← Chapters

အခန်း ၁၉၆

Vol. 20 Ch. 196

အခန်း ၁၉၆

Vol. 20 Ch. 196

အပိုင်း ၁၉၆

နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Yue

True Immortal Team

ကွေ့ရှင်းဖူ သူ၏ မျက်လုံးများကို မှိတ်ထားပြီး တိတ်ဆိတ်နေလိုက်၏။

ဆိုလွန်က ဆက်ပြောလိုက်သည်။ "ကျုပ်နဲ့ ကွေ့ချင်းရှောင်း ကြားက မင်္ဂလာပွဲကို ဖျက်သိမ်းပြီး သူ့ကို လွတ်လပ်ခွင့်ပေးဖို့ နယ်မြေတစ်ကွက်နဲ့ လဲလှယ်တာက တကယ့်ကို တန်တဲ့ အပေးအယူပဲ။"

"ဒါ့အပြင် ခင်ဗျားတို့ မိသားစုတစ်ခုလုံး အနေနဲ့ ကျိလီနဲ့ ဘုရင့်နိုင်ငံရဲ့ အထက်တန်းလွှာတွေရှေ့မှာ ကျုပ်လို ကံဆိုးမိုးမှောင်ကျနေတဲ့သူနဲ့ လမ်းခွဲလိုက်လို့ ရသွားပြီလေ။ ဒီအချက်က ကျိလီရဲ့ စိတ်ထဲမှာ ခင်ဗျားကို ထိပ်တန်း ပဒေသရာဇ် မြို့စားတစ်ယောက်အဖြစ် နေရာခိုင်မာသွားစေတယ်။ တကယ့်ကို တွက်ခြေကိုက်တာပဲ မဟုတ်ဘူးလား"

ကွေ့ရှင်းဖူက မျက်လုံးများကို မှိတ်ထားဆဲဖြစ်ပြီး စကားတစ်ခွန်းမှ မဆိုလာချေ။

ဆိုလွန်က ဆက်ပြောသည်။ "ကျုပ်သာ သေသွားခဲ့ရင် ဒီနယ်မြေကို ခင်ဗျား အလွယ်တကူ ပြန်ယူလိုက်လို့ ရပြီ မဟုတ်ဘူးလား။ ဒါကြောင့်မို့လို့ ယောက္ခမကြီး... အခုပဲ လက်မှတ်ထိုးလိုက်ပါတော့"

မိနစ်အနည်းငယ် ကြာပြီးနောက် ကွေ့ရှင်းဖူက ရုတ်တရက် မျက်လုံးများကို ဖွင့်လိုက်ပြီး ပြောလိုက်၏။ "ကောင်းပြီ။ မင်းကို ငါ ကတိပေးတယ်။ ဒါပေမဲ့ စစ်ချီလင်းမှာ အဆင့်မြင့်စစ်သည် ပဒေသရာဇ် မြို့စားတွေ အများကြီးရှိနေတော့ ဘယ်နယ်မြေကို မင်းဆီ လွှဲပေးရမလဲ ဆိုတာကို အခုချက်ချင်း အတိအကျ မဆုံးဖြတ်နိုင်သေးဘူး"

ဆိုလွန်က ခေါင်းရမ်းလိုက်သည်။ "ဒီလိုတော့ မရဘူး။ ခင်ဗျားက ဆုံးဖြတ်ဖို့ နှစ်ဝက်လောက် အချိန်ယူမယ်ဆိုရင် ကျုပ်က နှစ်ဝက်စောင့်နေရမှာလား"

ကွေ့ရှင်းဖူက ဆိုလွန်အား စိုက်ကြည့်လာသည်။ "မင်းနဲ့ အခုချက်ချင်း သဘောတူညီချက် မူကြမ်းတစ်ခုကို ငါ လက်မှတ်ထိုးပေးလို့ရတယ်။ သုံးရက်အတွင်းမှာ လင်ဟိုင်မြို့ နယ်နိမိတ်ထဲက စတုရန်းကီလိုမီတာ နှစ်ထောင်ထက်ပို မသေးတဲ့ နယ်မြေတစ်ကွက်ကို မင်းဆီ လွှဲပေးမယ်။ ဘယ်လိုလဲ"

