အခန်း ၁၉၅
Vol. 20 Ch. 195
အပိုင်း ၁၉၅
နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Yue
True Immortal Team
စာကြည့်ခန်းအတွင်း၌ ကွေ့ရှင်းဖူက ခပ်ပြတ်ပြတ် မေးလိုက်သည်။ "ဆိုလွန်... အခု မင်း ငါ့ကို ပြောလို့ရပြီ။ မင်း ဘာလိုချင်တာလဲ"
ဆိုလွန်က အေးစက်စွာ ပြောလိုက်၏။ "အရင်တုန်းက ခင်ဗျား သွားစရာလမ်းမရှိတော့လို့ ထျန်းရွှေမြို့က ကျွန်တော်တို့ ဆိုမိသားစုဆီ ထွက်ပြေးလာခဲ့ရတဲ့အချိန်တုန်းက... ကျွန်တော့်အဖေက ခင်ဗျားရဲ့ နယ်မြေတွေ ၊ ခင်ဗျားရဲ့ ငွေတွေ ၊ ခင်ဗျားရဲ့ တပ်မတော်ကို လုယူခဲ့ဖူးလား။"
"မလုပ်ခဲ့ဘူး။"
"တော်ဝင်မိသားစုရဲ့ ဉာဏ်နီဉာဏ်နက်တွေကနေတောင် ခင်ဗျားကို ကာကွယ်ပေးခဲ့သေးတယ်။ သူ့ရဲ့ အကူအညီကြောင့်သာ ခင်ဗျား လင်ဟိုင်မြို့ကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့တာ။ မဟုတ်ဘူးလား"
ကွေ့ရှင်းဖူက အေးစက်စွာ ပြောလိုက်သည်။ "မှန်တယ်။ ဒါပေမဲ့ ခေတ်က ပြောင်းသွားပြီလေ မဟုတ်ဘူးလား။ အဲဒီ ကျေးဇူးကြွေးကို ငါ ပြန်ဆပ်ချင်ပေမဲ့လည်း ငါ့လက်တွေက အခု ချည်နှောင်ခံထားရတယ်။ ငါတို့ကြားက ဟန်ဆောင်မှု မျက်နှာဖုံးတွေ အကုန်လုံးကို လုံးဝ ဆွဲခွာပစ်လိုက်ပြီဆိုမှတော့ ပြောစမ်းပါ... မင်း ဘာလိုချင်တာလဲ"
ဆိုလွန်က အံကြိတ်ကာ ပြောလိုက်၏။ "ခင်ဗျားရဲ့ နယ်မြေတစ်ကွက်ကို လိုချင်တယ်။ ငှားချင်တာ မဟုတ်ဘူး။ ကျွန်တော့်ဆီကို တရားဝင် လွှဲပြောင်းပေးရမယ်။ အကြီးကြီး ဖြစ်စရာမလိုပါဘူး။ အဆင့်မြင့်စစ်သည် နယ်မြေတစ်ခုဆိုရင် လုံလောက်ပြီ"
ထိုစကားကို ကြားလိုက်ရသောအခါ ကွေ့ရှင်းဖူတစ်ယောက် မိုးကြိုးပစ်ချခံလိုက်ရသည့်အလား တုံ့ပြန်လာ၏။ သူက ခက်ထန်စွာ ခုန်ထလိုက်ပြီး အော်ဟစ်လိုက်သည်။ "အိပ်မက်မက်နေလိုက်"
ကွေ့ရှင်းဖူက ဆိုလွန်၏ မျက်နှာတည့်တည့်သို့ လက်ညှိုးထိုးလိုက်၏။ "မင်းကို ငါ ပြောလိုက်မယ် ဆိုလွန်။ ဒီနေ့ မင်းဘာသာမင်းသာ စေ့စပ်ပွဲကို ဖျက်သိမ်းပေးခဲ့မယ်ဆိုရင် မင်းကို ရွှေဒင်္ဂါး သုံးသောင်းနဲ့ စစ်သား သုံးထောင် ငါပေးမယ်။ ဒါပေမဲ့ မင်းက ငါ့ကို ထောင့်ကျပ်အောင် ဖိအားပေးခဲ့ပြီး ငါ့ရဲ့ ဂုဏ်သိက္ခာကို လုံးဝ ဖျက်ဆီးပစ်ခဲ့တယ်။ အခုတော့ မင်းကို ရွှေဒင်္ဂါး သုံးထောင်ပဲ ငါပေးတော့မယ်။ သူတောင်းစားတစ်ယောက်လို မင်းကို ငါ နှင်ထုတ်မယ်။ ယူမလား ၊ ထွက်သွားမလား စဉ်းစား"
