အခန်း ၂၉၄
Vol. 30 Ch. 294
အခန်း (၂၉၄)
အစွမ်းကုန် ကုသပေးပါ
ရွာလူကြီး စကားကို အလွန်အမောတကောဖြင့် ခပ်သွက်သွက် ပြောဆိုရင်း ဒေါ်လေးပန်း၏ အခြေအနေကို ဟွာကျွင်းအား လှမ်း၍ ရှင်းပြသည်။
“ဒေါ်လေးပန်း ဒဏ်ရာရသွားလို့ အခုထိ သတိမရသေးဘူ။ သူနဲ့အတူ အခြားဒဏ်ရာရတဲ့သူတွေကိုပါ သမားတော်ဆွန်းရဲ့ ဆေးကုသဆောင်ဆီကို ပို့ထားကြတယ်”
ဟွာကျွင်း ချက်ချင်းပင် လမ်းကြောင်းပြောင်းလိုက်ပြီး ဆေးကုသဆောင်သို့ ပြေးသွားတော့၏။ ရွာလူကြီးလည်း သူမ အနောက်မှ ထပ်ကြပ်မကွာ ပြေးလိုက်ရင်း လှမ်းပြောသည်။
“တကယ်ကို ကံကောင်းလို့၊၊ ဓားပြတွေ ရွာထဲကို ဝင်လာတုန်းက ကင်းလှည့်အဖွဲ့က အရှေ့ဆုံးကနေ ဆီးကြိုတိုက်ခိုက်ပေးလို့ အားမောက်နဲ့ လျိုအာတို့က ကျွန်တော်တို့ကို မြေအောက်ခန်းထဲမှာ ပုန်းအောင်းနိုင်အောင် ကူညီပေးခဲ့ကြတာ။ ဒါကြောင့်မလို့သာ ဘေးအန္တရာယ်ကနေ လွတ်မြောက်ခဲ့ကြတာ”
“ကင်းလှည့်အဖွဲ့ကလူတွေရော ဘယ်လိုနေလဲဟင်”
ဟွာကျွင်း မေးလိုက်သည်။
“ကင်းလှည့်အဖွဲ့က လူအတော်များများ ဒဏ်ရာရကုန်ကြတယ်။ ပြီးတော့ အားမောက်နဲ့အတူ သူဌေးမကို သွားရှာတဲ့အထဲက လူတစ်ယောက်ကတော့ ဓားပြရဲ့ဓားချက် မိသွားတာ ဒဏ်ရာက ပြင်းထန်လွန်းလို့ ဆုံးသွားတယ်”
ဟွာကျွင်း၏ ခြေလှမ်းများ တုန့်ခနဲ ဖြစ်သွားပြီး တစ်စုံတစ်ဦးက သူမ နှလုံးသားကို ဓားဖြင့် ထိုးစိုက်လိုက်သကဲ့သို့ ပြင်းထန်သော နာကျင်မှုကို ခံစားလိုက်ရသည်။
“လူတစ်ယောက် သေသွားပြီလား”
သူမ နားကိုပင် မယုံနိုင် ဖြစ်နေမိ၏။
ရွာလူကြီး ဝမ်းနည်းပူဆွေးစွာဖြင့် ခေါင်းညိတ်ပြပြီး ပြောလိုက်သည်။
“အခုအချိန်မှာတော့ အသက်ရှင်ကျန်ရစ်သူတွေက ပိုပြီးအရေးကြီးပါတယ်။ သူတို့ကို သွားကြည့်ဖို့ မြန်မြန်သွားရအောင်”
ဟွာကျွင်း ရင်ထဲက ဝမ်းနည်းပူဆွေးမှုများကို အောင့်အည်းမျိုသိပ်လိုက်ရင်း ဆေးကုသဆောင်ဆီသို့ ဆက်ပြေးတော့၏။
