← Chapters

ကမ္မနှောင်ကြိုးများကို ဖြတ်တောက်ခြင်း

Vol. 11 Ch. 147

ကမ္မနှောင်ကြိုးများကို ဖြတ်တောက်ခြင်း

Vol. 11 Ch. 147

ဘုံကျောင်းအပြင်တွင် ရပ်နေသော အမျိုးသမီးသည် ရုတ်တရက်ကြည့်လိုက်လျှင် သေမျိုးတစ်ဦးဟု ထင်ရ၏။

သူမသည် အပြာနု‌ရောင် ဖျင်ကြမ်းဝတ်စုံကို ဝတ်ဆင်ထားပြီး သူမ၏ ကိုယ်နေဟန်ပန်သည် သာမန်သာဖြစ်သည်။ သူမသည် ချီကျင့်ကြံသူ အမျိုးသမီးအများစုကဲ့သို့ တင့်တယ်ခြင်းမရှိပေ။

သို့သော် သူမ မည်သို့ပင် ဖုံးကွယ်ထားစေကာမူ သူမ၏ပတ်လည်ရှိ ဆန်းကြယ်နက်နဲသော တာအိုသင်္ကေတများအရ သူမသည် ပညာရှင်တစ်ဦးဖြစ်ကြောင်း ဖော်ပြနေ၏။

ထိုအရာသည် ရုပ်ဖျက်ရာတွင်ညံ့ဖျင်းခြင်း၏ ဥပမာပင်။ သို့တည်းမဟုတ် ထိုအရာသည် သူမ၏ ရုပ်ဖျက်ထားမှုကို ထွင်းဖောက်မြင်နေရသည်ဟု တခြားသူများထင်သွားစေမည့် ပို၍ပြောင်မြောက်သော ရုပ်ဖျက် အတတ်လည်း ဖြစ်နိုင်ပေသေးသည်။

လီချန်ရှို့သည် သူ၏ဆရာဘွားဘွားကို လိုက်ပို့ပြီးသွားသောအခါ သူ၏ညီမလေးနှင့် ဆရာကို ပြော၍ မြေအောက်လျှို့ဝှက်ခန်းအတွင်းသို့ ပြန်သွား၍ မန္တန်အစီအရင်အောက်ခြေများကို ဆက်လက်ပြုလုပ်နေလိုက်သည်။ သူသည် သူ့စက္ကူကိုယ်ပွားများ၏ မှော်စွမ်းရည်များကို အဆင့်မြှင့်နိုင်ရန် နည်းလမ်းများကိုလည်း လေ့လာခဲ့၏။

တစ်ရက်ကြာပြီးနောက် လီချန်ရှို့သည် တောင်သမုဒ္ဒရာရှိ ပင်လယ်စောင့်နတ်မင်းဘုံကျောင်းတစ်ခုတွင် တစ်စုံတစ်ခုဖြစ်ပျက်နေပြီဖြစ်ကြောင်း အာရုံရခဲ့၏။ သူသည် ဘုံကျောင်းအသေးလေးပေါ်သို့ အာရုံစူးစိုက်လိုက်သည်။

ပြီးခဲ့သောနှစ်ပိုင်းအတွင်းတွင် ပင်လယ်စောင့်နတ်မင်းဘုံကျောင်းများသည် အမျိုးမျိုးသော ပြဿနာများဖြင့် ရင်ဆိုင်ခဲ့ရသည်။ သို့သော် လီချန်ရှို့သည် ထိုလမ်းကို သူ့ဘာသာရွေးချယ်ခဲ့ခြင်းဖြစ်သဖြင့် မညီးတွားခဲ့ပေ။

သူ၏ ‌နောက်တွင် တစ်စုံတစ်ယောက်ရှိလာပြီဖြစ်သည်။ သူ့အနေဖြင့် တုန်လှုပ်စရာမလိုပေ။

သို့သော် လီချန်ရှို့အတွက် ထူးဆန်းနေမှုသည် ယခုရသော အာရုံသည် ဆိုးသည့်ကိစ္စလော၊ ကောင်းသည့်ကိစ္စလောဆိုသည်ကို သူ၏နတ်အာရုံဖြင့် အာရုံခံခဲ့သည်ပင် မသိနိုင်ခြင်းပင်။ ထိုအာရုံတွင် နိမိတ်ဆိုးလည်းမပါသလို နိမိတ်ကောင်းလည်းမပါပေ။

တချိန်တည်းတွင် ကောင်းသည်သာမက ဆိုးသည်ပါ တစ်ပြိုင်တည်းဖြစ်ပေါ်နေပုံရ၏။ လီချန်ရှို့၏ စိတ်စွမ်းအားသည် ဘုံကျောင်းအသေးလေးပေါ်သို့ ကျရောက်သွား၏။ သူသည် ဘုံကျောင်းအပြင်တွင် ဟိုလျှောက်ဒီလျှောက် လုပ်နေသော “ အမျိုးသမီး ”ကို ရုတ်ခြည်းပင် တွေ့ရှိသွားလေသည်။ သူမ၏ ပတ်ပတ်လည်ရှိ တာအိုသင်္ကေတများကို အာရုံခံမိခဲ့သဖြင့် သူမသည် သာမန် အာကာသနတ်မင်းတစ်ပါး မဟုတ်ကြောင်း သူသိလိုက်၏။

သူ ရှေးဦးစွာတွေးမိသောအရာသည် အနောက်ကျောင်းတော်ပင်။ ထို့ပြင် ထိုအမျိုးသမီးသည် ဘုံကျောင်းသို့ ပေါ်ပေါ်ထင်ထင်လာရဲသဖြင့် အနောက်ကျောင်းတော် လျှို့ဝှက်အသုံးချနေသော “ စူးရှသောဓား ” တစ်လက် မဖြစ်နိုင်ချေ။ သူမသည် အနောက်ကျောင်းတော်မှ ပညာရှင်တစ်ပါး ဖြစ်နိုင်သည်ဟု သူတွေးလိုက်၏။

ထို့ပြင် လီချန်ရှို့၏ တွက်ချက်မှုများအရ နဂါးမျိုးနွယ်၏ ကိစ္စနှင့်ပတ်သတ်၍ သူ့အားလိုက်လံရှာဖွေနေသော အနောက်ကျောင်း‌တော်မှ ပညာရှင်များ ရှိနေနိုင်ပေသည်။

‘ သူသာ အနောက်ကျောင်းတော်က တန်ခိုးရှင်ရဲ့ တပည့်ဆိုရင် သူက ဘယ်သူများဖြစ်မလဲ ’