နယ်မြေဆိုသည်မှာ ပဒေသရာဇ်မြို့စားတိုင်း၏ အသက်သွေးကြောပင်။ မည်သည့်နယ်မြေကိုမှ ကွေ့ရှင်းဖူ သူ၏ ဆန္ဒအလျောက် ပေးအပ်မည် မဟုတ်ချေ။
လင်ဟိုင်မြို့၌ စတုရန်းကီလိုမီတာ လေးသောင်းခန့် ကျယ်ဝန်းသည့် အဆင့်မြင့်စစ်သည် နယ်မြေ စုစုပေါင်း ဆယ့်ရှစ်ခုသာ ရှိ၏။ သူ၏ နယ်မြေ ဆယ့်ရှစ်ပုံတစ်ပုံအား လွှဲပြောင်းပေးရန် တောင်းဆိုခြင်းမှာ လုံးဝ မဖြစ်နိုင်ပေ။
ဆိုလွန်က တည်ငြိမ်စွာပင် ပြောလိုက်သည်။ "ဒါဆိုရင်တော့ တောင်းပန်ပါတယ်။ ခင်ဗျား လိုချင်တာကိုလည်း ကျွန်တော် ပေးနိုင်မှာ မဟုတ်ဘူး။ အခုချိန်ကစပြီး ကွေ့ချင်းရှောင်းနဲ့ ကျွန်တော်ဟာ တရားဝင် လင်မယားတွေ ဖြစ်သွားကြပြီ"
ကွေ့ရှင်းဖူက လှောင်ပြောင်လိုက်၏။ "ဖြစ်နိုင်မယ် ထင်နေလား။ ဒီနေ့ ငါ့သမီးက မင်းကို အရှက်ခွဲဖို့အတွက် မုဆိုးမဝတ်စုံကို ဝတ်ခဲ့တယ်။ အဲဒါက ငါတို့ ကွေ့မိသားစုက ဒီမင်္ဂလာပွဲကို ငြင်းပယ်တယ်ဆိုတာ တစ်လောကလုံးကို ပြသဖို့ လုံလောက်နေပြီ။ ဒီမင်္ဂလာပွဲကို အသုံးချပြီး ငါ့ကို အကျပ်ကိုင်လို့ ရသေးတယ်လို့ မင်း တကယ်ပဲ ထင်နေတာလား"
ဆိုလွန်ကလည်း ပြန်လည်လှောင်ပြောင်လိုက်သည်။ "ဟုတ်လို့လား။ ဒါဆိုရင် လင်းအောင်းနဲ့ လုပ်မယ့် ကွေ့ချင်းရှောင်းရဲ့ နောက်မင်္ဂလာပွဲကရော ဘယ်လိုလုပ်မလဲ။ ကျွန်တော်ကသာ သူ့ကို ကွာရှင်းဖို့ ငြင်းဆန်နေရင် သူက သူ့ကို ဘယ်လိုလုပ် လက်ထပ်နိုင်မှာလဲ။ အထက်တန်းလွှာတွေ ၊ တော်ဝင်မိသားစုနဲ့ တခြားပဒေသရာဇ် မြို့စားတွေက ဒီလို မင်္ဂလာပွဲမျိုးကို ဘယ်လို မြင်ကြမလဲ"
ချက်ချင်းပင် ကွေ့ရှင်းဖူ၏ မျက်နှာမှာ အရောင်ပြောင်းသွားရ၏။
ဆိုလွန်က ဆက်ပြောသည်။ "သေချာတာကတော့ မင်းသားကျိလီက ဂရုစိုက်ချင်မှ စိုက်လိမ့်မယ်။ အဆိုးဆုံးကတော့ လင်းအောင်းကို တခြားမြို့စားတစ်ယောက်ရဲ့ သမီးနဲ့ပဲ လက်ထပ်ပေးလိုက်မှာပေါ့။ ဒါပေမဲ့ အဲဒီလိုသာ ဖြစ်သွားခဲ့ရင် သူက ခင်ဗျားအပေါ် ဘယ်လိုမြင်သွားမလဲ။"