ဆေးကုသဆောင်၏ အဝင်ဝတွင် လူအမြောက်အမြားက စိုးရိမ်တကြီးဖြင့် အထဲသို့ မျှော်လင့်တကြီး လှမ်းကြည့်ရင်း စောင့်ဆိုင်းနေကြပေသည်။ သူတို့သည် ဟွာကျွင်း ရောက်ရှိလာသည်ကို မြင်သောအခါ အဝင်ဝတံခါးဆီမှနေ၍ လမ်းကို ဖယ်ပေးလိုက်ကြသည်။
“သူဌေးမဟွာ နောက်ဆုံးတော့ သူဌေးမ ပြန်ရောက်လာပြီပဲ”
“သူဌေးမဟွာ ဘာမှမဖြစ်ဘူးမလား”
“ဒဏ်ရာ ရသွားသေးလား။ ကျွန်မတို့အားလုံး သူဌေးမအတွက် အရမ်းစိတ်ပူနေကြတာပါ”
ဟွာကျွင်း ခေါင်းညိတ်ပြလိုက်သော်လည်း သူတို့ကိုပြန်လည်မဖြေကြားနိုင်သေးချေ။ သူမသည် ဒဏ်ရာရရှိထားသူများ၏ အခြေအနေကို ကြည့်ရှုရန်အတွက် အထဲသို့ ဝင်ရောက်ရန်သာ အလွန်အမင်း စိတ်စောနေ၏။
“သူဌေးမဟွာ ကျေးဇူးပြုပြီး ကျွန်မယောက်ျားကို ကယ်ပေးပါဦး။ သူ ဒဏ်ရာအပြင်းအထန် ရထားလို့ပါ”
ဟွာကျွင်း ခြေလှမ်းရပ်လိုက်ပြီး လှည့်၍ မေးမြန်းလိုက်၏။
“ရှင့်ယောက်ျား နာမည်က ဘာလဲ”
ထိုစိုးရိမ်ပူပန်နေသောအမျိုးသမီးသည် ဟွာကျွင်းက ရပ်၍ သူမကို လှည့်မေးလိမ့်မည်ဟု ထင်မှတ်မထားချေ။ သူမ ခဏတာမျှ မှင်တက်သွားပြီးမှ အလျင်အမြန် ရှေ့သို့တိုးကာ ဖြေကြားလိုက်သည်။
“ကျွန်မယောက်ျားက ဝူရွှန်းပါ။ သူက ကင်းလှည့်အဖွဲ့ထဲကပါ”
ဟွာကျွင်း သူမကို နှစ်သိမ့်ပေးလိုက်ရင်း ကတိပေးလိုက်၏။
“စိတ်မပူပါနဲ့။ ကျွန်မတို့ သူ့ကို အစွမ်းကုန် ကုသပေးပါ့မယ်”
ထိုအမျိုးသမီး ရှိုက်ကြီးတငင်ဖြင့် ပြောတော့သည်။ “ကျေးဇူးတင်ပါတယ် သူဌေးမဟွာ”
ဟွာကျွင်း ခြံဝင်းတံခါးကို တွန်းဖွင့်လိုက်သည့်အခါ သွေးရောင်များဖြင့် ပေကျံနေသော ရေဇလုံတစ်ခုကို သယ်ဆောင်ကာ အထဲမှ ထွက်လာသည့် အားမန်နှင့် ဆုံတွေ့လိုက်သည်။ သူမ၏ မျက်နှာတစ်ခုလုံး စိုးရိမ်စိတ်များဖြင့် ပြည့်နှက်နေပြီး မော့ကြည့်လိုက်ရာ ဟွာကျွင်းကို မြင်တွေ့သွားသည့်အခါမှသာ တင်းမာနေသော မျက်နှာထားလေး ချက်ချင်းပင် ပြေလျော့သွားတော့၏။ သူမ လက်ထဲက ရေဇလုံကို ချထားလိုက်ရင်း အလွန်အမင်း စိတ်လှုပ်ရှားစွာ လက်ဟန်ခြေဟန်များ ပြုလုပ်ပြီး သူမ မျက်ဝန်းများမှတစ်ဆင့် ဝမ်းသာမှုနှင့် စိုးရိမ်မှုများကို အသည်းအသန် ဖော်ပြနေတော့သည်။
