အခန်း ၂၉၂
Vol. 30 Ch. 292
အခန်း (၂၉၂)
ပြီးသွားပြီလား
“ငါ ဘာလုပ်သင့်လဲ”
ဟွာကျွင်း ဒယ်အိုးပူပေါ်က ပုရွက်ဆိတ်ပမာ အလွန်အမင်း ပြာယာခတ်နေပြီး ဘဝတွင် ပထမဆုံးအကြိမ်အဖြစ် ကြီးစွာသော အားကိုးရာမဲ့မှုကို ခံစားလိုက်ရသည်။
‘ရွာသားတွေ ဒဏ်ရာရကုန်ကြပြီလား။ မော့ချွမ်းကော ကောင်းကောင်းလေ့ကျင့်ထားတဲ့ အဲဒီလူတွေကို မနိုင်ဘဲ ဖြစ်နေမလား’
တစ်ဖက်အဖွဲ့သည် သူမကို ဦးတည်ပြီး လာနေမှန်း သိသာလှ၏။ သူမ အသက်ပြင်းပြင်းတစ်ချက်ရှူကာ စိတ်ကိုအတတ်နိုင်ဆုံး အေးအေးထားပြီး အခြေအနေကို သေသေချာချာ ဆန်းစစ်ကြည့်လိုက်သည်။
‘အစက သူတို့ ရွာကိုမီးရှို့ပြီး ငါ့ကို အပြင်ထွက်လာအောင် မျှားခေါ်ဖို့ ကြံစည်ခဲ့ကြတာ။ ဒါပေမဲ့ ကံကောင်းလို့ ရွာက မီးအကြီးအကျယ်မလောင်ဘူး။ အဲ့အကွက် ပျက်သွားတော့ လုယက်မှုဖြစ်ပွားတဲ့ပုံစံနဲ့ ဖရိုဖရဲဖြစ်အောင်လုပ်ပြီး မော့ချွမ်းကို ငါ့ဘေးကနေ ခွာသွားအောင် ထပ်ပြီး မျှားခေါ်ကြပြန်တယ်’
သို့သော်လည်း မော့ချွမ်း သူတို့အကွက်ထဲ မဝင်သွားဖြင့် သူတို့ တတိယမြောက် အစီအစဉ်ကို ထပ်မံအကောင်အထည်ဖော်ရန် ပြင်ဆင်လာကြ၏။
ဟွာကျွင်း အထပ်ထပ် တွေးတောပြီးနောက် အခန်းထဲတွင်သာ ဆက်လက်စောင့်ဆိုင်းရန် ဆုံးဖြတ်လိုက်သည်။ သူမ အပြင်သို့ ထွက်သွားလျှင်ပင် ကူညီနိုင်မည်မဟုတ်ချေ။ မော့ချွမ်းကို အပြည့်အဝ ယုံကြည်သင့်သည်။
သူက အစားလည်း အများကြီးစားသလို မြက်ခင်းပြင်၏ အရှင်သခင်လေး ဖြစ်သောကြောင့် စစ်သည်တော်များ ရောက်မလာခင်အထိ ခံနိုင်ရည်ရှိ ပေလိမ့်မည်။
ထိုစဉ် မုန့်ဆိုင်တံခါးကို အပြင်းအထန် ထုရိုက်သံ ထွက်ပေါ်လာခဲ့၏။
“သူဌေးမဟွာ ဒုက္ခရောက်ပြီ။ အစ်ကိုမော့ချွမ်း ဓားပြတွေရဲ့ ဖမ်းဆီးတာ ခံလိုက်ရပါပြီ”
ဟွာကျွင်း ရင်ထဲကနေ ကျိန်ဆဲလိုက်မိသည်။
အပြင်ကလူများ သူမကို အပြင်ထွက်လာအောင် လှည့်စားဖို့ အသေအလဲ ကြိုးစားနေကြမှန်း သိသာ၏။ သို့သော်လည်း ဟွာကျွင်းအနေဖြင့် မော့ချွမ်း ဖမ်းဆီးခံလိုက်ရသလား မခံရဘူးလားဆိုသည်ကို မသိနိုင်သဖြင့် ဤအခြေအနေကို လောင်းကြေးမထပ်ရဲပေ။
