← Chapters

အခန်း ၂၀၀

Vol. 20 Ch. 200

အခန်း ၂၀၀

Vol. 20 Ch. 200

အပိုင်း ၂၀၀

နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Yue

True Immortal Team

ထိုလူတစ်ထောင်ကျော်၏ မျက်လုံးများမှာ ငတ်မွတ်မှုကြောင့် ရူးသွပ်မတတ် ဖြစ်နေကြပြီး သူတို့၏ ခန္ဓာကိုယ်များမှာလည်း ပန်းကန်လုံးကိုပင် မကိုင်နိုင်လောက်အောင် တုန်ယင်နေကြသော်လည်း မလှုပ်မယှက် ရပ်နေကြဆဲပင်။

ကိုယ့်ဘာသာ တန်းစီရန်ပင် မဝံ့ရဲကြဘဲ နေရာ၌သာ နာခံမှုရှိစွာဖြင့် စောင့်ဆိုင်းနေကြသည်။

ထိုလူများမှာ အချိန်အတော်ကြာ ကျွန်များအဖြစ် ယဉ်ပါးအောင် သွန်သင်ခံထားရသောကြောင့် ပုန်ကန်ရမည်ကိုပင် မသိကြတော့ချေ။ လောက၏ အရုပ်ဆိုး အကျည်းတန်ဆုံးသော ရက်စက်မှုများက သူတို့အပေါ် ကျရောက်ခဲ့ပြီးဖြစ်သည်။

ဆန်ပြုတ် ကျက်သွားသောအခါ လူတိုင်းက ဆန်ပြုတ် တစ်ပန်းကန်စီ ရရှိရန် နာခံမှုရှိစွာဖြင့် တန်းစီလိုက်ကြ၏။

သူတို့မှာ ဆန်ပြုတ် ပူလောင်နေသည်ကိုပင် ဂရုမစိုက်နိုင်ကြဘဲ အငမ်းမရ စားသောက်လိုက်ကြသည်။ တစ်ဝက်ခန့် စားပြီးသွားသောအခါ အစားအနည်းငယ် နှေးသွားကြပြီး ဆန်ပြုတ်ရည် တစ်ပေါက်ကိုမျှ အလဟဿ အဖြစ်မခံလိုသဖြင့် ပန်းကန်လုံးအား ဖြည်းဖြည်းချင်း သေချာစွာ လျှာဖြင့်လျက်ကြတော့၏။

သူတို့ စားသောက်နေစဉ်အတွင်း မျက်လုံးများထဲ၌ ရှိနေသည့် စစ်မှန်သော ပျော်ရွှင်မှု အငွေ့အသက်များနှင့် ဆိုလွန်အား သူတို့၏ အသက်သခင် ကျေးဇူးရှင်အဖြစ် ကြည့်ရှုနေသည့် အကြည့်တို့မှာ အလွန်တရာ အံ့အားသင့်ဖွယ် ကောင်းလှသည်။

ထို့အပြင် ဆန်ပြုတ် တစ်ပန်းကန် ကုန်သွားပြီးနောက် သူတို့ အလွန်အမင်း ငတ်မွတ်နေဆဲ ဖြစ်သော်လည်းပဲ မည်သူကမှ ရှေ့ထွက်၍ ထပ်မတောင်းရဲကြချေ။

သူတို့က ပန်းကန်များကို သေချာစွာ ချထားလိုက်ကြသည်။ ထို့နောက် လူအနည်းငယ်က ဦးဆောင်ကာ လူတစ်ထောင်ကျော်ရှိသည့် လူအုပ်ကြီးက ဆိုလွန်၏ အရှေ့၌ သပ်ရပ်စွာ ဒူးထောက်လိုက်ကြ၏။ သူတို့က ခေါင်းများကို မြေကြီးနှင့် ဖိကပ်ထားကာ မလှုပ်မယှက် နေနေကြသည်။