“အားမန် ရှင် ဘာမှမဖြစ်ဘဲ ဘေးကင်းနေတာ တကယ်ကို ဝမ်းသာပါတယ်။ ကျွန်မလည်း ရှင့်အတွက် အရမ်းစိတ်ပူနေတာ။ လာ ကျွန်မကို အထဲကို မြန်မြန်ခေါ်သွားပါ”
လီနျန် ရုတ်ရုတ်သဲသဲ အသံများကို ကြားရသဖြင့် အထဲက အခန်းတွင်းမှ ပြေးထွက်လာပြီး သူမ၏ လေသံမှာ စိုးရိမ်စိတ်များနှင့်အတူ ဝမ်းသာမှုများပါ ရောပြွမ်းနေ၏။
“သူဌေးမဟွာ တော်သေးတာပေါ့။ သူဌေးမ ဘာမှမဖြစ်တာ ကောင်းပါတယ်။ အခုမှပဲ ကျွန်မရင်ထဲက အလုံးကြီး ကျသွားတော့တယ်”
ဟွာကျွင်း သူမ လက်ကို တင်းကြပ်စွာ ဆုပ်ကိုင်လိုက်ပြီး ခေါင်းညိတ်ပြကာ အတွင်းခန်းထဲသို့ အပြေးအလွှား ဝင်ရောက်သွားသည်။ အခန်းတွင်းရှိ လေထုထဲတွင်မူ တိုင်းရင်းဆေးဝါးများ၏ ခါးသက်သက်အနံ့များနှင့်အတူ ပြင်းထန်လှသော သွေးညှီနံ့များဖြင့် ဖုံးလွှမ်းနေ၏။ စားပွဲပေါ်တွင် ဆေးဝါးမျိုးစုံနှင့် ဆေးကုသရေး ကိရိယာများကို အစီအရီ ချထားလျက်ရှိသည်။ ပြတင်းပေါက်ဘေးရှိ ကုတင်ပေါ်တွင်မူ သွေးချင်းချင်းနီလျက် လဲလျောင်းနေသော နာဘုကို မြင်တွေ့လိုက်ရ၏။
သူ၏ ဒဏ်ရာကို ကောင်းမွန်စွာ သန့်စင်ထားပြီး ပတ်တီး များကို သူ၏ ပခုံးတွင် တင်းကြပ်စွာ စည်းနှောင်ထားသော်လည်း လတ်ဆတ်လှသော သွေးစက်များသည် ပတ်တီးမှတစ်ဆင့် ဆက်လက်၍ စိမ့်ထွက်နေကာ ကုတင်ခင်းကြီးတစ်ခုလုံး သွေးရောင် ပေကျံနေတော့သည်။
မော့ချွမ်း၏ လက်နှစ်ဖက်စလုံးတွင်လည်း သွေးများဖြင့် ပေကျံနေပြီး သူ၏ ဘေးက ကြမ်းပြင်ပေါ်တွင်မူ ကျိုးပဲ့နေသော ဓားတစ်စင်း ရှိနေသည်။
သမားတော်ဆွန်း ဟွာကျွင်း ရောက်ရှိလာသည်ကို မြင်သောအခါ လေးနက်လှသော လေသံဖြင့် ပြောလိုက်၏။
“သူ့ကိုယ်ထဲက ဓားကိုတော့ ထုတ်ပေးလိုက်ပါပြီ။ အသက်အန္တရာယ်ရှိတဲ့ အဓိကနေရာတွေကို မထိမှန်ခဲ့ပေမဲ့ သွေးထွက်လွန်သွားတဲ့အပြင် ဒဏ်ရာကလည်း အရမ်းကြီးလွန်းတယ်။ သူ ဘေးကင်းဖို့အတွက်ကတော့ အတော်လေး ရုန်းကန်ရဦးမှာ”
ဟွာကျွင်း: “ ကျွန်မတို့ ဒဏ်ရာကို ပြန်ချုပ် လိုက်ရင်ကော အဆင်ပြေမလားဟင်”