ပို၍ လုံခြုံမှုရှိစေရန် လီချန်ရှို့သည် အောင်းရိ၏စိတ်ကို ဆင့်ခေါ်လိုက်သည်။

နဂါးမျိုးနွယ်၏ သံသယဝင်မှုကို မခံရစေရန် လီချန်ရှို့သည် အနောက်ကျောင်းတော်မှ သူများနှင့် ကြုံရသည့်အခါတိုင်း အောင်းရိကို လှမ်း၍ ဆင့်ခေါ်မည်ဖြစ်သည်။

“ အစ်ကိုနတ်မင်း... သူက ဘယ်သူလဲ ”

အောင်းရိသည် သူ၏ စိတ်စွမ်းအားကိုသုံး၍ မေးလိုက်၏။

“ အစ်ကိုလည်း မသိဘူး ”

လီချန်ရှို့ ပြန်ပြောလိုက်သည်။

“ ဒါပေမဲ့ အဲဒီအမျိုးသမီးက အရှေ့ဘက်က လူတော့မဟုတ်လောက်ဘူး ”

“ မကြာသေးခင်တုန်းက ပညာရှင်တစ်ယောက်က အစ်ကို့ကို မှော်အတတ်တစ်ခု သင်ပေးခဲ့တယ်။ အစ်ကို ရိုးရှင်းတဲ့ ကိုယ်ပွားတစ်ခု လုပ်ထားတယ်။ ဒီနေ့ အစ်ကို့ရဲ့ ကိုယ်ပွားကို သုံးပြီး သူ့ကိုသွားတွေ့ပြီး သူ့အစွမ်းဘယ်‌‌လောက်ရှိလဲဆိုတာ ကြည့်ကြတာပေါ့။ ညီလေးရိ ဘေးကနေ ကြည့်နေပါ။ တကယ်လို့ အစ်ကိုရဲ့ ကိုယ်ပွားက အန္တရာယ်နဲ့ ရင်ဆိုင်ရပြီဆိုရင် ညီလေးက နဂါးမျိုးနွယ်က ပညာရှင်တွေကို အကြောင်းကြားပြီး ဒီကိစ္စကို ကိုင်တွယ်ခိုင်းလိုက်ပါ ”

အောင်းရိ ချက်ချင်း သဘောတူလိုက်၏။

“ ဂရုစိုက်ပါ အစ်ကိုနတ်မင်း... ”

လီချန်ရှို့ ခေတ္တမျှတွေးတောလိုက်ပြီး မည်သို့မှ ပြန်မပြောလိုက်တော့ချေ။ သူသည် သူ၏စိတ်စွမ်းအား တစ်ဝက်ခန့်ကို ဖြည်းဖြည်းချင်း ပြန်ရုတ်သိမ်းလိုက်၏။

ဘုံကျောင်းအပြင်မှ အမျိုးသမီးသည် အဓိကနတ်မင်းရုပ်တုမှ စိတ်စွမ်းအားများ ပြန်ရုတ်သိမ်းသွားကြောင်းကို သိလိုက်သကဲ့သို့ ရှေ့သို့ ခြေလှမ်းအနည်းငယ်တိုး၍ ဘုံကျောင်းအတွင်းသို့ ဝင်လိုက်လေတော့သည်။

သူမသည် ဘုံကျောင်းအတွင်းသို့ ခပ်သွက်သွက် ဝင်သွားပြီး အတန်ငယ် စိတ်လှုပ်ရှားနေပုံရ၏။ သူမသည် နတ်မင်းရုပ်တုကို အားကောင်းသော “ ရှတတအမျိုးသမီးအသံ ” ဖြင့် အော်ပြောလိုက်သည်။

“ တာအို...အဲ..ပင်လယ်စောင့်နတ်မင်း... နေပါဦး။ ကျ..ကျမ နတ်မင်းကို မေးစရာတစ်ခု ရှိလို့ပါ ”

လီချန်ရှို့ ဆွံ့အသွား၏။

‘ ဘာလို့များ ဒီစွမ်းအားကြီး နတ်ဝိဇ္ဇာက ဒီလိုမျိုးလုပ်နေရတာလဲ။ သူက စကားတစ်ခွန်းတည်းနဲ့ အချက်အလက်တွေ အများကြီးပေးလိုက်တာပါ။ မဟုတ်သေးပါဘူး။ ဒါက ပြောင်းပြန်ဗျူဟာ တစ်ခုဖြစ်မယ်။ သူက တမင်တကာ ဟာကွက်တွေ ဖော်ပြပြီး ငါ့ကို သတိလက်လွတ်ဖြစ်အောင် လုပ်နေတာပဲ... ’

‘ ဒီ ကျင့်ကြံသူက‌တော့ ငါ့ကို လျှော့တွက်မိပြီလို့ပဲ ပြောချင်တယ်... ’

မည်သူမှန်းမသိရသေးသော ကြောက်မက်ဖွယ် တာအိုသင်္ကေတများရှိသည့် အမျိုးသမီးသည် ရုပ်ဖျက်ခြင်းတွင် အလွန်ညံ့သူ သို့မဟုတ် တော်လွန်းသူဖြစ်နိုင်ပေသည်။ လီချန်ရှို့သည် သူ၏စည်းမျဉ်းများအရာ အဆိုးဆုံးကိုသာ အရင်ဆုံးတွေးထားလိုက်သည်။

သူမသည် ရင်ဆိုင်ရန် ခက်ခဲသူတစ်ဦး ဖြစ်နိုင်ပေသည်။ လီချန်ရှို့ စိတ်ဆုံးဖြတ်လိုက်၏။ သူသည် သူ၏ စိတ်စွမ်းအားအချို့ကို ရုပ်တုတွင် ချန်ထားလိုက်သည်။ အနာဂတ်တွင် ပင်လယ်စောင့်နတ်မင်းအဖြစ် ရှေ့ထွက်သရုပ်ဆောင်ရန် သူရွေးချယ်ထားသော စက္ကူကိုယ်ပွားကို အန်းရွှေမြို့အနီးမှ နေ၍ တိမ်စီးကာ ထိုဘုံကျောင်းသို့သွားစေလိုက်သည်။

စက္ကူကိုယ်ပွား၏ ရုပ်သွင်သည် စစ်သူကြီးတုံမုနှင့် မကြာခဏတွေ့လေ့ရှိသော ပိန်းပါး၍ ကြင်နာတတ်ဟန်ရှိသော တာအိုရသေ့အိုကြီးအသွင်ပင်ဖြစ်သည်။ အမျိုးသမီးသည် အဓိကနတ်မင်းရုပ်တုဆီသို့ လျင်မြန်စွာ လျှောက်သွား၏။ ဘုံကျောင်းရှိ အမွှေးတိုင်ပူဇော်မှုအတွက် တာဝန်ယူရသောသူများနှင့် လာရောက်ပူဇော်ကြသော ဘုံကျောင်းအတွင်းရှိ အခြားသူများသည် ထိုအမျိုးသမီးကို စိတ်ဝင်တစားကြည့်လိုက်ကြ၏။

