အခန်း ၂၉၆
Vol. 30 Ch. 296
အခန်း (၂၉၆)
စစ်သူကြီးလု ရောက်ရှိလာခြင်း
အစီအစဉ်များအားလုံး ချမှတ်ပြီးနောက် အဘွားကျန်းသည် သူမ လူများကို ဦးဆောင်ကာ တည်းခိုခန်းအတွင်းရှိ အခန်းများကို သန့်ရှင်းရေးလုပ်ကြတော့သည်။ တည်းခိုခန်း၌ မူလကတည်းက တည်းခိုနေသော ဧည့်သည်များထဲမှ အခန်းအပ်လိုသူများရှိပါက တည်းခိုခန်းဘက်မှ အခန်းခများကို ပြန်လည်ထုတ်ပေးမည့်အပြင် သူတို့ ကြုံတွေ့ခဲ့ရသော ထိတ်လန့်မှုအတွက်ပါ ထပ်ဆောင်းလျော်ကြေးပေးအပ်ခဲ့၏။
ဒဏ်ရာအနည်းငယ်သာ ရရှိထားသူများကို တည်းခိုခန်းဆီသို့ ရွှေ့ပြောင်းပေးခဲ့ပြီး အဘွားကျန်းနှင့် သူမ အဖွဲ့က ပြုစုစောင့်ရှောက်ပေးကြသည်။ ဒဏ်ရာပြင်းထန်သော ရွာသားများမှာမူ သမားတော်ဆွန်းထံတွင် ဆက်လက်ရှိနေခဲ့ပြီး အာချင်းနှင့် သူ့အဖွဲ့က ကြည့်ရှုစောင့်ရှောက်ပေးခဲ့ကြသည်။
ဤကဲ့သို့သော အဖြစ်အပျက်မျိုးနှင့် ကြုံတွေ့ရသည်မှာ သူမအတွက် ပထမဆုံးအကြိမ်ဖြစ်ပြီး ကိုင်တွယ်ဖြေရှင်းရာတွင် အတွေ့အကြုံ မရှိသဖြင့် တစ်ဆင့်ချင်းစီသာ တရွေ့ရွေ့ လုပ်ဆောင်သွားရ၏။ အချိန်တန်ပြီဖြစ်ကြောင်း မြင်သောအခါ သူမသည် ကောက်ချန်၊ မာဟွေးနှင့် ရွာလူကြီးတို့ကို အထူးဂရုစိုက်ပေးရန် မှာကြားလျက် ငွေအချို့ ချန်ထားပေးခဲ့ပြီး မုန့်ဆိုင်ဆီသို့ ပြန်လာခဲ့တော့သည်။
နောက်တစ်နေ့ အရုဏ်တက်သည်နှင့်တစ်ပြိုင်နက် သူမသည် အိပ်ရာမှထကာ အသုံးအဆောင်ပစ္စည်းများ ဝယ်ယူရန် ပြင်ပသို့ ထွက်ခွာ၏။ သူမအနေဖြင့် နောက်ဆက်တွဲ လိုအပ်မည့် ဆေးဝါးများကို လုံလောက်စွာ ပြင်ဆင်ရန်သာမက ဒဏ်ရာရရှိထားသူများအတွက် အာဟာရဖြစ်စေမည့် ဖြည့်စွက်စာများကိုပါ သေချာပေါက် စီမံပေးရန် လိုအပ်ပေသည်။
အားမန်သည် တည်းခိုခန်းတွင် ဆန်ပြုတ်ပြုတ်ခြင်းနှင့် ဟင်းအချို့ ကြော်လှော်ခြင်းတို့ကို တာဝန်ယူရပြီး သူမကမူ အာဟာရဖြစ်စေမည့် စွပ်ပြုတ်အမျိုးမျိုး ပြင်ဆင်ခြင်းကို တာဝန်ယူခဲ့သည်။