ဆိုလွန် ခေါင်းညိတ်လိုက်သည်။ "ကောင်းပြီလေ။ သုံးရက်အတွင်း ၊ ပြီးတော့ စတုရန်းကီလိုမီတာ နှစ်ထောင်ထက် မသေးရဘူး။ အခုပဲ သဘောတူစာချုပ်ကို လက်မှတ်ထိုး။ ပြီးရင် လူတိုင်းရှေ့မှာ ဖတ်ပြလိုက်။"

"ပဒေသရာဇ် မြို့စားရဲ့ တံဆိပ်တုံး ၊ မြို့စားကြီးရဲ့ တံဆိပ်တုံးနဲ့ မြို့စားရဲ့ တံဆိပ်တုံးတို့ကို ရိုက်နှိပ်ရမယ်။ ပြီးတော့ လောကကြီးရယ် ၊ တော်ဝင်မိသားစုရယ် ၊ မြင့်မြတ်နတ်နဂါးကျောင်းတော်ကိုပါ သက်သေတည်ပြီး သစ္စာဆိုရမယ်"

ကွေ့ရှင်းဖူ သဘောတူလိုက်၏။ "ကောင်းပြီ"

**--**--**--**--**--**--**--**

တစ်နာရီခန့် ကြာပြီးနောက် အထက်တန်းလွှာများ ၊ အဆင့်မြင့်စစ်သည် ပဒေသရာဇ် မြို့စားများနှင့် ဧည့်သည်တော် ရာချီတို့၏ ရှေ့မှောက်၌ ဆိုလွန်နှင့် ကွေ့ရှင်းဖူတို့ နှစ်ယောက်သား လူတိုင်းမြင်တွေ့နိုင်ရန်အတွက် အဆိုပါ သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးလိုက်ကြ၏။

စာချုပ်ထဲ၌ သုံးရက်အတွင်း စတုရန်းကီလိုမီတာ နှစ်ထောင်ထက် ​မသေးသည့် နယ်မြေတစ်ကွက်အား လွှဲပြောင်းပေးမည်ဟု ဖော်ပြထားသည်။

သူတို့သည် လောကကြီး ၊ တော်ဝင်မိသားစုနှင့် မြင့်မြတ်နတ်နဂါးကျောင်းတော်တို့အား သက်သေတည်၍ သစ္စာဆိုခဲ့ကြသေး၏။

စာချုပ် ချုပ်ဆိုပြီးသွားသည်နှင့် မည်သူကမှ ဖောက်ဖျက်၍ ရနိုင်တော့မည် မဟုတ်ချေ။

စာချုပ် လက်မှတ်ရေးထိုးပြီးနောက် ကွေ့ချင်းရှောင်းက အေးစက်စွာ လှောင်ပြောင်လိုက်သည်။ "အရှက်မရှိတဲ့ ဆိုလွန်... နောက်ဆုံးတော့ နင် လိုချင်တာကို ရသွားပြီပဲ။ ကဲ... ငါ လိုချင်တဲ့အရာရော ဘယ်မှာလဲ။ ငါ့ရဲ့ လွတ်လပ်ခွင့်ကို ငါ လိုချင်တယ်"

ဆိုလွန်က သူ၏ အင်္ကျီထဲမှ ကွာရှင်းစာချုပ်ကို ဆွဲထုတ်ရန် ရဲ့ကျင်းယွီအား ကူညီခိုင်းလိုက်၏။

ထို့နောက် ရဲ့ကျင်းယွီက ကွာရှင်းစာချုပ်အား ဖွင့်ကာ ဆိုလွန်၏ ရှေ့၌ ချထားပေးလိုက်သည်။

