← Chapters

အခန်း ၂၉၅

Vol. 30 Ch. 295

အခန်း ၂၉၅

Vol. 30 Ch. 295

အခန်း (၂၉၅)

သွေးသားရှိသည့် လူသားတစ်ယောက်

မော့ချွမ်း သရော်လိုက်၏။

“အခုကျတော့လည်း မကြောက်တော့ဘူးပေါ့၊၊ ခင်ဗျားက မိန်းမတစ်ယောက်လောက်တောင် အသုံးမကျဘူး။ တကယ့်ကို အလကား ထမင်းအိတ်ပဲ”

သမားတော်ဆွန်း ရှက်လွန်းသဖြင့် ခေါင်းပင်မဖော်နိုင်တော့ချေ။

“ဟုတ်ပါတယ်။ ဟုတ်ပါတယ်ဗျာ။ ကျွန်တော် လီနျန်လောက်တောင် မစွမ်းဆောင်နိုင်မှန်း သိပါတယ်၊၊ တကယ့်ကို ရှက်ဖို့ကောင်းလှပါတယ်”

ဟွာကျွင်း: “ကျွန်မ နောက်ဖေးဝင်းထဲကို သွားကြည့်လိုက်ဦးမယ်”

နောက်ဖေးဝင်းအတွင်းရှိ အခြေအနေသည် သူမ ထင်မှတ်ထားသည်ထက် ပိုမိုကောင်းမွန်၏။ ဖျာပေါ်တွင် လဲလျောင်းနေသော ဒဏ်ရာရလူနာအချို့မှလွဲ၍ ကျန်ရှိသောသူများက ထိုင်နိုင်ကြသေးသည်။ အားမန်နှင့် မိန်းကလေးအချို့ ဆေးအိုးများကို ဝိုင်းဝန်းမီးမွှေပေးနေကြပြီး ကူပါးနှင့် အာချင်းတို့ ဒဏ်ရာရထားသူများကြားတွင် ကူးလူးလှုပ်ရှားရင်း ဆေးဝါးများ တိုက်ကျွေးခြင်းနှင့် ပတ်တီးစည်းပေးခြင်းတို့ဖြင့် အလုပ်ရှုပ်နေကြသည်။

“ဒေါ်လေးပန်းရော ဘယ်မှာလဲ”

ဟွာကျွင်း လှမ်းမေးလိုက်၏။

“ငါ... ငါ ဒီမှာပါ…”

ဘေးနားမှ ဒေါ်လေးပန်း၏ အားအင်ချည်းနဲ့နေသော အသံလေး ထွက်ပေါ်လာ၏။

သူမသည် သတိရလာပြီး ယခုအခါ နံရံကို အမှီပြုလျက် အမောဖြေနားနေခြင်းပင်။

ဟွာကျွင်း သူမကို မြင်တွေ့လိုက်ရသည့်အခါ မျက်ရည်များ ထပ်မံ၍ ဝဲတက်လာခဲ့ပြန်၏။

“ဒေါ်လေးပန်းရယ်... ဘာလို့ လှဲမနေတာလဲ”

ဒေါ်လေးပန်း: “အို... လှဲနေရင် ကျောက ပိုနာလို့ပါ... သူဌေးမဟွာ...ရှင် ဘာမှမဖြစ်ဘဲ ဘေးကင်းတာ မြင်ရတာ တကယ်ကို ဝမ်းသာဖို့ကောင်းပါတယ်”

ဟွာကျွင်း: “ဒေါ်လေးပန်းတို့ကလည်း တကယ့်ကို မိုက်မဲတယ်။ သူတို့ ဓားနဲ့ တကယ် ထိုးပစ်လိုက်ရင် ဘယ်လိုလုပ်မလဲ”

ဒေါ်လေးပန်း သူမပေါင်ကို အားဖြင့် ရိုက်လိုက်ရင်း လေသံကျယ်ကြီးဖြင့် ပြောတော့သည်။

“ဘာဖြစ်လဲ။ ဒေါ်လေးပန်းက အဲဒီကောင်တွေကို ကြောက်ရမှာလား။ သူတို့ နင့်ကို လာအနိုင်ကျင့်တာကိုတော့ လုံးဝ မကြည့်နိုင်ဘူး။ အဲဒီလူမိုက်တွေ တကယ့်ကို အရှက်မရှိဘဲ မိန်းမတစ်ယောက်ကို အနောက်ကနေ ကလိန်ကကျစ်ကျပြီး တိုက်ခိုက်သွားတာ”

