← Chapters

ငါ့ဘုရင်ရဲ့ အာဏာကို သက်သေပြမယ်

Vol. 81-85 Ch. 1215

ငါ့ဘုရင်ရဲ့ အာဏာကို သက်သေပြမယ်

Vol. 81-85 Ch. 1215

သူ့စကားကိုကြားပြီး ကျုံးဝမ် မျက်နှာ ပြာနှမ်းသွားသည်။ သူမ စိုးရိမ်တကြီးဖြင့် ယဲ့ဖန်လက်ကို ဆွဲကာ ခေါင်းခါ လိုက်သည်။

“မလုပ်ပါနဲ့ ယဲ့ဖန် ကျေးဇူးပြုပြီး”

ယဲ့ဖန်၌ ထိုသို့လုပ်နိုင်စွမ်းရှိသည်ကို သူမ သိပါသည်။

“ငါ့ချမ်မိသားစုကို ဖျက်ဆီးမယ် ဟုတ်လား၊ တော်တော် လေကြီးတာပဲ၊ မင်းကိုယ်မင်း တကယ် ယဲ့ဘုရင်လို့ ထင်နေတာလား”

“ဟေ့ကောင် ထန်မင်လီက ဒီလာတဲ့လမ်းတောင် ရောက်နေပြီ၊ မင်း ဘယ်လောက်ကြာကြာ ဟန်လုပ်နိုင်ဦးမလဲ ကြည့်ရသေးတာပေါ့”

ချမ်ဖုန်းနှင့် အခြားသူများက အရူးတစ်ယောက် သို့မဟုတ် သေလူတစ်ယောက်ကို ကြည့်သကဲ့သို့ အူမြူးအားရစွာ ကြည့်နေကြသည်။

*ယဲ့ဖန်က ကိုယ့်သေတွင်း ကိုယ်တူးနေတာပဲ၊ ထန်မင်လီက လာနေပြီကို ထွက်မပြေးတဲ့အပြင် မဟုတ်တမ်း တရားတွေပါ ပြောနေသေးတယ်၊ အဓိပ္ပာယ် မရှိလိုက်တာ*

“ဘိုးဘိုး အမှားကို မြန်မြန်လေး ဝန်ခံလိုက်ပါ၊ သူ တကယ်ကို တစ်ခုခု လုပ်နိုင်စွမ်း ရှိတာပါ၊ ယဲ့ဖန်ရဲ့လူတွေ ရောက်လာရင် အားလုံး နောက်ကျသွားလိမ့်မယ်”

ကျုံးဝမ်က တစ်ဖက်လှည့်၍ ချမ်ပေါ်ထုံကို ပြောလိုက်သည်။ သူမ စိုးရိမ်လွန်းသဖြင့် မျက်ရည်များပင် ကျလုနီးပါး ဖြစ်လာရသည်။

“တော်လိုက်တော့၊ ဝမ်အာ ငါ မင်းကို တအားဉာဏ်ကောင်းတဲ့ မိန်းကလေးလို့ ထင်ခဲ့တာ၊ ဒီလို အမှိုက်ကောင်မျိုးကြောင့် တွေဝေပြီး လှည့်စားခံနေလိမ့်မယ်လို့ ထင်မထားမိဘူး၊ မင်းက သူ့မဟုတ်တမ်း တရားတွေကို ယုံနေသေးတာပဲ”

ချမ်ပေါ်ထုံ ကျုံးဝမ်ကို အလွန် စိတ်ပျက်သွားပြီး လှောင်ရယ်လိုက်သည်။

“ငါ့ချမ်မိသားစုကို သူ ဘယ်လို ဖျက်ဆီးမလဲ ကြည့်ရသေးတာပေါ့”

သူဟူသော ချမ်ပေါ်ထုံသည် လောကဓံ၏ အနိမ့်အမြင့် အတက်အကျကို ရင်ဆိုင်ဖူးသူ ဖြစ်ပြီး ဤကဲ့သို့ ဘာမဟုတ်သော လူငယ်လေးက သူ့ကို ကြောက်လန့်အောင် လုပ်နိုင်ပါမည်လော။