ဧည့်သည်တော် ရာချီတို့၏ ရှေ့မှောက်၌ ဆိုလွန်က ကျယ်လောင်စွာ ကြေညာလိုက်သည်။ "ဆိုမိသားစုရဲ့ ချွေးမ ကွေ့ချင်းရှောင်းဟာ တရားမျှတမှုမရှိဘူး ၊ သစ္စာမရှိဘူး ၊ ပြီးတော့ မိဘအပေါ်လည်း ရိုသေမှုမရှိဘူး။ သူက မာနကြီးတယ် ၊ ကိုယ့်သဘောကိုယ်လုပ်တယ် ၊ ရိုင်းစိုင်းပြီးတော့ အကြောင်းပြချက် မခိုင်လုံဘူး။"

"အမျိုးသမီးတွေ စောင့်ထိန်းရမယ့် ကိုယ်ကျင့်တရားကိုလည်း မစောင့်ထိန်းဘဲ လုံးဝကို ပျက်စီးနေတဲ့သူပဲ။ ကျုပ်အဖေရဲ့ နောက်ဆုံး ဆန္ဒကြောင့်သာ သူ့ကို ကျုပ် လက်ထပ်ခဲ့ရတာ။ ဒါပေမဲ့ ဒီမြေခွေးမကို ဆိုမိသားစုထဲ ခေါ်လာတာက အဆုံးမရှိတဲ့ ပရမ်းပတာကိစ္စတွေနဲ့ မငြိမ်မသက်မှုတွေကို ဖြစ်စေပြီး ကျုပ်တို့ရဲ့ မိသားစု အစဉ်အလာကို အရှက်ရစေတယ်။"

"ဆိုမိသားစုရဲ့ သန့်စင်မှုကို ကာကွယ်ဖို့အတွက် သူ့ကို ကျုပ် တရားဝင် ကွာရှင်းတယ်။ ကွေ့မိသားစုကို စွန့်ပယ်ပြီးတော့ သူ့ကို ပင်မတံခါးပေါက်ကနေ နှင်ထုတ်လိုက်ပြီ။ လောကကြီးနဲ့ ဆိုမိသားစုရဲ့ ဘိုးဘေးတွေ သက်သေတည်ပါစေ"

ဖတ်ပြပြီးနောက် ဆိုလွန် သူ၏ အကြောများပျက်စီးနေသည့် ဘယ်ဘက်လက်မှ ပြင်းထန်လှသော နာကျင်မှုကို အံကြိတ်ခံကာ ကွာရှင်းစာချုပ်ဖြင့် ကွေ့ချင်းရှောင်း၏ မျက်နှာတည့်တည့်သို့ ခက်ထန်စွာ ပစ်ပေါက်လိုက်၏။

**--**--**--**--**--**--**--**

"အားရစရာကြီးကွာ"

"တကယ့်ကို ကျေနပ်စရာပဲ"

"သောက်ရမ်း.လန်းတယ်"

ဤသည်မှာ ဆိုလွန်၏ အတွေးများ မဟုတ်လေဘဲ ထိုနေရာ၌ စောင့်ကြည့်နေကြသူများ၏ အတွေးများသာ ဖြစ်ကြ၏။

အကယ်၍ သူတို့အနေဖြင့် တစ်ဖက်ကို ရွေးချယ်ရမည်ဆိုလျှင် ကွေ့ရှင်းဖူနှင့် မင်းသားကျိလီတို့၏ ဘက်၌သာ အပြည့်အဝ ရပ်တည်ကြမည် ဖြစ်သည်။ သူတို့သည် လင်ဟိုင်မြို့မှ အထက်တန်းလွှာများ သို့မဟုတ် အဆင့်မြင့်စစ်သည် ပဒေသရာဇ် မြို့စားများ ဖြစ်ကြသောကြောင့် သူတို့၏ အကျိုးစီးပွားသည် သဘာဝကျကျပင် ကွေ့ရှင်းဖူနှင့် တစ်ထပ်တည်း ကျနေ၏။