ဆိုလွန်က မြေပြင်ပေါ်၌ ဒူးထောက်နေသည့် လူအုပ်ကြီးကို ကြည့်ကာ တည်ငြိမ်စွာ ပြောလိုက်သည်။ "ငါ့နာမည်က ဆိုလွန်။ နုလန်တိုင်းပြည်ရဲ့ အထက်တန်းလွှာ ၊ ထျန်းရွှေမြို့စားကြီး ၊ ပြီးတော့ ထျန်းရွှေမြို့သခင်ပဲ။ ဒီနေ့ကစပြီး ကျောက်စရစ်ကျွန်း တစ်ခုလုံးက ငါ့ရဲ့ နယ်မြေပဲ။"

ထိုလူတစ်ထောင်မှာ လုံးဝ မလှုပ်မယှက်ဘဲ မြေကြီးကို နမ်းရှိုက်ကာ ဆက်လက် ဒူးထောက်နေကြဆဲပင်။

ဆိုလွန်က ဆက်၍ ပြောလိုက်သည်။ "မင်းတို့ကို ကျွန်တွေအဖြစ် ဖမ်းဆီးထားခဲ့မှန်း ငါသိတယ်။ မင်းတို့မှာ လွတ်လပ်ခွင့် မရှိဘူး ၊ အဆင့်အတန်း မရှိဘူး ၊ နာမည် မရှိသလို ပိုင်ဆိုင်မှုလည်း မရှိဘူး။ အလင်းရောင်အောက်ကိုတောင် ထွက်လာလို့ မရဘူး။ မင်းတို့ ဘဝရဲ့ တစ်ခုတည်းသော ရည်ရွယ်ချက်က ဒီလျှို့ဝှက်စခန်းမှာ ကွေ့ရှင်းဖူရ ညစ်ပတ်တဲ့ ရွှေဒင်္ဂါးတွေ ရှာနိုင်ဖို့အတွက် ကူညီပေးဖို့ပဲ။"

ဤကျွန်များမှာ အမှန်တကယ်ပင် လူသိရှင်ကြား ထုတ်ပြ၍မရချေ။ နုလန်ဘုရင့်နိုင်ငံသည် ကျွန်စနစ်အား လုံးဝ ဖျက်သိမ်းသည့် ဥပဒေများကို ပြဋ္ဌာန်းထားခဲ့ပြီး ဖြစ်သည်။

မြေကျွန်ဟု ခေါ်ဆိုသူများမှာလည်း တကယ့် ကျွန်အစစ်များ မဟုတ်ကြဘဲ သူတို့ လုပ်ကိုင်နေသည့် မြေကို မပိုင်ဆိုင်သော အငှားလယ်သမားများသာ ဖြစ်ကြ၏။

သို့သော် ကျွန်အစစ်များ၌မူ လွတ်လပ်ခွင့် လုံးဝ မရှိကြဘဲ ခြံမွေးတိရစ္ဆာန်များထက်ပင် ပို၍ ဆိုးရွားစွာ ဆက်ဆံခံကြရသည်။

လုပ်သားအင်အား လွတ်လပ်ခွင့်ရစေရန်အတွက် နုလန်ဘုရင့်နိုင်ငံသည် လွန်ခဲ့သည့် ဆယ်စုနှစ်များစွာကတည်းက အမိန့်တစ်ရပ်ကို ထုတ်ပြန်ခဲ့၏။ မည်သည့် အထက်တန်းလွှာ သို့မဟုတ် မြို့စားကိုမှ ကျွန်ထားရှိခွင့် မပြုလေဘဲ ဖောက်ဖျက်ပါက ပြင်းထန်သည့် ပြစ်ဒဏ်များနှင့် ရင်ဆိုင်ရမည် ဖြစ်သည်။

ထိုသို့ဖြစ်လင့်ကစား အထက်တန်းလွှာများနှင့် မြို့စားများစွာက ဆားတူးဖော်ရန်နှင့် မသမာသည့် ရွှေဒင်္ဂါးများ ရှာဖွေရန်အတွက် ကျွန်မြောက်မြားစွာကို လျှို့ဝှက်စွာ အသုံးပြုနေကြဆဲပင်။ ကျွန်များကို လုပ်အားခ ပေးရန် မလိုအပ်သောကြောင့် မြို့စားများအနေဖြင့် သူတို့ အသက်ရှင်ရုံလောက်သာ အစားအစာ ထောက်ပံ့ပေးရန် လိုအပ်သည်။