*ဟာသပဲ*

“ယဲ့ဖန် …”

ကျုံးဝမ် မတတ်သာဘဲ နောက်ပြန်လှည့်၍ ယဲ့ဖန်အား အသနားခံသလို ကြည့်လိုက်မိသည်။ သို့ရာတွင် ယဲ့ဖန်၏ မျက်နှာက အေးစက်ကာ လှုပ်ရှားမှု မရှိခဲ့ချေ။

ဤနေရာသို့ လိုက်လာပေးခြင်းကပင် ကျုံးဝမ်အတွက် မျက်နှာသာပေးထားခြင်း ဖြစ်နေလေပြီ။  စကြဝဠာ၏ နတ်ဆိုးဧကရာဇ် ဖြစ်သော သူနှင့် အတူရှိနေရအောင် ဤလူများက မည်သို့သော အရည်အချင်းမျိုး ရှိနေသနည်း။

သို့သော် သူတို့က ထိုအကြောင်းအရာကို မသိဘဲ ယဲ့ဖန်ကို စော်ကားခဲ့သည်။ ထိုအရာကို သည်းခံပေးနိုင်သော်လည်း သူတို့က သူ့ကို သတ်ရန်အထိပါ ကြံစည်လာ၏။ ဤသည်က ယဲ့ဖန်၏ သည်းခံနိုင်စွမ်းကို ကျော်လွန်သွားလေပြီ။

ထို့ကြောင့် သူတို့ကို ခွင့်မလွှတ်ပေးနိုင်တော့ပါ။ ချမ်မိသားစု သေကိုသေရပေမည်။ ဤသည်ကို မြင်သောအခါ ကျုံးဝမ်၏ မျက်နှာ အမူအရာ တောင့်တင်းသွားပြီး မျက်ရည် စီးကျလာသည်။

သူမ အလွန် နောင်တရနေ၏။ သူမ အဘယ်ကြောင့် ယဲ့ဖန်ကို ခေါ်လာခဲ့မိသနည်း။ သူမကြောင့်သာ မဟုတ်ပါက ယဲ့ဖန် လှောင်ပြောင်ခံရမည် မဟုတ်ပါ။ ချမ်မိသားစုလည်း ပျက်စီးရမည် မဟုတ်ပါ။

“မိသားစုခေါင်းဆောင် ထန်မင်လီ ရောက်လာပါပြီ”

နာရီဝက်ကြာပြီးနောက် အပြင်ဘက်မှ သတင်းပို့သံ ထွက်ပေါ်လာသည်။ ချမ်ပေါ်ထုံနှင့် အခြားသူများအားလုံး ချက်ချင်း လန်းဆန်းတက်ကြွသွားသည်။

*ထန်မင်လီ တကယ် ရောက်လာပြီပဲ*

ချမ်ရှုရင် ပျော်ရွှင်စွာ ရယ်မောလေသည်။

“ဟားဟားဟား … အရူးတွေ ထန်မင်လီ ရောက်လာပြီဆိုတော့ နင်တို့ သေလို့ရပြီ”

“ဟန်ဆောင်လေ၊ မင်း ဟန်ဆောင်ရတာကို ကြိုက်တယ် မဟုတ်လား၊ အခု ဘာလို့ ဟန်မဆောင်တော့တာလဲ၊ မင်း ကြောက်နေတာလား”

ချမ်ဖုန်းကလည်း အားရဝမ်းသာ ရယ်မောနေပြီး သူ့လေသံ၌ အထင်သေးရိပ်များ ပြည့်နှက်နေ၏။

“ထန်မင်လီ ရောက်လာပြီဆိုတော့ သူ့အလိမ်တွေ အသုံးမဝင်တော့မှာ စိုးရတယ်၊ ထန်မင်လီ မင်းလို သူခိုးကောင်ကို ဘာလုပ်မလဲ ငါ အရမ်း သိချင်တာပဲ”