သို့သော်လည်း ခံစားချက်အရမူ သူတို့က ဆိုလွန်၏ဘက်၌ ရပ်တည်နေကြသည်။

ဆိုလွန်တစ်ယောက် လင်ဟိုင်မြို့၌ ရောက်နေသည်မှာ ဆယ်ရက်သာ ရှိသေး၏။ သို့သော် ကျိယိုးနှင့် ယှဉ်ပြိုင်ခဲ့သည့် ဂီတတိုက်ပွဲဖြစ်စေ ၊ ကွေ့ချင်းရှောင်းနှင့် ယှဉ်ပြိုင်ခဲ့သည့် ဓားရေးတိုက်ပွဲဖြစ်စေ လူတိုင်းကို လုံးဝ အံ့အားသင့်သွားစေခဲ့သည်။

အထူးသဖြင့် ကွေ့ချင်းရှောင်းနှင့် သူ၏ ဓားရေးယှဉ်ပြိုင်မှုမှာ လုံးဝကို အံ့ဖွယ်တစ်ခုပင်။ ထိုအရာက လွန်စွာမှ တုန်လှုပ်ဖွယ် ကောင်းလွန်းလှပြီး ယုံကြည်နိုင်စရာပင် မရှိခဲ့ချေ။

ဆိုလွန်၏ လုပ်ဆောင်ချက်များက သူတို့ကို ထိရှသွားစေသောကြောင့် လူတိုင်းက သူခံစားခဲ့ရသည့် အရှက်ရမှုနှင့် သူ၏ ပြန်လည်ခုခံမှုတို့အပေါ် နက်နက်ရှိုင်းရှိုင်း ကိုယ်ချင်းစာမိသွားကြ၏။

အထူးသဖြင့် အထက်တန်းလွှာ အမျိုးသမီးများဆိုလျှင် ဆိုလွန်၏ စွမ်းဆောင်ရည်များအောက်၌ လုံးဝကို ကျရှုံးသွားခဲ့ကြရသည်။

ယနေ့၌ ကွေ့ရှင်းဖူနှင့် ကွေ့ချင်းရှောင်း သားအဖနှစ်ဦးတို့ မယုံနိုင်လောက်အောင်ကို ရက်စက်ခဲ့ကြ၏။ ကွေ့ချင်းရှောင်းက သူမ၏ အနီရောင် မင်္ဂလာဝတ်စုံကို ချွတ်ချကာ အတွင်း၌ ဝတ်ဆင်ထားသည့် အဖြူရောင် မုဆိုးမဝတ်စုံကို ဖော်ပြခဲ့ပြီး ဆိုလွန်ကို သေရန် ကျိန်ဆဲခဲ့သည့် အချိန်က အထက်တန်းလွှာ အမျိုးသမီးများစွာကိုပင် ငိုကြွေးစေခဲ့သည်။ လူတိုင်းက ဆိုလွန်အတွက် ဝမ်းနည်းပူဆွေးခဲ့ကြရသည်။

အမျိုးသား ဧည့်သည်တော်များပင်လျှင် နှိုင်းယှဉ်၍မရနိုင်သည့် ဝမ်းနည်းမှုနှင့် ဒေါသတို့ကို ခံစားခဲ့ကြရ၏။ ဤသည်က အမျိုးသားတစ်ယောက်၏ ဂုဏ်သိက္ခာကို နင်းခြေလိုက်ခြင်းပင်။

ဆိုမိသားစုအပေါ် ကြီးမားလှတဲ့ ကျေးဇူးတရားများ ရှိခဲ့သည့်တိုင် ဤကဲ့သို့ ပြန်ဆပ်သည်လား။ အရှက်မရှိသလို ယုတ်မာလွန်းလှသည်။