"ဒါ့အပြင် ခင်ဗျားက ခင်ဗျားရဲ့ သမီးကို ကျွန်တော်နဲ့ လက်ထပ်ပေးခဲ့ပြီးပြီပဲ။ သူက ငြင်းပယ်တဲ့အနေနဲ့ မုဆိုးမဝတ်စုံကို ဝတ်ဆင်ခဲ့တယ် ဆိုရင်တောင်မှ မင်္ဂလာအခမ်းအနားက ပြီးမြောက်သွားခဲ့ပြီလေ။ ခင်ဗျား ဝန်ခံသည်ဖြစ်စေ ၊ လက်မခံသည်ဖြစ်စေ တစ်လောကလုံးကတော့ ကွေ့မိသားစုနဲ့ ဆိုမိသားစုတို့ဟာ တရားဝင် လက်ထပ်ပေါင်းသင်းသွားကြပြီလို့ပဲ ယုံကြည်နေကြပြီ"
ကွေ့ရှင်းဖူ၏ တစ်ကိုယ်လုံးမှာ ဒေါသကြောင့် ပြင်းထန်စွာ တုန်ယင်သွားရ၏။ 'ဒီခွေးမသားလေး။ ဒီအရှက်မရှိတဲ့ ခွေးမသားလေး။'
အစောပိုင်းက ဆိုလွန် ငွေများ သို့မဟုတ် စစ်သည်များကို မတောင်းဆိုခဲ့ချေ။ ထိုအစား စေ့စပ်ထားမှုကိုသာ ခေါင်းမာစွာဖြင့် ဖက်တွယ်ထားခဲ့၏။ အလွန်အမင်း အရှက်ခွဲခံရသည့်တိုင်အောင်ပင် ထိုမင်္ဂလာပွဲအား ငြင်းမရသည့် အမှန်တရားတစ်ခု ဖြစ်လာစေရန် ဦးညွှတ်ခြင်း အခမ်းအနားကို ပြီးမြောက်အောင် အတင်းအကျပ် တောင်းဆိုခဲ့သည်။
ယခုအခါ၌မူ ဤမင်္ဂလာပွဲကို အသုံးချကာ သူ့အား အကျပ်ကိုင်နေလေပြီ။ တစ်ဆင့်ပြီးတစ်ဆင့် ကွေ့ရှင်းဖူအား ဂျောင်ကပ်အောင် ဖိအားပေးနေ၏။ အလွန် ရက်စက်လှသည့် အကောင်ပင်။ အလွန် နက်ရှိုင်းပြီး တွက်ချက်မှုကောင်းလှသည့် အစီအစဉ်ပင်။
ဆိုလွန်က ထပ်ပြောသည်။ "ယောက္ခမကြီး... ခင်ဗျား အများကြီး ဆုံးရှုံးခဲ့ရပြီးပြီ ဆိုမှတော့ ဒီအတိုင်းပဲ လက်ခံလိုက်တာ ပိုကောင်းပါလိမ့်မယ်။ အဆင့်မြင့်စစ်သည် နယ်မြေတစ်ခုကို လွှဲပေးလိုက်ရတာ နာကျင်ရကောင်း နာကျင်ရလိမ့်မယ်။ ဒါပေမဲ့ အဲဒါကို အသုံးချပြီး ကျွန်တော့်လို ကျက်သရေတုံးတဲ့ကောင်နဲ့ အပြီးတိုင် အဆက်အသွယ် ဖြတ်လိုက်ရတာက အမှန်တကယ်တော့ အရမ်းတန်တဲ့ အပေးအယူတစ်ခုပါပဲ မဟုတ်လား"
ကွေ့ရှင်းဖူက ဒေါသတကြီးဖြင့် အော်ဟစ်လိုက်၏။ "မဖြစ်နိုင်ဘူး။ မင်းကို အဆင့်မြင့်စစ်သည် နယ်မြေတစ်ခု ပေးလိုက်ရမယ့်အစား သတ်ပစ်လိုက်တာကမှ ပိုကောင်းဦးမယ်။ ဘယ်သူ့ကိုမဆို မေးကြည့်လိုက်။ ဒီလောကမှာ ဘယ်ပဒေသရာဇ် မြို့စားကများ ဒီလောက်ကြီးမားတဲ့ နယ်မြေကို သူ့ဆန္ဒအလျောက် ပေးချင်မှာလဲ။"