ဆိုလွန်က ထပ်ပြောလိုက်သည်။ "ဒါပေမဲ့ အခုတော့ မင်းတို့ကို ကျွန်တွေအဖြစ်ကနေတောင် စွန့်ပစ်လိုက်ကြပြီ။ ဒီအသီးအပွင့်မဲ့ မြေရိုင်းကြီးပေါ်မှာ ငတ်သေဖို့အတွက် ချန်ထားခဲ့ကြပြီ။"

မြေပြင်ပေါ်၌ ဒူးထောက်နေသူများမှာ တိတ်တဆိတ် ရှိုက်ငိုလာကြတော့၏။ သူတို့ အမှန်တကယ်ပင် စွန့်ပစ်ခံခဲ့ရလေပြီ။

မည်သူကမှ လာရောက်ကယ်တင်မည် မဟုတ်သည့် ကျောက်စရစ်ကျွန်းပေါ်၌ သေဆုံးရန် ချန်ရစ်ခံခဲ့ရခြင်းပင်။ စားစရာ မြက်တစ်ပင်မျှပင် မရှိတော့ဘဲ ဆယ်ရက်နီးပါးခန့် ငတ်မွတ်နေခဲ့ကြရသည်။ အကယ်၍ ဆိုလွန်သာ နောက်ထပ် ရက်အနည်းငယ် နောက်ကျပြီးမှ ရောက်လာခဲ့မည်ဆိုပါက ဤနေရာရှိ လူတိုင်း သေဆုံးသွားကြရမည်သာ။

"မင်းတို့ အရင်က ဘာအဆင့်အတန်းပဲဖြစ်နေဖြစ်နေ ငါ ဂရုမစိုက်ဘူး။ ဒီအချိန်ကစပြီး မင်းတို့ ကယ်တင်ခံလိုက်ရပြီ။"

"ငါက မင်းတို့ရဲ့ သခင်အသစ်ပဲ ၊ ပြီးတော့ မင်းတို့က ငါ့ရဲ့ ပထမဆုံး လက်အောက်ခံတွေပဲ။ မင်းတို့ကို ပြီးပြည့်စုံတဲ့ ဘဝတစ်ခု ပေးမယ်လို့ ငါ အာမမခံနိုင်ဘူး။ ဒါပေမဲ့ နေ့တိုင်း အစားစားရအောင်တော့ ငါ သေချာပေါက် လုပ်ပေးနိုင်တယ်။ မင်းတို့ ဗိုက်ဝတဲ့အထိကို စားရလိမ့်မယ်။"

ချက်ချင်းဆိုသလိုပင် မြေပြင်ပေါ်၌ ဒူးထောက်နေသူများမှာ တုန်ယင်လာကြပြီး လွှမ်းမိုးလာသည့် ခံစားချက်များကြောင့် အသံထွက်ကာ ငိုကြွေးလိုက်ကြတော့သည်။

"ဒီညက မင်းတို့ ဝမ်းနည်းပူဆွေးပြီး ကိုယ့်ကိုယ်ကိုယ် သနားရမယ့် နောက်ဆုံးညပဲ။ မနက်ဖြန်ကစပြီး မင်းတို့ ငါ့အတွက် အရိုးကြေကြေ အရေခန်းခန်း အလုပ်လုပ်ပေးရမယ်။ ငါ့ရဲ့ နယ်မြေနဲ့ ငါ့ရဲ့ ရဲတိုက်ကို စတင် တည်ဆောက်ရလိမ့်မယ်။" ဆိုလွန်က အသံကိုမြှင့်ကာ ကြေညာလိုက်သည်။ "နောက်ဆုံးအနေနဲ့ ဒီတစ်ညပဲ ငိုလိုက်ကြ။ မနက်ဖြန်ကစပြီး ကမ္ဘာသစ်တစ်ခု တည်ဆောက်ဖို့အတွက် မင်းတို့ ငါနဲ့ ပူးပေါင်းရမယ်။ ကြားကြလား။"

လူတစ်ထောင်ကျော်ရှိသည့် လူအုပ်ကြီးက ရိုသေလေးစားစွာ ဦးညွှတ်လျက် အော်ဟစ်လိုက်ကြသည်။ "ဟုတ်ကဲ့ပါ သခင်။"