သို့သော် လက်ရှိအချိန်၌ ဆိုလွန်က ကွာရှင်းစာချုပ်ကို ဖတ်ပြပြီးနောက် ကွေ့ချင်းရှောင်း၏ မျက်နှာတည့်တည့်သို့ ခက်ထန်စွာ ပစ်ပေါက်လိုက်သောအခါ လူတိုင်းက သူတို့၏ ယခင်က မြိုသိပ်ထားခဲ့ရသည့် ဒေါသများ ချက်ချင်း ပေါက်ကွဲထွက်သွားသည်ဟု ခံစားလိုက်ကြရ၏။

သူတို့ အလွန်အမင်း အားရကျေနပ်သွားကြသည်။

အကယ်၍သာ သူတို့ကိုယ်သူတို့ ထိန်းချုပ်မထားခဲ့လျှင် ကောင်းလိုက်တာဟုပင် အော်ဟစ်လိုက်မိကြဦးလေမည်။

**--**--**--**--**--**--**--**

တစ်ချိန်တည်း၌မှာပင် ကွေ့ချင်းရှောင်းမှာ မိုးကြိုးပစ်ချခံလိုက်ရသည့်အလား နေရာ၌သာ ရပ်နေမိ၏။ သူမ ချက်ချင်းဆိုသလို တုံ့ပြန်နိုင်စွမ်းအားလုံးကို ဆုံးရှုံးသွားရပြီး စိတ်ထဲ၌ လုံးဝကို ဗလာကျင်းသွားရတော့သည်။

အဘယ်ကြောင့် ဤသို့ ဖြစ်ရသည်နည်း။

မင်္ဂလာပွဲပြီးသည်နှင့် သူတို့ လမ်းခွဲလိုက်ကာ သူမ ထွက်သွားနိုင်ပြီဟု ဖခင်ဖြစ်သူက ယခင်က ပြောထားခဲ့သည် မဟုတ်ပါလော။

အေးအေးချမ်းချမ်း လမ်းခွဲရမည် ဖြစ်ပြီး စွန့်ပစ်ခံရခြင်းမျိုး မဟုတ်ချေ။ ဆိုလွန်က လူအုပ်ကြီး၏ ရှေ့မှောက်၌ ကွာရှင်းစာချုပ်ကို ဖတ်ပြကာ သူမအား ဤမျှကြီးမားသည့် အရှက်ခွဲမှုမျိုး လုပ်လာလိမ့်မည်ဟု သူမ မထင်မှတ်ထားခဲ့မိပေ။

စကားလုံးတိုင်းက ချွန်ထက်လှသည့် ဓားတစ်လက်ကဲ့သို့ပင် သူမ၏ မျက်နှာနှင့် နှလုံးသားထဲသို့ ထိုးစိုက်ဝင်လာ၏။

မာနကြီးသည် ၊ ကိုယ့်သဘောကိုယ်လုပ်သည် ၊ ရိုင်းစိုင်းသည် ၊ အကြောင်းပြချက် မခိုင်လုံဘူးတဲ့လော...။ ထို့အပြင် အမျိုးသမီးများ စောင့်ထိန်းရမည့် ကိုယ်ကျင့်တရားကိုပင် မစောင့်ထိန်းဘဲ ပျက်စီးနေသည်တဲ့လား။ ဤသည်မှာ အမျိုးသမီးတစ်ယောက် ရင်ဆိုင်ရနိုင်သည့် အကြီးမားဆုံးသော စော်ကားမှုနှင့် အရှက်ခွဲခံရမှုပင် ဖြစ်၏။

ထို့အပြင် သူမ၏ အလှတရားနှင့် အထက်တန်းကျသည့် အဆင့်အတန်းတို့ကြောင့် ပုံမှန်အားဖြင့် တော်ဝင်မိသားစုဝင်တစ်ဦးနှင့်ပင် သူမ ပေါ့ပေါ့ဆဆ လက်မထပ်ရဲချေ။