ဒဏ်ရာရရှိထားသူ အမြောက်အမြားရှိပြီး သူတို့၏ ဒဏ်ရာများမှာလည်း တစ်ဦးနှင့်တစ်ဦး မတူညီကြသဖြင့် သူမ သေသေချာချာ တွေးတောကာ စွပ်ပြုတ်သုံးမျိုး ပြင်ဆင်ခဲ့၏။ အင်အားနှင့် သွေးကို အားဖြည့်ပေးရန်အတွက် ‘စွန်ပလွံနီ ဂိုဂျီသီး ကြက်မည်းစွပ်ပြုတ်’၊ ဒဏ်ရာများ အနာကျက်မြန်စေရန်အတွက် ‘ငါးရံ့စွပ်ပြုတ်’ နှင့် ဆီးရွှင်စေကာ ရောင်ရမ်းခြင်းကို ကျစေရန်အတွက် ‘ကျောက်ဖရုံသီး ဝက်ရိုးစွပ်ပြုတ်’ တို့ ဖြစ်ကြသည်။
သူမသည် မြေအိုးစွပ်ပြုတ်အိုးအသေးလေး အမြောက်အမြားကို ဝယ်ယူခဲ့ပြီး အိုးတစ်လုံးစီထဲသို့ ကြက်မည်းသားတုံးများ၊ စွန်ပလွံနီနှင့် ဂိုဂျီသီးအချို့ ထည့်ကာ ရေသန့်လောင်းထည့်ပြီးနောက် အဖုံးများကို တင်းကြပ်စွာ ပိတ်ဆို့လိုက်သည်။
ထို့နောက် ပေါင်းအိုးကြီးထဲသို့ ရေထည့်ကာ အိုးတင်စင် တပ်ဆင်ပြီးလျှင် ဤမြေအိုးအသေးလေးများကို စင်ပေါ်သို့ တင်၍ မိနစ်လေးဆယ်ခန့် မီးအေးအေးဖြင့် ပေါင်းခံ လိုက်တော့သည်။
ဤကဲ့သို့ မီးအေးအေးဖြင့် အချိန်ယူကာ ချက်ပြုတ်ထားသော စွပ်ပြုတ်များမှာ အလွန်ပင် အရသာထူးကဲလှပြီး မွှေးကြိုင်လှ၏။
ငါးရံ့ကို ပြင်ဆင်သည့်အခါတွင်မူ သူမသည် ငါးခန္ဓာကိုယ်ကို စင်ကြယ်အောင် ဆေးကြောပြီး အတုံးကြီးကြီးများ တုံးလိုက်သည်။ ထို့နောက် ဒယ်အိုးထဲတွင် မီးအေးအေးဖြင့် နှစ်ဖက်စလုံး ရွှေဝါရောင်သန်းကာ ပြောင်လက်လာပြီး အနားသတ်များ အနည်းငယ် ကောက်ကွေးသွားသည်အထိ ကြော်လိုက်၏။ ပြီးလျှင် ဂျင်းအနည်းငယ်ထည့်ကာ ရေနွေးကို လောင်းထည့်လိုက်ပြီး မီးပြင်းပြင်းဖြင့် ပွက်ပွက်ဆူအောင် တည်ပြီးမှ မီးကို အလယ်အလတ်အဆင့်သို့ လျှော့ချကာ ဖြည်းဖြည်းချင်း ဆက်လက်တည်ထားလိုက်သည်။ နာရီဝက်ခန့် ကြာသောအခါ ငါးစွပ်ပြုတ်သည် နို့နှစ်ရောင်ကဲ့သို့ ဖြူဖွေးသွားပြီး အဆင်သင့် ဖြစ်သွား၏။
“အရမ်းမွှေးတာပဲ”
မော့ချွမ်း အနားသို့ တိုးကပ်လာရင်း ပြောလိုက်သည်။ “ကျွန်တော့်ကို နည်းနည်း မြည်းစမ်းခွင့်ပေး”
သူမသည် ပုံမှန်နှင့်မတူဘဲ ယခုတစ်ကြိမ်တွင် သူ့ကို ငြင်းဆန်ခြင်း မပြုချေ။ ပန်းကန်လုံးအသေးတစ်လုံးကို ယူကာ မော့ချွမ်းအတွက် တစ်ပွဲ ခပ်ပေးလိုက်၏။