ထို့နောက် ဆိုလွန်က စည်းကမ်းထိန်းသိမ်းရန်အတွက် စစ်သည် ဒါဇင်အနည်းငယ်ကို ချန်ရစ်ခဲ့ကာ ကျောက်တုံးရဲတိုက်ငယ်လေးဆီသို့ လျှောက်သွားလိုက်၏။ ယခုအချိန်လောက်ဆိုလျှင် သူ၏ အစ်မဖြစ်သူ ဆိုနင်ပင်းလည်း အစားအသောက်များ ပြင်ဆင်ပြီးလောက်ပြီ ဖြစ်သည်။

ဆိုမု ညစ်ပတ်ပြီး နေလောင်ထားသည့် ကျွန်များကို ကြည့်လိုက်ကာ အနောက်မှ ကပျာကယာ လိုက်သွားရင်း မေးလိုက်သည်။ "သခင်... နောက်ခြောက်လအတွင်း ရွှေဒင်္ဂါး တစ်သိန်းခွဲ ရှာဖို့အတွက် ဒီကျွန်တွေကို အသုံးပြုဖို့ တကယ်ပဲ စီစဉ်ထားတာလား။"

ဆိုလွန် ခေါင်းညိတ်လိုက်သည်။ "မှန်တယ်။ ဒါတင်မကသေးဘူး ၊ ဒီမထွန်းကားတဲ့ မြေရိုင်းကြီးပေါ်မှာ စည်ကားဝပြောတဲ့ အံ့ဖွယ်မြို့တော်ကြီး တစ်ခုကိုလည်း တည်ဆောက်ဦးမှာ။"

ဆိုမုက မယုံကြည်နိုင်စွာဖြင့် မေးလာ၏။ "ဒါပေမဲ့ အဲဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ရွှေဒင်္ဂါး တစ်သိန်းခွဲကို မပြောနဲ့ ၊ ဒီကျိန်စာသင့်နေတဲ့ နေရာမှာ ရွှေဒင်္ဂါး တစ်ဝက်တောင် ရအောင် ရှာနိုင်မှာ မဟုတ်ဘူး။"

ဆိုမု လုံးဝ မယုံကြည်နိုင်ချေ။ ဆိုလွန် မည်သို့ လုပ်ဆောင်မည်ကို သူ စိတ်ကူးပင် မယဉ်တတ်တော့ပေ။

ဆိုလွန်က ပြန်ဖြေလိုက်သည်။ "မကြာခင် မင်း သိလာမှာပါ။ မနက်ဖြန်ကျရင် အံ့ဖွယ် ပလက်တီနမ် အစီအစဉ်ကို စတင်မယ်။ ဒီမြေရိုင်းကြီးကို အသုံးပြုပြီး ခြောက်လအတွင်း ရွှေဒင်္ဂါး တစ်သိန်းခွဲ ရအောင် ရှာရမယ်။"

**--**--**--**--**--**--**--**

ထိုညနေ၌ ဆိုလွန် အစ်မဖြစ်သူ ဆိုနင်ပင်း ပြင်ဆင်ပေးသည့် အစားအစာများကို စားသောက်လိုက်၏။ ရေချိုးအပန်းဖြေပြီးနောက် သက်တောင့်သက်သာရှိသည့် ပိုးသားညအိပ်ဝတ်စုံကို လဲလှယ်ဝတ်ဆင်ကာ ကြမ်းတမ်းသည့် သစ်သားစားပွဲတစ်လုံး၌ ထိုင်လိုက်သည်။

ထို့နောက် ချွန်ထက်နေသည့် ခဲတံတစ်ချောင်းဖြင့် စက္ကူဖြူတစ်ရွက်ပေါ်၌ စတင် ရေးဆွဲလိုက်သည်။

ဤလောက၌ ဖယောင်းတိုင်များမှာ အတော်လေး စျေးကြီးလှသော်လည်း အလင်းရောင် လုံလောက်စွာ ရရှိစေရန်အတွက် ဆိုလွန်က ဖယောင်းတိုင် ဆယ်တိုင်တိတိ ထွန်းညှိထားခဲ့၏။