ဘေးမှ သေမျိုးများ၏ အကြည့်များသည် သူမကို မသက်မသာ ခံစားရစေ၏။

တစ်စုံတစ်ယောက်ကို တောင်းဆိုရခြင်းသည် အနှိပ်စက်ခံရသလိုပင် ဖြစ်လေသည်။

သူမသည် ရင်ထဲမှ သက်ပြင်းချ၍ ပင်လယ်စောင့်နတ်မင်းရုပ်တုကို ကြည့်ကာ မျက်မှောင်ကြုတ်လိုက်သည်။ သူမသည် လက်နှစ်ဖက်ဆုပ်၍ အတန်ကြာတွေးတောနေ၏။

ဘေးရှိ ကျောက်စိမ်းရုပ်တုကို သူမ မြင်ဖူးသကဲ့သို့ ရှိ၏။ သို့သော် သူမသည် ထိုဘုံကျောင်းသို့ မလာမီ လှည့်လည်မေးမြန်းစုံစမ်းခဲ့ပြီးဖြစ်သည်။ ထိုရုပ်တုသည် အစောင့်အရှောက်ရုပ်တုပင်။ သူမသည် ပင်လယ်စောင့်နတ်မင်းရုပ်တု၏ ပိုင်ရှင်အစစ်အမှန်ကိုသာ ရှာရမည်ဖြစ်သည်။

အတန်ကြာ တွေဝေနေပြီးနောက် သူမသည် နောက်ဆုံးတွင် ပါးစပ်ဟ၍ မ‌ရေရာသောအသံဖြင့် မေးလိုက်လေသည်။

“ ဟုတ်... ပင်လယ်စောင့်နတ်မင်းရှင့်... ကျမကို ကိုယ်ထင်ပြလို့ ရမလားရှင်... ”

သူမ၏ ဘေးရှိ ကိုးကွယ်သူများသည် ရယ်မောလိုက်ကြ၏။

လျှို့ဝှက်စောင့်ကြည့်နေသော အောင်းရိသည်လည်း အနောက်ကျောင်းတော်မှဟုထင်ရသော အမျိုးသမီးကြီးကြောင့် အတန်ငယ် ရယ်ချင်စိတ်ဖြစ်သွား၏။

အကယ်၍ ယခုအောင်းရိသည်သာ ရွှေနတ်လိပ်ကျွန်းသို့ သူ၏ဆရာထံတွင် တပည့်ခံရန် ရောက်ခါစအောင်းရိသာ ဖြစ်ပါက သူသည် တစ်ခုခုလုပ်မိသွားမည် ဖြစ်သည်။ သူသည် လုံးဝ ကြောက်ရွံ့စိတ်ရှိမည် မဟုတ်ပေ။

သို့သော် လက်ရှိအောင်းရိသည် ထိုစဉ်ကကဲ့သို့ စိတ်လိုက်မာန်ပါ လုပ်တတ်သူမဟုတ်တော့ပေ။

သူသည် အခြေအနေကိုသုံးသပ်၍ ပုန်းအောင်းကာ လျှို့ဝှက်လေ့လာတတ်ရန် သင်ယူခဲ့ပြီးဖြစ်သည်။

ဘုံကျောင်းတွင် အမွှေးတိုင်ပူဇော်မှု မပြတ်စေရန် တာဝန်ယူရသော အပြာရောင် ဝတ်ရုံရှည်ကြီး ဝတ်ဆင်ထားသော အဘိုးကြီးသည် ရှေ့သို့လျှောက်လာ၍ အမျိုးသမီးကို လက်နှစ်ဖက်ဆုပ်၍ နှုတ်ဆက်လိုက်၏။

“ မိန်းကလေး... ပင်လယ်စောင့်နတ်မင်းရဲ့ အရှေ့မှာ သိပ်ပြီးမရိုင်းပြပါနဲ့။ မိန်းကလေးက ပင်လယ်စောင့်နတ်မင်းကို ကိုယ်ထင်ပြစေချင်ရင် အနည်းဆုံးတော့ အမွှေးတိုင်ပူဇော်ပြီး ဒူးထောက်ရမှာပေါ့။ အဲဒီလိုဆိုရင် ပင်လယ်စောင့်နတ်မင်းက မိန်းကလေးရဲ့ အိပ်မက်ထဲမှာ လာပြီး ကိုယ်ထင်ပြရင်ပြနိုင်ပါတယ် ”

အမျိုးသမီးသည် မျက်မှောင်ကြုတ်လိုက်၏။

“ ကျမ ဘယ်လိုလုပ် အဲ့လိုလုပ်နိုင်မှာလဲ ”

အဘိုးကြီးသည် မျက်မှောင်ကြုတ်၍ ပြောလိုက်၏။

“ ဘာလို့ မလုပ်နိုင်တာလဲ ”

“ ထားလိုက်ပါတော့...ထားလိုက်ပါတော့.. ကျမဆက်မမေးတော့ပါဘူး။ ကျမကိုယ်ကျမ ဘာလို့ အဘိုးရဲ့ အဆင့်အထိ နိမ့်ကျခံရမှာလဲ ”

အမျိုးသမီးသည် သူမ၏လက်ကို ဝေ့ယမ်းလိုက်ပြီး အတန်ငယ် စိတ်ပျက်နေ၏။ သူမသည် နောက်လှည့်၍ ဘုံကျောင်းတံခါးဆီသို့ လျှောက်သွားလိုက်သည်။ သူမသည် နဂါးတစ်ကောင်ကဲ့သို့ ပြေပြစ်စွာ လျှောက်လှမ်းသွား၏။ အောင်းရိသည် မသိမသာ မျက်ခုံးပင့်လိုက်သည်။ သူသည် ထိုအမျိုးသမီး ဖုံးကွယ်ရန် မေ့နေသော တာအိုသင်္ကေတများကို ရုတ်တရက် မှတ်မိသွား၏။

ထိုသင်္ကတများသည် သူမြင်ဖူးသော သင်္ကေတများနှင့် တူလေသည်။

ထိုအခိုက်တွင် ယင်းဘုံကျောင်းဆီသို့ ပျံသန်း၍လာနေသော စက္ကူကိုယ်ပွားသည် အောက်ရှိ အမျိုးသမီးကို ကြည့်၍ အသံတစ်ခု ပို့လွှတ်လိုက်သည်။

“ မိတ်ဆွေ ကျင့်ကြံသူ... ကျွန်တော့်ကို ရှာနေတာ ဘာကိစ္စများ ရှိလို့ပါလဲ ”

လီချန်ရှို့သည် ထိုအမျိုးသမီးထွက်ခွာသွားနေပြီ ဖြစ်ကြောင်းမြင်လိုက်ရသောအခါ သူ၏ ပထမဆုံးအတွေးသည် သူမကို ထွက်သွားစေလိုက်ရန် ဖြစ်သည်။ ပြဿနာကို ရှောင်ရှားခြင်းသည် ပို၍ ကောင်းပေသည်။