သူမသည် အိတ်ထဲရှိ ပစ္စည်းများကို အမြန်ဆုံး စစ်ဆေးလိုက်ပြီး ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်နိုင်မည့် ပစ္စည်းများကို ပေါင်ဘေးတွင် တိပ်ဖြင့် သေသေချာချာ ကပ်လိုက်ကာ စကတ်ကို ပြန်လည် ဖုံးအုပ်လိုက်သည်။
သူမ အသက်ကို ပြင်းပြင်းရှူရင်း မုန့်ဆိုင်တံခါးကြီးကို ဖွင့်လိုက်တော့၏။
အပြင်ဘက်တွင်မူ သူစိမ်းမျက်နှာတစ်ခု ဆီးကြိုနေသည်။
“သူဌေးမဟွာ မကောင်းတော့ဘူး၊၊ မော့ချွမ်းကို လူတစ်စုက ဖမ်းခေါ်သွားတာ ကျွန်တော် အခုတင် မြင်လိုက်ရတယ်”
ဟွာကျွင်း၏ အကြည့်က ထိုသူ့လက်ပေါ်မှ တက်တူးပေါ်သို့ ကျရောက်သွား၏။ သူသည် တိရှိုး အဖွဲ့ကလူမှန်း ချက်ချင်း ရိပ်မိလိုက်သည်။ သူမ သူ့ကို မျက်စောင်းထိုးကြည့်လိုက်ရင်း မေးလိုက်၏။
“ဟန်ဆောင်မနေနဲ့တော့။ မော့ချွမ်း ဘယ်မှာလဲ”
ထိုလူသည် သူ့အကွက် ပေါ်သွားမှန်း သိလိုက်ရသောအခါ မျက်နှာပေး ပြောင်းလဲသွားပြီး ယုတ်မာစွာ ပြုံးလိုက်သည်။
“သူဌေးမဟွာ သိသွားပြီဆိုတော့လည်း ကျွန်တော်တို့နဲ့ ငြိမ်ငြိမ်လေး လိုက်ခဲ့ပါ။ မရုန်းကန်ပါနဲ့။ ကျွန်တော် လက်ဆကြမ်းသွားပြီး သူဌေးမကို ထိခိုက်မိမှာ ကြောက်ရတယ်”
ပြောပြောဆိုဆိုဖြင့် သူမကို လှမ်းဖမ်းရန် လက်ဆန့်လိုက်၏။
ဟွာကျွင်း နောက်သို့ ဆုတ်လိုက်ပြီး ထပ်မံမေးလိုက်သည်။
“မော့ချွမ်း ဘယ်မှာလဲ”
ထိုလူ ရှေ့သို့ တိုးလာပြီး ဟွာကျွင်း၏ လက်မောင်းကို ဖမ်းဆွဲလိုက်၏။
“စိတ်မပူနဲ့။ သူ အသက်ရှင်သေးတယ်။ သူဌေးမ သူ့ကို တွေ့ရမှာပါ”
ဟွာကျွင်း ရုန်းကန်ခြင်းမပြုတော့ဘဲ သူမကို အပြင်သို့ ဆွဲခေါ်သွားသည်ကိုသာ လွှတ်ထားလိုက်သည်။
သူမ ဘေးဘီသို့ ကြည့်လိုက်ရာ ပတ်ဝန်းကျင်တစ်ခုလုံး ပျက်စီးနေသည်ကို တွေ့ရ၏။ တည်းခိုခန်းတံခါးကြီး ရိုက်ချိုးခံထားရပြီး ပန်းထိုးအလုပ်ရုံ အပြင်ဘက်တွင် အတွင်းထဲက အခြေအနေကို မမြင်ရစေရန် ကျောက်တုံးနံရံတစ်ခု ကာရံထားသော်လည်း ဒုတိယထပ် ပြတင်းပေါက်များ ရိုက်ခွဲခြင်း ခံထားရပေသည်။