ယနေ့ညအတွက် သူ၏ ညစာမှာလည်း စျေးကြီးသည့် သမင်သား ၊ ငါးအသားလွှာများနှင့် အခြားသော အရသာရှိလှသည့် အစားအစာများဖြင့် အလွန်တရာ ဇိမ်ကျလှသည်။

ဤသို့ ခက်ခဲသည့် အချိန်ကာလမျိုး၌ပင် သူက ချွေတာစွာ နေထိုင်ရန် ငြင်းဆန်၏။ သူ၏ လက်အောက်ခံများနှင့်အတူ ဆန်ပြုတ်သောက်ကာ ဒုက္ခခံရန် ဆန္ဒ အနည်းငယ်မျှ မရှိချေ။ ယခုလက်ရှိ သူ၏ အရှေ့၌ ရှိနေသည့် ဝိုင်ပုလင်းမှာပင် ငွေဒင်္ဂါး ငါးပြားအထိ တန်ဖိုးရှိသည်။

ဆိုနင်ပင်းက လတ်လတ်ဆတ်ဆတ် ချက်ပြုတ်ထားသည့် ကြာစေ့စွပ်ပြုတ် တစ်ပန်းကန်ကို ကိုင်ဆောင်ကာ တိတ်ဆိတ်စွာ ဝင်လာသည်။ ဆိုလွန် ပုံဆွဲရပ်သွားသည့် ခဏတာအချိန်လေးကို အခွင့်ကောင်းယူ၍ သူမ၏ လက်သေးသေးလေးများဖြင့် သူ၏ နားထင်များကို ညင်သာစွာ စတင်နှိပ်နယ်ပေးလိုက်၏။ သူမ၏ လှပသော မျက်လုံးလေးများက သူ ဆွဲနေသည့် ပုံကြမ်းများပေါ်သို့ ကျရောက်သွားသည်။

ဆိုနင်ပင်းက စိတ်ဝင်တစားဖြင့် စပ်စုလာသည်။ "ဒါ ဘာတွေလဲဟင်။"

ဆိုလွန်က အပြုံးလေးဖြင့် ပြန်ဖြေလိုက်၏။ "ရွှေဒင်္ဂါးတွေ ထွက်လာမယ့် ရေကန်တစ်ခု...။"

ဆိုနင်ပင်းက ဆွဲဆောင်မှုရှိစွာ နှုတ်ခမ်းလေးစူလျက် ပြောလာသည်။ "လိမ်နေတာပဲ။"

ဆိုလွန်က အနောက်သို့ လှမ်းကာ ဆိုနင်ပင်း၏ နူးညံ့ပြီး သွယ်လျသည့် ခါးလေးကို ဆွဲယူ၍ ဖက်ထားလိုက်၏။ သူမ၏ ခါးလေးမှာ ချောမွေ့နေပြီး အလွန်တရာ နူးညံ့ပျော့ပျောင်းလှသည်။

ခဏတာမျှ တုံ့ဆိုင်းနေပြီးနောက် သူ၏ လက်များက အနည်းငယ် အောက်သို့ လျှောဆင်းသွားကာ သူမ၏ ပြည့်ဖြိုးသည့် တင်ပါးအကွေးအကောက်များပေါ်၌ ရပ်တန့်သွားတော့သည်။

ဆိုနင်ပင်း တစ်ယောက် အနည်းငယ် တုန်ယင်သွားရသည်။ "မောင်လေး ပိုပိုပြီး ရဲတင်းလာတယ်နော်..." သူမ ရေရွတ်လိုက်၏။ "ပြီးတော့ ပိုပိုပြီးလည်း ဆိုးလာတယ်။"

ဆိုလွန်က သူမ၏ အကွေးအကောက်လေးများကို ညင်သာစွာ ပွတ်သပ်လိုက်ပြီးနောက် သူ၏ ခေါင်းကို အနောက်သို့ မှီချကာ သူမ၏ နူးညံ့သည့် ရင်ခွင်ပေါ်သို့ တင်ထားလိုက်သည်။