ဟွာကျွင်း သူမ လက်ကို အသာအယာ ဖိလိုက်ရင်း ဖျောင်းဖျလိုက်သည်။

“ဒေါ်လေးပန်းရယ် ဖြည်းဖြည်းပြော။ ခန္ဓာကိုယ်မှာ ဒဏ်ရာတွေ ရှိနေသေးတယ်မဟုတ်လား”

ဟွာကျွင်း သူမ၏ မျက်ရည်များကို သုတ်လိုက်ပြီး မတ်တတ်ရပ်ကာ လေသံကျယ်ကြီးဖြင့် လှမ်းမေးလိုက်၏။

“ဝူရွှန်း ဒီမှာ ရှိလား”

အာချင်းက သူ့ဘယ်ဘက်လက်တွင် ဆေးခွက်ကို ကိုင်ဆောင်ထားရင်း ညာဘက်လက်ဖြင့် လမ်းညွှန်ပြသလိုက်သည်။ “ဝူရွှန်းရဲ့ ဒဏ်ရာက ပြင်းထန်တယ်။ သူ့ခြေသလုံးရိုး ကျိုးသွားတာ ထင်တယ်၊ အခုတော့ ကျပ်စည်းပေးထားပြီးပြီ။ ပြီးတော့ သူ့ရင်ဘတ်မှာလည်း ဓားဒဏ်ရာ တစ်ချက် ရှိသေးတယ်”

ထိုစကားကို ကြားရသည်နှင့် လီနျန်သည် ဒဏ်ရာကို ကုသပေးရန်အတွက် ချက်ချင်း ရှေ့သို့ တိုးသွားပြီး သမားတော်ဆွန်းကလည်း သူမ အနောက်မှ ထပ်ကြပ်မကွာ လိုက်ပါသွားတော့သည်။

ဟွာကျွင်း လျှောက်လှမ်းသွားပြီး သူ့အားပြောလိုက်၏။ “ရှင့်မိန်းမက အပြင်မှာ စောင့်နေတယ်နော်။ သေသေချာချာ အနားယူပါ၊၊ ကျွန်မ အကောင်းဆုံး ဆေးဝါးတွေကို သုံးပေးမှာမလို့ ရှင် သေချာပေါက် ပြန်ကောင်းမွန်လာမှာပါ”

ထို့နောက် သူမ အာချင်းကို လှမ်းခေါ်လိုက်သည်။

“အာချင်း ကျွန်မ သူ့ကို သွားတွေ့ချင်တယ်။ ကျွန်မအတွက်နဲ့ အသက်ပေးသွားရတဲ့လူကို”

အာချင်းသည် သူမကို နောက်ဖေးဝင်းရှိ ဘေးခန်းတစ်ခုဆီသို့ ခေါ်ဆောင်လာသည်။ အတွင်းကုတင်ပေါ်တွင် အမျိုးသားတစ်ဦး လဲလျောင်းနေပြီး သူ့ဇနီးဖြစ်သူသည် ကုတင်ဘေးတွင် ထိုင်ကာ ငိုလွန်းသဖြင့် အသံများပင် ဝင်နေတော့၏။

ဟွာကျွင်း လျှောက်လှမ်းသွားပြီး ထိုအမျိုးသား၏ မျက်နှာကို စိုက်ကြည့်လိုက်သည်။ သူမ သူ့ကို မှတ်မိပေ၏။ သူသည် တကယ့်ကို ပိန်ပိန်ပါးပါးနှင့် သေးငယ်သော သာမန်ရွာသားတစ်ဦး ဖြစ်ပြီး ပုံမှန်အားဖြင့် အလွန်ဆိတ်ငြိမ်ကာ အနည်းငယ်ပင် ကြောက်တတ်သူ ဖြစ်သည်။

“ဘာဖြစ်လို့လဲ…”

