အခန်း ၁၉၉
Vol. 20 Ch. 199
အပိုင်း ၁၉၉
နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Yue
True Immortal Team
ယန်ထင်ရီက ကျွန်း၏ မြောက်ဘက်ဆီသို့ လက်ညှိုးညွှန်ပြကာ ဆိုသည်။ "ကျွန်းရဲ့ မြောက်ဘက်ကို သွားပြီး အလယ်က တောင်ကို ကွေ့ပတ်သွားမယ်ဆိုရင် သူတို့ကို မြင်ရပါလိမ့်မယ်။ အချိန်တန်ရင် အဲဒီ လက်အောက်ခံတွေက ခင်ဗျားကို အံ့အားသင့်စရာတွေ ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။"
ဆိုလွန် ခေါင်းညိတ်လိုက်သည်။ "ကောင်းပြီ။"
ယန်ထင်ရီက ဆက်ပြောသည်။ "လွှဲပြောင်းမှု ပြီးဆုံးပါပြီ။ တခြား ဘာမှ မရှိတော့ဘူးဆိုရင် ကျုပ်ကို ပြန်ခွင့်ပြုပါ။ အခုချိန်ကစပြီး စတုရန်းကီလိုမီတာ သုံးထောင်ကျော် ကျယ်ဝန်းတဲ့ ဒီနယ်မြေက ခင်ဗျား ပိုင်သွားပါပြီ။ ပျော်ရွှင်ပါစေ။"
ထို့နောက် ယန်ထင်ရီ လူတစ်ရာကျော် ပါဝင်သည့် သူ၏ စစ်သည်အဖွဲ့ကို ခေါ်ဆောင်ကာ သင်္ဘောဖြင့် ကျောက်စရစ်ကျွန်းမှ သန့်ရှင်းသပ်ရပ်စွာပင် ထွက်ခွာသွားလေတော့၏။
ဤသို့ဖြင့် ဆိုလွန်နှင့် သူ၏ လူများမှာ အသီးအပွင့်မဲ့သည့် ဤကျွန်းပေါ်၌ ကျန်ရစ်ခဲ့ကြတော့သည်။
**--**--**--**--**--**--**--**
ထွက်ခွာသွားသည့် သင်္ဘောအုပ်စုကို ကြည့်ရင်း လူတိုင်း၏ ရင်ထဲ၌ မျှော်လင့်ချက် ကင်းမဲ့ခြင်းများက လွှမ်းမိုးသွားရ၏။
ဆိုမု ဝမ်းနည်းစွာ မေးသည်။ "သခင်... ကျွန်တော်တို့ အခု ဘယ်လိုလုပ်ကြမလဲ။ အဖြေရှာဖို့ တော်ဝင်မြို့တော်ကိုပဲ ပြန်သွားမလား... ဒါမှမဟုတ် တခြား တစ်နေရာရာကို သွားမလား။"
ဆိုလွန် နှုတ်ခမ်းတွန့်ရုံ ပြုံးလိုက်သည်။ "တခြား တစ်နေရာရာ ဟုတ်လား။ ငါတို့ တခြား ဘယ်ကို သွားလို့ရဦးမှာလဲ။"
ထိုစကားကို ကြားသောအခါ လူတိုင်း ပို၍ပင် စိတ်ဓာတ်ကျသွားကြတော့သည်။ မှန်ပေသည်။ သူတို့ တော်ဝင်မြို့တော်သို့ ပြန်၍မရသလို ထျန်းရွှေမြို့သို့လည်း ပြန်၍မရနိုင်တော့ချေ။ လောကကြီးက အလွန်တရာ ကျယ်ဝန်းလှသော်လည်း သူတို့အတွက် နေစရာ နေရာမရှိတော့ပေ။
စစ်သည်တစ်ယောက်က သနားစရာကောင်းလှစွာ ဆိုလာသည်။ "လောကကြီးက ဒီလောက် ကျယ်ဝန်းနေတာတောင် ဆိုမိသားစု ခိုလှုံဖို့အတွက် မြေတစ်လက်မလေးတောင် မရှိတော့ဘူးလား။"