ဇနီးမယားကို ကိုယ်ကျင့်တရားအတွက် ရွေးချယ်ပြီး မောင်းမမိဿံကို ရုပ်ရည်အတွက် ရွေးချယ်သည်ဟု စကားပုံရှိသည်။

သူမ၏ အလှတရားက လွန်စွာမှ ခမ်းနားကြီးကျယ်လွန်းလှသဖြင့် အမျိုးသားများက သူမအား တည့်တည့်ပင် မကြည့်ရဲကြချေ။ အမျိုးသားများက သူမ၏ ရှေ့မှောက်၌ သိမ်ငယ်သွားကြရ၏။

ကျိယိုးကဲ့သို့သော တော်ဝင်မိသားစုဝင်တစ်ဦးပင်လျှင် သူမ၏ အနီး၌ သတိထား၍ နေထိုင်ရသည် မဟုတ်ပါလော။

သူမက ပဒေသရာဇ် မြို့စားတစ်ယောက်၏ သမီးသာ ဖြစ်သော်လည်းပဲ အလှတရားနှင့် ပတ်သက်လာလျှင် မင်းသမီး ကျိနင်ကိုပင် ပြိုင်ဘက်တစ်ဦးအဖြစ် သူမ သဘောမထားခဲ့ချေ။

ထိုသို့်တိုင်အောင် သူမကဲ့သို့ ပြိုင်ဘက်ကင်း အလှပိုင်ရှင်တစ်ယောက်အား ဆိုလွန်က မြေခွေးမဟု ကျိန်ဆဲနေ၏။

အမျိုးသမီးများ စောင့်ထိန်းရမည့် ကိုယ်ကျင့်တရားကို မစောင့်ထိန်းဘဲ ပျက်စီးနေသည်ဆိုသည့် အရှက်ရဖွယ် စကားများနှင့် ပတ်သက်၍မူ ကွေ့ချင်းရှောင်း အနေဖြင့် အံကြိတ်ကာ သွေးကိုမြိုချ၍ သည်းခံနိုင်ပေသည်။

မည်သို့ပင်ဆိုစေ သူမက သန့်စင်ပြီး အမျိုးသားတစ်ယောက်နှင့် လက်ကိုပင် မကိုင်ဖူးခဲ့သော်ငြား အကယ်၍ ဆိုလွန်အား လက်ထပ်ရမည်ဆိုလျှင် သူ့ကို ဖောက်ပြန်ပစ်မည်ဟု ယခင်က သူမ ခြိမ်းခြောက်ထားခဲ့ဖူးသည် မဟုတ်ပါလော။

ထို့အတွက်ကြောင့် သူမအား အမျိုးသမီးများ စောင့်ထိန်းရမည့် ကိုယ်ကျင့်တရားကို မစောင့်ထိန်းဘဲ ပျက်စီးနေသည်ဟု စွပ်စွဲခြင်းမှာ လုံးဝကို အခြေအမြစ် မရှိသည်တော့ မဟုတ်ပေ။

သို့သော် မြေခွေးမ ဆိုသည့် စကားလုံးကမူ သူမ၏ စိတ်ပိုင်းဆိုင်ရာ သည်းခံနိုင်စွမ်း ကန့်သတ်ချက်ကို တိုက်ရိုက် ထိုးဖောက်သွား၏။ အရှက်ခွဲခံရမှုက လွန်စွာမှ များပြားလွန်းလှသည်။

ထို့အပြင် မြေခွေးမ ဆိုသည့် စကားလုံးက မကြာမီတွင် ဘုရင့်နိုင်ငံ တစ်ခုလုံးဆီသို့ ပြန့်နှံ့သွားတော့မည် ဖြစ်၏။ သူမ ကွေ့ချင်းရှောင်းအနေဖြင့် သူမ၏ ဘဝတစ်သက်တာလုံး ထိုစကားလုံးကို ခါချနိုင်တော့မည် မဟုတ်ချေ။