ဟွာကျွင်း တိုးတိုးလေး ရေရွတ်မိသည်။ သူမ နားမလည်နိုင် ဖြစ်နေမိ၏။ သူမ သူ့ကို တစ်ခါမှပင် စကားတစ်ခွန်းမျှ မပြောဖူးပေ။ အဘယ်ကြောင့် သူ ဤမျှအထိ စွန့်လွှတ်ပေးသွားသနည်း။

“ကျွန်မကြောင့် သူ သေသွားတာ”

ဟွာကျွင်း၏ မျက်ဝန်းများတွင် မျက်ရည်များ ပြည့်လျှံလာပြီး ဘဝတွင် တစ်ခါမှ မကြုံတွေ့ဖူးသေးသော နောင်တနှင့် အပြစ်ရှိစိတ်များကို ပြင်းထန်စွာ ခံစားလိုက်ရတော့၏။

သူ့ဇနီးဖြစ်သူက ငိုကြွေးခြင်းကို ရပ်တန့်လိုက်ပြီး ဟွာကျွင်းကို ပြောလိုက်သည်။

“သူဌေးမဟွာ ကိုယ့်ကိုယ်ကိုယ် အပြစ်မတင်ပါနဲ့။ သူ တကယ်ကို စိတ်လိုလက်ရနဲ့ လုပ်ခဲ့တာပါ”

“အာမုမိဘတွေက ရေဘေးတုန်းက ကွယ်လွန်သွားကြတာ။ သူ့အစ်ကိုကြီးက သူ့ကို ရေထဲကနေ ကယ်တင်ပေးခဲ့ပေမဲ့ အစ်ကိုဖြစ်သူ ခေါင်းကို မျောပါလာတဲ့ သစ်တုံးကြီး ရိုက်မိသွားလို့ အခု ဉာဏ်စဉ်မမီတော့ဘူး”

“သူတို့ ညီအစ်ကိုနှစ်ယောက်လုံး ဒုက္ခမျိုးစုံ ခံစားပြီး ဒီနေရာအထိ ပြေးလွှား ခိုလှုံလာကြတာ။ ကံကောင်းလို့ သူဌေးမဟွာနဲ့ ဆုံခဲ့ရလို့သာ။ သူဌေးမက သူတို့ကို မရွံရှာဘဲ နွေးထွေးတဲ့ တဲတွေနဲ့ လုံလောက်တဲ့ အစားအသောက်တွေ ပေးခဲ့သလို အိမ်တွေနဲ့ လယ်ကွင်းတွေကိုပါ ပေးခဲ့တာ။ ဒါကြောင့်မလို့ ဒီညီအစ်ကိုနှစ်ယောက် အခြေချစရာ နေရာတစ်ခု ရခဲ့သလို ကျွန်မလည်း အာမုနဲ့ ဆုံတွေ့ခွင့် ရခဲ့တာပါ”

“သူ ကျွန်မကို မကြာခဏဆိုသလို ပြောဖူးပါတယ်။ သူဌေးမ ကျေးဇူးတရားတွေကို ဘယ်လို ပြန်လည်ပေးဆပ်ရမလဲဆိုတာ မသိဘူးတဲ့။ အခုတော့ သူ့အသက်နဲ့ ပေးဆပ်သွားပြီဆိုတော့ သူ့ဆန္ဒလေး ပြည့်ဝသွားပြီလို့ပဲ သတ်မှတ်ရမှာ”

ပြောပြီးသည်နှင့် သူမ အာမု၏ ရုပ်အလောင်းပေါ်သို့ လဲကျသွားကာ ရှိုက်ကြီးတငင်ဖြင့် သည်းထန်စွာ ငိုကြွေးတော့၏။

ဟွာကျွင်း သူမ လက်ကို ဆုပ်ကိုင်လိုက်ရင်း နှစ်သိမ့်လိုက်သည်။

“ရှင့်နာကျင်မှုတွေကို ဘယ်စကားလုံးကမှ ကုစားပေးနိုင်မှာမဟုတ်မှန်း ကျွန်မ သိပါတယ်၊၊ ဒါပေမဲ့ ကျွန်မ အာမုကို အမြဲတမ်း သတိရနေမှာပါ။ ပြီးတော့ ရှင့်ကိုလည်း ကျွန်မ သေသေချာချာ စောင့်ရှောက်ပေးသွားပါ့မယ်”