"ဒီနယ်မြေဆိုတာ ငါတို့ရဲ့ ဘိုးဘေးတွေဆီကနေ နှစ်ပေါင်းရာနဲ့ချီပြီး လက်ဆင့်ကမ်းလာခဲ့တဲ့ ငါတို့ရဲ့ မျိုးဆက်သွေးကြောပဲ။ ဘယ်သူက အဲဒါကို ပေးပစ်မှာလဲ"
ဆိုလွန်က ရုတ်တရက် ဒေါသတကြီးဖြင့် အော်ဟစ်လိုက်သည်။ "ဒါဆိုရင် ထျန်းရွှေမြို့တစ်ခုလုံးကို ဆုံးရှုံးလိုက်ရတာကျတော့ရော ကျုပ်နဲ့ ထိုက်တန်လို့လား။ ခင်ဗျားက သာမန် စစ်သည်နယ်မြေလေး တစ်ခုအတွက်နဲ့ ငိုယိုနေတယ်။ ဒါပေမဲ့ ကျုပ်ကတော့ ထျန်းရွှေမြို့ တစ်မြို့လုံးကို ဆုံးရှုံးလိုက်ရတာ။ အဲဒါက စစ်သည်နယ်မြေ အခုနှစ်ဆယ်နဲ့ ပင်မမြို့တော်တစ်ခုလုံးနော်"
ကွေ့ရှင်းဖူက တင်းမာစွာ ပြောလိုက်၏။ "အဲဒါက မင်းနဲ့ ထိုက်တန်လို့ပဲလေ။ မင်းရဲ့ ကိုယ်ပိုင် ကံဆိုးမှုပဲ။ ဆိုမိသားစု နေဝင်ရမယ့်အချိန် ရောက်လာရုံသက်သက်ပဲ"
လက်ရှိအချိန်၌မူ ဤထူးခြားလှသည့် ယောက္ခမနှင့် သမက်တို့သည် တစ်ယောက်ကိုတစ်ယောက် ခေါင်းမာစွာဖြင့် စိုက်ကြည့်နေကြပြီး အချိန်မရွေး တိုက်ခိုက်ရန် အသင့်ဖြစ်နေသည့် ရက်စက်သော ဝံပုလွေနှစ်ကောင်နှင့်ပင် တူနေတော့၏။
တင်းမာပြီး ကြာရှည်လှသည့် တိတ်ဆိတ်မှုအပြီး၌ ကွေ့ရှင်းဖူက နောက်ဆုံး၌ မေးလာသည်။ "ဆိုလွန်... ငါက မင်းကို ငါ့ရဲ့နယ်မြေ ပေးလိုက်မယ်ဆိုရင် အဲဒီနယ်မြေနဲ့ မင်း ဘာလုပ်ဖို့ စီစဉ်ထားလဲ"
ဆိုလွန်က လေးနက်စွာဖြင့် ပြောလိုက်၏။ "ကျုပ် ပြန်လည်အသက်ဝင်လာအောင် လုပ်မယ်။ တပ်မတော်တစ်ရပ်ကို ဖွဲ့စည်းမယ်။ မြင်းတွေဝယ်မယ်။ ပြီးရင် ခြောက်လအတွင်းမှာ ထျန်းရွှေမြို့ကို ပြန်လည်သိမ်းပိုက်မယ်"
ကွေ့ရှင်းဖူက ဆိုလွန်အား ခဏတာ စိုက်ကြည့်နေလိုက်သည်။ ထို့နောက် သူက အလွန်အံ့အားသင့်ဖွယ်ကောင်းသော ရယ်မောသံကြီးကို ထုတ်ဖော်လိုက်၏။
သူ၏ အပြုံးမှာ အလွန် တွန့်လိမ်နေပြီး နားရွက်ထိပင် တတ်ချိတ်နေသောကြောင့် အမှန်တကယ်ပင် ကြောက်မက်ဖွယ် ကောင်းလှသည်။
"ဟားဟားဟား... ဟားဟားဟား... ဟားဟားဟားဟား..."
