← Chapters

အခန်း ၂၉၃

Vol. 30 Ch. 293

အခန်း ၂၉၃

Vol. 30 Ch. 293

အခန်း (၂၉၃)

သွေးထွက်သံယိုများသည်

ဟွာကျွင်း ထူးဆန်းသော အသံများကို ကြားလိုက်ရသော်လည်း စိတ်ထဲ သိပ်မထားမိချေ။

ထိုမြင်းစီးသမားသည် မြင်းလှည်းအုပ်စုကို အမှီလိုက်လာပြီး ရှေ့ဆုံးကလူများဖြင့် တိရှိုး ဘာသာစကား အသုံးပြု၍ စကားပြောဆိုလိုက်ရာ မြင်းလှည်းများအားလုံး ရပ်တန့်သွား၏။

ဟွာကျွင်း သူတို့လူများ ရောက်လာသည်ဟု ထင်မှတ်သော်လည်း နောက်တစ်စက္ကန့်တွင်မူ လက်နက်ချင်း တိုက်ခိုက်သံများကို ကြားလိုက်ရတော့သည်။

‘တိုက်ပွဲဖြစ်ပွားနေတာလား’

ဟွာကျွင်း ပြတင်းပေါက်မှတစ်ဆင့် အပြင်သို့ လှမ်းကြည့်လိုက်ရာ လူတစ်ယောက်သည် လူအများနှင့် ပြင်းပြင်းထန်ထန် ရင်ဆိုင်တိုက်ခိုက်နေသည်ကို မြင်တွေ့လိုက်သည်။ လရောင်အောက်တွင် ထိုလူ၏ မျက်နှာကို သဲသဲကွဲကွဲ မမြင်ရသော်လည်း သူ့အင်္ကျီလက်တစ်ဖက်မှာ ဗလာဖြစ်နေသည်ကို သူမ သတိထားမိလိုက်၏။

“နာဘု လား”

ဟွာကျွင်း သူ့ကို ချက်ချင်း မှတ်မိသွားသည်။

နာဘု: “သူဌေးမဟွာ... ကျွန်တော် သူတို့ကို ထိန်းထားပေးမယ်။ သူဌေးမ လွတ်အောင်ပြေးဖို့ နည်းလမ်းရှာပါတော့”

နာဘု လှမ်း၍ အော်ဟစ်လိုက်သည်။

ဟွာကျွင်း လှည့်လိုက်ပြီး မြင်းရထားထဲက ဓားပြ၏ မျက်လုံးများနှင့် ဆုံသွား၏။

သူမ လက်သည် ပေါင်ဘေးသို့ တိတ်တဆိတ် ရွေ့လျားသွားပြီး သူမက သူ့ကို ပြုံးပြလိုက်ရင်း ပြောလိုက်သည်။ “သူက ကျွန်မကို တကယ်ပဲ အထင်ကြီးနေတာပဲနော်။ ကျွန်မက ဘယ်လိုလုပ် ထွက်ပြေးနိုင်မှာလဲ။ ရှင်ရော မထင်ဘူးလားဟင်”

ပြောပြီးသည်နှင့် သူမ ငရုတ်ကောင်းစပရေးကို ထုတ်ယူကာ ထိုလူ၏ မျက်လုံးထဲသို့ လှမ်းဖြန်းလိုက်တော့၏။

“အား”

ထိုလူသည် မျက်လုံးများ စပ်ဖျဉ်းကာ မဖွင့်နိုင်တော့သဖြင့် စူးစူးဝါးဝါး အော်ဟစ်တော့သည်။ ဟွာကျွင်းသည် အခွင့်အရေးကို လက်လွတ်မခံဘဲ တိရစ္ဆာန်သုံး မေ့ဆေးအပ်ကို ထုတ်ယူကာ တစ်ချက်တည်းဖြင့် ထိုးပေးလိုက်ပြီး သူ၏ နာကျင်မှုကို အဆုံးသတ်ပေးလိုက်တော့သည်။

ဟွာကျွင်း အိတ်ကို လွယ်ကာ မြင်းရထားပေါ်မှ ခုန်ချလိုက်ပြီး နာဘုကို လှမ်းအော်လိုက်၏။

“နာဘု ပြေးတော့”