ထို့နောက် စွပ်ပြုတ်များကို မြေအိုးအိုးအသေးလေးများထဲသို့ လောင်းထည့်လိုက်ရာ ငါးစွပ်ပြုတ်တစ်အိုးကို အိုးအသေး သုံးလုံးခန့် ခွဲဝေနိုင်သည်။ နောက်ထပ် လုပ်ဆောင်ရန်ကား ဤလုပ်ငန်းစဉ်ကို ထပ်ခါတလဲလဲ ပြုလုပ်ရန်သာ ဖြစ်သည်။
ကျောက်ဖရုံသီး ဝက်ရိုးစွပ်ပြုတ်ကမူ အလွယ်ကူဆုံး ဖြစ်ပေ၏။ အရင်ဆုံး ဝက်ရိုးများကို အချိန်အနည်းငယ်ကြာအောင် ပြုတ်ပြီးနောက် မီးပေါ်မှ မချခင် ဆယ်မိနစ်အလိုတွင် ကျောက်ဖရုံသီးကို ထည့်လိုက်ရုံသာ ဖြစ်သည်။
စွပ်ပြုတ်အားလုံးကို မြေအိုးအသေးလေးများထဲသို့ အချိုးကျ ခွဲထည့်ပြီးနောက် ညနေပိုင်းတွင် လူတိုင်းထံသို့ လိုက်လံဝေငှပေးသည်။
ညအချိန်တွင် မုန့်ဆိုင်တံခါးမှာ ဖြည်းညှင်းစွာ ပွင့်ဟသွားခဲ့ပြီး သူမသည် ဆိုင်တံခါးအပြင်ဘက်တွင် တိတ်တဆိတ် စောင့်ဆိုင်းနေကြသော မြောက်မြားစွာသော သာမန်ပြည်သူများနှင့် မျက်နှာချင်းဆိုင်လိုက်ရ၏။
သူတို့သည် သူမကို မြင်သည်နှင့်တစ်ပြိုင်နက် သူမ၏ အခြေအနေကို စိုးရိမ်တကြီးဖြင့် လှမ်း၍ မေးမြန်းကြတော့သည်။ လီနျန် ရောက်လာပြီး သူမကို လှမ်းပြောလိုက်သည်။
“ကျွန်မ သူတို့ကို ရှင် ဘာမှမဖြစ်ဘူးလို့ ပြောပေမဲ့ သူတို့က မယုံကြဘူး။ ရှင့်ကို ကိုယ်တိုင်မြင်ရမှပဲ ပြန်ကြမယ်ဆိုပြီး ဇွတ်စောင့်နေကြတာ”
သူမသည် လူတိုင်းကို ကျေးဇူးတင်လိုက်၏။ သူမ ဘာမှမဖြစ်ဘဲ ဘေးကင်းနေသည်ကို မြင်တွေ့ရမှသာ ပြည်သူများလည်း စိတ်သက်သာရာရသွားကြပြီး မြို့ထဲသို့ ပြန်လည်ထွက်ခွာသွားကြတော့သည်။
ထိုအခါမှ လီနျန် သူမကို ပြော၏။
“သူဌေးမဟွာ စစ်သူကြီးလု ရောက်နေပြီရှင်၊ အခု တည်းခိုခန်းမှာ ရှင့်ကို စောင့်နေပါတယ်။ ဒီဘက်ကိုတော့ ကျွန်မနဲ့ အားမန်ကိုပဲ လွှဲထားလိုက်ပါတော့”
သူမ စွပ်ပြုတ်အိုးများကို ချထားပြီး တည်းခိုခန်းဆီသို့ လျှောက်လှမ်းသွားစဉ် မော့ချွမ်းက ခြေလှမ်းကျယ်ကြီးများဖြင့် သူမ အနောက်မှ လိုက်ပါလာကာ ပြော၏။ “ကျွန်တော်လည်း ခင်ဗျားနဲ့အတူ လိုက်ခဲ့မယ်။ အဲဒီအရေးကြီးပုဂ္ဂိုလ်ကို ကျွန်တော် မေးမြန်းချင်တာရှိတယ်။ သူတို့ကြောင့် ကျွန်တော်တို့အိမ်တံခါးဝအထိ ပြဿနာတွေ ရောက်လာရတာ”