သူမ မတ်တတ်ရပ်ကာ အပြင်သို့ ပြန်လည်ထွက်ခွာသွားပြီး ကြည့်လိုက်ရာ ရင်းနှီးသောမျက်နှာအချို့နှင့် စိမ်းသက်သော မျက်နှာအချို့ကို မြင်တွေ့လိုက်ရသည်။

အားမောက်၊ လျိုအာ၊ ဦးလေးကျန်း၊ ကင်းလှည့်အဖွဲ့ဝင်များနှင့် ဟူလေး၊ ယင်ကျီ၊ ကွေ့ရှန့် စသည်ဖြင့် အားလုံးတွင် ဒဏ်ရာကိုယ်စီ ရရှိထားကြပေသည်။ သူတို့ထဲ လဲလျောင်းနေကြသူများရှိသလို ထိုင်နေကြသူများလည်း ရှိနေကြ၏။ သူမ ပါးပြင်ပေါ်သို့ မျက်ရည်များ တရစပ် စီးကျလာတော့၏။

ဟွာကျွင်း ဘေးတွင်ရှိသော အမျိုးသားတစ်ဦးကို လှမ်းမေးလိုက်၏။ “ရှင့်နာမည်က ဘယ်သူလဲ”

ထိုလူသည် လန့်သွားပြီး မတ်တတ်ရပ်ရန် ကြိုးစားသော်လည်း မတ်တတ်မရပ်နိုင်သဖြင့် ခဏတာမျှ ရုန်းကန်နေပြီးမှ ထိုင်လျက်ပင် ပြန်ဖြေကြားသည်။ “သူဌေးမဟွာကို သတင်းပို့ပါတယ်၊၊ ကျွန်တော့်နာမည်က ချန်ကျန်းပါ”

ဟွာကျွင်း ခေါင်းညိတ်ပြလိုက်ပြီး သူ့ဘေးကလူကို ထပ်မံမေးမြန်းသည်။

“ရှင်ရော”

“သူဌေးမဟွာကို သတင်းပို့ပါတယ်။ ကျွန်တော့်နာမည်က လျိုထဲ့ရှန်းပါ။ ကျွန်တော်နဲ့ လျိုအာက တစ်ရွာတည်းသားတွေပါ”

“ကောင်းပြ။ ရှင်ကော”

ဟွာကျွင်း အခြားတစ်ဦးကို ထပ်မံမေးမြန်းပြန်၏။

ထိုသူသည် ဒဏ်ရာ သိပ်မပြင်းထန်လှချေ။ သူ မတ်တတ်ရပ်လိုက်ပြီး လေသံကျယ်ကြီးဖြင့် ပြောတော့သည်။

“သူဌေးမဟွာကို သတင်းပို့ပါတယ်။ ကျွန်တော့်နာမည်က ကျန်းတာဖန်းပါ၊ သူ့နာမည်က စန်းအောက်၊ သူ့နာမည်က မုန်းယင်း၊ ဟိုဘက်ကလူက ချန်ဝူး၊ ကျန်းကျင်း၊ လီတာပေါင်၊ ကျောက်လင်းစန်း…”

သူသည် အမည်များကို တစ်ခုပြီးတစ်ခု ရှင်းလင်းပြတ်သားစွာ တရစပ် ရွတ်ဆိုပြလိုက်သည်။

ဟွာကျွင်း သူ ညွှန်ပြသော အရပ်ဆီက လူတစ်ဦးချင်းစီကို သေသေချာချာ ကြည့်ရှုရင်း ခေါင်းညိတ်ပြလိုက်သည်။

မီးအိမ်အောက်တွင် ရွာသားများ၏ မျက်နှာများကို ထင်ရှားစွာ မြင်တွေ့နေရပ၏။ သူတို့မျက်ဝန်းများထဲက မောပန်းနွမ်းနယ်မှုများနှင့်အတူ ခိုင်မာပြတ်သားသော စိတ်ဓာတ်များကို မြင်တွေ့နိုင်ပေသည်။ ထိုအချိန်ကျမှပင် ဟွာကျွင်း ရွာသားများသည် တကယ့်ကို သွေးသားရှိသော၊ အသက်ရှင်သန်နေသော လူသားစစ်စစ်များ ဖြစ်ကြမှန်း အမှန်တကယ် သဘောပေါက်သွားတော့သည်။