လီကျန်းဟဲက ပြုံး၍ ပြောလေသည်။

*ဓားနဲ့ခုတ်မှာလား ဒါမှမဟုတ် အရှင်လတ်လတ် မြေမြှုပ်သတ်မှာလား၊ ငါ တကယ် သိချင်နေပြီ*

ချမ်မိသားစုဝင်အားလုံးကလည်း အထင်သေးသလို ကြည့်နေကြသည်။

*ဒီသူခိုးက ဘာပဲခိုးခိုး တော်တော် အရှက်မဲ့တာပဲ*

ယဲ့ဖန်က အစမှအဆုံးတိုင် စကားတစ်ခွန်းမှမပြောချေ။ အဘယ်ကြောင့်ဆိုသော် ပုရွက်ဆိတ်တစ်သိုက်နှင့် စကားများရမည်ကို သူ စက်ဆုပ်သောကြောင့် ဖြစ်သည်။

သို့သော် သူ့မျက်လုံးတွင်းမှ ဒေါသရိပ်က ပိုမိုပြင်းထန်လာနေပြီး ထိန်းရခက်သည့် အနေအထားသို့ပင် ရောက်လာ၏။

မကြာခင်မှာပင် ထန်မင်လီက သုန်မှုန်၍ ဒေါသထွက်သော မျက်နှာထားဖြင့် ခန်းမထဲသို့ ရောက်လာပြီး အော်ဟစ် လေသည်။

“အခုချက်ချင်း ယဲ့ဖန် ငါ့ပစ္စည်းကို ခိုးတယ်လို့ ပြောတဲ့ကောင် ထွက်လာခဲ့စမ်း”

“သူပါပဲ၊ အဲ့ကောင်က ရှင့်ပစ္စည်းကို ခိုးတာပါ”

ချမ်ရှုရန်က ယဲ့ဖန်ကို အသည်းအသန် လက်ညှိုးထိုး၍ ပြောလိုက်ပြီး သူမအပြုံးက နားရွက်တက်ချိတ်မတတ် ဖြစ်နေသည်။

“ဖြောင်း”

ထို့နောက် ထန်မင်လီက သူမမျက်နှာကို အားဖြင့်ရိုက်ချလိုက်သဖြင့် ကြမ်းပြင်ပေါ် ဗိုင်းခနဲ လဲကျသွားသည်။ ချမ်ရှုရန် စူးခနဲ အော်ဟစ်ကာ သူမမျက်နှာကိုအုပ်၍ ထန်မင်လီကို မယုံသင်္ကာဖြင့် ကြည့်လိုက်သည်။

“ရှင် … ရှင် ဘာအတွက် ကျွန်မကို ရိုက်တာလဲ”

သူမက ထန်မင်လီကို မည်သူက သူ့ပစ္စည်း ခိုးကြောင်း ကြင်နာစွာ ပြောပြသော်လည်း ထန်မင်လီက သူမကို ရိုက်သည်တဲ့လား။

“ယဲ့ဖန် ငါ့ဆီကနေ ပစ္စည်းခိုးတယ်လို့ ဘယ်သူ ပြောလဲလို့ ငါ မေးတာလေ၊ မင်း နားလေးနေလား”

ထန်မင်လီ၏ မျက်လုံးများက မီးဝင်းဝင်းတောက်နေပြီး လူကို အရှင်လတ်လတ် စားချင်နေပုံ ပေါက်သည်။ ဤမြင်ကွင်းက ချမ်ပေါ်ထုံနှင့် အခြားသူများက တုန်လှုပ်သွားစေပြီး အားလုံး ငြိမ်ကျသွားသည်။

“ထန်လူကြီးမင်း ကျွန်တော် ပြောတာက ကျွန်တော်တို့ စစ်ဆေးရသလောက် သက်သေက မငြင်းသာအောင် ခိုင်မာနေပါတယ်၊ ဒီကောင်က တကယ်ကို ခင်ဗျားရဲ့ ကျွီယန်ပုလဲကို ခိုးခဲ့ပြီးတော့ ချမ်သခင်ကြီးကို ဒီနေ့ လက်ဆောင်ပေးပြီး လူချမ်းသာယောင် ဆောင်တာပါ၊ ကံကောင်းလို့ ကျွန်တော်တို့ အချိန်မီသိပြီး ခင်ဗျားကို ချက်ချင်း သတိပေးလိုက်နိုင်တာပါ”