နာဘု တိုက်ခိုက်နေသူများ၏ မျက်နှာဆီသို့ သဲတစ်ဆုပ်ကို လှမ်းပက်လိုက်ပြီး မြင်းခေါင်းကို လှည့်ကာ ဟွာကျွင်းဆီ အပြင်းအနှင် မောင်းနှင်လာသည်။ သို့သော်လည်း သူမအနားသို့ ရောက်ခါနီးတွင် အနောက်မှ လှမ်းပစ်လိုက်သော ဓားတစ်စင်းသည် သူ့ကိုယ်ခန္ဓာကို ဖောက်ဝင်သွားခဲ့ပြီး နွေးထွေးလှသော သွေးစက်များ ဟွာကျွင်း၏ မျက်နှာပေါ်သို့ ပန်းထွက်ကုန်တော့သည်။

ဟွာကျွင်း လန့်ဖျတ်သွား၏။ ဤမျှအထိ သွေးထွက်သံယိုများသော မြင်ကွင်းမျိုး သူမ ပထမဆုံးအကြိမ် မြင်တွေ့ဖူးခြင်း ဖြစ်ပြီး တစ်ကိုယ်လုံး တောင့်တင်းသွားတော့သည်။

နာဘု မြင်းကို အရှိန်သတ်လိုက်ပြီးနောက် မြေပြင်ပေါ်သို့ လိမ့်ကျသွားသော်လည်း သူ့လက်တစ်ဖက်တည်းဖြင့် ကိုယ်ခန္ဓာကို အားပြု ထလိုက်သည်။ သူ အသည်းအသန်ဖြင့် သူဌေးမဟွာအား လှမ်းပြော၏။

“သူဌေးမဟွာ မြင်းစီးပြီး ပြန်တော့။ မြန်မြန်…”

ဟွာကျွင်း ရှိုက်ကြီးတငင် ငိုကြွေးလျက် နာဘုကို တွဲကူလိုက်ရင်း ပြောလိုက်၏။

“ကျွန်မ ဒီအတိုင်း ထားခဲ့လို့ မဖြစ်ဘူး။ ရှင်ကို ကူညီပါရစေ”

နာဘု သူ့ဓားကို ဆုပ်ကိုင်ထားရင်း တုန်ရီစွာ ပြောလိုက်သည်။

“ကျွန်တော့်အသက်က သူဌေးမကြောင့် ရခဲ့တာပါ။ ဒီနေ့တော့ သူဌေးမဆီ ပြန်ပေးဆပ်လိုက်ပါပြီ။ မြန်မြန်သွားပါတော့။ ကျွန်တော့်ကို အလဟဿ အသေမခံပါနဲ့”

ဓားပြများ ဝိုင်းရံလာတော့မည်ကို မြင်သောအခါ ဟွာကျွင်း အံကြိတ်ကာ မြင်းပေါ်သို့ လွှားခနဲ ခုန်တက်လိုက်၏။ နာဘု မြင်း၏ တင်ပါးကို အရှိန်အဟုန်ဖြင့် ရိုက်နှက်လိုက်ပြီး ဟိန်းဟောက်လိုက်တော့သည်။

“သွားတော့”

မြင်းကြီးသည် ဟွာကျွင်းကို သယ်ဆောင်ကာ အနောက်သို့ ပြန်လည်ပြေးထွက်သွားပြီး ဟွာကျွင်းလည်း မရပ်မနား ငိုကြွေးရင်း မြင်းဇက်ကြိုးကို မျက်စိမှိတ် ဆုပ်ကိုင်ကာ မြင်းခေါ်ဆောင်ရာနောက်သို့သာ လိုက်ပါသွားတော့သည်။

နောက်ဆုံးတွင်တော့ သူမ မော်တော်ဆိုင်ကယ်သံကို ကြားလိုက်ရပြီး လမ်း၏ အဆုံးတွင် မော့ချွမ်း၏ ပုံရိပ် ထွက်ပေါ်လာ၏။

သူ၏ မော်တော်ဆိုင်ကယ်မှာ အရှိန်အဟုန်ဖြင့် မောင်းနှင်လာပြီး ဟွာကျွင်း၏ မြင်းအနားသို့ ချက်ချင်း ရောက်ရှိလာ၏။ သူ ဟွာကျွင်းဟု ကျယ်လောင်စွာ လှမ်းအော်သော်လည်း မည်သည့်တုံ့ပြန်မှုမျှ မရှိသည့်အပြင်၊ သူမ မြင်းကို အရှိန်သတ်မည့် အရိပ်အယောင်လည်း မတွေ့ရချေ။