သူမ ဤကမ္ဘာသို့ ကူးပြောင်းလာခဲ့သည့် အချိန်တည်းက ဤလူများကို ကိုယ်တိုင်ကိုယ်ကျ တက်ကြွစွာ ဂရုမစိုက်ဖူးသလို သူတို့အမည်များနှင့် နောက်ကြောင်းဇာတ်လမ်းများကိုလည်း တစ်ခါမှ မမေးမြန်းဖူးချေ။

အစပိုင်းတွင် သူမ ငွေရှာရန်အတွက်သာ ဦးတည်ခြင်းဖြစ်ပြီး ရွာသားများကို ကူညီပေးခြင်းသည် အခါအခွင့်သင့်၍သာ။ သူမ သူတို့ပျော်ရွှင်မှုနှင့် ဝမ်းနည်းမှုများကို တကယ်တမ်း နှလုံးသားထဲကနေ မစာနာဖူးပေ။

သူမသည် ကိုယ့်ကိုယ်ကိုယ် အချိန်ဖြတ်သန်းသွားမည့် ခရီးသွားတစ်ဦးအဖြစ်သာ သတ်မှတ်ထားခြင်း ဖြစ်သည်။

သို့သော် ရွာသားများသည် ကိုယ့်အသက်ကိုပင် ပဓာနမထား သူမကို ကာကွယ်ရန်အတွက် ရှေ့သို့ တိုးထွက်လာကြသည့် အချိန်တွင် သူမ သူတို့ကြားက ဆက်ဆံရေးကို ပြန်သုံးသပ်တော့သည်။

သူတို့သည် ဂိမ်းတစ်ခုထဲက လုပ်ငန်းစဉ်များကို ပြီးမြောက်စေရန် တည်ရှိနေသော ‘NPC’ များ မဟုတ်ကြတော့။ တန်ဖိုးထားအပ်ကာ ကာကွယ်စောင့်ရှောက်သင့်သော မိတ်ဆွေစစ်များ၊ မိသားစုဝင်များနှင့် လူသားစစ်စစ်များ ဖြစ်ကြပေသည်။

“ရွာသူရွာသားတို့…”

ဟွာကျွင်း လူတိုင်းကို ကြည့်လိုက်ရင်း အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။

“ဒီနေ့ လူဆိုးတွေကို ရင်ဆိုင်တဲ့အချိန်မှာ ရှေ့ကို ထွက်လာပေးကြတဲ့အတွက် အားလုံးကို ကျေးဇူးတင်ပါတယ်”

“ဒီနေ့ ကျွန်မတို့ မိသားစုဝင်တစ်ယောက်ကို ဆုံးရှုံးခဲ့ရတယ်။ သူ့အသက်နဲ့ ပေးဆပ်ပြီး ကျွန်မတို့ကို သက်သေပြသွားခဲ့တယ်။ ကျွန်မတို့အားလုံးက တစ်သားတည်းပဲ၊၊ မိသားစုတွေပါ။ ကျွန်မ အစွမ်းရှိသမျှကို အသုံးချပြီး အားလုံးနဲ့အတူတူ ကျွန်မတို့အိမ်ဂေဟာကို ပြန်လည်တည်ဆောက်မှာဖြစ်သလို ရွာကိုလည်း ကာကွယ်စောင့်ရှောက်သွားမှာပါ၊ သူ့စွန့်လွှတ်မှုကို အဓိပ္ပာယ်ရှိစေရပါမယ်”

သူမ မျက်ဝန်းများတွင် မျက်ရည်များ ဝဲတက်လာ၏။ သူမသည် မျက်ရည်များ ကျမလာစေရန် ထိန်းချုပ်ထားရသည်။ မဟုတ်ပါက ရှိုက်ကြီးတငင် ငိုကြွေးမိတော့ပေမည်။

“မော့ချွမ်း”

သူမ မော့ချွမ်းကို လှမ်းမေးလိုက်သည်။

“အဲဒီလူတွေကို သတ်ပစ်လိုက်ပြီလား”