လွီရှန့်က ချက်ချင်း ထရပ်၍ ဖြောင့်မတ်သော ဟန်ပန်အနေအထားမျိုး တမင်လုပ်ကာ စကားထဲ၌ ယဲ့ဖန်နှင့် ချမ်မိသားစု၏ ပတ်သက်မှုကို ရှင်းလင်းအောင် ပြောသွားလေသည်။

“ဖြောင်း”

ထို့နောက် လွီရှန့်လည်း ပါးရိုက်ခံလိုက်ရလေသည်။ သို့သော် မတူသည့်အချက်မှာ ထန်မင်လီက အားထည့် ရိုက်လိုက်သဖြင့် လွီရှန့်တစ်ယောက် မီတာနှစ်ဆယ်မျှ လွင့်သွားပြီး နံရံနှင့် ဝင်ဆောင့်မိလေသည်။

သူ့မျက်နှာတစ်ခုလုံး သွေးအလိမ်းလိမ်းနှင့် ကြည့်ရဆိုးသွားသည်။ ညာဘက်ပါးရိုးတစ်ခုလုံး ချိုင့်ဝင်နေပြီး ရစရာမရှိအောင် ကြေမွေနေ၏။ လူတိုင်း ကြက်သေ သေသွားကြသည်။

*ဘာလို့ လွီရှန့်တောင်မှ အရိုက်ခံရတာလဲ*

*ထန်မင်လီ ရူးနေတာလား*

“ထန်လူကြီးမင်း၊ ခင်ဗျား …”

လွီရှန့်သည်လည်း ကြက်သေ သေနေ၏။ သူ ရိုးသားစွာ အမှန်တရားကို ပြောပြသော်လည်း အဘယ်ကြောင့် ထန်မင်လီက သူ့ကိုပါ ရိုက်ရသနည်း။

“ယဲ့ဖန်က ငါ့ဆီကနေ ပစ္စည်းခိုးတယ်လို့ မင်းပြောတာပေါ့ ဟုတ်လား၊ ငါ မင်းကို ဆက်ပြောခိုင်းမယ်ကွ”

ထန်မင်လီ စိတ်လွတ်သွားပြီး ချက်ချင်း ဓားထုတ်၍ ဝှေ့ယမ်းလိုက်သည်။ အနက်ရောင် အလင်းတန်းတစ်ခု ဖြတ်ပြေးသွားပြီး လွီရှန့်ထံသို့ အရှိန်ဖြင့် ဝင်ရောက်ကာ သူ့လက်မောင်းတစ်ဖက်ကို ဖြတ်တောက်သွားသည်။

“ရွှစ်”

သွေးများ ငေါခနဲ ပန်းထွက်လာ၏။ မြင်ကွင်းက ကြောက်စရာကောင်းလှသည်။

“အား …”

လွီရှန့်၏ ငယ်သံပါအောင် အော်ဟစ်သံ ထွက်ပေါ်လာပြီး ကျိန်ဆဲသံများ ဆက်တိုက် ထွက်ပေါ်လာသည်။ ပြတ်သွားသော သူ့လက်မောင်းကိုအုပ်၍ ကြမ်းပြင်ပေါ်၌ လူးလှိမ့်နေ၏။ သူ ဘာအပြောမှားသွား၍ ထန်မင်လီက ဒေါသူပုန် ထနေရသနည်း။

“ပြော … ငါ မင်းကို ပြောခိုင်းတယ်လေ”

သို့သော် ထန်မင်လီက လက်မလျှော့သေးဘဲ ဆာလောင်နေသော သားရဲသဖွယ် ဒေါသတကြီး ဆွေ့ဆွေ့ခုန်နေ၏။ လွီရှန့်၏ အရိုးကို ထပ်နင်းလိုက်သဖြင့် သူ့ညာခြေထောက် ကျိုးကြေကာ သွေးများ စိမ့်ထွက်လာပြန်သည်။

“ပြောလေ၊ မင်း ပြောရတာ ကြိုက်တယ် မဟုတ်ဘူးလား၊ မင်း ထပ်ပြောလိုက်”