ကွေ့ရှင်းဖူ၏ ရယ်မောသံမှာ ဇီးကွက်တစ်ကောင်၏ စူးရှသည့် အော်သံကဲ့သို့ ခပ်သဲ့သဲ့ ပဲ့တင်ထပ်သွား၏။ သူ မိနစ်အတော်ကြာသည်အထိ အမှန်တကယ် ကြမ်းတမ်းစွာ ရယ်မောနေခဲ့သည်။
အလွန်အမင်း ရယ်မောလွန်းလှသောကြောင့် သူ၏ ခန္ဓာကိုယ်မှာ ကွေးကျသွားပြီး နောက်ဆုံး၌မူ ပင်ပန်းနွမ်းနယ်စွာဖြင့် သူ၏ ခုံပေါ်သို့ ပြိုကျသွားတော့၏။
လောကတွင် အဓိပ္ပာယ်အမဲ့ဆုံးနှင့် အရယ်ရဆုံးသော ဟာသတစ်ခုကို သူ ကြားလိုက်ရသည့်အလားပင်။
သို့သော် ဆိုလွန်ကမူ ဒေါသမထွက်ခဲ့ချေ။ သူက အနီးအနား၌ မတ်တပ်ရပ်နေရင်း တည်ငြိမ်သည့် အပြုံးတစ်ခုဖြင့်သာ စောင့်ကြည့်နေလိုက်သည်။
မျက်ရည်များ ထွက်ကျလာသည်အထိ ရယ်မောပြီးနောက် ကွေ့ရှင်းဖူမှာ ရုတ်တရက်ဆိုသလိုပင် သူ၏ အပြုံးကို ရပ်တန့်လိုက်၏။ သူ၏ မျက်လုံးထောင့်မှ မျက်ရည်ကို သုတ်လိုက်ပြီး ဆိုလွန်အား ခက်ထန်စွာ စိုက်ကြည့်လိုက်သည်။
"ဆိုလွန်... အဆင့်မြင့်စစ်သည် နယ်မြေတစ်ခုက အတိအကျ ဘယ်လောက် ကျယ်သလဲ။ သူ့ရဲ့ လူဦးရေကရော ဘယ်လောက်ရှိလဲ"
ဆိုလွန်က တည်ငြိမ်စွာပင် ပြန်ဖြေသည်။ "စတုရန်းကီလိုမီတာ နှစ်ထောင်လောက် ကျယ်တယ်။ အကြီးစားတစ်ခုဆိုရင် လူဦးရေ လေးသောင်းကနေ ငါးသောင်းအထိ ရှိပြီး အသေးစားတစ်ခုကတော့ တစ်သောင်းဝန်းကျင်လောက်ပဲ ရှိတယ်"
ကွေ့ရှင်းဖူက ထပ်မေးလိုက်၏။ "ဒါဆို အဆင့်မြင့်စစ်သည် နယ်မြေတစ်ခုက တစ်နှစ်ကို အခွန် ဘယ်လောက်ရလဲ။ သူ့ရဲ့ အရင်းအမြစ်တွေနဲ့ အခွန်တွေအပေါ် အခြေခံပြီး စစ်သား ဘယ်လောက်ကို ထောက်ပံ့ပေးနိုင်လဲ"
"..." ဆိုလွန် တစ်ချက် တွေးလိုက်ပြီး ဖြေလိုက်သည်။
"ရွှေဒင်္ဂါး ရာဂဏန်းလောက်ကနေ နှစ်ထောင် သုံးထောင်လောက်အထိ ရနိုင်တယ်။ စစ်သား ရာဂဏန်းလောက်ကနေ တစ်ထောင်အထိ ထောက်ပံ့ပေးနိုင်တယ်"
