အခန်း ၁၉၈
Vol. 20 Ch. 198
အပိုင်း ၁၉၈
နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Yue
True Immortal Team
ဆိုမုက စိုးရိမ်ပူပန်စွာ မေးလိုက်သည်။ “ဒါဆို ကျွန်တော်တို့ ဘယ်လိုလုပ်ကြမလဲ။ နယ်မြေအသစ်တစ်ခု ပေးဖို့ သူတို့ကို အတင်းအကျပ် တောင်းဆိုရမလား။”
ဆိုလွန်က လှောင်ပြုံး ပြုံးလိုက်သည်။ “ဟင့်အင်း... အဲဒီနယ်မြေက အစကတည်းက ငါလိုချင်ခဲ့တဲ့ နေရာပဲ။ နောက်လာမယ့် နှစ်ဝက်အတွက် ငါတို့လိုအပ်နေတဲ့ ရွှေဒင်္ဂါး တစ်သိန်းခွဲက အဲနယ်မြေထဲကနေ ထွက်လာလိမ့်မယ်။”
ထိုစကားကို ကြားသောအခါ လူတိုင်း၏ မျက်နှာထက်၌ မယုံကြည်နိုင်သည့် အမူအရာများ ထွက်ပေါ်လာကြ၏။
စတုရန်းကီလိုမီတာ နှစ်ထောင်သာ ကျယ်ဝန်းသည့် နယ်မြေတစ်ခုမှ နှစ်ဝက်အတွင်း ရွှေဒင်္ဂါး တစ်သိန်းခွဲ ထွက်လာမည်တဲ့လော။ ထိုသည်က မည်သို့ ဖြစ်နိုင်မည်နည်း။ ထိုပမာဏက ပြည်နယ်တစ်ခုလုံး၏ တစ်နှစ်စာ အခွန်ငွေနှင့် ညီမျှနေသည် မဟုတ်လော။
ချက်ချင်းဆိုသလိုပင် လူတစ်ရာကျော် ပါဝင်သည့် အဖွဲ့တစ်ဖွဲ့က လင်ဟိုင်မြို့မကြီးထဲမှ မြင်းစီး၍ ထွက်လာကာ ဆိုလွန်တို့ အဖွဲ့ဆီသို့ တည့်တည့်မတ်မတ် ဦးတည်လာကြသည်။
အဖွဲ့၏ ရှေ့ဆုံး၌ နယ်ဘက်အရာရှိ တစ်ယောက် ပါလာ၏။ အလွန်တရာ ရုပ်ရည်ချောမောပြီး ပိန်ပါးကာ အသားဖြူသည့် လူလတ်ပိုင်း တစ်ယောက်ဖြစ်ပြီး သေသပ်သည့် နှုတ်ခမ်းမွေး ရှိသည်။
ချောမောသည့် လူလတ်ပိုင်းက ယဉ်ကျေးစွာ ပြောလာ၏။ “မြို့စားဆိုလွန်... ကျုပ်က လင်ဟိုင်မြို့ရဲ့ သမိုင်းပညာရှင် ယန်ထင်ရီ ပါ။ ခင်ဗျားရဲ့ နယ်မြေလွှဲပြောင်းရေး လုပ်ငန်းစဉ်ကို စီမံခန့်ခွဲဖို့ ကျုပ် တာဝန်ယူထားပါတယ်။ ကျေးဇူးပြုပြီး ကျုပ်နောက်ကို လိုက်ခဲ့ပါ။ ခင်ဗျားရဲ့ နယ်မြေသစ်ဆီကို ကျုပ် အခုပဲ ခေါ်သွားပေးပါ့မယ်။”
ချက်ချင်းဆိုသလိုပင် ဆိုမိသားစု စစ်သည်များ၏ မျက်နှာများမှာ စိတ်လှုပ်ရှားမှုကြောင့် ဝင်းလက်လာကြ၏။