ဆိုနင်ပင်းက ရုတ်တရက် စကားရာပြောင်းလျက် ပြောလာသည်။ "မမ လိမ်ပြောနေတာ မဟုတ်ဘူးနော်။ ကွေ့ချင်းရှောင်းက အရမ်း ဆွဲဆောင်မှု ရှိတယ်။"

ဆိုလွန်က ပြောလိုက်၏။ "ဟုတ်တယ်။ တော်ဝင်မိသားစုက သူ့ကို မယူရဲတာ အံ့သြစရာတော့ မဟုတ်ပါဘူး။ အဲဒီမိန်းမ သွားတဲ့ နေရာတိုင်းမှာ ယောက်ျားတွေ အချင်းချင်း သတ်ကြဖြတ်ကြတဲ့အထိ ဖြစ်ကုန်တာကိုး။ သူ့ကို လက်ထပ်တဲ့ ဘယ်သူမဆို မိန်းမချောလေးတွေနောက်ကိုပဲ လိုက်နေတဲ့သူဆိုပြီး ချက်ချင်း အမြင်ခံရမှာ သေချာတယ်။"

ဆိုနင်ပင်းက မေးလိုက်သည်။ "မောင်လေးရော သူ့ကို စိတ်ဝင်စားသွားတာလား။" သူမ၏ အသံထဲ၌ သဝန်တိုသည့် အရိပ်အယောင်များ စွက်ဖက်နေ၏။

ဆိုလွန်က နောက်ပြောင်လျက် ပြောလိုက်သည်။ "ခန္ဓာကိုယ်ကတော့ စိတ်ဝင်စားချင် ဝင်စားသွားမှာပေါ့ဗျာ။ ဒါပေမဲ့ နှလုံးသားကတော့ လုံးဝ တုန်လှုပ်မသွားပါဘူး။"

သူ စကားပြော၍ပင် မဆုံးသေးခင်မှာပင် ဆိုနင်ပင်းက သူ့အား အရင်ဦးစွာ ညင်သာစွာ ဆွဲလိမ်လိုက်ပြီး ထို့နောက်မှ အားပြင်းပြင်းဖြင့် လိမ်ဆွဲလိုက်တော့၏။

ဆိုနင်ပင်းက ဒေါသတကြီးဖြင့် ဆူပူလိုက်သည်။ "လူယုတ်မာလေး။ အရှက်မရှိတဲ့ စကားတွေ ဆက်မပြောနဲ့တော့။"

ရုတ်တရက် ဆိုလွန်၏ လက်များက သူမ၏ အကွေးအကောက်လေးများကို တင်းကျပ်စွာ ဆုပ်နယ်လိုက်၏။ ဆိုနင်ပင်း၏ နူးညံ့သည့် ခန္ဓာကိုယ်လေးမှာ မတ်တပ်ပင် မရပ်နိုင်လောက်အောင် အပြင်းအထန် တုန်ယင်သွားရသည်။

ထို့နောက် ဆိုလွန်က သူမအား ညင်သာစွာ ဆွဲချလိုက်ပြီး သူ၏ ပေါင်ပေါ်၌ သက်တောင့်သက်သာ ထိုင်စေကာ သူမ၏ အပြစ်ကင်းစင်ပြီး နူးညံ့လှသည့် မျက်နှာလေးအား စိုက်ကြည့်နေလိုက်သည်။

ဆိုနင်ပင်း၏ ပါးပြင်လေးများက ရဲတက်သွား၏။ စိုးရိမ်တကြီးနှင့် အသက်ရှူမဝဖြစ်နေကာ သူမက တောင်းဆိုလာသည်။ "မလုပ်ပါနဲ့... ဒီနေရာမှာ မလုပ်ပါနဲ့။ တစ်ယောက်ယောက် မြင်သွားရင် ပြဿနာ တက်လိမ့်မယ်။"

ဆိုလွန်က ဆက်၍ အတင်းအကျပ် မလုပ်တော့ချေ။ သူမအား သူ၏ ပေါင်ပေါ်၌သာ ထိုင်စေပြီး လက်တစ်ဖက်က သူမ၏ သွယ်လျသည့် ခါးလေးကို ဖက်ထားကာ အခြားလက်တစ်ဖက်ကမူ ပုံကြမ်းများကို ဆက်လက် ရေးဆွဲနေလိုက်၏။