မော့ချွမ်းသည် ဟွာကျွင်း၏ ဘေးမှ ဖြတ်ကျော်သွားသည့် အချိန်ကျမှသာ သူမ၏ မျက်နှာတစ်ခုလုံး သွေးများဖြင့် ပေကျံနေသည်ကို မြင်တွေ့လိုက်ရ၏။ သူ့ရင်ထဲတွင် ကြောက်ရွံ့မှုများ ချက်ချင်း ကြီးစိုးသွားပြီး ခြေထောက်များပင် ပျော့ခွေသွားသည်။ အကယ်၍ သူသာ ယာဉ်ပေါ်တွင် ရှိမနေပါက မြေပြင်ပေါ်သို့ ဒူးထောက်လဲကျသွားလောက်ပေသည်။

မော့ချွမ်း ချက်ချင်းပင် လှည့်ကွေ့လိုက်ပြီး ဟွာကျွမ်၏ မြင်းနောက်သို့ အပြေးလိုက်သွား၏။ သူမနှင့် အပြိုင်ရောက်ရှိသွားသည့်အခါ မော့ချွမ်း အစွမ်းကုန် အော်ဟစ်လိုက်သည်။

“ဟွာကျွင်း၊ ဟွာကျွင်း၊ ကျွန်တော့်ကို ကြည့်”

ဟွာကျွင်း နောက်ဆုံးတော့ သတိပြန်ဝင်လာ၏။ သူမ ခေါင်းလှည့်ကြည့်လိုက်ရာ မော့ချွမ်းကို တွေ့သွားသဖြင့် မြင်းကို အလျင်အမြန်ပင် အရှိန်သတ်လိုက်တော့သည်။

“မော့ချွမ်း၊ မြန်မြန်လုပ်၊ နာဘုကို သွားကယ်ပါဦး”

ဟွာကျွင်း မြင်းပေါ်မှ ချက်ချင်း ခုန်ဆင်းကာ အလောတကြီး ပြောလိုက်၏။

“ခင်ဗျား ဘယ်နားမှာ ဒဏ်ရာရသွားလို့လဲ”

မော့ချွမ်း သူမထက်ပင် ပို၍ ပြာယာခတ်နေပေ၏။

ဟွာကျွင်း ခေါင်းခါပြလိုက်ရင်း ပြောလိုက်သည်။

“ဒါ ကျွန်မသွေး မဟုတ်ဘူး။ မော့ချွမ်း နာဘုက ကျွန်မကို ကယ်ရင်းနဲ့ အသက်အန္တရာယ် စိုးရိမ်နေရပြီ”

မော့ချွမ်း သက်ပြင်းတစ်ချက်ချလိုက်ပြီး ပြောလိုက်သည်။

“ဒီလောက်အထိ သွေးထွက်လွန်နေရင်တော့ ကျွန်တော်တို့ ပြန်သွားရင်တောင် သူ လွတ်မြောက်ဖို့ မလွယ်တော့ဘူး။ ဒီအတိုင်းပဲ သွားကြရအောင်”

ဟွာကျွင်း မော်တော်ဆိုင်ကယ်၏ အနောက်ခုံပေါ်သို့ ချက်ချင်း ခုန်တက်လိုက်ရင်း ပြော၏။

“မြန်မြန်၊ သွားကြည့်ရအောင် တစ်ခုခု ဖြစ်နိုင်သေးရင်ကော”

သူမ ခဏတာမျှ တွေးတောပြီးနောက် မေးလိုက်သည်။ “ရှင် လက်နက် ပါလာလား”

မော့ချွမ်းက သူ့ဘယ်ဘက်ပခုံးကို လှုပ်ရှားပြလိုက်ရင်း ပြန်မေး၏။

“ဒါကို ဘာလို့ ထင်လဲ”

ဟွာကျွင်း ထိုအချိန်ကျမှပင် သူ လွှစက်ကြီး တစ်ခုကို သယ်ဆောင်လာမှန်း သတိထားမိလိုက်တော့သည်။

“ရှင် ဒီလိုအရာမျိုးကို သုံးနိုင်တာလား”

ဟွာကျွင်း အံ့သြတကြီး ရေရွတ်လိုက်သည်။

မော့ချွမ်း မော်တော်ဆိုင်ကယ်ကို နိုးကာ ရှေ့သို့ အရှိန်ပြင်းပြင်း မောင်းနှင်လိုက်၏။ သူ အနောက်သို့ လှည့်ကြည့်ကာ လှမ်းအော်လိုက်၏။