ထန်မင်လီက အရူးသဖွယ် နင်းချေနေသည်။ ရင်ဘတ်၊ လက်၊ ခေါင်း။ သူ နင်းလိုက်သည့် နေရာတိုင်းသည် ပြုတ်တူဖြင့် အထုခံရသကဲ့သို့ အရိုးများ ကြေသွားလေသည်။ လွီရှန့် အသက်မရှူတော့သော်လည်း ထန်မင်လီက သူ့ကို ဆက်၍ နင်းနေဆဲပင်။ တစ်ခဏအကြာ၌ လွီရှန့်သည် သူ့ခြေထောက်အောက်၌ အသားပြား ဖြစ်သွား လေတော့သည်။

သွေးသံတရဲရဲနှင့် ကြောက်လန့်ဖွယ်ကောင်းလှသည်။ ဤသည်ကို မြင်လိုက်ရသည့် ထန်မိသားစုဝင်များအားလုံး ခေါင်းနပမ်း ကြီးသွားကြသည်။

*ထန်မင်လီ တကယ် ရူးနေပြီ*

*သူ့ကို သတင်းပေးတဲ့လူကိုတောင် ဒီလိုနှိပ်စက်ပြီး သတ်ရတယ်လို့*

*သူ့ပစ္စည်း ခိုးတဲ့လူကို သတ်မယ့်အစား သတင်းပေးတဲ့လူကို သေတဲ့အထိ နှိပ်စက်တာလား၊ ဘာလို့ ဒီလို လုပ်ရတာလဲ*

လွီရှန့်က ထန်မင်လီ၏ ရင်ထဲမှ အရိုသေရဆုံးလူကို ရန်စမိကြောင်း ယခုအထိ သူတို့ မသိသေးပေ။ ထိုအကြောင်းအရာ တစ်ခုတည်းကပင် ထန်မင်လီ သူ့ကို အခါတစ်ရာမက သတ်ရန် လုံလောက်နေလေပြီ။

*မဟုတ်သေးပါဘူး*

ချမ်ပေါ်ထုံ တစ်ခုခု မှားနေကြောင်း သတိပြုမိလာသည်။ သူ့စိတ်ထဲတွင် မကောင်းသော ခံစားချက်တစ်မျိုး ရလာ၏။

ထိုစဉ် သူ ကျုံးဝမ်၏ အော်ငိုမတတ် သတိပေးစကားကို ပြန်အမှတ်ရမိသွားသည်။

*ယဲ့ဖန်ရဲ့လူတွေ ရောက်လာရင် အားလုံး နောက်ကျသွားလိမ့်မယ်*

*ထန်မင်လီက ယဲ့ဖန်ရဲ့လူများလား*

ထိုအခိုက်တွင် သူ့ခန့်မှန်းချက်ကို အတည်ပြုနေသကဲ့သို့ ထန်မင်လီက လူတိုင်းကို ခက်ထန်စွာ ဝေ့ကြည့်လေသည်။

“ယဲ့ဖန်က ငါ့ပစ္စည်းခိုးတယ်လို့ ဘယ်သူ ပြောရဲသေးလဲ၊ မတ်တပ်ရပ်လိုက်စမ်း”

ထိုစကားက လူတိုင်းကို မိုးခြိမ်းသံသဖွယ် ထိတ်လန့်သွားစေသည်။ သူတို့များ နားကြားမှားလေသလားဟု ထင်မိလာ၏။

“ထန်မင်လီ အခုပြောလိုက်တဲ့စကားက ငါ နားကြားမှားတာ မဟုတ်လား”

ချမ်ရှုရန်က သူ့ယောက်ျားကို ဆက်တိုက် ဆွဲယမ်း၍ ပြောလေသည်။ လီကျန်းဟဲသည်လည်း နားဝေတိမ်တောင် ဖြစ်နေပြီး ချမ်ရှုရန်၏ စကားကို မကြားတော့ချေ။ ချမ်မိသားစုဝင်များအားလုံး သွေးပျက်ကာ သေချင်စိတ် ဝင်နေ ကြသည်။