သူတို့အတွက် နယ်မြေတစ်ခုဆိုသည်မှာ အထက်တန်းလွှာ တစ်ယောက်၏ အသက်သွေးကြောပင်။
နယ်မြေတစ်ခုရှိလျှင် အခြေချစရာ ရှိမည်။ အရာအားလုံး ရှိမည်။ တော်ဝင်မြို့တော်မှ ထွက်ခွာလာကတည်းက သူတို့မှာ အိမ်ခြေရာမဲ့ ဖြစ်ခဲ့ရပြီး အခြေချစရာ နေရာမရှိဘဲ လေလွင့်နေခဲ့ကြရသည်။
နယ်မြေတစ်ခု ပိုင်ဆိုင်ခြင်းက ထျန်းရွှေမြို့ မဟုတ်လျှင်ပင် အိမ်တစ်လုံး ရှိသွားခြင်းပင်။
ဆိုလွန်က သူ၏ လူများကို ဦးဆောင်ကာ စတင် ထွက်ခွာလိုက်သည်။ ယန်ထင်ရီ၏ အဖွဲ့နှင့်အတူ အရှေ့မြောက်ဘက်ဆီသို့ လျင်မြန်စွာ မြင်းစီး၍ သွားလိုက်ကြ၏။
လမ်းခုလတ်၌ စစ်သည်ခေါင်းဆောင် ဆိုမုမှာ မနေနိုင်ဘဲ မေးလိုက်သည်။ “သမိုင်းပညာရှင်မင်း... ခင်ဗျားတို့ သခင် လက်မှတ်ထိုးထားတဲ့ စာချုပ်အရဆိုရင် ပေးမယ့် နယ်မြေက စတုရန်းကီလိုမီတာ နှစ်ထောင်ထက် မသေးရဘူးနော်။”
ယန်ထင်ရီက ပြန်ဖြေ၏။ “စိတ်အေးအေးထားပါ။ စတုရန်းကီလိုမီတာ နှစ်ထောင်ထက် မသေးတဲ့အပြင် တကယ်တော့ အများကြီး ပိုကျယ်ပါသေးတယ်။”
ထိုစကားက ဆိုမိသားစု စစ်သည်များကို ပို၍ပင် အားတက်သွားစေသည်။ သူတို့အတွက် နယ်မြေပိုကျယ်လေ ပိုကောင်းလေပင်။ ထိုသည်က အနားယူရန်နှင့် သူတို့၏ အင်အားများကို ပြန်လည် တည်ဆောက်ရန် နေရာပိုရမည်ဟု ဆိုလိုခြင်း ဖြစ်၏။
သူတို့၏ စိတ်ထဲ၌ သခင်ဖြစ်သူ ပြောခဲ့သည့် နှစ်ဝက်အတွင်း ရွှေဒင်္ဂါး တစ်သိန်းခွဲ ရှာနိုင်မည် ၊ စစ်တပ်အင်အား နှစ်သောင်း တည်ဆောက်ပြီး ထျန်းရွှေမြို့ကို ပြန်လည် သိမ်းပိုက်မည် ဆိုသည်မှာ လုံးဝ မဖြစ်နိုင်သည့် ကိစ္စဟု ထင်မှတ်ထားကြသည်။
ထို့အတွက်ကြောင့် သူတို့၌ နယ်မြေတစ်ခု ရှိနေသရွေ့ သခင်ဖြစ်သူက သူတို့ကို ဦးဆောင်ပြီး အနားယူကာ ဆိုမိသားစုအား ပြန်လည် တည်ဆောက်နိုင်ပေလိမ့်မည်။
ဆယ်နှစ် သို့မဟုတ် နှစ်ဆယ်ခန့် အချိန်ယူ၍ တိုးတက်အောင် လုပ်ဆောင်ပြီး အချိန်တန်လျှင် ထျန်းရွှေမြို့ကို ပြန်သိမ်းနိုင်လောက်သည့် အထိ အင်အားကြီးလာနိုင်သည် မဟုတ်ပါလော။