သူမသည် အားမန်နှင့် အခြားသူများကို မတွေ့ရချေ။ ဆူညံသံအားလုံး ရွာထဲမှ ထွက်ပေါ်နေ၏။ သူမ လူတိုင်း၏ အခြေအနေကို သိလိုသဖြင့် ထိုဘက်သို့ အသည်းအသန် လှမ်းကြည့်သော်လည်း ဝေးလံလွန်းသဖြင့် သဲကွဲစွာ မမြင်ရချေ။
“မြန်မြန်လုပ်စမ်း”
သူမကို ဆွဲခေါ်လာသောလူက ပြင်းထန်စွာ ဆွဲလိုက်သဖြင့် ဟွာကျွင်း ကြမ်းပြင်ပေါ်သို့ လဲကျလုမတတ် ဖြစ်သွား၏။
“ဘာလို့ ဒီလောက်တောင် ဆွဲနေရတာလဲ”
ဟွာကျွင်း လက်ကောက်ဝတ် ကျိုးသွားတော့မတတ် အလွန်အမင်း နာကျင်မှုကို ခံစားလိုက်ရသည်။
သူမ ပြန်လည်အော်ဟစ်လိုက်၏။
“ကျွန်မ မလိုက်ဘူးလို့ မပြောမိပါဘူး”
“သူဌေးမဟွာ”
ဒေါ်လေးပန်း၏ အံ့သြတကြီး အော်ဟစ်သံ ထွက်ပေါ်လာသဖြင့် ဟွာကျွင်း အံ့သြစွာ အနောက်သို့ လှည့်ကြည့်လိုက်ရာ လမ်း တစ်ဖက်မှ ပြေးဝင်လာသော ဒေါ်လေးပန်းကို မြင်တွေ့လိုက်ရသည်။
“သူဌေးမဟွာ ဘယ်သူလဲ”
ဟွာကျွင်း စကားပြန်ပြောရန် ပြင်လိုက်စဉ် ကမ္ဘာကြီးတစ်ခုလုံး ချာချာလည်သွားသလို ခံစားလိုက်ရပြီး နောက်တစ်စက္ကန့်တွင် ဓားပြ၏ ပခုံးပေါ်သို့ ကောက်ချီခြင်း ခံလိုက်ရတော့၏။
ဒေါ်လေးပန်း မှင်တက်သွားသည်။ သူမ ကျယ်လောင်စွာ အော်တော့၏။
“ကယ်ကြပါဦး။ သူဌေးမဟွာ ဖမ်းခေါ်ခံနေရတယ်”
နောက်တစ်စက္ကန့်တွင် သူမ ရှေ့သို့ ပြေးဝင်လာပြီး ထိုအမျိုးသားကို လှမ်း၍ ဆွဲကိုင်တော့သည်။
“သူဌေးမဟွာကို အောက်ချပေးစမ်း”
ထိုစဉ် ဓားပြ၏ အပေါင်းအပါများဖြစ်သော အရပ်ရှည်ရှည်၊ သန်သန်မာမာ အမျိုးသားသုံးဦး ရောက်ရှိလာသည်။ သူတို့ထဲမှ တစ်ဦးက ဓားကို ထုတ်ယူကာ ဓားပြားဖြင့် ဒေါ်လေးပန်း၏ ကျောပြင်ကို အရှိန်အဟုန်ဖြင့် လှမ်း၍ ရိုက်ချလိုက်တော့သည်။
‘ဖုန်း’ ခနဲ အသံနှင့်အတူ ဒေါ်လေးပန်း၏ အော်ဟစ်သံသည် ချက်ချင်းပင် တိတ်ဆိတ်သွားပြီး မြေပြင်ပေါ်သို့ ဖြည်းညှင်းစွာ လဲကျသွား၏။
“မလုပ်ပါနဲ့”
ဟွာကျွင်းသည် ဓားပြ၏ ပခုံးပေါ်မှနေ၍ ရင်ကွဲမတတ် အော်ဟစ်လိုက်ပြီး သူ့ကျောပြင်ကို အကြိမ်ကြိမ် ထုရိုက်တော့သည်။
“ဒေါ်လေးပန်းကို မထိနဲ့”