မော့ချွမ်း၏ အတွေးမှာ ရိုးရှင်းပေ၏။ အရာအားလုံးသည် လုမင်လီကြောင့် စတင်ခဲ့ခြင်းဖြစ်ရာ သူ သေချာပေါက် ရှင်းလင်းချက် တောင်းဆိုရမည် ဖြစ်သည်။
တည်းခိုခန်း၏ အပြင်ဘက်တွင်မူ သေသေချာချာ လေ့ကျင့်ထားပုံရသော ချပ်ဝတ်တန်ဆာဝတ် စစ်သည်တော် နှစ်တန်း စီတန်း၍ မတ်တတ်ရပ်နေကြသည်။ သူမ ဖြတ်သန်းလျှောက်လှမ်းသွားသည့်အခါ သူတို့အားလုံး မျက်လုံးများကို အရှေ့သို့သာ စူးစိုက်ထားကြပေ၏။ ဒုတိယထပ်ရှိ သီးသန့်ခန်းသို့ ရောက်ရှိသွားသောအခါ အစောင့်များက သူမ လာသည်ကို မြင်တွေ့ပြီး တံခါးကို ဖွင့်ပေးခဲ့ကြသည်။
လုမင်လီကို နောက်ဆုံးတွေ့ခဲ့ရသည့် အချိန်မှစ၍ ယခုအချိန်အထိ ရာစုနှစ်တစ်ခုခန့် ကုန်လွန်သွားခဲ့သလို ခံစားရသည်။ သူ ပြတင်းပေါက်ဘေးတွင် နက်မှောင်သော အရောင်ရှိသည့် ဝတ်စုံကို ဝတ်ဆင်ကာ သူမ မှတ်မိနေသည့်အတိုင်း မြင့်မားစွာ မတ်မတ် ရပ်နေခဲ့သည်။
သူသည် အနောက်မှ အသံကို ကြားရသဖြင့် လှည့်ကြည့်လိုက်ပြီး သူမကို သေသေချာချာ စိုက်ကြည့်ကာ ဆန်းစစ်လိုက်၏။
သူမ ဒဏ်ရာအနာတရ မရှိသည်ကို မြင်တွေ့ရမှသာ သူ ရှေ့သို့ ခြေလှမ်းနှစ်လှမ်းခန့် တိုးလာပြီး ပြောတော့သည်။ “ဟွာကျွင်း မင်း ဘာမှမဖြစ်ဘဲ ဘေးကင်းနေလို့ တော်သေးတာပေါ့”
သူသည် သူမ အနောက်မှ လိုက်ပါလာသော မော့ချွမ်းကို တစ်ချက်လှမ်းကြည့်လိုက်ပြီးနောက် စကားကို ရပ်ကာ ပြောသည်။
“အကယ်၍ မင်းသာ အန္တရာယ်တစ်ခုခုနဲ့ ကြုံတွေ့ခဲ့ရရင် ကိုယ် ကိုယ့်ကိုယ်ကိုယ် ဘယ်တော့မှ ခွင့်လွှတ်နိုင်မှာ မဟုတ်ဘူး”
သူမ ဘေးကင်းကြောင်း ကြားထားသော်လည်း ယခုကဲ့သို့ မျက်စိဖြင့် ကိုယ်တိုင်မြင်တွေ့ရသည့် အခါတွင် သူ့ရင်ထဲ၌ ထိတ်လန့်တုန်လှုပ်မှုများ ရှိနေဆဲပင်။
သူမ ခေါင်းခါပြလိုက်ရင်း ပြော၏။
“ရှင်”
မော့ချွမ်း ကြားဖြတ်၍ ဝင်ပြောသည်။
“ခင်ဗျား အနေနဲ့ ကိုယ်ကိုယ့်ကိုယ် သေချာပေါက် အပြစ်တင်သင့်တာပေါ့၊၊ အကယ်၍ ခင်ဗျားသာ မရှိရင် ဒါတွေအားလုံး ဖြစ်လာစရာ အကြောင်းမရှိဘူး”
ဟွာကျွင်း: “ကျွန်မ…”