သို့သော် ထိုအမျိုးသမီးသည် ဤနေရာအထိ ရောက်လာရခြင်းသည် အကြောင်းတစ်ခုခု ရှိရပေမည်။ အကယ်၍ သူသာ သူမကို ယခုကဲ့သို့ ပြန်သွားခိုင်းလိုက်လျှင် သူစိတ်အေးနိုင်မည် မဟုတ်ပေ။

ထို့ကြောင့် သူသည် သူမဤနေရာ၌ ဆက်နေရန် တိုက်ရိုက်အသံပို့လွှတ်လိုက်ခြင်းပင်။

အောက်ရှိ အမျိုးသမီးသည် မော့ကြည့်လိုက်၏။ သူမသည် ထိုတာအိုရသေ့အိုကြီးမှာ တိမ်စီး၍ ဖြတ်သွားသူသာဟု ထင်နေခဲ့၏။ သူမသည် ထိုအသံပို့လွှတ်မှုကို ကြားလိုက်သောအခါ သူမ၏အကြည့်သည် တာအိုရသေ့အိုကြီးထံမှ မခွာတော့ပေ။

‘ ကိုယ်ပွားလား... ’

သူမသည် သူမ၏ ဘေးဘီဝဲယာကို ကြည့်လိုက်သည်။ သူမ စကားလှမ်းပြောရန် ပြင်လိုက်စဉ်တွင် စက္ကူကိုယ်ပွားသည် မြေပေါ်သို့ ဆင်းလာပြီဖြစ်သည်။

ကိုးကွယ်သူအချို့သည် အရှေ့သို့ကြည့်၍ အံ့အားသင့်နေကြ၏။ သူတို့သည် နတ်ဝိဇ္ဇာအစစ်အမှန်ကို တွေ့လိုက်ရသောအခါ မှင်သက်နေကြလေသည်။

တာအိုရသေ့အိုကြီးသည် သူ၏အင်္ကျီလက်အတွင်းမှ သစ်သားပြားလေးတစ်ပြားကို ထုတ်၍ ဘုံကျောင်းတွင် အမွှေးတိုင်ပူဇော်မှု မပြတ်စေရန် တာဝန်ယူရသော အဘိုးအိုကို ပေးလိုက်လေသည်။ အဘိုးအိုသည် စိတ်ဓာတ်တက်ကြွသွား၏။

စက္ကူကိုယ်ပွား တာအိုရသေ့အိုကြီးသည် ပြုံး၍ ပြောလိုက်လေသည်။

“ ခဏလောက် ဘုံကျောင်းအပြင်ကိုထွက်ပြီး ဘုံကျောင်းတံခါးကို ပိတ်လိုက်ပါ။ ခင်ဗျား အပြင်မှာ စောင့်နေနိုင်ပါတယ် ”

“ အမိန့်တော်အတိုင်းပါ... ”

အဘိုးကြီးသည် ဦးညွှတ်၍ အမိန်နာခံလိုက်၏။ သူသည် ညွှန်ကြားချက်အတိုင်း လာရောက်ပူဇော်သူများကို ဦးဆောင်၍ ဘုံကျောင်းအပြင်သို့ ထွက်သွားကြလေသည်။ ထို့နောက် သူသည် သစ်သားတံခါးကို ပိတ်လိုက်၏။ စက္ကူကိုယ်ပွား တာအိုရသေ့အိုကြီးသည် သူ၏လက်ကိုဝှေ့ယမ်း၍ အကာအရံ အလွှာတစ်ခုကို ဖန်ဆင်းလိုက်သည်။ ထို့နောက် သူသည် ‌နောက်သို့လှည့်၍ ထူးဆန်းသော “ အမျိုးသမီး ”ကို ဦးညွှတ်လိုက်၏။

တာအိုရသေ့အိုကြီးက ပြောလိုက်သည်။

“ ကျွန်တော် ကိုယ့်ကိုယ်ကို အရှက်ရစေခဲ့ပါပြီ။ ခန်းမထဲမှာ စကားပြောကြတာပေါ့ ”

အမျိုးသမီးသည် အလိုလို သူမ၏လက်ကို နောက်ပစ်လိုက်မိပြီး ခေါင်းမော့လိုက်၏။ သူမသည် ပြောနေကျအကျင့်အရ ပုံမှန်လေသံအတိုင်း ပြောမိလိုက်လေသည်။

သို့သော် “ သူမ ”သည် သူမ၏ လက်ရှိအခြေအနေအရ မသင့်တော်ကြောင့် သဘောပေါက်သွား၏။ သူမသည် ချက်ချင်းပင် လက်ကို ရှေ့သို့ပြန်ပို့လိုက်၏။ လီချန်ရှို့မှာမူ သတိလက်လွတ်မနေရဲပေ။ သူသည် လျှို့ဝှက်ပြင်ဆင်ထားပြီး သူမကိုခေါ်၍ ခန်းအအတွင်းသို့ ဝင်သွားလိုက်သည်။ သူသည် အောင်းရိကြားနိုင်၊ မြင်နိုင်လောက်သော နေရာဖြစ်သည့် ပင်လယ်စောင့်နတ်မင်းရုပ်တုအရှေ့တွင် သူမနှင့် စကားပြောလိုက်၏။

“ အမျိုးသမီး ”က သူမ၏ လက်ချောင်းများကို မသိမသာထိ၍ နိမိတ်ဖတ်လိုက်သော်လည်း သူမ၏ အရှေ့တွင်ရှိသော ကိုယ်ပွား၏ သရုပ်အစစ်အမှန်ကို မသိနိုင်ဖြစ်နေလေသည်။

တာအိုရသေ့အိုကြီးက စတင်၍ စကားပြောလိုက်၏။ သူသည် ကြင်နာသောလေသံဖြင့် ခပ်ဖြည်းဖြည်းပြောကာ ခပ်ဖြည်းဖြည်းပြုံးလိုက်လေသည်။

“ ကျွန်တော်က ဒီဘုံကျောင်းရဲ့ ပင်လယ်စောင့်နတ်မင်းပါ။ အခုပြောနေတာက ကျွန်တော့်ရဲ့ ကိုယ်ပွားပါ။ မိတ်ဆွေကျင့်ကြံသူ... ကျွန်တော်နဲ့ ဘာလို့တွေ့ချင်ရတာပါလဲ ”

သူ၏ မျက်လုံးများထဲတွင် သတိရှိမှုများသည် သင့်တော်သော ပမာဏသာရှိနေလေသည်။ သူသည် ပစ်မှတ်ထားခံရမည်ကို မကြောက်သဖြင့် ယုံကြည်မှုရှိသည့်ဟန်ရှိနေလေသည်။