သမားတော်ဆွန်း ဟွာကျွင်းကို ထိတ်လန့်တုန်လှုပ်စွာ စိုက်ကြည့်ရင်း ပြန်မေးလိုက်သည်။
“ချုပ်... ချုပ်တယ် ဟုတ်လား”
သူ ခဏတာမျှ ဆွံ့အသွားပြီးမှ ထပ်မေး၏။ “ဘယ်သူက ချုပ်မှာလဲ”
ဟွာကျွင်း : “ရှင်ပေါ့၊ ရှင်က သမားတော်။ ဒါကြောင့် ချုပ်တာကို ရှင်ပဲ လုပ်ရမှာပေါ့”
“မဖြစ်ဘူး၊ မဖြစ်ဘူး”
သမားတော်ဆွန်း အလျင်အမြန်ပင် လက်ခါပြလိုက်ရင်း ပြော၏။
“လုံးဝ မဖြစ်နိုင်ပါဘူး၊ ကျွန်တော် အနာချုပ်တဲ့အကြောင်း ကြားဖူးရုံပဲ ရှိတာ၊ တစ်ခါမှလည်း မမြင်ဖူးသလို သင်လည်း မသင်ဖူးဘူး။ ကျွန်တော် လုံးဝ မလုပ်တတ်ပါဘူး”
“လီနျန်”
ဟွာကျွင်း သူမ၏ အနောက်သို့ လှည့်၍ လှမ်းခေါ်လိုက်သည်။ “လီနျန ရှင် လုပ်ရဲလား”
လီနျန် ဟွာကျွင်းအနားသို့ ခြေလှမ်းနှစ်လှမ်းခန့် တိုးကပ်လာ၏။
သူမ မျက်မှောင်ကြုတ်လိုက်ရင်း ပြောလိုက်သည်။ “ဒါက အသက်တစ်ချောင်းကို ကယ်တင်နိုင်မယ်ဆိုရင်တော့ ကျွန်မ စမ်းကြည့်ချင်ပါတယ်”
ဟွာကျွင်း ခေါင်းညိတ်ပြလိုက်ပြီး ပြောသည်။
“ကျွန်မကို ခဏလောက် စောင့်။ ဒဏ်ရာချုပ်ဖို့အတွက် အထူးပြုလုပ်ထားတဲ့ အပ်နဲ့ ချည်မျှင်တွေ လိုအပ်သလို ပိုးသတ်ဖို့လည်း လိုအပ်တယ်။ သမားတော်ဆွန်း ရှင် အရင်ဆုံး သူ သွေးထွက်တာကို ရပ်တန့်သွားအောင် နည်းလမ်းတစ်ခုခုနဲ့ အမြန်ဆုံး လုပ်ပေးပါဦးရှင့်”
သမားတော်ဆွန်း စိတ်ကို ပြန်လည်စုစည်းလိုက်ရင်း ပြော၏။ “ကျွန်တော် အပ်စိုက်ကုထုံးကို သုံးပြီး သူ့ရဲ့ သွေးကြော အချို့ကို ပိတ်ပြီး သွေးတိတ်အောင် လုပ်ပေးလို့ရပါတယ်။ ဒါပေမဲ့ ဒါက အမွှေးတိုင်တစ်တိုင်စာ လောက်ပဲ ခံမှာနော်”
“အဲဒါဆိုရင် လုံလောက်ပါပြီ”
ဟွာကျွင်း ပြောလိုက်သည်။ “မော့ချွမ်း သွားကြစို့”
သူမ ခြေလှမ်းပြင်လိုက်ပြီးမှ တစ်စုံတစ်ခုကို သတိရကာ လှမ်းမေး၏။
“အခြားဒဏ်ရာရတဲ့ လူတွေကော ဘယ်လိုနေလဲ”
သမားတော်ဆွန်း: “သူတို့အားလုံး နောက်ဖေးဝင်းထဲမှာ ရှိနေကြတယ်။ ဒဏ်ရာတွေကိုတော့ အကြမ်းဖျင်း သန့်စင်ပေးထားပြီးပြီ။ အခု ကူပါးက သူတို့ကို စောင့်ရှောက်ပေးနေပါတယ်”