မော့ချွမ်း: “မနေ့တုန်းက ကျွန်တော် တကယ်ကို သတ္တိရှိရှိနဲ့ သူ့ကို အန္တရာယ်ကြားကနေ ကယ်တင်ပေးခဲ့တာ။ ခင်ဗျား ကျွန်တော့်ကို တကယ်ကို ကျေးဇူးတင်သင့်တယ်”
ဟွာကျွင်း မော့ချွမ်းကို လက်ညွှန်းထိုးပြရင်း ပြောသည်။ “သူ…”
မော့ချွမ်း: “အကယ်၍ နောင်အနာဂတ်မှာ ဒီလိုမျိုး ကိစ္စရပ်တွေ ထပ်ဖြစ်လာဦးမယ်ဆိုရင်တော့ ခင်ဗျား ဘယ်လို ဆင်ခြေမျိုးတွေ ပေးဦးမလဲဆိုတာ စောင့်ကြည့်ရသေးတာပေါ့”
ဟွာကျွင်း သက်ပြင်းတစ်ချက်ချလိုက်ပြီး မော့ချွမ်းဘက်သို့ လှည့်ကာ ပြောလိုက်၏။
“ရှင် ကျွန်မကို စကားဆုံးအောင် အရင်ပြောခွင့်ပေးလို့ ရမလား”
လုမင်လီ ခေါင်းညိတ်ပြလိုက်ရင်း ပြောသည်။
“ဒီကိစ္စအတွက် ကျွန်တော် ခင်ဗျားကို တကယ်ပဲ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါတယ်”
သူသည် ခါးမှ ဓားကို ဖြုတ်လိုက်ပြီး စားပွဲပေါ်သို့ တင်လိုက်ရင်း မေး၏။
“ကျွန်တော် ခင်ဗျားနဲ့ စကားနည်းနည်းလောက် ပြောလို့ရမလား”
“ကျွန်တော့်ကိုလား”
မော့ချွမ်းက လက်ညွှန်းဖြင့် ကိုယ့်ကိုယ်ကိုယ် ထောက်ပြရင်း ပြန်မေးလိုက်၏။
“ကျွန်တော်နဲ့ စကားပြောချင်တာလား”
လုမင်လီ ခေါင်းညိတ်ပြလိုက်ပြီးနောက် ခေါင်းငုံ့ကာ ဟွာကျွင်းကို ပြောလိုက်၏။
“ဟွာကျွင်း ဒီကိစ္စက နောက်ဆုံးတော့ ကိုယ့်ကြောင့်အစပြုခဲ့တာပါ၊ ဒါက ကိုယ့်ဘက်က သေသေချာချာ မစဉ်းစားမိခဲ့လို့ ဖြစ်ရတဲ့ အမှားပါ။ ကိုယ် သေချာပေါက် မင်းအတွက် ရှင်းလင်းချက်တစ်ခု ပေးပါ့မယ်”
ဟွာကျွင်း: “ရှင်လည်း ဒါမျိုးဖြစ်လာလိမ့်မယ်လို့ မျှော်လင့်မထားခဲ့ပါဘူး၊၊ ပြီးတော့ ကျွန်မလည်း ဘာမှမဖြစ်ဘဲ ဘေးကင်းနေတာပဲ မဟုတ်လား”
သူမ မတ်တတ်ရပ်နေသော မော့ချွမ်းကို လှမ်းကြည့်လိုက်ပြီးနောက် အကြံပြုလိုက်သည်။
“ရှင်တို့နှစ်ယောက် အရင်ဆုံး စကားပြောနှင့်လိုက်ပါလား”
လုမင်လီက မော့ချွမ်းကို စိုက်ကြည့်ရင်း စတင်၍ ပြောလိုက်သည်။