ထိုအရာကား ပြောင်မြောက်သော ရုပ်ဖျက်အတတ်ပင်။

အမျိုးသမီးက ပြောလိုက်သည်။

“ ရှင်ကလည်း ကိုယ်ပွား၊ ကျမရဲ့ ရုပ်သွင်ကလည်း အတုပဲ။ အဲဒီတော့ ကျမတို့ ကျေပြီပေါ့။ ရှင်လည်း ကိုယ်အစစ်အမှန်ကို ထုတ်ပြလိုက်ပေါ့.. ကျမလည်း ကျမရဲ့ ရုပ်သွင်အစစ်အမှန်ကို ပြန်ပြောင်းလိုက်မယ် ”

လီချန်ရှို့သည် ထိုစကားကို ကြားလိုက်သောအခါ ထိုစကားသည် ပြောင်မြောက်ကြောင်း တွေးမိလိုက်၏။ ထိုသူသည် ပုံမှန်အတိုင်း စကားအနည်းငယ်ကို ပြောလိုက်ခြင်းဖြစ်သော်လည်း အမှန်တွင် တစ်စုံတစ်ခုကို ဖုံးကွယ်ထားရမည်ဟု သူတွေးလိုက်၏။ သူသည် ထိုသူ၏ စိတ်နေသဘောထားအမှန်ကို မသိသော်လည်း သူ၏ ကျင့်ကြံခြင်းအဆင့်၊ တာအိုသင်္ကေတများနှင့် အာဒိကပ္ပလောကကဲ့သို့ ပတ်ဝန်းကျင်တွင်...

လီချန်ရှို့အနေဖြင့် တန်ခိုးရှင်သုံးပါးသည် တစ်ပါးနှင့်တစ်ပါး မတည့်ကျဟု ယုံကြည်လိုနေ၏။ အဘယ်ကြောင့်ဆိုသော် သူတို့အကြားတွင် ‘ နတ်ဘုရားများနှင့်တိုက်ခိုက်ခြင်း ’ မှနေ၍ ပေါ်ပေါက်လာသော ပဋိပက္ခများ ရှိနေသောကြောင့်ပင်။ သူသည် သူ့ရှေ့တွင် ရှိနေသော အမျိုးသမီး၏ စကားများကို မယုံလိုပေ။ ထိုစကားများ၏ အောက်တွင် အခြားအဓိပ္ပာယ်များ ရှိနေမည်ဟု သူခံစားလေနေရ၏။

တာအိုရသေ့အိုကြီးသည် ဖြည်းညင်းစွာ ပြောလိုက်လေသည်။

“ မိတ်ဆွေ ကျင့်ကြံသူ... မိတ်ဆွေက နောက်နေတာထင်တယ်။ ကျွန်တော်သာ ကျွန်တော့်ရဲ့ ရုပ်သွင်အစစ်အမှန်ကို ပြနိုင်ရင် ကျွန်တော့်ရုပ်တုရဲ့ မျက်နှာကို ဘာလို့မထင်မရှားလုပ်ထားမှာလဲ... ”

“ အိုး... ဟုတ်သားပဲ..ကျမအဲ့အချက်ကို မတွေးလိုက်မိဘူး ”

“ မိတ်ဆွေ ကျင့်ကြံသူ... ယောက်ျားအဖြစ် ပြန်ပြောင်းလိုက်ပါလား ”

တာအိုရသေ့အိုကြီးသည် ဆက်ပြောလိုက်သည်။

“ မိတ်ဆွေရဲ့ လေသံနဲ့ ပြောဟန်တွေက မိန်းမနဲ့တော်တော်လေး ကွဲပြားနေပါတယ်။ အဲဒါက နည်းနည်း တစ်မျိုးကြီး ဖြစ်မနေဘူးလား... ”

“ အင်း... ဟားဟားဟား... ဟုတ်လား... ”

“ အမျိုးသမီး ”သည် အိုးတိုးအန်းတန်းပြုံး၍ ထရပ်လိုက်သည်။ သူမသည် လှည့်ပတ်လိုက်ရာ သူမ၏ပတ်ပတ်လည်တွင် နတ်အလင်းများ အဆက်မပြတ် ပေါ်လာ၏။ သူမသည် ရုတ်ခြည်းပင် ဂုဏ်သိက္ခာရှိပြီး တုန်ခိုင်သန်မာသော ယောက်ျားကြီးတစ်ဦးအသွင် ပြောင်းသွားလေသည်။

သူသည် လေးထောင့်ကျသော မျက်နှာရှိ၍ မုတ်ဆိတ်မည်းမည်းများ ရှိ၏။ သူ၏ ရှည်လျားကျဉ်းမြောင်းသော မျက်ဝန်းများအတွင်းမှ ကြည်လင်သော အလင်းတစ်ခုထွက်ပေါ်နေ၏။ သူသည် နဖူးပြောင်သူဟု ဆိုနိုင်၏။

သူ၏ ဆန်းကြယ်သော တာအိုသင်္ကေတများသည် ယခုတွင် ပို၍ပင် ထင်ရှားလာပေပြီ။

ထိုပုဂ္ဂိုလ်သည် မုတ်ဆိတ်မွေးကိုသပ်၍ ပြုံးကာ ပြောလိုက်၏။

“ ရှိစေတော့... ရှိစေတော့ ကျုပ်ရဲ့ ရုပ်အစစ်အမှန်ကို ပြလိုက်ပါမယ်။ မိတ်ဆွေတာအိုရသေ့ကြီး ကျုပ်ကို သိလား ”

သူ၏ စကားလုံးများထဲတွင် မျှော်လင့်ချက်များပါနေလေသည်။

လီချန်ရှို့ မသိမသာ မျက်မှောင်ကြုတ်လိုက်၏။

‘ ရုပ်အစစ်အမှန် ဟုတ်လား... ’

ထိုသူသည် လိမ်ပြောနေသော်လည်း သူ၏ မျက်နှာထားသည် လွန်စွာသဘာဝကျလေသည်။ လီချန်ရှို့သည်ပင် ထိုသူကို လက်မြှောက်အရှုံးပေးရပြီး ရှက်၍ပင်သွားမိ၏။ လီချန်ရှို့သည် စက္ကူကိုယ်ပွားကို သုံး၍ စကားပြောလိုက်၏။

တာအိုရသေ့အိုကြီးသည် ပြုံး၍ ပြောလိုက်လေသည်။

“ ကျွန်တော်မသိတာကို ဗွေမယူပါနဲ့...ဒါပေမဲ့ မိတ်ဆွေက ဘယ်သူဆိုတာ ကျွန်တော်မသိပါဘူး ”

“ အာ... ခင်ဗျားက ကျုပ်ကို တကယ်မသိဘူးလား ”