သူတို့ အဖွဲ့ အရှေ့ဘက်ဆီသို့ တရွေ့ရွေ့ ဆက်လက် ခရီးနှင်လာခဲ့ရာ ကုန်းမြေ၏ အရှေ့ဘက် အစွန်အဖျားသို့ ရောက်ရှိလာကြသည်။ သူတို့၏ ရှေ့မှောက်၌ အဆုံးအစမရှိသည့် ပင်လယ်ပြင်ကြီး ရှိနေ၏။
ဆိုမုက ဒေါသတကြီးဖြင့် မေးလိုက်သည်။ “သမိုင်းပညာရှင်မင်း... ခင်ဗျားတို့ လွှဲပေးမယ့် နယ်မြေက ဘယ်မှာလဲ။ ခင်ဗျားတို့ သခင်က စာချုပ်မှာ လက်မှတ်ရေးထိုးပြီးတော့ တစ်လောကလုံး ၊ တော်ဝင်မိသားစုနဲ့ မြင့်မြတ်နတ်နဂါးကျောင်းတော် ရှေ့မှာ ကျိန်ဆိုထားပြီးသားနော်။”
ယန်ထင်ရီက ပြုံး၍ ဆို၏။ “သင်္ဘောပေါ် အရင်တက်လိုက်ပါ။ လေးနာရီလောက် ကြာရင် ခင်ဗျားတို့ မြင်ရပါလိမ့်မယ်။”
သိပ်မကြာခင်မှာပင် သင်္ဘော အနည်းငယ် ရောက်ရှိလာသည်။ ဆိုလွန်နှင့် အခြားသူများ သင်္ဘောပေါ်တက်ကာ အရှေ့မြောက်ဘက်ဆီသို့ ရွက်လွှင့်သွားလိုက်ကြ၏။ လေးနာရီကြာ ရွက်လွှင့်ပြီးနောက် ရေမိုင်တစ်ရာကျော်ကို ဖြတ်ကျော်ကာ နောက်ဆုံး၌ သူတို့၏ ခရီးပန်းတိုင်သို့ ရောက်ရှိလာကြလေပြီ။
သင်္ဘောပေါ်မှ ဆင်းပြီးနောက် ယန်ထင်ရီက ရှေ့သို့ လက်ညှိုးထိုးပြကာ လှောင်ပြောင်သည့် လေသံဖြင့် ပြောသည်။ “မြို့စားဆိုလွန်... ခင်ဗျားရဲ့ နယ်မြေကို ရောက်ပါပြီ။ တော်တော်လေး ကျယ်ပါတယ်။ စတုရန်းကီလိုမီတာ နှစ်ထောင် မပြောနဲ့ ၊ သုံးထောင် ၊ လေးထောင်လောက်ကို အေးဆေး ရှိတယ်။”
ဆိုလွန်နှင့် သူ၏ လူများမှာ စိမ်းသက်နေသည့် ကုန်းမြေပေါ်၌ ရပ်နေကြ၏။ ဆိုမု ၊ ရဲ့ကျင်းယွီနှင့် အခြားသူများမှာ လုံးဝကို မှင်တက်သွားကြရသည်။ ဤသည်က ကွေ့ရှင်းဖူ သူတို့အား ပေးသည့် နယ်မြေလော။
**--**--**--**--**--**--**--**
ကျွန်းတစ်ကျွန်း ဖြစ်သည်... စတုရန်းကီလိုမီတာ သုံးထောင်ကျော် ကျယ်ဝန်းသည့် အလွန်ကြီးမားသော ကျွန်းကြီးတစ်ကျွန်းပင်။