“ငြိမ်ငြိမ်နေစမ်း၊ လိမ်လိမ်မာမာနေ၊ မဟုတ်ရင် နင့်ကို သတိလစ်သွားအောင် လုပ်ပစ်မယ်”
ဟွာကျွင်း ရုန်းကန်ခြင်းကို ချက်ချင်း ရပ်တန့်လိုက်သည်။ သူမ သတိလစ်မသွားချင်ပေ၊၊ မဟုတ်ပါက ခုခံရန် မည်သည့်အခွင့်အရေးမျှ ရှိတော့မည်မဟုတ်ချေ။
ဒေါ်လေးပန်း၏ အော်ဟစ်သံကြောင့် လူအများအပြား ထွက်ပေါ်လာကြ၏။ ဟွာကျွင်း ရွာဘက်ဆီမှ ပြေးဝင်လာကြသော လူအချို့ကို မြင်တွေ့လိုက်ရပြီး သူတို့ ပြေးရင်းလွှားရင်း လှမ်းအော်နေကြသည်။
“သူဌေးမဟွာကို ကယ်ဟေ့”
ဟွာကျွင်း အသည်းအသန်ဖြင့် ဒီဘက်ကို မလာကြပါနဲဟု လှမ်းအော်သော်လည်း သူတို့က နားမထောင်ကြဘဲ ပို၍ပင် အရှိန်မြှင့်ပြီး ပြေးဝင်လာကြတော့သည်။
ဓားပြသုံးဦး အချိတ်အဆက်မိမိ လုပ်ဆောင်ကြ၏။ နှစ်ဦးက သူတို့ကို ပိတ်ဆို့ရန် ကျန်ရစ်ပြီး အခြားတစ်ဦးကမူ ဟွာကျွင်းကို ချီကာ တောနက်ထဲသို့ ဆက်လက်၍ အပြင်းအထန် ပြေးဝင်တော့သည်။
ဟွာကျွင်း ပြာယာခတ်သွား၏။ သူမ ကိုယ်အထက်ပိုင်းကို ကြွလိုက်ပြီး ဓားပြ၏ ကျောပြင်ပေါ်မှနေ၍ လှမ်းအော်သည်။
“ပြေးကြပါ။ ကျွန်မကို မကယ်ကြပါနဲ့”
သို့သော်လည်း သူမ အားမောက်၏ ကြွေးကြော်သံသာ ကြားလိုက်၏။
“ငါ မင်းတို့နဲ့ အသေအလဲ တိုက်မယ်”
တဖြည်းဖြည်းနှင့် ဟွာကျွင်း သူတို့ကို လုံးဝ မမြင်ရတော့ချေ။ သူမ၏ ကိုယ်ခန္ဓာလေး ပျော့ခွေသွားပြီး အားအင်အားလုံး ဆုတ်ယုတ်သွားတော့သည်။
တောအုပ်အတွင်း၌ မြင်းလှည်းတစ်စီးက ကြိုတင်၍ စောင့်ဆိုင်းနေ၏။ ဓားပြသည် သူမကို မြင်းလှည်းထဲသို့ ပစ်ထည့်လိုက်ပြီး အမောတကောဖြင့် ပြောလိုက်သည်။ “မင်း ဒီလောက်အထိ လိမ္မာလိမ့်မယ်လို့ မထင်ထားဘူး”
သူတို့ ဤသူဌေးမဟွာမှာ အလွန်ထူးဆန်းသည်။ အထူးသဖြင့် မုန့်ဆိုင်မှာ ပို၍ ထူးဆန်းကြောင်း ကြားဖူးထားကြ၏။ သူတို့ နေ့ခင်းဘက်က ဆိုင်တံခါးကို လာရောက် စစ်ဆေးခဲ့ကြသော်လည်း တံခါးကို မီးရှို့၍မရသလို သော့ကိုလည်း ဖျက်ဆီး၍ မရချေ။ သူတို့ အတင်းအဓမ္မ မဝင်ရောက်ရဲသဖြင့် သူမကို အပြင်သို့ မျှားခေါ်ကာ ဖမ်းဆီးရန်သာ နည်းလမ်းရှာခဲ့ကြခြင်း ဖြစ်၏။