“လျှောက်ပြောမနေနဲ့။ ကျွန်တော်က ငတုံးမှ မဟုတ်တာ။ လွှစက် ရှိနေတာကို ဓားကို ဘာလို့ သုံးရမှာလဲ။ ဒါက ဘာလဲသိလား၊ ဒါက ကာဗွန်အခြေပြု သက်ရှိတွေရဲ့ အပူငြိမ်းစက်။ ဒီလွှစက်ကို နှစ်ချက်လောက် ဆွဲလိုက်ရုံနဲ့ မရှင်းနိုင်တဲ့ ပြဿနာဆိုတာ မရှိဘူး”

နှစ်ဦးသား သိပ်မဝေးသော နေရာသို့ ရောက်ရှိသွားသည့်အခါ အနောက်ကနေ အမှီလိုက်လာကြသော လူတစ်စုကို မြင်တွေ့လိုက်ရ၏။ မော့ချွမ်း လေချွန်လိုက်ပြီး သူတို့ကို နှုတ်ဆက်ကာ မော်တော်ဆိုင်ကယ်ကို ရပ်တန့်လိုက်တော့သည်။

ထိုလူစုသည် ဤကဲ့သို့သော ယာဉ်မျိုးကို တစ်ခါမှ မမြင်ဖူးကြချေ။ သူတို့သည် မြင်းများကို အရှိန်သတ်လိုက်ကြပြီး လှမ်း၍ သတိကြီးစွာ စောင့်ကြည့်နေကြသည်။

မော့ချွမ်း ဟွာကျွင်းကို တိုးတိုးလေး ကပ်ပြော၏။ “မော်တော်ဆိုင်ကယ်မှာ မကောင်းတဲ့အချက်တစ်ခု ရှိတယ်။ မြင်းစီးသလိုမျိုး စီးရင်းနဲ့ တိုက်ခိုက်လို့ မရဘူး”

သူ ယာဉ်ပေါ်မှ ဆင်းလိုက်ပြီး ထိုလူများနှင့် တိရှိုးဘာသာစကားသုံးကာ စကားပြောဆိုလိုက်၏။ ဟွာကျွင်းအနေဖြင့် ထိုဘာသာစကားကို နားမလည်သော်လည်း မော့ချွမ်းသည် အလွန် ရိုင်းစိုင်းသော စကားလုံးများကို ပြောဆိုနေမှန်း အလိုလို သိရှိနေခဲ့သည်။

ထိုလူများသည် အံကြိတ်ကာ သူတို့ဓားများကို ဝှေ့ယမ်းလျက် မြင်းစီးကာ မော့ချွမ်းထံ အရှိန်အဟုန်ဖြင့် ပြေးဝင်လာကြတော့သည်။ မော့ချွမ်း လွှစက်ကို ဖြည်းညှင်းစွာ စတင်နှိုးလိုက်ရင်း ဟွာကျွင်းကို သတ်ပေးလိုက်၏။

“ဝေးဝေးမှာနေ။ ခန္ဓာကိုယ် အစိတ်အပိုင်းတွေ လာမှန်မှာ စိုးလို့ ဂရုစိုက်”

ဟွာကျွင်း အနောက်သို့ လှည့်မကြည့်ဘဲ အပြေးအလွှား ထွက်ခွာသွားပြီး မော့ချွမ်းကို လှမ်း၍ အော်ဟစ်မှာကြားရန်လည်း မေ့လျော့မသွားချေ။

“ကျေးဇူးပြုပြီး သနားညှာတဲ့အနေနဲ့ သူတို့ခန္ဓာကိုယ်တွေကိုတော့ အကောင်းအတိုင်း ချန်ထားပေးပါ”

သူမ မော့ချွမ်း၏ ကျိန်ဆဲသံကို ကြားလိုက်ရ၏။

“ငါ့ရဲ့ အေးချမ်းတဲ့ဘဝကို ဖျက်ဆီးရဲမှတော့ မင်းတို့ခန္ဓာကိုယ်တွေကို အကောင်းအတိုင်း ကျန်ရစ်ဖို့ လုံးဝ မျှော်လင့်မနေနဲ့”