သူမ၏ ဆွဲဆောင်မှုရှိပြီး သိမ်မွေ့လှသည့် ရနံ့လေးဖြင့် ဝန်းရံခံထားရကာ ခန္ဓာကိုယ်လေး၏ နူးညံ့မှုကို ခံစားနေရရင်း ဆိုလွန်တစ်ယောက် သူ၏ အလုပ်အပေါ်၌သာ အလုံးစုံ အာရုံစိုက်ထားကာ လျင်မြန်သည့် နှုန်းဖြင့် ပုံဆွဲနေလိုက်သည်။

ဆိုနင်ပင်းကမူ မီးတောက်ထဲ ရောက်နေသကဲ့သို့ ပူလောင်နေမိ၏။ တစ်ယောက်ယောက် ဝင်လာမည်ကို အလွန်အမင်း ကြောက်လန့်နေသဖြင့် တံခါးဘက်ဆီသို့သာ စိုးရိမ်တကြီး ဆက်တိုက် ကြည့်နေမိသည်။

သို့သော် သူမ၏ ရင်တွင်း နက်ရှိုင်းရာ၌မူ နွေးထွေးမှုများနှင့် အလွန်တရာ ချိုမြိန်မှုတို့ဖြင့် ပြည့်နှက်နေပြီး အရည်ပျော်ကျသွားတော့မတတ်ပင် ခံစားနေရလေသည်။

"သခင် ၊ သခင်မလေး..."

ရဲ့ကျင်းယွီက အပြင်ဘက်မှ ရုတ်တရက် ဝင်လာ၏။ သူမ၏ အရှေ့ရှိ ရင်းနှီးပွင့်လင်းလွန်းလှသည့် မြင်ကွင်းကို မြင်လိုက်ရသောအခါ အံ့အားသင့်ကာ အေးခဲသွားရပြီး ရှက်ရွံ့စွာဖြင့် တိတ်တဆိတ် နှာခေါင်းရှုံ့လိုက်မိသည်။

'သခင်ကတော့ ပိုပိုပြီး ရဲတင်းလာတာပဲ။ သခင်မလေးနဲ့ ဒီလောက်တောင် ပွင့်ပွင့်လင်းလင်း ရင်းနှီးနေတာ... အပြင်လူ တစ်ယောက်ယောက်သာ မြင်သွားရင် တကယ့် အရှုပ်တော်ပုံကြီး ဖြစ်တော့မှာပဲ။'

ယခင်ကသာဆိုလျှင် ဆိုနင်ပင်းအပေါ် ထားရှိသည့် မသင့်တော်သော ခံစားချက်များနှင့် ပတ်သက်၍ ဆိုလွန်အား ရဲ့ကျင်းယွီ သတိပေးခဲ့မည် ဖြစ်သည်။ ယခုအချိန်၌မူ ဆိုလွန်အား သူမ၏ အစစ်အမှန် သခင်အဖြစ် သတ်မှတ်ထား​ပြီရာ ပြောဆိုနေမည့်အစား အခြားမည်သူမှ မတော်တဆ ဝင်မလာသည်ကို သေချာစေရန်အတွက် တံခါးကို စောင့်ရန် သူမ အပြင်ဘက်သို့ တိတ်ဆိတ်စွာ ထွက်သွားလိုက်၏။

နှစ်နာရီခန့် ကြာပြီးနောက် နောက်ဆုံးတွင် ဆိုလွန်တစ်ယောက် ပုံကြမ်းများ ဆွဲ၍ ပြီးစီးသွားလေပြီ။ ဤပုံကြမ်းများက သူ လိုအပ်နေသည့် ရွှေဒင်္ဂါး တစ်သိန်းခွဲကို ရရှိစေမည့် သော့ချက်များပင်။

အပိုင်း ၂၀၀ ပြီး။

နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Yue

True Immortal Team

ဆက်တိုက်ရေးရတာမလို့ အရေးအသား အနည်းငယ် ကျလာရင် သည်း​ခံပေးပါနော်။ မနက်ဖြန် Free book အချိန်မှန်မှန် ရပါမယ်ဗျ။

All Chapters