ကျွန်းတစ်ခုလုံးမှာ အနည်းငယ် ရှည်လျားကျဉ်းမြောင်းပြီး သာမန် သစ်ရွက်တစ်ရွက် ပုံစံရှိ၏။ မြောက်မှ တောင်သို့ မိုင်နှစ်ရာကျော် ရှည်လျားပြီး အရှေ့မှ အနောက်သို့ မိုင်ခုနစ်ဆယ် ရှစ်ဆယ်ခန့် ကျယ်ဝန်းသည်။
အမည်မှာ ကျောက်စရစ်ကျွန်း ဖြစ်ပြီး လင်ဟိုင်မြို့ရှိ ကွေ့မိသားစု ပိုင်ဆိုင်ခြင်း ဖြစ်၏။ သို့သော်လည်း မည်သည့် အထက်တန်းလွှာကမှ ဤသောက်ကျိုးနည်း နေရာသို့ လာရောက်လိုခြင်း မရှိသောကြောင့် အထက်တန်းလွှာ တစ်ယောက်၏ နယ်မြေအဖြစ် သတ်မှတ်ခြင်း မခံခဲ့ရချေ။
ဤကျွန်း၌ အဖိုးတန်တွင်းထွက် ပစ္စည်းမရှိချေ။ သဲနှင့် ကျောက်တုံးများမှလွဲ၍ ဤနေရာ၌ ဘာဆိုဘာမှ လုံးဝ လုံးဝ လုံးဝ မရှိပေ။
ကောက်ပဲသီးနှံများ စိုက်ပျိုးရန် မပြောနှင့် ၊ အသက်ပြင်းလှပါသည် ဆိုသော ပေါင်းပင်များပင် အသက်မရှင်နိုင်ကြချေ။ ကျွန်းတစ်ခုလုံး၌ ဖုန် ၊ သဲနှင့် ကျောက်တုံး အရောင် တစ်ရောင်တည်းသာ ရှိ၏။ ထို့ကြောင့်လည်း ကျောက်စရစ်ကျွန်းဟု ခေါ်ဆိုခြင်း မဟုတ်ပါလော။
ဤသည်က လောက၌ ယုံမှားသံသယဖြစ်ဖွယ်မရှိ အခြောက်သွေ့ဆုံး ကျွန်းတစ်ကျွန်းပင် ဖြစ်သည်။
ကျွန်း၏ နေရာအများစု၌ စိမ်းလန်းနေသည့် မြက်တစ်ပင် သို့မဟုတ် ခြုံပုတ်တစ်ခုကိုမှ မမြင်တွေ့နိုင်ချေ။ တစ်ခုတည်းသော စိမ်းလန်းသည့် နေရာမှာ ကျွန်း၏ အလယ်ဗဟိုရှိ တောင်တစ်လုံးဖြစ်ပြီး တစ်ချိန်က ထိုအပေါ်၌ သစ်ပင်များ ပေါက်ရောက်ခဲ့ဖူး၏။
သို့သော် ယခုအချိန်၌မူ ခုတ်ထွင်ရှင်းလင်း ခံထားရလေပြီဖြစ်ရာ တောင်ထိပ်နား၌ အစိမ်းရောင် အနည်းငယ်မျှသာ ကျန်ရစ်တော့သည်။
တောင်ခါးပန်း၏ အောက်ဘက်၌မူ မြေဆီလွှာများ လုံးဝ ပျောက်ကွယ်နေလေပြီဖြစ်ပြီး အောက်ခံ အနီရောင် ကျောက်တုံးဗလာများကိုသာ မြင်တွေ့နေရသည်။ ထို့အတွက်ကြောင့် ကျွန်းသည် လင်ဟိုင်မြို့နှင့် သက်ဆိုင်သော်လည်း လူအများစုက ဤကျွန်း မရှိသကဲ့သို့ပင် ဟန်ဆောင်ထားခဲ့ကြ၏။