ဆိုမု၏ မျက်လုံးများ နီရဲလာပြီး အက်ကွဲနေသည့် အသံဖြင့် ပြောသည်။ "ကျွန်တော်တို့ကို တောင်ပိုင်းနယ်စပ်ဆီ ဦးဆောင်ပြီး ခေါ်သွားပေးပါလား။ အဲဒီမှာက လူကောင်း လူဆိုး အကုန် ရောနှောနေတာ။ သခင် နေဖို့ နေရာတစ်နေရာ ရလာအောင် ကျွန်တော်တို့ အသက်ကို ရင်းပြီး တိုက်ခိုက်ပေးပါ့မယ်။"
ဆိုလွန်က ရယ်မောလိုက်သည်။ "ဟားဟားဟား... ငါတို့မှာ နေစရာမရှိဘူးလို့ ဘယ်သူပြောလဲ။ ဒီကျောက်စရစ်ကျွန်းက ငါတို့ ခိုလှုံစရာ နေရာပဲ။ စတုရန်းကီလိုမီတာ သုံးထောင်ကျော်တောင် ကျယ်တာ။ ဒါက ငါတို့အတွက် မလုံလောက်ဘူးလား။"
ကျောက်တုံးများသာရှိသည့် ကျွန်းကို ကြည့်ကာ မိသားစု စစ်သည်များ အားလုံး စိတ်ထဲမှ တိတ်တဆိတ် တွေးလိုက်ကြ၏။ 'ဒီကျွန်းပေါ်မှာ မြက်တစ်ပင်လေးတောင် မပေါက်ဘူး။ ငါတို့ ဒီမှာ အခြေချရင်တောင် စိုက်ပျိုးဖို့ ဘာမှ မရှိဘူး။ ငါတို့က ကျောက်တုံးတွေကို စားရမှာလား။'
ဆိုနင်ပင်း ရုတ်တရက် မော့ကြည့်လာပြီး မေးသည်။ "မောင်လေး... ကွေ့ရှင်းဖူ လက်ထဲကနေ ဒီနယ်မြေကို ရအောင်ယူဖို့ မင်း တမင်သက်သက် စီစဉ်ထားခဲ့တာလား။"
ဆိုလွန်က ပြောသည်။ "မှန်တယ်။ နောက်ငါးလအတွင်း ရွှေဒင်္ဂါး တစ်သိန်းခွဲ ရှာနိုင်ဖို့နဲ့ စစ်တပ်အင်အား နှစ်သောင်း တည်ဆောက်နိုင်ဖို့အတွက် ဒီနယ်မြေကို အသုံးပြုရမယ်။"
ထိုစကားကြောင့် စစ်သည်များ အားလုံး လုံးဝ မှင်တက်သွားကြပြီး တစ်ယောက်ကို တစ်ယောက် ကြောင်အမ်းအမ်းဖြင့် ကြည့်နေမိကြသည်။
သူတို့အားလုံး၌ တူညီသည့် အတွေးတစ်ခုသာ ရှိနေ၏။ သူတို့၏ သခင် ရူးသွားလေပြီ။ မကြာသေးမီက ဆက်တိုက် ခံစားခဲ့ရသည့် ထိုးနှက်ချက်များ၏ ဒဏ်ကြောင့် သူ လုံးဝ စိတ်လွတ်သွားခြင်း ဖြစ်ပေလိမ့်မည်။
ကျောက်စရစ်ကျွန်း၌ ကျောက်တုံးနှင့် သဲများမှလွဲ၍ ဘာဆိုဘာမှ မရှိချေ။ စားနပ်ရိက္ခာ တစ်စေ့မျှပင် မထွက်နိုင်ပေ။ သို့သော်လည်း ဤအသီးအပွင့်မဲ့ မြေရိုင်းကြီးကို အသုံးပြု၍ ငါးလအတွင်း ရွှေဒင်္ဂါး တစ်သိန်းခွဲ ရှာမည်ဟု သခင်ဖြစ်သူက ဆိုနေ၏။ ဤသည်က ရူးသွပ်နေခြင်း မဟုတ်လျှင် မည်သို့ ခေါ်ရမည်နည်း။