“ ကျွန်တော်က ဂိုဏ်းထဲမှာပဲ အနေများလို့ အပြင်လောကနဲ့ သိပ်ပြီး မရင်းနှီးပါဘူး ”

“ အေးလေ... အဲဒီလိုဆိုတော့လည်း ပိုလွယ်သွားတာပေါ့ ”

ထိုပုဂ္ဂိုလ်သည် လက်ခုပ်တီး၍ ရယ်မောလိုက်သည်။ သူ၏ စိတ်အခြေအနေသည် ကောင်းနေ၏။ သူသည် တရားထိုင်ဖျာလေးပေါ်တွင် တင်ပျဉ်ခွေထိုင်လိုက်ပြီး ပို၍ လျင်မြန်စွာ ပြောလိုက်၏။

“ ဟားဟားဟား... ခင်ဗျားက ကျုပ်ကိုမသိတာလည်း ကောင်းတာပါပဲ။ ခင်ဗျားက ကျုပ်ကိုမသိဘူးဆိုတော့ ရှက်နေစရာမလိုတော့ဘူးပေါ့။ ကျုပ်ဒီနေ့ ဒီကိုလာခဲ့တာ ပင်လယ်စောင့်နတ်မင်းဆီက လမ်းညွှန်ချက်တောင်းချင်လို့ပါ။ ခင်ဗျား ဒီသေးငယ်တဲ့ ပင်လယ်စောင့်နတ်မင်းဘုံကျောင်းတွေကို ဒီလောက်အနေအထားထိ အလျင်အမြန်တိုးတက်လာအောင် ဘယ်လိုများ လုပ်ခဲ့တာလဲ။ ရိုးရိုးသားသား ပြောရမယ်ဆိုရင် ကျုပ်ရဲ့ဂိုဏ်းထဲမှာလည်း ကျွန်းငါးကျွန်းမှာ ဘုံကျောင်းတွေ ထောင်ထားတဲ့ ကျုပ်ရဲ့မိတ်ဆွေကောင်းတွေရှိတယ်။ ဒါပေမဲ့ သူတို့ရဲ့ ဘုံကျောင်းတွေက ရေရှည်မခံပါဘူး။ ဘုံကျောင်းတွေကို အင်အားသုံးပြီး တည်ထောင်ပေမယ့် ကိုးကွယ်သူနည်းနည်းပဲရှိတယ်။ သူတို့ရတဲ့ အမွှေးတိုင်ပူဇော်မှုက ခင်ဗျားရတဲ့ အမွှေးတိုင်ပူဇော်မှုထက် အများကြီးပိုနည်းတယ်။ ဒီနေ့ ကျုပ် သူတို့ရဲ့ ကိုယ်စား မေးရအောင်လာခဲ့တာပါ။ မိတ်ဆွေ တာအိုရသေ့ကြီး ကျုပ်ကို တစ်ချက်၊ နှစ်ချက်လောက် လမ်းညွှန်ပြလို့ရမလား။ ကျုပ်က အလကား‌တောင်းဆိုမှာ မဟုတ်ပါဘူး။ ခင်ဗျားသဘောတူတယ်ဆိုရင် ကျုပ်ခင်ဗျားကို ကျုပ်ရဲ့ ရတနာတွေ ပေးပါမယ် ”

လီချန်ရှို့ မျက်မှောင်ကြုတ်လိုက်၏။

ထိုပုဂ္ဂိုလ်သည် စကားပြောပြောချင်းမှာပင် ပင်လယ်စောင့်ဘုံကျောင်းများ အလျင်အမြန် တိုးတက်လာရသည့် လျှို့ဝှက်ချက်ကို မေးခဲ့၏။

‘ ဒီကိစ္စက တကယ်တော့ ရိုးရှင်းပါတယ်။ အရင်ဆုံး စည်းစိမ်ချမ်းသာတွေကြောင့် မျက်ကန်းတစ္ဆေမကြောက်သလို ဖြစ်နေပြီး နွားသိုးတွေလို သန်မာတဲ့ စုန်းကဝေလူသားနတ်တမန်တော်တွေ ရှိရမယ်။ သူတို့က သူတို့ရဲ့ ကြွက်သားတွေကို ပြပြီးတော့ သေမျိုးတွေကို စည်းရုံးရမယ် ’

‘ ဘုံကျောင်းတွေ အတော်အတန် များလာတော့ ကျွန်တော်က ရှေးဟောင်းနဂါးမျိုးနွယ်ကို ဒီကိစ္စထဲဆွဲသွင်းလိုက်ပြီး ကျွန်တော်ရတဲ့ ကုသိုလ်တွေထဲက နှစ်ဆယ့်ငါးရာခိုင်နှုန်းကို သုံးပြီး နဂါးမျိုးနွယ်ကို ပင်လယ်စောင့်နတ်မင်းဘုံကျောင်းတွေရဲ့ တိုးတက်မှုကို ထောက်ပံ့ပေးဖို့ လှည့်ဖျားလိုက်တယ်။ ပြီးတော့ ကျွန်တော်က တကယ့်နဂါးအစစ်နည်းနည်းလောက်ကို နေရာအနှံ့မှာ ပေါ်လာအောင် လုပ်လိုက်တယ်... ’

လီချန်ရှို့သည် ထိုသို့ပြောလိုက်၍ မရပေ။ သူသည် ထိုပုဂ္ဂိုလ်ကို လှည့်ဖျားရန် ဆုံးဖြတ်လိုက်၏။

“ လျှို့ဝှက်ချက်ရယ်လို့ မရှိပါဘူး... တကယ်တော့ ကျွန်တော်က ကိုးကွယ်သူတွေကို အလေးအနက်ထား ဆက်ဆံပြီးတော့ သူတို့ရဲ့ နှလုံးသားကို အနိုင်ယူခဲ့တာပါ။ ကျွန်တော်က ကိုးကွယ်သူတွေကို အလေးအနက်ထား ဆက်ဆံတော့ သူတို့ကလည်း ကျွန်တော့်ကို အလေးအနက်ထားပြီး အမွှေးတိုင်ပူဇော်တာပေါ့... ”

မမျှော်လင့်ထားစွာပင်...