ထိုအချိန်ကျမှပင် ဟွာကျွင်း နောက်ဖေးဝင်းဆီမှ မပြတ်ထွက်ပေါ်နေသော ညည်းတွားအော်ဟစ်သံများကို သတိပြုမိလိုက်တော့သည်။
“အဲဒီဒဏ်ရာရတဲ့ လူတွေထဲက ဒဏ်ရာအပြင်းအထန် ရထားတဲ့သူ ဘယ်နှစ်ယောက်၊ ဒဏ်ရာအနည်းငယ်ပဲ ရထားတဲ့သူ ဘယ်နှစ်ယောက်ရှိလဲဆိုတာကို အမြန်ဆုံး စာရင်းတွက်ပေးပါဦး။ ပြီးရင် အကိုက်အခဲပျောက်ဆေး၊ ပိုးသတ်ဆေး၊ ပတ်တီး၊ ဂွမ်းလုံးတွေနဲ့ အနာစည်းဖို့အတွက် ကျပ်စည်းတံတွေ ဘယ်လောက်အထိ လိုအပ်လဲဆိုတာကို ကျွန်မဆီကို အမြန်ဆုံး စာရင်းပို့ပေး”
“လီနျန် ရှင်လည်း ကျွန်မတို့နဲ့အတူ လိုက်ခဲ့ပါဦး”
ဟွာကျွင်း မော့ချွမ်းအား လီနျန်ကို ခေါ်ဆောင်ကာ မော်တော်ဆိုင်ကယ်ဖြင့် မုန့်ဆိုင်သို့ အရင်ဆုံး ပြန်သွားခိုင်းလိုက်၏။ သူမကိုယ်တိုင်ကမူ ဘေးနားတွင်ရှိသော မြင်းပေါ်သို့ လွှားခနဲ ခုန်တက်လိုက်ရင်း ပြောလိုက်သည်။
“မုန့်ဆိုင်မှာ ပြန်ဆုံကြမယ်”
သူမသည် ယခင်က မြင်းစီးသင်တန်းတစ်ခု တက်ရောက်ဖူးသည့်အတွက် ယခုအချိန်တွင် တကယ်ကို ကျေးဇူးတင်မိနေတော့သည်။ အဘယ်ကြောင့်ဆိုသော် ၎င်းသင်တန်းသည် ယနေ့တွင် လက်တွေ့ကျကျ အသုံးဝင်သွားသောကြောင့်ပင်။
မုန့်ဆိုင်သို့ ပြန်ရောက်သွားသည့်အခါ သူမ တက်ဘလက်ကို ယူဆောင်ကာ အင်တာနက်ပေါ်မှ ဒဏ်ရာချုပ်နည်း ဗီဒီယိုအချို့ကို ရှာဖွေပြီး ဖွင့်လိုက်ကာ လီနျန်၏ လက်ထဲသို့ တိုက်ရိုက် ထည့်ပေးလိုက်၏။
“လီနျန် ဒါကို သေသေချာချာ ကြည့်ပြီး လေ့လာထားပါ။တစ်ခါတည်းနဲ့ မျက်စိယဉ်သွားအောင်လို့ ကြည့်ထားနော်”
လီနျန်၏ မျက်နှာအမူအရာသည် တည်ကြည်လေးနက်နေ၏။ သူမ ခေါင်းညိတ်ပြလိုက်ရင်း တက်ဘလက်ကို လှမ်းယူလိုက်သည်။ သူမ၏ မျက်လုံးများ ဗီဒီယိုပေါ်သို့ ကျရောက်သွားသည်နှင့် ထိတ်လန့်တုန်လှုပ်သွားသည်။ “ဒါက တကယ့်ကို လက်တွေ့ဆန်လွန်းတယ်။ ကျွန်မ လက်နဲ့လှမ်းပြီး ဒဏ်ရာကို ထိတွေ့လို့ရနေသလိုမျိုး ခံစားရတယ်”
ဟွာကျွင်းနှင့် မော့ချွမ်းတို့ အိမ်သို့ ပြန်ရောက်လာကြ၏။ ဟွာရှန့်သည် အိမ်တွင် အလွန်အမင်း စိုးရိမ်ထိတ်လန့်နေပြီး ဟွာကျွင်း၏ မျက်နှာကို မြင်တွေ့လိုက်ရသည့် အချိန်မှာပင် ကြောက်လွန်းသဖြင့် သတိလစ်မတတ် ဖြစ်သွားသည်။