သို့သော် အစ်မဖြစ်သူ ဆိုနင်ပင်း တစ်ယောက်တည်းကသာ ဆိုလွန်အား လုံးဝ ယုံကြည်မှု အပြည့်ဖြင့် ကြည့်နေသည်။
ဆိုလွန်က ယုံကြည်ချက် အပြည့်ဖြင့် ဆိုသည်။ "သွားကြစို့။ ငါတို့ ကျွန်းရဲ့ မြောက်ဘက်ဆီ သွားပြီး ငါတို့ရဲ့ ပထမဆုံး လက်အောက်ခံတွေကို သွားလက်ခံကြမယ်။"
သူ မတ်တပ်ရပ်ပြီး ကျွန်း၏ မြောက်ဘက်ဆီသို့ ချက်ချင်းပင် စတင် လျှောက်သွားလိုက်သည်။
အဖွဲ့တစ်ခုလုံး၌ မြင်း အကောင်နှစ်ဆယ်နှင့် မြည်း ကောင်ရေ ဒါဇင်အနည်းငယ်ခန့်သာ ရှိ၏။ လက်ရှိအချိန်၌ ထိုတိရစ္ဆာန်များ အားလုံးပေါ်တွင် စားနပ်ရိက္ခာများ အပြည့်တင်ထားကြသည်။ မိသားစု စစ်သည်တစ်ရာတို့က တစ်ယောက်ကို စားနပ်ရိက္ခာ ကျင်းရာပေါင်းများစွာစီ သယ်ပိုးထားကြရသည်။
စုစုပေါင်း စားနပ်ရိက္ခာ ကျင်းခုနစ်သောင်းကျော်မှာ ဆိုလွန် မိသားစု၌ ကျန်ရစ်နေခဲ့သည့် တစ်ခုတည်းသော ပိုင်ဆိုင်မှုပင်။
**--**--**--**--**--**--**--**
မိသားစု စစ်သည် တစ်ရာကျော်မှာ လေးလံလှသည့် စားနပ်ရိက္ခာများကို သယ်ပိုးကာ လုံးဝ မျှော်လင့်ချက် ကင်းမဲ့နေသည့် ခံစားချက်များဖြင့် ကမ်းရိုးတန်းတစ်လျှောက် မြောက်ဘက်ဆီသို့ လျှောက်လှမ်းလာခဲ့ကြ၏။
သူတို့က ကျွန်းပေါ်ရှိ တောင်ကို ကွေ့ပတ်သွားခဲ့ကြပြီး နောက်ဆုံးတွင် ကျောက်စရစ်ကျွန်း၏ မြောက်ဘက်သို့ ရောက်ရှိလာကြသည်။
မြောက်ဘက်ခြမ်းရှိ မြေပြင်အနေအထားမှာ ပို၍ ပြန့်ဖြူး၏။ နေရာတိုင်း၌ ကျယ်ဝန်းလှသည့် သဲသောင်ပြင်များ ရှိနေလေပြီး နောက်ဆုံးတွင် ပေါက်ရောက်နေသည့် ပေါင်းပင် အနည်းငယ်ကို သူတို့ မြင်တွေ့လိုက်ရသည်။
ဤသည်က ဆားငန်ဓာတ် အလွန်များပြားသည့် မြေဆီလွှာဖြစ်ရာ အသက်ပြင်းသည့် ပေါင်းပင် အနည်းငယ်သာ အသက်ရှင်နိုင်သည်။ ဤနေရာ၌ ကောက်ပဲသီးနှံများ စိုက်ပျိုးရန်မှာ လုံးဝ မဖြစ်နိုင်ချေ။
လေးနာရီကြာ လမ်းလျှောက်ပြီးနောက် နောက်ဆုံး၌ ဆိုလွန်နှင့် အခြားသူများမှာ ကျောက်စရစ်ကျွန်းပေါ်ရှိ တစ်ခုတည်းသော လူနေထိုင်သည့် နေရာသို့ ရောက်ရှိလာကြပြီး ရွာဟု ခေါ်ဆိုရမည့် ထိုနေရာဆီသို့ ဝင်ရောက်သွားကြသည်။
ချက်ချင်းဆိုသလိုပင် ဆိုလွန်နှင့် သူ၏ အနောက်မှ လူများ အားလုံး လုံးဝ တုန်လှုပ်သွားကြရ၏။