အစကတော့ အတော်လေး အားစိုက်ထုတ်ရလိမ့်မည်ဟု ထင်မှတ်ထားခဲ့သော်လည်း မော့ချွမ်း၏ အမည်ကို ကြားရရုံဖြင့် သူမ လိုက်ပါလာလိမ့်မည်ဟု လုံးဝ ထင်မှတ်မထားခဲ့ကြချေ။
“ကျွန်မ မော့ချွမ်းကို တွေ့ချင်တယ်”
ဟွာကျွင်းက ထိုသူ၏ မျက်လုံးများကို စိုက်ကြည့်ကာ ပြော၏။။
“စိတ်မပူပါနဲ့”
ဓားပြက လှောင်ပြုံးဖြင့် ပြောလိုက်သည်။ “မင်း သူ့ကို တွေ့ရမှာပါ”
ဟွာကျွင်းသည် သူ့လေသံကြောင့် တစ်စုံတစ်ခု လွဲမှားနေမှန်း ရိပ်မိလိုက်၏။ သူမ စမ်းသပ်သည့်အနေဖြင့် မေးလိုက်သည်။
“တကယ်တော့ ရှင်တို့ သူ့ကို လုံးဝ မဖမ်းထားဘူးမလား”
ထိုစဉ် အခြားသော ဓားပြများ သူတို့ကို ဝိုင်းရံလာကြသည်။ ဤအခြေအနေကို မြင်သောအခါ ဓားပြသည် လုပ်ငန်းကိစ္စ အောင်မြင်သွားမှန်း သိလိုက်သဖြင့် သူမ သိသည်ဖြစ်စေ၊ မသိသည်ဖြစ်စေ ကိစ္စမရှိတော့ချေ။ သူ ဟွာကျွင်းကို ဂုဏ်ယူဝင့်ကြွားစွာ ပြောတော့၏။
“မင်းက တော်တော်လေး ဉာဏ်ပြေးတာပဲ။ ဒါပေမဲ့ အသိ နောက်ကျသွားပြီ”
“ထွက်ခွာကြစို့”
ပြောပြောဆိုဆိုဖြင့် သူ မြင်းလှည်းပေါ်သို့ တက်လာကာ ဟွာကျွင်းကို စောင့်ကြပ်လိုက်ပြီး မြင်းလှည်းသည် စတင်၍ ခရီးနှင်တော့သည်။
ဟွာကျွင်း တည်ငြိမ်စွာ မြင်းလှည်းထဲတွင် ငြိမ်သက်စွာ ထိုင်နေ၏။
ဓားပြသည် ဟွာကျွင်း၏ အိတ်ကို လုယူကာ အတွင်းထဲ မွှေနှောက်ရှာဖွေလိုက်သည်။ အတွင်း၌ ဓားမြှောင်တစ်လက်နှင့် ငွေစအချို့ သာ ရှိပေသည်။ သူ အိတ်ကို ဘေးတွင် ချထားလိုက်ရင်း ပြောလိုက်၏။
“မင်းက တော်တော်ထူးဆန်းတဲ့ မိန်းမပဲ။ ငါ လူအများကြီးကို ဖမ်းဖူးပါတယ်၊၊ မင်းတစ်ယောက်တည်းပဲ လုံးဝ ပြန်မရုန်းတာ”
ဟွာကျွင်း: “ကျွန်မက အားနွဲ့တဲ့ အမျိုးသမီးတစ်ယောက်ပါ၊၊ ရုန်းကန်လည်း အလကားပဲ။ ဒါထက် ကျွန်မတို့ စကားပြောကြရအောင်လေ။ ရှင်တို့ ငွေလိုချင်တာလား။ ရှင်တို့ ထင်မှတ်မထားနိုင်လောက်တဲ့ ငွေပမာဏကို ကျွန်မ ပေးနိုင်ပါတယ်”
သူ နှာခေါင်းရှုံ့လိုက်ရင်း ပြော၏။
“ငွေကိုတော့ ငါတို့ လိုချင်တာပေါ့။ ဒါပေမဲ့ ရှင်းရမဲ့ အခြားကိစ္စတွေလည်း ရှိသေးတယ်”