*ထန်မင်လီက တကယ် ယဲ့ဖန်အတွက် ရပ်တည်ပေးနေတာပဲ*

*ယဲ့ဖန်က သူ့ဆီကနေ ပစ္စည်းခိုးသွားပေမဲ့ သူက တကယ်ကြီး ယဲ့ဖန်ကို ကာပေးနေတာလား*

*ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*

ထန်မင်လီ ရူးနေသလား သို့မဟုတ် သူတို့ ရူးနေသလား မသိတော့ပေ။ မျိုးဆက်တစ်ခု၏ အရှင်သခင်က သူ့ပစ္စည်း ခိုးသွားသော သူခိုးအတွက် ရပ်တည်ပေးသည်က ထူးဆန်းလွန်းလှသည်။

ထိုသို့ဆိုလျင် အဖြေက တစ်ခုသာ ရှိတော့၏။ ထိုကျွီယန်ပုလဲကို ယဲ့ဖန် ထန်မင်လီထံမှ ခိုးလာခြင်း မဟုတ်ဘဲ ယဲ့ဖန် ပြောခဲ့သည့်အတိုင်း ထန်မင်လီက လက်ဆောင်ပေးလိုက်ခြင်းသာ ဖြစ်နိုင်သည်။

ထိုဖြစ်နိုင်ချေကို တွေးမိပြီး ထန်မိသားစုဝင်များ မတ်မတ်ပင် မရပ်နိုင်တော့ဘဲ တစ်ကိုယ်လုံး အေးစိမ့်သွားသည်။ လွီရှန့်၏ စကားအရဆိုလျင် ထန်မင်လီက ထိုကျွီယန်ပုလဲတစ်စုံကို အလွန် တန်ဖိုးထားပြီး မည်သူ့ကိုမှ ပေးပစ်မည် မဟုတ်ပါ။ သို့သော်ငြားလည်း သူက ယဲ့ဖန်ကို လက်ဆောင်ပေးခဲ့သည်။

ဤသည်က ယဲ့ဖန်သည် ထန်မင်လီ၏စိတ်ထဲတွင် မြင့်မားသော အဆင့်အတန်းရှိသူဟု ဖော်ပြနေ၏။ ထိုသို့ဆိုလျင် သူ ယဲ့ဖန်ဘက်က ရပ်တည်ခြင်းမှာ မဆန်းတော့ပေ။

*ယဲ့ဖန်က ထန်မင်လီကို သိတာလား*

“ခိုးတယ်၊ စောက်ရူးတွေ၊ ယဲ့ဖန်က ပါးစပ်လေး လှုပ်ဖို့ပဲ လိုတာကွ၊ သူသာ ပါးစပ်ဟလိုက်ရင် သူသုံးဖို့ ပိုက်ဆံ ထုတ်ပေးမယ့်လူ ဘယ်လောက်များများရှိလဲ မင်းတို့ မသိနိုင်ဘူး၊ ဒါတောင် သူက ခိုးဖို့ လိုလို့လား”

ထန်မင်လီက ဒေါသတကြီး ကြိမ်းမောင်းလေသည်။ ထိုစကားက လူတိုင်းကို ရုတ်ရုတ်သဲသဲ ဖြစ်သွားစေပြီး မျက်လုံး ပြူးသွားစေသည်။ လူတိုင်း မယုံသင်္ကာ ဖြစ်သွားကြသည်။

အဘယ်ကြောင့်ဆိုသော် ထိုစကားမျိုးကို ကျုံးဝမ်လည်း ပြောခဲ့သောကြောင့်ပင်။ ထိုအချိန်က ထိုစကားကို သူတို့ ဟာသအဖြစ် မှတ်ယူခဲ့သော်လည်း ယခု ထန်မင်လီက ပြောလာသဖြင့် အခြေအနေ မတူတော့ချေ။ သည့်ထက် ဘယ်အရာကမှ ပိုမမှန်နိုင်တော့ပါ။