“မမ မျက်နှာမှာ သွေးတွေနဲ့”
ဟွာကျွင်း သူမကို ချော့မော့ရင်း ပြောလိုက်၏။
“ဘာမှမဖြစ်ပါဘူး ညီမလေး။ ဒါ မမသွေးတွေ မဟုတ်ဘူး။ လူဆိုးတွေအားလုံး အခု ထွက်ပြေးကြကုန်ပြီ။ မမ ရေချိုးခန်းထဲသွားပြီး အရင်ဆုံး သန့်စင်လိုက်ဦးမယ်”
သူမ ရေချိုးခန်းထဲသို့ ဝင်ရောက်ကာ မျက်နှာကို အမြန်ဆုံး သန့်စင်လိုက်ပြီး သပ်ရပ်အောင် ပြန်လည်ပြင်ဆင်လိုက်တော့သည်။
အိမ်မှ ထွက်ခွာလာပြီးနောက် သူမနှင့် မော့ချွမ်းတို့ အနီးနားရှိ ဆေးဆိုင်တစ်ဆိုင်ဆီသို့ ကားမောင်းထွက်သွားကြပြီး စဉ်းစားမိသမျှ ဆေးဝါးများနှင့် ပစ္စည်းကိရိယာ အားလုံးကို အမြန်ဆုံး ဝယ်ယူကြသည်။
ထိုဆေးဆိုင်က ဆေးဝါးကျွမ်းကျင်သူသည် လူဟောင်းတစ်ဦး ဖြစ်ပေ၏။ သူသည် ဟွာကျွင်း၏ ဆေးဝါးစာရင်းကို မြင်တွေ့လိုက်ရသည့်အခါ မည်သည့်အသေးစိတ်အချက်အလက်ကိုမျှ ထပ်မံမမေးမြန်းတော့ဘဲ ပစ္စည်းအားလုံးကို တိတ်တဆိတ် သေသေချာချာ ထုပ်ပိုးပေး၏။
ထိုအချိန်တွင် ဟွာရှန့်ထံမှ ဖုန်းမက်ဆေ့ခ်ျတစ်ခု ဝင်ရောက်လာသည်။ ကူပါးသည် ဒဏ်ရာရရှိထားသူများ၏ အခြေအနေနှင့် လိုအပ်ချက်စာရင်းကို အားလုံး စုစည်းပြီးသွားပြီး ဟွာရှန့်မှတစ်ဆင့် လှမ်း၍ အကြောင်းကြားခိုင်းလိုက်ခြင်း ဖြစ်သည်။ ဟွာကျွင်း ထိုစာရင်းထဲက ဆေးဝါးများကိုပါ ထပ်မံဖြည့်စွက်ကာ အားလုံးကို တစ်ခါတည်း ပေါင်းစပ်၍ ဝယ်ယူလိုက်တော့၏။
ပစ္စည်းများကို ဟွာကျွင်း၏ လက်ထဲသို့ ထည့်ပေးလိုက်ရင်း ဆေးဆိုင်ပိုင်ရှင်က လေးနက်စွာ မှာကြားသည်။ “ဒဏ်ရာရတာ ပြင်းထန်ရင်တော့ ဆေးရုံကြီးတွေကို သွားတာက အကောင်းဆုံးပဲဗျာ။ ဒီလိုပစ္စည်းတွေ ဝယ်ပြီး ကုနေတာက တစ်ခါတလေကျရင် အဆင်မပြေဖြစ်တတ်လို့ပါ”
ဟွာကျွင်း ကျေးဇူးတင်စကားဆိုလိုက်သည်။
“ကျေးဇူးတင်ပါတယ်။ ဒဏ်ရာသေးလို့ပါ။ ကြီးကြီးမားမား ကိစ္စမရှိပါဘူး”