ရွာဟု ခေါ်ဆိုရမည့် နေရာမှာ ပင်လယ်နံဘေးရှိ ပြန့်ဖြူးသည့် မြေပြင်ပေါ်၌ ပြန့်ကျဲနေသော မှောင်မိုက်သည့် ရွှံ့အိမ်ငယ် ရာပေါင်းများစွာသာ ဖြစ်သည်။ အိမ်များ၌ သက်ငယ်မိုးပင် မရှိချေ။ မြေကြီးနှင့် ကျောက်တုံးများဖြင့်သာ တည်ဆောက်ထားခြင်းပင်။
ရွှံ့အိမ်တစ်လုံးစီ၏ အရှေ့၌ ကျောက်တုံးများဖြင့် တည်ဆောက်ထားသည့် မီးဖိုတစ်ခုစီ ရှိသော်လည်းပဲ အပေါ်၌ ရှိနေသင့်သည့် သံဒယ်အိုးများမှာ လုံးဝ ပျောက်ကွယ်နေလေပြီ။
အကြောက်မက်ဖွယ် အကောင်းဆုံး မြင်ကွင်းမှာ မြေကြီးပေါ်၌ လုံးဝ မလှုပ်မယှက် လဲလျောင်းနေသည့် မည်းနက်နေသော လူရာပေါင်းများစွာပင်။ အလောင်းများ ပြန့်ကျဲနေသည့် မြေပြင်တစ်ခုနှင့် အတိအကျပင် တူညီလှသည်။
လူတိုင်းမှာ အရိုးနှင့် အရေသာ ကျန်တော့၏။ ဆိုလွန်နှင့် သူ၏ အဖွဲ့ ရောက်လာသည်ကို မြင်သည့်တိုင် သူတို့ အနည်းငယ်မျှပင် မလှုပ်ရှားကြချေ။ ရင်ဘတ်များ ခပ်နွမ်းနွမ်း နိမ့်ချည်မြင့်ချည် ဖြစ်နေခြင်းကသာ သူတို့ အသက်ရှင်နေသေးကြောင်းကို သက်သေပြနေသည်။
အမျိုးသမီးဖြစ်စေ ၊ ကလေးဖြစ်စေ အားလုံးနီးပါးက အဝတ်အစားများ ဝတ်ဆင်ထားခြင်း မရှိကြချေ။ သူတို့၏ ခန္ဓာကိုယ်များမှာ အညစ်အကြေးများကြောင့် မည်းနက်နေလေရာ မျက်နှာများကို ရှင်းရှင်းလင်းလင်း မြင်နိုင်ရန် မဖြစ်နိုင်တော့ပေ။ သူတို့၏ မျက်လုံးများမှာ မှိုင်းညို့နေကာ အာရုံစူးစိုက်မှု ကင်းမဲ့နေပြီး ထုံထိုင်းနေကြ၏။
စစ်သည်တစ်ယောက် ရှေ့သို့ တက်သွားကာ လူအနည်းငယ်၏ အသက်ရှူနှုန်းနှင့် သွေးခုန်နှုန်းတို့ကို စစ်ဆေးပြီးနောက် ဆိုလွန်အား သတင်းပို့သည်။ "သခင်... သူတို့ အငတ်ဘေး ဆိုက်နေကြတာပါ။ ရက်ပေါင်းများစွာ ဘာဆိုဘာမှကို မစားရသေးတာ။"
မြေပြင်ပေါ်၌ ပြည့်နှက်နေသည့် ဤသေခါနီး လူများက... သူ့၏ လက်အောက်ခံတွေတဲ့လော။
ဤလူများ အားလုံးမှာ နေရောင်အောက်မှ ဖုံးကွယ်ခံထားရသည့် ကျွန်များ ဖြစ်ကြောင်း ဆိုလွန် သဘောပေါက်လိုက်၏။ ဤရွာမှာ ကွေ့ရှင်းဖူ၏ လျှို့ဝှက်လုပ်ငန်းများထဲမှ တစ်ခုဖြစ်ပြီး ဤကျွန်များကို အသုံးပြုကာ မသမာသည့် ငွေကြေးများကို ရှာဖွေခဲ့ခြင်းပင်။