အဘယ်ကြောင့်များ ဆိုလွန်က ဤမျှလောက် ရက်စက်ပြီး ပြတ်သားရသနည်း။ သူက ဤသို့ အဘယ်ကြောင့် လုပ်ရသနည်း။

အချိန်အတော်ကြာပြီးနောက် ကွေ့ချင်းရှောင်းက သူမ၏ အသိစိတ်ကို ဖြည်းညင်းစွာ ပြန်လည်ရယူလိုက်၏။ သူမ၏ ရေခဲတမျှ အေးစက်နေသည့် နူးညံ့လှသော ခန္ဓာကိုယ်လေးမှာ တုန်ယင်သွားရသည်။

သူမ၏ လှပသည့် မျက်လုံးများထဲ၌ အမုန်းတရားများ အားလုံးကို စုစည်းလိုက်ပြီး ဆိုလွန်အား စိုက်ကြည့်ကာ စကားတစ်ခွန်းချင်းစီ ပြောလိုက်၏။

"ဆိုလွန်... နင် ဒီနေ့ ငါ့ကို ဒီလိုမျိုး အရှက်ခွဲခဲ့တယ်။ ဒီဘဝ တစ်သက်တာလုံးအတွက် ငါတို့က တစ်ယောက်မသေမချင်း ပွဲမပြီးမဲ့ ရန်သူတွေ ဖြစ်သွားပြီ။ နင် ဘယ်ကိုပဲသွားသွား... သေရင်တောင်မှ ငါ နင့်ကို ကျိန်းသေပေါက် ကလဲ့စားပြန်ချေမယ်။ ဒီနေ့ ငါခံရတဲ့ အရှက်ခွဲခံရမှုကို ဆယ်ဆ... အဆတစ်ရာ ပြန်ပြီးတော့ နင့်ပြန် ပေးဆပ်စေရမယ်"

ထို့နောက် သူမက ဓားမြှောင်တစ်လက်ကို ခက်ထန်စွာ ဆွဲထုတ်လိုက်ပြီး သူမ၏ ဆီးနှင်းကဲ့သို့ ဖြူဖွေးပြီး နူးညံ့လှသည့် လက်ဖဝါးအား ဖြတ်၍ ခုတ်ပိုင်းလိုက်၏။

တောက်ပနေသည့် သွေးများက အဆုံးမရှိ စီးကျလာသည်။

စကားလုံးတစ်လုံးချင်းစီကို အလေးအနက်ထား၍ ကွေ့ချင်းရှောင်းက ကြုံးဝါးလိုက်သည်။ "ဆိုလွန်... နင်က ငါ့ဘဝ တစ်သက်တာလုံးရဲ့ ရန်သူဆိုတာ ငါ သစ္စာဆိုတယ်။ တစ်နေ့ကြရင် ငါ နင့်ကို သွေးမြစ်တစ်စင်းနဲ့ အပြည့်အဝ ပြန်လည်ပေးဆပ်မယ်"

ထို့နောက် သူမ ဆိုလွန်၏ ရှေ့ရှိ မြေပြင်ပေါ်သို့ ဓားမြှောင်အား ရက်စက်စွာ ပစ်ချလိုက်ရာ မြေပြင်ထဲအထိ နက်ရှိုင်းစွာပင် စိုက်ဝင်သွားတော့၏။

ထို့နောက် လှည့်ကာ ခက်ထန်စွာဖြင့် ထွက်ခွာသွားတော့သည်။ သူမအား အသက်ရှူကျပ်စေသည့် ဤနေရာ... သူမ အသည်းနှလုံးနှင့်ရင်းကာ မုန်းတီးလှသည့် ဤနေရာအား စွန့်ခွာသွားလေပြီ။

အပိုင်း ၁၉၆ ပြီး။

နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Yue

True Immortal Team

All Chapters