ကွေ့ရှင်းဖူက ထပ်ပြီး မေးမြန်းလိုက်ပြန်၏။ "ထျန်းရွှေမြို့ကို ပြန်လည်သိမ်းပိုက်ဖို့အတွက် မင်းရဲ့ တပ်မတော်မှာ စစ်သည် ဘယ်လောက် လိုအပ်မလဲ။ ပြီးတော့ ရိက္ခာတွေနဲ့ လစာတွေအတွက် ငွေဘယ်လောက် လိုအပ်မလဲ"
ဆိုလွန်က ခပ်တည်တည် ပြောသည်။ "အနည်းဆုံး စစ်သား နှစ်သောင်းပါတဲ့ တပ်မတော်နဲ့ ရွှေဒင်္ဂါး တစ်သိန်းခွဲ လိုအပ်တယ်"
"ဝုန်းးးး" ကွေ့ရှင်းဖူက စားပွဲခုံအား သူ၏ လက်သီးဖြင့် အပြင်းအထန် ထုချလိုက်၏။ ထို့နောက် လှောင်ပြောင်သည့်ဟန်ဖြင့် ရယ်မောလိုက်သည်။ "ဒါကို မင်းက ငါ့ကို စစ်သည်နယ်မြေ တစ်ခု ပေးစေချင်တာပေါ့။ မိုင်အနည်းငယ်လောက်ပဲ ကျယ်တဲ့ နယ်မြေတစ်ကွက်ကို ယူပြီး ခြောက်လအတွင်းမှာ ရွှေဒင်္ဂါး တစ်သိန်းခွဲနဲ့ စစ်သား နှစ်သောင်းအဖြစ် ပြောင်းလဲနိုင်မယ်လို့ မင်းက ထင်နေတာလား"
ဆိုလွန်က အမှားပြင်ပေးလိုက်၏။ "အတိအကျ ပြောရရင် ကျုပ်မှာ ငါးလပဲ အချိန်ရှိတော့တယ်။ ဘာလို့လဲဆိုတော့ ခြောက်လပြည့်တဲ့အခါ တော်ဝင်မိသားစုရဲ့ တပ်မတော်က ထျန်းရွှေမြို့ကို ဝင်လာလိမ့်မယ်။ ဘုရင့်နိုင်ငံရဲ့ ဥပဒေတွေအရ ပဒေသရာဇ် မြို့စားတစ်ယောက်က ပုန်ကန်မှုကို နှိမ်နင်းနိုင်စွမ်း မရှိဘူးဆိုရင် ဘုရင့်နိုင်ငံက တပ်တွေ စေလွှတ်ရမယ့် တာဝန်ရှိတယ်လေ"
"ဟားဟားဟား... ဟားဟားဟား..." ကွေ့ရှင်းဖူ တစ်ဖန် မောက်မာစွာဖြင့် ထပ်မံ ရယ်မောလိုက်ပြန်၏။
ယခုတစ်ကြိမ်၌မူ သူ၏ ရယ်မောသံမှာ ရုတ်တရက် မရပ်တန့်သွားမီ မိနစ်ဝက်ခန့်မျှသာ ကြာမြင့်ခဲ့သည်။ သူ၏ မျက်နှာမှာ ရေခဲတမျှ အေးစက်သွားပြီး ခက်ထန်သွား၏။ "ဆိုလွန်... မင်း ရူးနေတာလား။ ဒါမှမဟုတ် ငါကပဲ ရူးနေတာလား"
ဆိုလွန်ကလည်း ခက်ထန်စွာ ပြန်ပြောသည်။ "သဘာဝကျကျ ပြောရရင်တော့ ကျုပ်ကသာ ရူးနေတဲ့သူပါ။ ခင်ဗျားက ဘယ်လိုလုပ်ပြီး ရူးနိုင်မှာလဲ"