လက်ရှိအချိန်၌မူ ဤနေရာကို အပြီးအပိုင် စွန့်ပစ်လိုက်လေပြီ။ ဤကျွန်များမှာ သူတို့ဘာသာ ရပ်တည်ရန် ဤနေရာ၌ ချန်ရစ်ထားခံခဲ့ရပြီး ငတ်မွတ်၍ သေဆုံးမည့် အချိန်ကို စောင့်ဆိုင်းနေကြရသည်။
စုစုပေါင်း လူမည်မျှများ ရှိနေမည်နည်း။ လူနှစ်ထောင် ရှိသည်ဟု ယန်ထင်ရီ ပြောခဲ့သော်လည်း တချို့မှာ ငတ်မွတ်၍ သေဆုံးသွားခဲ့ကြလေပြီ။ ယခုအချိန်၌ လူတစ်ထောင်ကျော်လေးသာ ကျန်ရှိတော့၏။
ဤသည်က ဆိုလွန်အတွက် ချန်ထားခဲ့သည့် လက်အောက်ခံများ မဟုတ်ချေ။ ကွေ့ရှင်းဖူက သူ၏ အပေါ်သို့ လွှဲချသွားခဲ့သည့် ကြီးမားသော ဝန်ထုပ်ဝန်ပိုးကြီးသာ ဖြစ်သည်။
ဆိုလွန် လေးနက်စွာ အမိန့်ပေးသည်။ "သူတို့ အသက်တွေကို ကယ်ဖို့ ဆန်ပြုတ် ပြုတ်လိုက်။"
ဆိုမု တုံ့ဆိုင်းသွားရ၏။ "သခင်... ကျွန်တော်တို့မှာ စားနပ်ရိက္ခာက အကန့်အသတ်နဲ့...။ ဒီမှာက လူတစ်ထောင်ကျော်တောင် ရှိနေတယ်။ သူတို့ကို ကယ်လိုက်ရင် ကျွန်တော်တို့ရဲ့ စားနပ်ရိက္ခာတွေက တစ်လတောင် ခံမှာ မဟုတ်ဘူး။"
ဆိုလွန် မျက်မှောင်ကျုံ့လျက် ထပ်မံ အမိန့်ပေး၏။ "ဆန်ပြုတ် ပြုတ်ပြီး သူတို့ကို ကယ်လိုက်။"
တစ်ချိန်တည်းမှာပင် ရဲ့ကျင်းယွီနှင့် ဆိုနင်ပင်းတို့က ရွာ၏ ဗဟိုချက်ရှိ တစ်ခုတည်းသော ရဲတိုက်ဆီသို့ ဦးတည်သွားလိုက်ကြသည်။
ရဲတိုက်ဟု ခေါ်ဆိုရန်ပင် ခက်ခဲလှ၏။ အမှန်တကယ်၌မူ ရက်အနည်းငယ်ကြာ စွန့်ပစ်ခံထားရသည့် ကျောက်တုံးအိမ်ကြီး တစ်လုံးသာ ဖြစ်သည်။
အထဲရှိ ပရိဘောဂများမှာ အတော်လေး ကြမ်းတမ်းပြီး အများစုကို သစ်သားကြမ်းများဖြင့် ပြုလုပ်ထား၏။ သို့သော် လုံးဝကို ဗလာကျင်းနေသည်။ စားနပ်ရိက္ခာမရှိ ၊ ဟင်းသီးဟင်းရွက်မရှိ ၊ ရေအိုးများကပင် လုံးဝ ခြောက်သွေ့နေသည်။
ထိုသို့တိုင်အောင် ဆိုနင်ပင်းတစ်ယောက် စိတ်လှုပ်ရှားနေ၏။ ဤရဲတိုက်က မည်မျှပင် ကြမ်းတမ်းနေပါစေ ၊ သူမ၏ အိမ်ပင် မဟုတ်ပါလော။
ဤကျွန်းက ဆိုမိသားစု ပိုင်ဆိုင်ခြင်းဖြစ်ရာ ဤကျောက်တုံးရဲတိုက်လေးသည်လည်း သူတို့နှင့် သက်ဆိုင်သည်။