ဟွာကျွင်း သူမ နားနှစ်ဖက်ကို လက်ဖြင့် တင်းကြပ်စွာ ပိတ်ဆို့ထားလိုက်သော်လည်း လွှစက်ကြီး၏ ဟိန်းဟောက်သံ၊ လက်နက်များ ဖြတ်တောက်ခံရသံနှင့် လူများ၏ နာကျင်စွာ အော်ဟစ်သံများကို ဆက်လက်ကြားနေရဆဲ။

“တကယ်ကို သွေးပျက်စရာ ကောင်းလွန်းတယ်”

ဟွာကျွင်း အံတင်းတင်းကြိတ်ထားမိ၏။

မကြာမီမှာပင် အနောက်ဘက်၌ ဆိတ်ငြိမ်ခြင်းများ ကြီးစိုးသွားသည်။ ဟွာကျွင်း သူမ လက်များကို နားပေါ်မှ ဖြည်းညှင်းစွာ ချလိုက်သည့်အချိန် မော့ချွမ်း၏ စကားသံကို ကြားလိုက်ရ၏။

“ပြီးပြီ။ သွားကြစို့”

ဟွာကျွင်သည် နွေးထွေးသော နွေဦးလေညင်းထဲတွင် မွေးဖွားပြီး အေးချမ်းသော ပတ်ဝန်းကျင်အောက် ကြီးပြင်းလာသူ ဖြစ်သဖြင့် ဤမျှအထိ ထိတ်လန့်တုန်လှုပ်စရာကောင်းသော မြင်ကွင်းမျိုး တစ်ခါမှ မတွေ့ဖူးချေ။ သူမ ရေရွတ်နေမိတော့သည်။

“ထိတ်လန့်စရာပဲ။ တကယ်ကို ထိတ်လန့်စရာပဲ”

မော့ချွမ်း သွေးများပေကျံနေသော သူမ မျက်နှာကို ကြည့်ကာ ပြောလိုက်သည်။

“ခင်ဗျားကိုယ်ခင်ဗျား မှန်ထဲမှာ ပြန်ကြည့်သင့်တယ်။ ကျွန်တော့်အမြင်အရဆိုရင် အခု ခင်ဗျားက ပိုပြီး ထိတ်လန့်စရာကောင်းနေတယ်”

ဟွာကျွင်း သူမ အင်္ကျီလက်ဖြင့် မျက်နှာကို အမှတ်မထင် သုတ်လိုက်ရင်း ပြောလိုက်၏။

“သွားကြစို့၊ နာဘုကို အမြန်ဆုံး သွားရှာရအောင်”

သူတို့ လမ်းအတိုင်း လျှောက်လှမ်းလာကြပြီးနောက် နောက်ဆုံးတွင်တော့ မြက်ခင်းပြင်ပေါ်တွင် လဲကျနေသော နာဘုကို ရှာတွေ့သွားကြသည်။

သူသည် မြေပြင်ပေါ်တွင် လဲလျောင်းနေပြီး သူ၏ အသက်ရှူသံမှာ တိုးညှင်းလွန်းလှသဖြင့် အသက်မီးစာကုန်ရန် ဆံခြည်တစ်မျှင်သာ လိုတော့ပေသည်။

မော့ချွမ်း ရှေ့သို့ တိုးသွားပြီး သူ့အသက်ရှူနှုန်းကို စစ်ဆေးလိုက်၍ စိုးရိမ်ပူပန်နေသော ဟွာကျွင်းကို မော့ကြည့်ကာ ပြောလိုက်သည်။

“ဒီလောက်အထိ အသက်ပြင်းတဲ့လူမျိုး ကျွန်တော် တစ်ခါမှ မမြင်ဖူးဘူး”

ဟွာကျွင်း နောက်ဆုံးတော့ သက်ပြင်းအရှည်ကြီး တစ်ချက် ချနိုင်သွားတော့သည်။

သူမ လက်နှစ်ဖက်ကို ဆုပ်ကိုင်ကာ ကောင်းကင်ယံက လမင်းကြီးကို မော့ကြည့်ရင်း ရေရွတ်လိုက်သည်။

“တော်သေးတာပေါ့။ သူ မသေတာပဲ ကံကောင်းပါတယ်”

မော့ချွမ်း ဘေးတွင်ရှိသော မြင်းတစ်ကောင်ကို အမှတ်မထင် ဖမ်းယူလိုက်ပြီး နာဘုကို မြင်းပေါ်သို့ တင်ဆောင်ကာ သုံးဦးသား အလျင်အမြန်ပင် ပြန်လည်ထွက်ခွာလာကြတော့သည်။