“ဘာကိစ္စလဲ”
ဓားပြ နှုတ်ဆိတ်သွား၏။
ဟွာကျွင်း “ကျွန်မလည်း ထွက်ပြေးလို့မှ မရတာ၊၊ ရှင် ဘာကို ကြောက်နေတာလဲ။ ရှင်တို့ ဒီလောက်အထိ အားစိုက်ထုတ်ပြီး ကျွန်မကို ဖမ်းရတဲ့ အကြောင်းရင်းကိုတော့ ပေးသိသင့်တယ် မဟုတ်လား”
သူ ဟွာကျွင်းကို တစ်ချက်လှမ်းကြည့်ကာ ပြောလိုက်သည်။
“မင်းက လုမင်လီရဲ့ လျှို့ဝှက်မယားလို့ ငါ ကြားထားတယ်”
“ဘာ”
ဟွာကျွင်း: “ဘာလျှို့ဝှက်မယားလဲ၊ ရှင်တို့ စကားက နားထောင်လို့ မကောင်းဘူး။ မသိရင် လျှောက်မပြောနဲ့”
“အကျဉ်းချုပ်ပြောရရင်တော့ မင်းနဲ့သူ ဆက်ဆံရေးက သာမန်မဟုတ်ဘူး။ ငါတို့ မင်းကို ဖမ်းတာက သူ့ကြောင့်ဆိုတာပဲ မင်း သိထားရင် ရပြီ”
ဟွာကျွင်း သဘောပေါက်သွား၏။ သူမ ခပ်ဖွဖွ ပြုံးလိုက်ရင်း ပြောလိုက်သည်။
“ရှင်တို့ ကျွန်မကို အသုံးချပြီး သူ့ကို ခြိမ်းခြောက်ချင်တာလား။ အဲဒါဆို အောင်မြင်မှာ မဟုတ်ဘူး”
“အောင်မြင်မလား မအောင်မြင်ဘူးလားဆိုတာ မင်းအလုပ်မဟုတ်ဘူး။ ထွက်ပြေးဖို့လည်း လုံးဝ စိတ်မကူးနဲ့။ ဓားတွေလှံတွေက မျက်စိမပါဘူးနော်”
ဟွာကျွင်း ထပ်ပြောဆိုရန် အဓိပ္ပာယ်မရှိမှန်း သိသဖြင့် ထပ်ပြီး စကားမဆိုတော့ချေ။ သူမ ထွက်ပြေးရန်ပင် စိတ်ကူးမရှိချေ။
‘လာနောက်နေတာလား၊ ဒီလောက် အထိ မြန်တဲ့ မြင်းလှည်းပေါ်ကနေ ခုန်ရင် သေရင်သေ၊ မသေရင် ခြေကျိုးလက်ကျိုးဖြစ်သွားမှာပေါ့’
မော့ချွမ်း သူတို့လက်ထဲတွင် မရှိသဖြင့် သူ သိရှိသွားသည်နှင့် အနောက်ကနေ လိုက်လာမှာ သေချာ၏။ သူ့တွင် မော်တော်ဆိုင်ကယ် ရှိနေသဖြင့် မြင်းလှည်းကို အမှီမလိုက်နိုင်မှာ သူမ လုံးဝ မစိုးရိမ်ချေ။
အကယ်၍ မော့ချွမ်း အမှီမလိုက်နိုင်ခဲ့လျှင် မြို့ထဲတွင် လုမင်လီ၏ ကိုယ်ရံတော်စစ်သည်များ ရှိနေသည့်အပြင် သူမတွင်လည်း ခုခံကာကွယ်ရေး ပစ္စည်းများ ရှိနေသဖြင့် လုံးဝ မကြောက်ရွံ့ပေ။
သို့သော်လည်း သူမ မျှော်လင့်ထားသော မော်တော်ဆိုင်ကယ် သို့မဟုတ် မြင်းလှည်းများ ရောက်မလာ။ လူတစ်ယောက်သာ ရောက်လာခဲ့သည်။