည်း အဆုံးမဲ့သည့် ဝမ်းနည်းပူဆွေးမှုနှင့် ဒေါသကိုသာ ခံစားနေကြရ၏။
ကွေ့ချင်းရှောင်းက အသံတိုးတိုးဖြင့် အေးစက်စွာ ပြောလိုက်သည်။ "ဒါက ရှင့်ရဲ့ ကံကြမ္မာပဲ ဖြစ်လိမ့်မယ်။ ရှင့်ကို လက်ထပ်တဲ့ ဘယ်မိန်းမမဆို မုဆိုးမ အဖြစ်ကို ပြောင်းလဲသွားလိမ့်မယ်။ မှတ်ထား... ရှင်ကိုယ်တိုင်က ဒါကို ဆွဲခေါ်လာခဲ့တာ။ ကျွန်မတို့ ကွေ့မိသားစုဆီကနေ လျော်ကြေးငွေ အများကြီးယူပြီး ရှင့်ရဲ့ ဂုဏ်သိက္ခာနဲ့အညီ ထွက်သွားလို့ရပြီ။"
ဆိုလွန်က ခေါင်းခါလိုက်ပြီး သူမအား ပြန်မဖြေခဲ့ချေ။ ထိုအစား ကွေ့ရှင်းဖူဘက်သို့ လှည့်ကာ မျက်နှာသေဖြင့် ပြောလိုက်၏။ "ယောက္ခမကြီး... ကျွန်တော်တို့ စကားနည်းနည်းလောက် ပြောကြမလား။"
ကွေ့ရှင်းဖူက တည်ငြိမ်စွာ ခေါင်းညိတ်လိုက်သည်။ "ကောင်းပြီလေ... ပြောကြတာပေါ့။" ထို့နောက် သူက လူအုပ်ကြီးကို လက်ဝှေ့ယမ်းပြလိုက်၏။ "အားလုံးပဲ စားကြသောက်ကြပါ။ ကျွန်တော့်ကို ဧည့်ဝတ်မကျေတဲ့သူလို့ မခံစားရပါစေနဲ့။"
ထို့နောက် အမျိုးသားနှစ်ဦးတို့ ညစာစားပွဲ ခန်းမဆောင်မှ ထွက်ခွာသွားကြပြီး စာကြည့်ခန်းရှိ လျှို့ဝှက်အခန်းဆီသို့ ဦးတည်သွားလိုက်ကြသည်။
ယနေ့တွင် ကွေ့ရှင်းဖူက သူ၏ ခင်မင်ဖော်ရွေဟန်ဆောင်နေသည့် မျက်နှာဖုံးကို လုံးဝ ဆွဲခွာပစ်လိုက်လေပြီ။
အပိုင်း ၁၉၄ ပြီး။
နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Yue
True Immortal Team