မော့ချွမ်းအနေဖြင့် ထိုအချိန်ကျမှသာ ဟွာကျွင်းကို စတင်၍ စစ်မေးရန် အချိန်ရှိတော့၏။

“ခင်ဗျားကို အပြင်မထွက်ပါနဲ့လို့ ကျွန်တော် ပြောထားတယ်မဟုတ်လား။ ခင်ဗျားက ဘာလို့ လုံးဝ နားမထောင်တာလဲ”

ဟွာကျွင်း ပြန်လည်ချေပလိုက်၏။

“သူတို့က ရှင် ဖမ်းခံလိုက်ရပြီလို့ လာပြောတာကိုး၊၊ ဒါကြောင့် ကျွန်မလည်း အခြေအနေကို သွားကြည့်ရတာပေါ့”

“သူတို့ ကျွန်တော် ဖမ်းခံရတယ်လို့ ပြောတာနဲ့ပဲ ခင်ဗျားက ယုံရလား။ ခင်ဗျားမှာ ဦးနှောက်ရော ရှိရဲ့လား”

“ကျွန်မ ရှင်ရဲ့ တိုက်ခိုက်ရေး စွမ်းရည်ကို ဘယ်လိုလုပ် သိမှာလဲ၊၊ ရှင်သာ တကယ် အားနည်းတဲ့သူဆိုရင် ဘယ်လိုလုပ်မလဲ။ ပြီးတော့ ရှင် ထွက်သွားတာလည်း အကြာကြီးရှိနေပြီ။ ကျွန်မ စိုးရိမ်မိတာ ပုံမှန်ပဲ မဟုတ်လား”

“သူတို့သာ အားမန်ကို ဖမ်းမသွားရင် ကျွန်တော် သူတို့နောက်ကို ဒီလောက်အထိ အကြာကြီး လိုက်နေမှာ မဟုတ်ဘူး။ ပြောရရင်တော့ ရွာသားတွေက တကယ်ကို အသုံးမကျဘူး။ သူတို့ ရန်သူတွေကို အနည်းဆုံးတော့ အချိန်ဆွဲပေးနိုင်လိမ့်မယ်လို့ ကျွန်တော် ထင်ထားတာ။ ဒါပေမဲ့ ခင်ဗျားပါ အဖမ်းခံလိုက်ရလိမ့်မယ်လို့ လုံးဝ မျှော်လင့်မထားဘူး”

ဟွာကျွင်း အလောတကြီး မေးမြန်းလိုက်၏။

“အားမန်ရောဘယ်လိုနေလဲ။ ဒေါ်လေးပန်းနဲ့ အခြားသူတွေရော အဆင်ပြေကြလား”

“ကျွန်တော် ဘယ်လိုလုပ် သိမှာလဲ။ ခင်ဗျား အဖမ်းခံရတယ်လို့ ကြားတာနဲ့ လွှစက်ကို ဆွဲပြီး ခင်ဗျား အနောက်ကို တန်းလိုက်လာခဲ့တာ။ အားမန်ကတော့ အဆင်ပြေပါတယ်၊၊ ကျွန်တော် သူ့ကို ရွာထဲ ပြန်ပို့ပေးခဲ့ပြီးသားပါ”

မှန်ပေ၏။ မော့ချွမ်းအတွက်မူ သူ့ကို ရေရှည်ထမင်းကျွေးမည့် အရှင်သခင်မလေးကိုသာ အဓိက ဂရုစိုက်ပေသည်။

သူတို့ ရွာအဝင်ဝသို့ ရောက်ရှိသွားသည်နှင့် ဟွာကျွင်းကို ရွာသားအမြောက်အမြားက ဝိုင်းအုံလာကြပြီး စိုးရိမ်တကြီး မေးကြတော့၏။

“သူဌေးမဟွာ ဘာမှမဖြစ်ဘူးမလား”

ဟွာကျွင်း ခေါင်းခါပြလိုက်ပြီး မော့ချွမ်းအား နာဘုကို သမားတော်ထံ အမြန်ဆုံး ခေါ်ဆောင်သွားခိုင်းလိုက်ကာ သူမလည်း ရွာသားများကို အလောတကြီး ပြန်လည်မေးတော့သည်။

“ဒေါ်လေးပန်းနဲ့ အခြားသူတွေရော ဘာမှမဖြစ်ကြဘူးမလား”

All Chapters