ကွေ့မိသားစုကပင် သူတို့၏ နယ်မြေ အကျယ်အဝန်း စုစုပေါင်းကို တွက်ချက်သည့်အခါ ဤကျွန်းကို ထည့်မတွက်ခဲ့ကြချေ။ ဤနေရာမှာ စားနပ်ရိက္ခာ တစ်စေ့တစ်စင်းပင် မထုတ်လုပ်နိုင်သည့် အသီးအပွင့်မဲ့ မြေရိုင်းကြီး တစ်ခုသာ ဖြစ်သည်။
**--**--**--**--**--**--**--**
စစ်သည်ခေါင်းဆောင် ဆိုမုက ဒေါသတကြီးဖြင့် အော်ဟစ်လိုက်သည်။ “ဒါက... ဒါက ခင်ဗျားတို့ ကျွန်တော်တို့ကို ပေးတဲ့ နယ်မြေလား။”
လင်ဟိုင်မြို့၏ သမိုင်းပညာရှင် ယန်ထင်ရီက ပြန်ဖြေ၏။ “မှန်ပါတယ်။ ပြဿနာ တစ်ခုခု ရှိလို့လား။ ကျွန်းရဲ့ စုစုပေါင်း အကျယ်အဝန်းက သဘောတူညီချက်ထဲမှာ တောင်းဆိုထားတဲ့ စတုရန်းကီလိုမီတာ နှစ်ထောင်ထက်ကို အများကြီး ပိုပါတယ်။ ဒါ့အပြင် တကယ်လည်း လင်ဟိုင်မြို့က ကွေ့မိသားစုပိုင်တဲ့ ကမ်းရိုးတန်း နယ်မြေပါပဲ။”
ဆိုမုက အော်ဟစ်လိုက်သည်။ “ဒီသောက်ကျိုးနည်း နေရာက စားနပ်ရိက္ခာ တစ်စေ့တောင် စိုက်မရဘူး။ နေရာတိုင်းမှာ ကျောက်တုံးတွေနဲ့ သဲတွေကလွဲပြီး ဘာမှ မရှိဘူး။ မြက်တစ်ပင်တောင် မပေါက်တဲ့ နေရာကြီးကို။”
ယန်ထင်ရီက ယခင်ကလိုပင် ယဉ်ကျေးစွာ ဆက်ပြော၏။ “အဲဒါက ကျုပ်တို့နဲ့ မဆိုင်ပါဘူး။ စာချုပ်ထဲမှာ မြေဩဇာကောင်းရမယ် ၊ ဒါမှမဟုတ် ကောက်ပဲသီးနှံ ဘယ်လောက်ထွက်ရမယ်လို့ ဘယ်တုန်းကမှ မပြောထားဘူးလေ ဟုတ်တယ်မလား။ လိုအပ်ချက် သုံးခုပဲ ပါတာပါ။ သုံးရက်အတွင်း လွှဲပြောင်းပေးရမယ် ၊ စတုရန်းကီလိုမီတာ နှစ်ထောင်ထက် မငယ်ရဘူး ၊ ပြီးတော့ ကမ်းရိုးတန်း နယ်မြေ ဖြစ်ရမယ်။ ကျောက်စရစ်ကျွန်းက အဲဒီ အချက်သုံးချက်စလုံးနဲ့ အပြည့်အဝ ကိုက်ညီပါတယ်။”
ဆိုမုက အလွန်အမင်း ဒေါသထွက်ကာ ဟိန်းဟောက်လိုက်သည်။ “ယုတ်မာပြီး အရှက်မရှိတဲ့ ကွေ့ရှင်းဖူ။ ဒါက ဗြောင်ကျကျ လိမ်ညာတာပဲ။”
ယန်ထင်ရီက ပြောလိုက်၏။ “အဲဒီအတွက် ခင်ဗျားတို့ရဲ့ သခင်ကိုပဲ အပြစ်တင်ရလိမ့်မယ်။ သူက ဘာလို့ ဒီလောက်မြန်မြန် စာချုပ်ကို လက်မှတ်ထိုးလိုက်ရတာလဲ။ သူက ပေးလာတာကို အငမ်းမရ မျိုချလိုက်ပေမယ့်... အဲဒါက ဆီဝနေတဲ့ အသားတစ်တုံး မဟုတ်ဘဲ လူတစ်ယောက်ကို သီးပြီး သေသွားစေနိုင်တဲ့ ကျောက်တုံးတစ်တုံး ဖြစ်နေတာကိုမှ မသိတာ။”