“ကျွန်တော် ခင်ဗျားရဲ့ အထောက်အထားကို သိထားပါပြီ။ အခုဆိုရင် တိရှိုး မင်းသားကြီးလည်း ဖမ်းဆီးခံလိုက်ရပြီ၊၊ ကျန်နေတဲ့ ခင်ဗျား ညီအစ်ကိုတွေကတော့ ထည့်တွက်နေစရာ မလိုတော့ပါဘူး။ ကျွန်တော့် ဆုံးဖြတ်ချက်ကတော့ ခိုင်မာပါတယ်။ ကျွန်တော် တိရှိုးကို တိုက်ခိုက်သိမ်းပိုက်ပြီး တရားရုံးတော်ကို ပြန်လည်ဖွဲ့စည်းမှာပါ။ ကျွန်တော် သိချင်တာက အကယ်၍ ကျွန်တော် သာ အောင်မြင်ခဲ့မယ်ဆိုရင် ခင်ဗျား အဲဒီနေရာကို ပြန်သွားပြီး ရာဇပလ္လင်ကို ပြန်ယူချင်စိတ် ရှိလား”
မော့ချွမ်း: “ကျွန်တော် စိတ်မဝင်စားဘူး။ အခု ကျွန်တော် ဘယ်လောက်တောင် ကောင်းကောင်းမွန်မွန် နေထိုင်နေရလဲဆိုတာ ကြည့်ပါဦး။ ကောင်းကောင်းစားရပြီး ကောင်းကောင်းဝတ်ရတယ်။ ကျွန်တော် ဘာဖြစ်လို့ အဲဒီလိုမျိုး ပျက်စီးနေတဲ့ နေရာဆီကို ပြန်သွားရမှာလဲ”
လုမင်လီသည် သူ့မျက်ဝန်းများကို စိုက်ကြည့်ရင်း မော့ချွမ်း၏ စိတ်ထဲက အတွေးများကို ဆန်းစစ်ရန် ကြိုးစားနေ၏။
“အဲဒီနေရာက ခင်ဗျား ကြီးပြင်းခဲ့တဲ့နေရာ ခင်ဗျားရဲ့ အမိနိုင်ငံပဲလေ။ ခင်ဗျား တကယ်ပဲ စွန့်လွှတ်နိုင်မှာလား။ ခင်ဗျား တစ်ချိန်တုန်းက ရာဇပလ္လင်ကို ယူချင်ခဲ့ဖူးတယ် မဟုတ်လား အခုတော့ အခွင့်အရေးက ခင်ဗျား ရှေ့ကို ရောက်ရှိနေပြီ။ ခင်ဗျား တကယ်ပဲ ဒီမုန့်ဆိုင်မှာ စိတ်လိုလက်ရနဲ့ ဆက်နေချင်တာလား”
မော့ချွမ်း လှောင်လိုက်သည်။
“ကျွန်တော် မသိဘူးများ ထင်နေလား။ ကျွန်တော် အဲဒီရာထူးပေါ် ထိုင်လိုက်ရင်တောင် ကြိုးဆွဲရုပ် တစ်ရုပ်ပဲ ဖြစ်လာမှာပဲ”
လုမင်လီ: “ကြိုးဆွဲရုပ်လို့ပြောရင်လည်း မမှားပါဘူး၊၊ ဒါပေမဲ့ ခင်ဗျားအနေနဲ့ အလယ်ပိုင်းဒေသကို မစော်ကားသရွေ့တော့ ပလ္လင်ပေါ် ထိုင်နေနိုင်မှာပါ”
မော့ချွမ်းက ခြေထောက်နှစ်ဖက်ကို ချိတ်လိုက်ရင်း အဆက်မပြတ် လှုပ်ရှားလျက် ပြောလိုက်သည်။
“စိတ်မဝင်စားဘူး”
လုမင်လီ တိတ်ဆိတ်သွားပြီး မော့ချွမ်းကို စိုက်ကြည့်ရင်း သူ ပြောဆိုနေသော စကားလုံးများ အမှန်တရား ဟုတ်မဟုတ်ကို ရင်ထဲကနေ ဆန်းစစ်နေမိ၏။
မော့ချွမ်း ဆက်လက်၍ ပြောသည်။
“ပြီးတော့ ခင်ဗျား တိုက်ခိုက်သိမ်းပိုက်နိုင်တယ်လို့ ပြောနေပေမဲ့ တကယ်ရော တိုက်ခိုက်နိုင်မှာမို့လို့လား။ သူတို့က ပြောက်ကျားစစ်ဆင်ရေးမှာ အရမ်းကျွမ်းကျင်ကြတာ။ အကယ်၍ တကယ်သာ သိမ်းပိုက်နိုင်မယ်ဆိုရင် သိမ်းပိုက်ပြီးသား ဖြစ်နေတာ ကြာလှပြီပေ့ါ”