မော့ချွမ်းသည် နံရံကို မှီလျက် မျက်မှောင်အနည်းငယ် ကြုတ်ကာ ဖြေ၏။

“သတ်ပစ်လိုက်ပြီ။ ခင်ဗျား ကျွန်တော့်ကို မယုံဘူးလား”

“အားလုံး သေကုန်ပြီလား”

“သေချာပေါက်ပေါ့။ အားလုံး သေကုန်ကြပြီ”

မော့ချွမ်း မျက်ခုံးများကို ပင့်တင်လိုက်ရင်း ပြောသည်။

“ကောင်းပြီ”

ဟွာကျွင်း လူတိုင်းကို ဆက်ပြော၏။

“အားလုံးပဲ စိတ်အေးအေး ထားကြပါ။ မော့ချွမ်းက အားလုံးအတွက် ကလဲ့စားချေပြီးပါပြီ။ ရွာလူကြီး ရှိလား”

ရွာလူကြီး ရှေ့သို့ တိုးလာပြီး ပြောလိုက်သည်။

“သူဌေးမဟွာ ပြောပါ”

“ကျေးဇူးပြုပြီး ကျွန်မကို ဒါလေး မှတ်တမ်းတင်ပေးပါ။ ဒဏ်ရာရတဲ့ ရွာသားတစ်ဦးချင်းစီကို ငွေတေး သုံးရာစီ လျော်ကြေးပေးပါ။ အာမုအတွက်ကိုတော့ ငွေတေး ငါးရာ ပေးအပ်လိုက်ပါ”

“ရွာလူကြီး အာမုရဲ့ နာရေးကိစ္စကို ကူညီပြီး စီစဉ်ပေးဖို့ နှောင့်ယှက်ပါရဦးမယ်။ သူ့မိသားစုဝင်တွေကိုလည်း သေသေချာချာ အခြေချဖို့ ကူညီပေးပါ။ သူတို့ တစ်စုံတစ်ရာ လိုအပ်တာရှိရင် ကျွန်မဆီ တိုက်ရိုက် လာပြောပါ”

ရွာလူကြီး: “သူဌေးမဟွာ စိတ်ချပါ။ ကျွန်တော် သေသေချာချာ စီမံပေးပါမယ်။ ကျွန်တော်တို့ သူ့မိသားစုရဲ့ လယ်ယာလုပ်ငန်းတွေကို ဝိုင်းကူလုပ်ပေးပါမယ်။ သူ့အစ်ကိုကြီးကိုလည်း သေသေချာချာ စောင့်ရှောက်ပေးသွားမှာပါ”

“ဒဏ်ရာရတဲ့သူ အားလုံးရဲ့ ဆေးဝါးဖိုးနဲ့ အစားအသောက်ဖိုးတွေကို ကျွန်မ အပြည့်အဝ တာဝန်ယူမှာပါ။ ဒါ့အပြင် ရွာရဲ့ အများပိုင်ကိစ္စ အဝဝအတွက်ကိုလည်း ငွေတေးတစ်ထောင် ထပ်ထုတ်ပေးပါမယ်။တစ်စုံတစ်ဦးရဲ့ အိမ် ဒါမှမဟုတ် ပိုင်ဆိုင်မှုတွေ ပျက်စီးသွားတာရှိရင် လာသတင်းပို့ပြီး အသစ်ပြန်ပြုပြင်ဖို့ ဒါမှမဟုတ် ဝယ်ယူဖို့အတွက် ငွေတွေကို လာရောက်ထုတ်ယူနိုင်ပါတယ်”

“အားမန် ဒီရက်ပိုင်းအတွင်းမှာ အားလုံးအတွက် အစားအသောက် ချက်ပြုတ်ပေးပါဦး။ နှောင့်ယှက်မိပြီ”

အားမန် ခေါင်းကို အပြင်းအထန် ခါယမ်းပြလိုက်ပြီးမှ ပြန်လည်၍ ခေါင်းညိတ်ပြ၏။ သူမသည် ဘယ်သောအခါမဆို ဟွာကျွင်းကို ခြွင်းချက်မရှိ အမြဲတမ်း ထောက်ခံအားပေးသူ ဖြစ်သည်။

All Chapters