မိသားစု စစ်သည်များက ဒေါသတကြီးဖြင့် ရင်ဆိုင်ရန် အရှေ့သို့ တက်လာကြ၏။ သို့သော် ဆိုလွန်က သူ၏ လက်ကို မြှောက်ကာ သူတို့၏ အဓိပ္ပာယ်မဲ့သည့် ဒေါသများကို တားဆီးလိုက်သည်။ ထို့နောက် ချောမောသည့် လူလတ်ပိုင်းကို ကြည့်ကာ မေးလိုက်သည်။ “ခင်ဗျားက ဝန်ကြီးချုပ် ယန်ဝူကျီနဲ့ ဘယ်လို ပတ်သက်တာလဲ။”
ယန်ထင်ရီက အပြုံးဖြင့် ပြန်ဖြေသည်။ “ဝန်ကြီးချုပ်က ကျုပ်ရဲ့ အစ်ကိုဝမ်းကွဲပါ။ သေချာတာပေါ့... ကျုပ်က မိသားစုထဲမှာ ဘာမှ ဖြစ်ဖြစ်မြောက်မြောက် မရှိသေးတဲ့ မျိုးဆက်သစ် တစ်ယောက်ပါပဲ။”
ဝန်ကြီးချုပ်၏ ညီဝမ်းကွဲက ပဒေသရာဇ် မြို့စား ကွေ့ရှင်းဖူအတွက် သမိုင်းပညာရှင်အဖြစ် အမှုထမ်းနေခြင်း... ဤသည်က အစိုးရ အရာရှိများနှင့် ပဒေသရာဇ် မြို့စားများ အချင်းချင်း မဟာမိတ် မဖွဲ့ရဆိုသည့် သံမဏိ စည်းမျဉ်းကို လုံးဝ လျစ်လျူရှုထားခြင်းပင်။
ကွေ့ရှင်းဖူက အလွန်အမင်း တန်ခိုးဩဇာ ကြီးမားလှ၏။ သူသည် ဘုရင့်နိုင်ငံ၏ ထိပ်တန်း စစ်တပ်ခေါင်းဆောင် တပ်မှူးကြီး ထူလင်းထော်၏ ညီမဖြစ်သူနှင့် လက်ထပ်ထားသည်။
တစ်ချိန်တည်းမှာပင် သူ၏ ထိပ်တန်း နယ်ဘက်အရာရှိကလည်း ဝန်ကြီးချုပ်၏ ညီဝမ်းကွဲ ဖြစ်နေ၏။ ထို့အပြင် သူ၏ သမီးဖြစ်သူ ကွေ့ချင်းရှောင်းက အိမ်ရှေ့မင်းသား၏ လက်ထောက်နှင့် လက်ထပ်ရမည်ဖြစ်ရာ သူ၏ အနာဂတ် သမက်မှာ ဘုရင့်နိုင်ငံ၏ အမြင့်ဆုံး အုပ်ချုပ်သူ ဖြစ်လာပေလိမ့်မည်။
ဆိုလွန်၏ ဖခင် ဆိုလုံနှင့် နှိုင်းယှဉ်လျှင် ကွေ့ရှင်းဖူ တည်ဆောက်ထားသည့် အာဏာနှင့် အဆက်အသွယ် ကွန်ရက်ကြီးမှာ များစွာ ပို၍ အထင်ကြီးစရာ ကောင်းလှ၏။
သို့သော် ဤမျှ ကျယ်ပြန့်စွာ ဖြန့်ကြက်ထားသည့် အာဏာကွန်ရက်က ဘုရင်မင်းမြတ်၏ အာဏာစက်ကို သိသာစွာ ဂရုမစိုက်ကြောင်း ပြသနေသည်။ သူတို့၏ ပေါင်းစပ်အင်အားမှာ မည်သူမဆို စိတ်ကူးကြည့်နိုင်သည်ထက် အဆပေါင်းများစွာ ပို၍ ကြောက်မက်ဖွယ် ကောင်းနေ၏။