“ အလေးအနက်ထားခံရအောင် အလေးအနက်ထားဆက်ဆံတာပေါ့လေ... ”

ထိုပုဂ္ဂိုလ်သည် မုတ်ဆိတ်မွေးသပ်၍ ခေတ္တမျှ တွေးတောနေလိုက်သည်။ ထို့နောက် သူသက်ပြင်းချ၍ ပြောလိုက်၏။

“ မိတ်ဆွေ တာအိုရသေ့ကြီးပြောတာ မှန်ပါတယ်။ ကျုပ်ရဲ့ ဂိုဏ်းကမိတ်ဆွေတွေက သူတို့ရဲ့ ဘုံကျောင်းတွေကိုသုံးပြီး အမွှေးတိုင်ပူဇော်မှုကရတဲ့ ကုသိုလ်တွေကိုပဲ လိုချင်နေကြတာ။ ဒါပေမဲ့ သေမျိုးတွေကိုတော့ မကာကွယ် မစောင့်ရှောက်ပေးကြဘူး ”

သူသည် ထိုသို့ပြောပြီးနောက် ထရပ်ကာ စက္ကူကိုယ်ပွား တာအိုရသေ့အိုကြီးကို တာအိုအရိုအသေပြုလိုက်၏။

ထို့နောက် သူသည် သူ၏ အင်္ကျီရင်ဘတ်ရှိ အိပ်ကပ်အတွင်းမှ ခေါက်ယပ်တောင်လေးတစ်ချောင်းကို ထုတ်၍ လေးလေးနက်နက်ပြောလိုက်၏။

“ ဒါက လက်ဆောင်အသေးလေးပါ။ အခုလို လမ်းညွှန်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ”

ထိုသို့ပြောပြီးနောက် သူသည် နောက်လှည့်ကာ ဘုံကျောင်းအပြင်သို့ ထွက်ခွာသွားလေတော့သည်။ သူသည် ခေါင်းမော့၍ ကျယ်လောင်စွာ ရယ်မောလိုက်၏။ ထို့နောက် တိမ်စီးကာ ဖြည်းဖြည်းချင်း ပျံသန်းသွားလေသည်။

လီချန်ရှို့၏ နှလုံးသားအတွင်း၌ သံသယများဖြင့် ပြည့်နှက်နေ၏။ သူသည် ခေါက်ယပ်တောင်လေးမှ ထွက်ပေါ်နေသာ ဝိညာဉ်အလင်းကင်ကြည့်ရှုလိုက်ပြီး ထိုယပ်တောင်ကို ယူသင့်၊ မယူသင့် ဝေခွဲမရဖြစ်နေလေသည်။

ထိုကိစ္စသည် သူမျှော်လင့်ခဲ့သလို မဟုတ်ပေ။ တစ်ခုခု လွဲနေပုံပေါ်၏။

ထိုအခိုက်တွင် အောင်းရိသည် သူ၏ စိတ်စွမ်းအားကိုသုံး၍ အဓိကနတ်မင်းရုပ်တုထံသို့ အသံပို့လွှတ်လိုက်၏။

“ အစ်ကိုနတ်မင်း... အစ်ကိုပြောသွားတဲ့ အလေးအနက်ထားခံရဖို့ အလေးအနက်ဆက်ဆံရမယ်ဆိုတာက တကယ်ကို လေးစားဖို့ကောင်းတာပဲ ”

လီချန်ရှို့ ဆွံ့အသွား၏။

လက်ထောက်နတ်မင်းသည်ပင် ထိုရယ်ရွှင်ဖွယ် အလိမ်အညာစကားများကို ယုံနေလေသည်။

အောင်းရိ ရယ်မောလိုက်ပြီးနောက် သက်ပြင်းချလိုက်၏။

“ ကျွန်တော့်ရဲ့ ဆရာဦးလေးကို အစ်ကို တည်တည်ငြိမ်ငြိမ် ပြန်ပြီးတုံ့ပြန်နိုင်ခဲ့တာကို ကျွန်တော် ဘယ်လို ချီးကျူးရမယ်မှန်းတောင် မသိတော့ဘူး ”

လီချန်ရှို့ မှင်သက်သွား၏။ သူသည် စိတ်စွမ်းအားကိုသုံး၍ အသံပို့လွှတ်လိုက်၏။

သူမေးလိုက်သည်။

“ အဲ့ပုဂ္ဂိုလ်က ကျဲ‌ကျောင်းတော်က နတ်ဝိဇ္ဇာလား။ သူက ဘယ်သူလဲ... ”

“ အစ်ကိုနတ်မင်း... သူဘယ်သူဆိုတာ အစ်ကိုနတ်မင်း တကယ်မသိတာလား ”

အောင်းရိ စိတ်ဝင်တစားမေးလိုက်၏။

“ တကယ်မသိတာပေါ့... အစ်ကိုက ညီလေးကို ဘာလို့လိမ်ရမှာလဲ ”

အောင်းရိက ပြုံး၍ ပြောလိုက်သည်။

“ သူ့ရဲ့ တာအိုသင်္ကေတတွေ၊ ကိုယ်လုံးကိုယ်ပေါက်၊ ရုပ်ရည်နဲ့ စိတ်နေစိတ်ထားတွေက မဆိုးဘူးလို့ ကျွန်တော်ထင်တယ်။ သူက ကျဲကျောင်းတော်ရဲ့ အပြင်ဂိုဏ်းတော်က တပည့်လေ။ သူက ကျောင်းတော်တည်ထောင်သူ လက်အောက်က တပည့်ရှစ်ယောက်ထဲက တစ်ယောက်ပဲ။ သူက ကျွန်တော်တို့ ဂိုဏ်းထဲမှာ မကြာမကြာတွေ့ရတဲ့ တန်ခိုးစွမ်းအားကြီးတဲ့ သူပဲ။ သူ့ကို... တာအိုရသေ့ကုန်းမင်လို့ ခေါ်ကြတယ် ”

လီချန်ရှို့သည် အောင်းရိကို စိုက်ကြည့်လိုက်၏။

စက္ကူကိုယ်ပွားသည် ချက်ချင်းပင် နောက်လှည့်၍ ခေါက်ယပ်တောင်လေးကိုကိုင်ကာ ပျံသန်းထွက်ခွာသွားလိုက်သည်။

‘ ချီးပဲ... ’

‘ အဟမ်း... ငါစကားကြမ်းကြမ်းတွေ ပြောလို့မရဘူး။ မိန်းမပုံစံဟန်‌ဆောင်ပြီး ဘုံ‌ကျောင်းကို ရောက်လာတဲ့သူက ကျောက်ကုန်းမင်တဲ့... ’

‘ သူက ဧကရီစန်းရှောင်းရဲ့ အစ်ကိုပဲ...ပြီးတော့ သူက နတ်ဘုရားဘွဲ့စစ်ပွဲကြီးမှာ အဓိကကျတဲ့ သူတစ်ယောက်ဖြစ်လာမှာ။ သူက ချန်ကျောင်းတော်က အာကာသနတ်မင်းဆယ့်နှစ်ပါးထဲက တချို့ကိုတောင် တစ်ဆက်တည်း အနိုင်ယူနိုင်တဲ့ သူပဲ ’

‘ ငါ သူ့ဆီက ဒီနတ်ရတနာကို လက်ခံလို့မရဘူး ’

‘ ငါ ဒီအခြေအနေကို ဖြေရှင်းမှရမယ် ’