ထိုအခါ ဟွာကျွင်း ဝင်ရောက်၍ မေးလိုက်သည်။ “ယွမ်ကျိုး ရှင် အပြစ်အနာဆာ ကင်းတဲ့ စံအစီအစဉ်တစ်ခု ဆွေးနွေးချင်တယ်လို့ ပြောခဲ့တယ်မဟုတ်လား၊၊ ရှင်တို့အားလုံး သဘောတူညီချက်တစ်ခု ရရှိခဲ့ကြပြီလားဟင်”
လုမင်လီ ခေါင်းခါပြလိုက်ရင်း ပြော၏။
“ဒီအဖြစ်အပျက် ပြီးသွားတဲ့နောက်မှာတော့ ကိုယ်တို့ဘက်က ပြတ်ပြတ်သားသား မလုပ်ဆောင်နိုင်ရင် မငြိမ်မသက်မှုတွေကြောင့်ပဲ ဆက်ပြီး ဒုက္ခရောက်ရလိမ့်မယ်ဆိုတာ ကိုယ် သဘောပေါက်သွပြီ”
ထို့နောက် သူ သူမကို မေးလိုက်သည်။
“နာဘု ဘယ်မှာလဲ”
သူမက အပြင်ဘက်သို့ လက်ညွှန်းညွှန်ပြလိုက်ရင်း ပြော၏။
“သူ သမားတော်ဆွန်းနဲ့အတူ ရှိနေပါတယ်။ ကျွန်မ ရှင့်ကို လိုက်ပို့ပေးပါ့မယ်”
“မင်း အနားယူလိုက်ပါ”
လုမင်လီ တံခါးထံ လျှောက်လှမ်းသွားပြီး သူမ၏ ဘေးမှ ဖြတ်ကျော်သွားသည့် အချိန်တွင် လက်ကို အသာအယာ ဆုပ်ကိုင်လိုက်ရင်း တိုးတိုးလေး ကပ်ပြော၏။
“ကိုယ် ပြန်လာတာကို စောင့်နေပါ။ မော့ချွမ်းပဲ ကိုယ့်ကို လိုက်ပို့ပေးပါစေ”
မော့ချွမ်း၏ နားသည် အလွန်စူးရှပေရာ ထိုစကားကို ကြားသည်နှင့်တစ်ပြိုင်နက် ချက်ချင်းပင် မကျေမနပ် ညည်းတွားတော့၏။
“ဟေး၊ ဘာဖြစ်လို့ ကျွန်တော်လဲ။ ကျွန်တော် တကယ့်ကို အလုပ်ရှုပ်နေတာနော်”
လုမင်လီ နောက်သို့ လှည့်ကြည့်လိုက်ပြီး မျက်ခုံးတစ်ချက် ပင့်တင်ကာ မေးလိုက်သည်။
“ခင်ဗျား တကယ်ပဲ စိတ်မဝင်စားဘူးလား”
မော့ချွမ်း၏ ပြန်လည်ဖြေကြားမှုကို မစောင့်တော့ဘဲ သူ ရှေ့သို့ ခြေလှမ်းကျယ်ကြီးများဖြင့် ဆက်လျှောက်သွား တော့သည်။
သူ ဘယ်လိုလုပ် စိတ်မဝင်စားဘဲ နေပါ့မည်နည်း။
မော့ချွမ် လှမ်းအော်လိုက်သည်။
“ကျွန်တော့်ကို စောင့်ဦး”
သူ ဟွာကျွင်းထံသို့ လျင်မြန်စွာ လှည့်ကြည့်လိုက်ရင်း အလျင်အမြန်မှာကြားလိုက်သည်။
“မုန့်ဆိုင်ကို ခင်ဗျားရဲ့ လက်ထဲပဲ လွှဲထားခဲ့မယ်နော်” ထို့နောက် လုမင်လီ၏ နောက်သို့ အပြေးအလွှား လိုက်သွား၏။