ယန်ထင်ရီက ဆက်၍ ပြောလာသည်။ “ဒီမှာ ကျောက်စရစ်ကျွန်းရဲ့ မြေပုံ ၊ နယ်မြေစာချုပ်နဲ့ ကျုပ်တို့ အလျင်စလို ပြင်ဆင်လာတဲ့ တရားဝင် တံဆိပ်တုံးပါ။ ကျုပ်တို့က အခု ဒါကို တရားဝင် လွှဲပြောင်းပေးနေတာပါ။ ခင်ဗျား လက်ခံမလား။”
လူတိုင်းက ကျောက်စရစ်ကျွန်းကို နောက်တစ်ကြိမ် ကြည့်လိုက်ကြပြန်၏။ မျက်စိတစ်ဆုံး၌ ကျောက်တုံးနှင့် သဲများသာ ရှိနေသည်။ လုံးဝကို ဗလာကျင်းနေ၏။ ထိုကဲ့သို့သော မြေနေရာမျိုးကို သူတို့ ဘာအတွက် အသုံးချနိုင်မည်နည်း။ သင်္ချိုင်းလုပ်ရန်ပင် မသင့်တော်ချေ။
ဆိုလွန်က ပြုံးကာ ပြောလိုက်သည်။ “အလကားရတာပဲ။ သဘာဝကျကျပဲ လက်ခံမှာပေါ့။”
ထို့နောက် သူက စာချုပ်များနှင့် စာရွက်စာတမ်း အမျိုးမျိုးကို တရားဝင် လက်မှတ်ရေးထိုးလိုက်ပြီး ကျောက်စရစ်ကျွန်း နယ်မြေအတွက် တရားဝင် တံဆိပ်တုံးကို လက်ခံလိုက်၏။
ယန်ထင်ရီက ပြောသည်။ “လွှဲပြောင်းမှု ပြီးဆုံးပါပြီ။ စာရွက်စာတမ်းတွေကို အခု တော်ဝင်မြို့တော်ဆီ ဖိုင်တွဲဖို့ ပို့လိုက်ပါတော့မယ်။ ခင်ဗျားမှာ တခြားမေးစရာ မေးခွန်းတွေ ရှိသေးလား။”
ဆိုလွန်က တည်ငြိမ်စွာပင် မေးလိုက်၏။ “ဒီကျွန်းတစ်ခုလုံးမှာ လက်အောက်ခံ ပြည်သူတွေ ဘာတွေ မရှိဘူးလား။”
ယန်ထင်ရီက ခေါင်းညိတ်ကာ ပြန်ဖြေသည်။ “ရှိပါတယ်။ လူနှစ်ထောင်လောက်တော့ ရှိခဲ့ဖူးတယ်။ အခု ဘယ်လောက် ကျန်သေးလဲဆိုတာတော့ ကျုပ်လည်း မသိဘူး။ အခုချိန်ကစပြီး သူတို့လည်း ခင်ဗျားရဲ့ လက်အောက်ခံတွေပါပဲ။”
ဆိုလွန်က ဆက်မေးလိုက်သည်။ “ဒီလူတွေ ဘယ်မှာလဲ။ လင်ဟိုင်မြို့ရဲ့ တရားဝင် မှတ်တမ်းတွေအရ ကျောက်စရစ်ကျွန်းပေါ်မှာ ဘယ်သူမှ မနေဘူးလေ။”
အပိုင်း ၁၉၈ ပြီး။
နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Yue
True Immortal Team