ထိုစကားကြောင့် ချမ်ပေါ်ထုံ ထိတ်လန့်သွားပြီး ကျုံးဝမ်ကို အလန့်တကြား ကြည့်လိုက်မိသည်။ သို့သော် ကျုံးဝမ်က မျက်ရည်လည်ရွဲဖြင့် သူ့အား ခေါင်းညိတ်ပြသည်ကိုသာ မြင်လိုက်ရသည်။

“ဘုန်း”

ချမ်ပေါ်ထုံ ခုံပေါ်သို့ ပြန်လဲကျသွားပြီး တစ်ကိုယ်လုံး အေးစက်ကာ အားအင်ကုန်ခမ်းသွားသည်။ ကျုံးဝမ်၏ ခေါင်းညိတ်ပြခြင်းက သူ့အား ချမ်မိသားစု ပျက်စီးပြီဟု ပြောနေခြင်းပင်။

“ဒီကျွီယန်ပုလဲကို ငါကိုယ်တိုင် ယဲ့ဖန်ကို ပေးလိုက်တာ၊ ဒီနေ့ မွေးနေ့ညစာစားပွဲအတွက် သီးသန့်ပြင်ဆင် ပေးလိုက်တာပဲ၊ အခု ကြည့်ရတာတော့ မင်းတို့အားလုံးက ငါ့လက်ဆောင်ကို အထင်သေးနေသလိုပဲ”

ထန်မင်လီက သုန်မှုန်နေသော မျက်နှာထားဖြင့် ကြမ်းပြင်ပေါ်ကျနေသော ကျွီယန်ပုလဲ နှစ်လုံးကို ကြည့် လိုက်သည်။ သူ သေချာပြင်ပေးလိုက်သော လက်ဆောင်ကို ဤသို့ လုပ်ထားသဖြင့် ထန်မင်လီ ဒေါသအမျက် ခြောင်းခြောင်း ထွက်သွားလေသည်။

“မင်းတို့ ချမ်မိသားစုက ငါ့မိတ်ဆွေဆက်ဆံရေးကို မလိုမှတော့ အခုကစပြီး ချမ်မိသားစုနဲ့ ငါက ရန်သူတွေ ဖြစ်သွားပြီ၊ ကမ္ဘာ့ရန်တွေပဲ”

ထိုစကားကြောင့် ချမ်မိသားစုဝင်များ စိတ်ဓာတ်ကျသွားပြီး ကြောက်လန့်ကာ ငိုမတတ် ဖြစ်သွားကြသည်။

*ထန်မင်လီနဲ့ ရန်သူတဲ့လား၊ ဒါ ငါတို့ ဆယ်ဘဝလောက် သေရင်တောင် မဖြစ်သေးတဲ့ အခြေအနေပဲ*

အခြေအနေက ထိန်းချုပ်မရတော့ချေ။ ထန်မင်လီက ဘာမဟုတ်သော ယဲ့ဖန်အတွက်နှင့် သူတို့ကို တုံ့ဆိုင်းခြင်းမရှိ ကမ္ဘာ့ရန်အဖြစ် သတ်မှတ်လိမ့်မည်ဟု သူတို့ ထင်မထားမိပါ။

သူတို့ ခွင့်လွှတ်ပေးရန် တောင်းပန်တော့မည့်အချိန်၌ ပို၍ ကြောက်စရာကောင်းသော မြင်ကွင်းတစ်ခု ဖြစ်ပေါ် လာသည်။

ထန်မင်လီက သုန်မှုန်နေသော မျက်နှာထားဖြင့် ယဲ့ဖန်ထံသို့ လျှောက်သွားသည်ကို သူတို့ တွေ့လိုက်ရသည်။ သူတို့ ကြည့်နေစဉ်မှာပင် ထန်မင်လီက ယဲ့ဖန်ရှေ့၌ ဒူးထောက်သွားသည်။

“အရှင်၊ ဒီနေ့ ကျုပ်တို့ဘုရင်ရဲ့ အာဏာကို သက်သေပြနိုင်ဖို့အတွက် ချမ်မိသားစုကို သုတ်သင်ပစ်ဖို့ ဒီထန်မင်လီက တောင်းဆိုပါတယ်”

စာစဉ် ၈၁ ဤတွင် ပြီးပါပြီ။

All Chapters