ဆေးကုသဆောင်သို့ ပြန်ရောက်သွားသည့်အခါ အချိန်ကွက်တိပင်။ သမားတော်ဆွန်း အပ်များကို ပြန်လည်နှုတ်ယူလိုက်ပြီး သူ့နေရာကို လီနျန်ထံ လွှဲပြောင်းပေးလိုက်တော့သည်။
လမ်းခရီးတစ်ခုလုံးတွင် လီနျန်၏ စိတ်ထဲ၌ ဗီဒီယိုထဲက ဒဏ်ရာချုပ်သည့် အဆင့်ဆင့်ကို မပြတ် ပြန်လည်ပုံဖော်နေ၏။ သူမကိုယ်သူမ မကြောက်တော့ဘူးဟု ထင်မှတ်ထားခဲ့သော်လည်း လက်တွေ့တွင်မူ ဒဏ်ရာကြီးကို မြင်တွေ့လိုက်ရသည့်အခါ လက်များ အနည်းငယ် တုံ့ဆိုင်းသွားရပြန်သည်။
ဟွာကျွင်း သူမ ပခုံးကို အသာအယာပုတ်ပေးလိုက်ရင်းအားပေးလိုက်၏။
“ကျွန်မ ရှင့်ကို ယုံကြည်ပါတယ်။ ရှင် သေချာပေါက် လုပ်နိုင်မှာပါ”
လီနျန် အသက်ကို ပြင်းပြင်းရှူလိုက်ပြီး ဆေးဘက်ဆိုင်ရာ လက်အိတ် များကို စွပ်လိုက်၏။ ထို့နောက် ပတ်တီးဟောင်းများကို ဖယ်ရှားပြီး ဒဏ်ရာကို ထပ်မံ၍ သေသေချာချာ သန့်စင်လိုက်သည်။ သူမ ပိုးသတ်ထားသော ဆေးဘက်ဆိုင်ရာ အပ်ကို ကောက်ကိုင်လိုက်ပြီးနောက် စတင်၍ ချုပ်လိုက်တော့၏။
သမားတော်ဆွန်းသည် အနားတွင် မတ်တတ်ရပ်ရင်း အဆင့်တိုင်းကို မှတ်မိစေရန်အတွက် မျက်တောင်မခတ်တမ်း စိုက်ကြည့်နေသည်။
လီနျန်သည် မူလကတည်းက ပန်းထိုးအလုပ်နှင့် အလွန်အမင်း ရင်းနှီးကျွမ်းဝင်ထားပြီး သူမ၏ လက်ချောင်းများက အပ်ကိုင်လိုက်သည်နှင့်တပြိုင်နက် စိတ်လှုပ်ရှားမှုများ ချက်ချင်းပင် တည်ငြိမ်သွားတော့သည်။ သူမ စိတ်အာရုံကို စုစည်း၍ အသက်ကို အောင့်ထားရင်း အလွန်အမင်း အာရုံစိုက်ကာ ဒဏ်ရာကို တရစပ် ချုပ်တော့၏။
“ပြီးပါပြီ”
လီနျန် ခါးကို ဆန့်လိုက်ရင်း ပြောလိုက်သည်။
“အခု သွေးတွေကို သုတ်ပေးလိုက်ပြီးတော့ သူ ဖျားမဖျားဆိုတာကိုပဲ သေသေချာချာ စောင့်ကြည့်ပေးဖို့ လိုပါတော့တယ်”
သမားတော်ဆွန်းသည် ဒဏ်ရာကို အနီးကပ် သွားရောက်စစ်ဆေးကြည့်ရှုလိုက်ပြီးနောက် အံ့သြတကြီးဖြင့် ရေရွတ်လိုက်၏။
“သွေးထွက်တာ ရပ်သွားပြီ”
သူသည် လီနျန်ကို အလွန်အမင်း စိတ်လှုပ်ရှားစွာ မော့ကြည့်လိုက်ရင်း မေးတော့သည်။
“ဒီပညာကို ကျွန်တော့်ကိုပါ မျှဝေပြီး သင်ကြားပေးလို့ ရမလား”