လီချန်ရှို့၏ စက္ကူကိုယ်ပွားသည် ထိုပုဂ္ဂိုလ်အနောက်သို့ လိုက်သွား၏။ ခေတ္တမျှကြာပြီးနောက် သူသည် လီတစ်ရာကျော်အကွာသို့ပင် ရောက်သွားပေပြီ။

သူသည် ကျောက်ကုန်းမင်၏ နောက်ကျောကို အဝေးမှ လှမ်းမြင်လိုက်ရသောအခါ တိမ်ပေါ်မှနေ၍ ရုတ်တရက် အော်လိုက်၏။

“ မိတ်ဆွေ... ခဏလောက်နေ...စောင့်ပါဦး ”

ကျောက်ကုန်းမင်သည် လှည့်ကြည့်ရန်ပြင်လိုက်စဉ်တွင် စက္ကူကိုယ်ပွားဘက်တွင် တစ်စုံတစ်ခု ဖြစ်ပွားခဲ့၏။

အဝေးမှနေ၍ အလင်းတန်းတစ်ခု ပျံသန်းလာပြီး ဟောင်းနွမ်းသောအဝတ်အစားများကို ဝတ်ဆင်ထားကာ လမ်းလျှောက်တုတ်ကို ကိုင်ထားသော ခါးကုန်းတာအိုရသေ့ကြီးအဖြစ် ပြောင်းလဲသွား၏။ သူသည် စက္ကူကိုယ်ပွား၏ လမ်းကို ပိတ်လိုက်လေသည်။ ခါးကုန်းတာအိုရသေ့ကြီး၏ ကိုယ်ရောင်ကိုယ်ဝါသည် လွန်စွာအေးချမ်းနေ၏။ သူ၏ မျက်နှာပေါ်တွင် အပြုံးတစ်ပွင့်ရှိနေပြီး သာမန်တာအိုရသေ့ကြီးကဲ့သို့သာ ထင်ရလေသည်။ သို့သော် သူ့ထံမှ ကောင်းသော အငွေ့အသက်များကို ရနေလေသည်။

‘ ဒီနေ့ ဘာတွေဖြစ်နေတာလဲ... ’

‘ ဘာလို့ ပညာရှင်တွေ တစ်ယောက်ပြီးတစ်ယောက် ပေါ်လာတာလဲ... ’

စက္ကူကိုယ်ပွားသည် ချက်ချင်းပင် ရပ်တန့်လိုက်ပြီး သတိကြီးကြီးထားလိုက်၏။ အဝေးရှိ ကျောက်ကုန်းမင်သည် လှည့်၍ ကြည့်လိုက်ပြီ ဖြစ်သည်။ ရုတ်တရက်ပေါ်ပေါက်လာသော ခါးကုန်းတာအိုရသေ့ကြီးသည် သူ၏မျက်လုံးေထာင့်စွန်းမှနေ၍ ကျောက်ကုန်းမင်းကို ကြည့်လိုက်၏။ သူသည် ကျောက်ကုန်းမင်ကို အရေးစိုက်သည့်ပုံ မပေါ်ပေ။

သူသည် စက္ကူကိုယ်ပွားကိုသာ ပြုံး၍ ပြောလိုက်၏။

“ ကျုပ်က ဝိညာဉ်တောင်က တန်ခိုးရှင်ရဲ့ တတိယတပည့်ပါ။ ကျုပ် ဒီနေရာမှာ ပင်လယ်စောင့်နတ်မင်းကို စောင့်ဆိုင်းနေတာ တော်တော်ကြာပါပြီ။ ကျုပ်ထင်တာသာ မမှားဘူးဆိုရင် ပင်လယ်စောင့်နတ်မင်းနဲ့ အနောက်ကျောင်းတော်က... ”

“ နပေါဦး ”

စက္ကူကိုယ်ပွားသည် အော်ပြောလိုက်ရာ ခါးကုန်းတာအိုရသေ့ကြီးသည် ကြောင်သွား၏။

ထိုအခိုက်တွင် ကျောက်ကုန်းမင်သည် တိမ်စီး၍ သူတို့ထံသို့ အလျင်အမြန်လာနေပြီဖြစ်သည်။ လီချန်ရှို့၏ အတွေးများသည် ပြေးလွှားနေ၏။ သူခန့်မှန်းထားသကဲ့သို့ပင် အနောက်ကျောင်းတော်မှ ပညာရှင်တစ်ဦးသည် အမှန်ပင် ရောက်ရှိလာပေပြီ။

ထိုအခိုက်တွင် ပထမတစ်ခုအနေဖြင့် သူသည် အဓိပ္ပာယ်မရှိသော စကားဖြစ်သည့် “ သင်နဲ့ အနောက်ကျောင်းတော်က ရေစက်ပါတာပဲ ” ဟူသော စကားကို မကြားလိုပေ။

ဒုတိယတစ်ခု အနေဖြင့် သူသည် အနောက်ကျောင်းတော်နှင့် ကျဲကျောင်းတော်တို့အကြား မြေစာပင်မဖြစ်လိုပေ။

လီချန်ရှို့ ပြတ်သားသော ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်၏။ စက္ကူကိုယ်ပွားသည် အော်ဟစ်လိုက်ပြီး ထိုနေရာမှာပင် ကမ္မနှောင်ကြိုးများကို ဖြတ်တောက်လိုက်လေတော့သည်။

“ ကျုပ်က ကျောင်းတော်သုံးကျောင်းရဲ့ လက်အောက်ခံ တာအိုဂိုဏ်းတစ်ခုက ချီကျင့်ကြံသူပါ။ ဘယ်လိုလုပ် အနောက်နဲ့ ရေစက်ပါရမှာလဲ။ မိတ်ဆွေ တာအိုရသေ့ကြီး ... ပေါက်ကရလေးဆယ်တွေ မပြောပါနဲ့ ”

စက္ကူကိုယ်ပွား ထိုသို့ပြောပြီးသည်နှင့် တစ်ပြိုင်နက် သူ၏ပတ်ပတ်လည်တွင် မီးပွားများပေါ်ပေါက်လာလေတော့သည်။ ခါးကုန်းတာအိုရသေ့ကြီးနှင့် ကျောက်ကုန်းမင်၏ အရှေ့တွင် စက္ကူကိုယ်ပွားသည် ပေါက်ကွဲသွားလေတော့သည်။

“ ကျုပ်က တာအိုဂိုဏ်းက ကိုယ်ပွားတစ်ရုပ်ပဲ... အနောက်နဲ့ ဘာမှ ပတ်သတ်မှုမရှိဘူး... ”

လီချန်ရှို့သည် လွန်ခဲ့သည့် နှစ်ပေါင်းများစွာကတည်းက ပြင်ဆင်ထားသော မိမိကိုယ်ကို ဖောက်ခွဲပစ်နိုင်သည့် တံဆိပ်တော်များသည် အမှန်ပင် အသုံးဝင်ခဲ့လေပြီ။

All Chapters