သူ အမှန်တကယ်ပင် ရူးသွပ်နေခြင်း ဖြစ်၏။ မိုင်အနည်းငယ်သာ ကျယ်ဝန်းသည့် နယ်မြေတစ်ခုကို အသုံးချပြီး ခြောက်လအတွင်း ရွှေဒင်္ဂါး တစ်သိန်းခွဲကို တစ်နည်းနည်းဖြင့် ရှာဖွေနိုင်မည်ဟု တွေးထင်နေသည်လော။
ရွှေဒင်္ဂါး တစ်သိန်းခွဲဆိုသည့် ပမာဏမှာ လူဦးရေ နှစ်သန်းခန့်ရှိသည့် ဧရာမ အရှေ့တောင်ပိုင်းပြည်နယ် တစ်ခုလုံးမှ တစ်နှစ်စာ အခွန်ငွေနှင့် ညီမျှနေသည် မဟုတ်ပါလော။
လင်ဟိုင်မြို့ သို့မဟုတ် ထျန်းရွှေမြို့တို့ကဲ့သို့သော နေရာများမှ ထိပ်တန်းအဆင့် ပဒေသရာဇ် မြို့စားများပင်လျှင် နှစ်ပေါင်းများစွာ စုဆောင်းပြီးနောက်မှသာ လက်ရွေးစင် စစ်သား နှစ်သောင်းကို ပိုင်ဆိုင်နိုင်ကြခြင်း ဖြစ်၏။
ထိုအရေအတွက်သည်ပင်လျှင် ပင်မမြို့တော်၏ တပ်မတော်နှင့် လက်အောက်ခံ စစ်သည်များ၏ တပ်များအားလုံးကို ပေါင်းစပ်လိုက်မှသာ ရရှိနိုင်သည့် အရေအတွက် ဖြစ်သည်။
စတုရန်းကီလိုမီတာ နှစ်ထောင်ခန့်သာ ကျယ်ဝန်းသည့် အဆင့်မြင့်စစ်သည် နယ်မြေတစ်ခုတည်းမှ နှစ်ဝက်အတွင်း ရွှေဒင်္ဂါး သုံးထောင်မျှ ထွက်ရှိရန်ပင် ကောင်းကင်ဘုံကို အာခံနေရမည် ဖြစ်၏။
တစ်သိန်းခွဲဆိုသည့်အား ရချင်နေသည့် ဆိုလွန်မှာ အိပ်မက်မက်နေရုံမျှသာ မဟုတ်တော့ချေ။ သူ လုံးဝကို စိတ်လွတ်နေလေပြီ။
ဆိုလွန်က ပြုံး၍ ပြောလိုက်သည်။ "ဒီလိုဆိုမှတော့ ယောက္ခမကြီးက ကျုပ်ကို အဆင့်မြင့်စစ်သည် နယ်မြေတစ်ခု ပေးလိုက်ပြီးတော့ ဇာတ်လမ်းကို ထိုင်ကြည့်နေလိုက်လို့ ရပြီပေါ့။"
"ခြောက်လအတွင်းမှာ ကျုပ် ကျရှုံးပြီး သေသွားနိုင်ချေက ကိုးဆယ့်ကိုးရာခိုင်နှုန်းလောက် ရှိတယ်။ အဲဒီလို ဖြစ်သွားတဲ့အခါ ခင်ဗျားက အဲနယ်မြေကို လွယ်လွယ်ကူကူပဲ ပြန်ယူလိုက်လို့ ရပြီ မဟုတ်ဘူးလား"
အပိုင်း ၁၉၅ ပြီး။
နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Yue
True Immortal Team