တော်ဝင်မြို့တော်ရှိ မြို့စားကြီးအိမ်တော်နှင့် နှိုင်းယှဉ်လျှင် ဤကျောက်တုံးရဲတိုက်လေးမှာ အဆပေါင်းများစွာ ဆင်းရဲနွမ်းပါးလှသော်လည်း ဤသည်က တကယ့်ကို သူမ၏ အိမ်လေးပင်။
ဆိုနင်ပင်းက တောက်ပသည့် စိတ်အားထက်သန်မှုဖြင့် ပြောသည်။ "ကျင်းယွီ... ရေသွားရှာကြရအောင်။ ဒီရဲတိုက်ကို ရှင်းလင်းပြီးရင် ဆိုလွန်အတွက် ရေနွေးလေး တည်ပေးလို့ရတယ်။ ပြီးရင် ထမင်းဟင်း ချက်ကြတာပေါ့။"
ထို့နောက် အမျိုးသမီးနှစ်ဦးမှာ ရဲတိုက်ထဲမှ စိတ်အားထက်သန်စွာဖြင့် ထွက်လာခဲ့ကြ၏။ သူတို့၏ အိမ်သစ်လေးကို စတင် ရှင်းလင်းရန် အသင့်ဖြစ်နေကာ ရေခပ်ရန်အတွက် ရေပုံးများကို ယူဆောင်လာခဲ့ကြသည်။
**--**--**--**--**--**--**--**
ရွာအပြင်ဘက် ကွင်းပြင်၌မူ စစ်သည်များက သူတို့နှင့် ပါလာသည့် ဒယ်အိုး အနည်းငယ်ကို တည်ကာ ဆန်ပြုတ် ပြုတ်ရန် စတင်နေကြလေပြီ။
ဆန်ပြုတ် လုံးဝ မကျက်သေးခင်မှာပင် မွှေးပျံ့သည့် ရနံ့က လေထုထဲ၌ ပြည့်နှက်သွား၏။ ချက်ချင်းဆိုသလိုပင် မည်းနက်နေသည့် လူတစ်ထောင်ကျော်မှာ မြေပြင်ပေါ်မှ တွားသွားကာ ထလာကြပြီး မှောင်မိုက်နေသည့် ရွှံ့အိမ်များထဲမှ ယိုင်နဲ့နဲ့ဖြင့် ထွက်လာကြတော့သည်။
သူတို့၏ လက်ထဲ၌ ကျိုးပဲ့နေသည့် ပန်းကန်လုံး တစ်လုံးစီကို ကိုင်ဆောင်ထားကြ၏။ သူတို့၏ မျက်လုံးများထဲ၌ ရူးသွပ်မတတ် မျှော်လင့်ချက် ကင်းမဲ့နေသည့် ငတ်မွတ်မှုများ တောက်ပနေပြီး မီးဖိုများ၏ အနားသို့ တိုးဝှေ့ကာ ဝိုင်းရံလာကြသည်။
သူတို့ ကောင်းကောင်းမွန်မွန် မစားရသည်မှာ အလွန်တရာ ကြာမြင့်ခဲ့လေပြီဖြစ်ရာ သူတို့အထဲမှ အများအပြားမှာ ငတ်မွတ်၍ သေဆုံးသွားခဲ့ကြပြီ ဖြစ်သည်။
အဓိကရုဏ်း ဖြစ်ပွားမည်ကို စိုးရိမ်သောကြောင့် ဆိုမုနှင့် အခြား မိသားစု စစ်သည်များမှာ ချက်ချင်းပင် လူအုပ်ကြီးအား ခက်ထန်စွာ စိုက်ကြည့်လိုက်ကြ၏။
အရှေ့သို့ တိုးထွက်လာကာ အစားအစာ လုယူရဲသူ မည်သူ့ကိုမဆို ခေါင်းဖြတ်ချရန် အသင့်ပြင်ထားလျက် သူတို့၏ ဓားလက်ကိုင်ရိုးများကို ဆုပ်ကိုင်ထားလိုက်ကြသည်။
သို့သော်လည်း သူတို့ စိုးရိမ်နေခဲ့သည့် အဓိကရုဏ်းက ဖြစ်မလာခဲ့ချေ။
အပိုင်း ၁၉၉ ပြီး။
နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Yue
True Immortal Team